Tuesday, July 12, 2011

သလ္လသုတ္တန် တရားတော်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ


သလ္လသုတ္တန် တရားတော်
သားသေ၍ သောကရောက်သော ဒကာတစ်ဦး၏ ဝတ္ထု
သံဝေဂသုတ္တန်ကြီးပါ

ဘုရားလက်ထက်က မြတ်စွာဘုရားကို စတုပစ္စယ ဒါယကာ ဥပဋ္ဌာက ဒကာတစ်ယောက် ရှိတယ်။ ထိုဒကာမယ် အသက်ငယ်ငယ် အရွယ်နုနယ်တဲ့ သားကလေးတစ်ယောက် ကွယ်လွန်အနိစ္စရောက်တော့ သောကမီး၊ ပရိဒေဝမီး တညီးညီးတောက်ပြီးတော့ အစာအာဟာရများ ဖြတ်တောက်၊ ခုနစ်ရက်တိုင်တိုင် မစားဘဲနဲ့ သောက ပရိဒေဝမီး တောက်ရှာသတဲ့။ အဲဒီလို မီးတောက်တဲ့အတွက် ဘုရားကိုယ်တော်မြတ်က ထိုဒကာအပေါ် ကရုဏ ရှေ့ထားပြီးတော့ သောကမီး ငြိမ်းအေးသော အနေနဲ့ ဒီသုတ္တန်ကို ထိုဒကာအိမ် ကြွပြီးတော့ ဟောပါတယ်တဲ့။ ဂါထာ ( ၂၀ ) နှစ်ဆယ် ရှိပါတယ်။

ဒီသုတ္တန်မှာပေါ့လေ...
ဒီစကားဦး တရားဦးစတာ အဋ္ဌကထာက အလွန်ကျဉ်းပါတယ်။ ဒါကို သလ္လသုတ္တန် ခေါ်တယ်တဲ့။ ဒီသုတ္တန် ဖြစ်ပေါ်ရတဲ့ အတ္ထုပ္ပတ်ကဘယ်လိုလဲ ဆိုတော့... သာဝတ္တိပြည်မှာ မြတ်စွာဘုရားရဲ့ စတုပစ္စယဒကာ တစ်ယောက်ရှိတယ်။ ထိုဒကာမှာ သားငယ်တစ်ယောက် အနိစ္စရောက်တော့ သောက ပရိဒေဝမီး တောက်ပြီး ခုနစ်ရက်တိုင်တိုင် အစာငတ်ခံပြီးတော့ သောကပရိဒေဝမီး အနှိပ်စက်ခံနေရတာကို ဘုရားကိုယ်တော်မြတ် မဟာကရုဏာ ပြဋ္ဌာန်းပြီးတော့ ထိုဒကာရှိရာအိမ် ကြွပြီးတော့ ခင်းထားအပ်သော နေရာ၌ ဤသုတ္တန်ကို ဟောပါတယ်။ ချုံးချူံးနဲ့ပဲ လိုရင်းတရားသား ရောက်အောင် သွားပါတယ်။

အနိမိတ္တ’ မနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။

ဂဟပတိ= ဒါယကာ။ ဣဓ= ဤလောက၌။ မစ္စာနံ= သတ္တဝါတို့၏။ ဇီဝိတံ = ရုပ်နာမ်နှစ်ဝ ဇီဝိတခေါ်တဲ့ တရားအစုသည်။ အနိမိတ္တံ= အမှတ်နိမိတ် မရှိတဲ့ တရားပါပေ။
လောကမှာ ဟို... ပစ္စည်းဥစ္စာကို ခိုးတော့မယ်ဆိုယင် အချက်ပေးပြီး ခိုးတာရှိတယ်။ ဟို... လူလစ်တဲ့ အခါကျတော့ ငါက မျက်လုံးမှိတ်လိုက်မယ်ကွ၊ ဒါမှမဟုတ်ယင် မျက်ခုံးလေး ငါချီလိုက်မယ်။ အဲဒီ ငါမျက်လုံးမှိတ်တဲ့ အမှတ်နိမိတ်၊ သို့မဟုတ် မျက်ခုံး( ကို ) ချီလိုက်တဲ့ အမှတ်နိမိတ်နဲ့ အဲဒီပစ္စည်း အဲဒီအချိန် လစ်ပြီး ခိုးပေတော့... လို့ အဲဒီလိုပြောပြီးတော့ ခိုးတဲ့အခိုးမျိုးကို နိမိတ္တကမ္မ ခိုးနည်းတဲ့။ အဲဒီမှာ နိမိတ္တကမ္မ ခိုးနည်းမှာ အမှတ်နိမိတ်အချက်ပြ ရှိသလို သတ္တဝါတို့ရဲ့ အသက်မှာ ဘယ်နေ့ဘယ်အချိန် ဘယ်အခါမှာ ဘယ်လိုရောဂါနဲ့သေမယ်လို့ အမှတ်အသား နိမိတ် မပါဘူး။ လူတိုင်း လူတိုင်းရဲ့အသက်ဟာ အနိမိတ္တတရား၊ အမှတ်နိမိတ်မရှိတဲ့တရား။

အနညာတံ= မည်သည့်အခါမှာ သေလိမ့်မယ်လို့လည်းပဲ မသိအပ်တဲ့တရား မှန်ပါပေ၏။
(ဘယ်သူသိတုံး၊ ဘယ်အချိန်မှာ သေမယ်လို့ ပြောကို မပြောနိုင်ဘူး။ )

ကသိရဉ္စ= ဆင်းရဲပင်ပန်း အမြဲတစေ နွမ်းလည်းနွမ်းလျလှပါပေ၏။
အသက်ကလေး ဇီဝိတသန္တာန်ကလေး ဆက်ဖို့ရန်အတွက် လွယ်လွယ်နဲ့ ဆက်တာမဟုတ်ဘူးတဲ့။ အကြောင်းပေါင်း များစွာ စုပေါင်းပေးမှ ဇီဝိတသန္တာန် ဆိုတာ ဆက်ပြီးတော့ အသက်ရှည်တယ်လို့ လောကပညတ်ဖြစ်နေရပါတယ်။

ဘယ်လိုလဲ။ ထွက်သက် ဝင်သက်နဲ့လည်းပဲ ဒီအသက်ရှင်ရေးဟာ စပ်တယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ မဟာဘုတ်ကြီး လေးပါးနဲ့လည်း စပ်တယ်။ ကဗဠီကာရာဟာရ ခေါ်တဲ့ အစာ အာဟာရနဲ့လည်း ဆက်စပ်၍ နေတယ်။ ဝမ်းမီး တေဇောဓာတ်နဲ့လည်း ဆက်စပ်နေတယ်။ ခန္ဓာကိုယ်ရဲ့ အပေါ်မှာ ပဋိသန္ဓေက စပြီးတော့ မျိုးစေ့အနေနဲ့ ပါလာတဲ့ စိတ်ဝိညာဏ်နဲ့လည်းပဲ ဆက်စပ်နေတယ်။
မှန်ပါတယ်။ လူတစ်ယောက်ဟာ ထွက်သက်ဝင်သက် မရှူဘဲသာ အောင့်ထား၊ တစ်နာရီလောက် အောင့်ယင် ထိုသူ သေမှာအမှန်ပဲ။ ထွက်သက်ဝင်သက် ခေါ်တဲ့ အာနာပါနဝါယောဓာတ် ဝိသေသသာမရှိလို့ မဖြစ်လို့ ရှိယင် ထိုသူရဲ့ ဇီဝိတိနြေ္ဒဟာ ဘယ်လိုနည်းနဲ့မှ သန္တာန်ဆက်ပြီးတော့ အသက်မရှည်နိုင်ဘူးတဲ့။ ဒါကြောင့် အသက်ရှင်ရေးအတွက် ထွက်သက်ဝင်သက် နဲ့လည်းပဲ ဆက်စပ်နေတယ်။ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဆိုတဲ့ ဓာတ်ကြီးလေးပါးတို့ရဲ့ ညီမျှမှုနဲ့လည်း ဆက်စပ်နေတယ်တဲ့။ အဲဒီ ဓာတ်ကြီး လေးပါး မညီမျှလို့ ပထဝီဓာတ် ပျက်စီးမယ်၊ အာပေါဓာတ် ပျက်စီးမယ်၊ တေဇောဓာတ် ပျက်စီးမယ်၊ ဝါယောဓာတ် ပျက်စီးမယ်ဆိုလို့ရှိယင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ ဒီဓာတ်လေးပါးကို မြွေကြီး လေးစင်း၊ မြွေကြီး လေးကောင်နဲ့ ဟို... အာသီဝိသောပမ သုတ္တန်များမှာ ဟောထားတယ်။

မြွေကြီးလေးကောင်နှင့် ဓာတ်ကြီးလေးပါး...

လောကမှာ ကဋ္ဌမုခ မြွေ တစ်မျိုး၊ ပူတိမုခ မြွေလို့ တစ်မျိုး ။
အဂ္ဂိမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။ သတ္ထမုခ မြွေလို့ မြွေတစ်မျိုးရှိတယ်။

အဲဒီ မြွေကြီးလေးမျိုးထဲမှာ ကဋ္ဌမုခမြွေဆိုတဲ့ ဒီမြွေကိုက်လိုက်တယ်ဆိုယင် အကိုက်ခံရတဲ့လူဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ခါတည်းတောင့်ပြီးတော့ လက်တွေ ခြေတွေ ချိုးမရဘဲနဲ့ သစ်သားချောင်းကြီး ထင်းတုံးကြီးလို တစ်ခါတည်း ဖြစ်သွားတယ်တဲ့။ ဖြစ်ပြီးတော့တစ်ခါတည်း သေတော့တာပဲ။ အဲဒီ မြွေမျိုးကို ကဋ္ဌမုခ မြွေ လို့ ခေါ်တယ်။
ပူတိမုခမြွေဆိုတာက ဒီမြွေထိလိုက်တယ်ဆိုယင် မိနစ်ပိုင်းအတွင်း သေကြေ ပျက်စီးပြီးတော့ ခဏအတွင်း ကြည့်ရင်းကြည့်ရင်း အသားတွေ ညိုကွက်ထပြီးတော့ နာရီပိုင်းအတွင်းမှာ သွေးတွေ၊ ပြည်တွေ တစ်ခါတည်းထွက် လာတယ်။ ပုပ်သွားတယ်။ အမှန်ပုပ်ရမှာ သွေး ပြည်တွေ ထွက်ရမှာက သုံးရက် လေးရက်မှ ထွက်ရမှာပေမယ့် ဒီ ပူတိမုခမြွေ ထိခိုက်တဲ့ သတ္တဝါဆိုယင် နာရီပိုင်း အတွင်းမှာ ပုပ်သိုးသွားတယ်။
အဂ္ဂိမုခမြွေဆိုတဲ့ အဲဒီမြွေ ထိခိုက်လိုက်ယင်တော့ လူတောင် မသင်္ဂြိုဟ်ရဘူး၊ အဲဒီမြွေထိတဲ့ လူဟာ ဒီမြွေဆိပ်ကြောင့်ပဲ တစ်ခါတည်း မီးဟုန်းဟုန်းတောက်ပြီး တော့ တစ်ခါတည်းပျောက်သွားတယ်။

ရှိဖူးတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက အရှင်သာရိပုတ္တရာရဲ့ညီ ဥပသေနမထေရ်။ ဥပသေန ရဟန္တာမထေရ်ဆိုတာ ရှိတယ်။ အရှင်သာရိပုတ္တရာ တို့မှာ မောင်နှမ ညီအကို ခုနှစ်ယောက် ရှိပါတယ်။ ခုနစ်ယောက်စလုံး ရဟန္တာ ဖြစ်ကြတယ်။ အရှင်သာရိပုတ္တရာက အကိုကြီး၊ မောင်ကြီး၊ အကြီးဆုံး၊ သူ့အောက်မှာ ဥပသေန၊ သူ့အောက်မှာ စုန္ဒ၊ သူ့အောက်မှာ ညီလေး ရေဝတ။ သူ့ရဲ့နှမတွေအနေနဲ့ စာလာ၊ သီသူပစာလာ၊ ဥပစာလာ... လို့ နှမသုံးယောက် ရှိတယ်။ အဲဒီမောင်နှမ ခုနစ်ဖော်စလုံး ဒီသာသနာတော်မှာ အာသဝေါကုန်ခန်း ရဟန္တာ ယောက်ျား၊ ရဟန္တာ ထေရီမ ဖြစ်ပြီးတော့ ပရိနိဗ္ဗာန်စံ၍ ဘဝဇာတ်သိမ်း ငြိမ်းတော်မူကြတယ်။
အဲဒီ အရှင်သာရိပုတ္တရာရဲ့ညီ အရှင် ဥပသေန ရဟန္တာမှာ တစ်ချိန်က ကမ္မဋ္ဌာန်း ကျောင်းလေး၏ ညောင်စောင်းပေါ် ခဏ လျောင်းပြီး နေတဲ့အချိန်မှာ ဒီအမိုး ခေါင်လျောက်ပေါ်မှ အဂ္ဂိမုခ မြွေနှစ်ကောင်ဖတ်ဆို တစ်ကောင်က ဥပသေန ရဟန္တာ မထေရ်ရဲ့ ကိုယ်ပေါ် ကျတယ်။ သိတယ်၊ ဥပသေန မထေရ်က ဟာ... ဒီမြွေကတော့ အဂ္ဂိမုခမြွေ ပဲ။ အဂ္ဂိမုခမြွေဆိုတာ မိနစ်ပိုင်း အတွင်းမှာပဲ ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တတ်တယ်။ အဲဒီတော့... ဟုန်းခနဲ ခန္ဓာကိုယ် မီးတောက်တာ ငါ့အဖို့ကတော့...

နာဘိနန္ဒာမိ မရဏံ၊ နာဘိနန္ဒာမိ ဇီဝိတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ ဝေတနံဘတကော ယထာ။
အလုပ်သမားသည် လခရမယ့်အချိန်ကို တောင့်တသလို ရဟန္တာဖြစ်တဲ့ ငါ့အဖို့ရာ အသက်ရှည်နေတာလည်း ခန္ဓာဝန်ထုပ်ကြီး ထမ်းထားရတယ်။ သေတယ်ဆိုတာကလည်းပဲ စုတိအခိုက်မှာဖြစ်တဲ့ ခန္ဓာဝန်ထုပ် ထမ်းထားရတာ ဖြစ်တော့ အသက်ရှည်တာလည်းပဲ ငါမလိုချင်ဘူး။ အသက်တိုတာလည်းပဲ ငါမလိုချင်ဘူး။ အဲဒီ သေပြီးတဲ့နောက် ခန္ဓာအသစ် မဖြစ်တဲ့ အနုပ္ပါဒ... နိရောဓ အချိန်ကလေးကို အလိုရှိတယ်။ ဒီအလိုရှိတဲ့အချိန် သူက ရောက်ရမှာဖြစ်တော့ သူ့အဖို့ရာ ဘာမှဝန်မလေးဘူး။ အင်မတန် ခန္ဓာဝန်ကြီး စွန့်ပယ်ရမယ့်အရေး တွေးပြီးတော့ အင်မတန် ဝမ်းမြောက်တယ်။
သို့သော် ငါ ခန္ဓာဝန်စွန့်လိုက်တာ ကိစ္စမရှိဘူး။ ဒီ ခန္ဓာကိုယ်ကြီးက ဟုန်းခနဲ မီးတောက်ယင် ဒီ ကမ္မဋ္ဌာန်းကျောင်းလေး မီးကျွမ်းသွားချေရဲ့ဆိုပြီးတော့ ဥပသေနမထေရ်က အဘိညာဏ် ဖြုန်းခနဲဝင်စားပြီးတော့ ‘ငါ့ ခန္ဓာကိုယ် အပြင်မရောက်သေးသမျှ မီးမတောက်ပါစေနဲ့’ အဓိဋ္ဌာန်တော်မူတယ်။ အဓိဋ္ဌာန် ပြီးတော့ ဣဒ္ဓိဝိဓ အဘိညာဏ်များ ဝင်စားတော်မူလို့ ပြီးတဲ့အခါကျတော့မှ သူ့ရဲ့တပည့်များကို "ငါ့ရှင်တို့၊ ငါ့ကိုညောင်စောင်းနဲ့တကွ ကမ္မဋ္ဌာန်းကျောင်းလေး ပြင်ဘက် အဗ္ဘောကာသ ဟင်းလင်းအပြင် လွင်တီးခေါင် ထုတ်ပေးကြ" လို့ ခိုင်းတယ်။

ဘာပြုလို့လဲဘုရား" ဆိုတော့...
"ငါ့ကိုယ်ပေါ်မှာ အဂ္ဂိမုခမြွေ ကျသွားတယ်ဟု ဒါကြောင့် မကြာခင် ငါ့ခန္ဓာကိုယ်ဟာ မီးဟုန်းဟုန်းတောက်လိမ့်မယ်။ မြန်မြန်ထုတ်ကြ" ဆိုတော့မှ သူ့ရဲ့တပည့်တွေက ညောင်စောင်းနဲ့တကွ ဥပသေနကိုယ်တော်ကို ကိုင်လည်း မကိုင်ဝံ့ဘူး၊ သွားကိုင်ယင် မီးတောက်မှာစိုးလို့။ ကမ္မဋ္ဌာန်းကျောင်းလေး အပြင်ဘက် ထုတ်ရတယ်။ အဲဒီ အပြင်ဘက်လည်း ရောက်ကရော ညောင်စောင်း ရော ခန္ဓာရော အကုန်လုံး မီးဟုန်းဟုန်းတောက်ပြီးတော့ ဓာတ်တော် ကျန်ရစ်ခဲ့တယ်။ အဲဒီမြွေမျိုးကို အဂ္ဂိမုခမြွေလို့ ခေါ်တယ်။ အိန္ဒိယမှာတော့ ဒီလိုမြွေမျိုးတွေ ရှိတယ်။
သတ္ထမုခမြွေဆိုတာက အဲဒီမြွေ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုသူဟာ အရိုးဆက်တွေဟာ တစ်ခါတည်းပြုတ်ပြီးတော့ သေတော့တယ်။ အရိုးဆက် ပြုတ်တယ်။ ဘယ်လောက်ပြင်းတဲ့ အဆိပ်လဲလို့။
အဲဒီ မြွေကြီးလေးမျိုးလိုပဲတဲ့၊ ပထဝီဓာတ်ဟာ ကဋ္ဌမုခမြွေနဲ့ တူတယ်။ အာပေါဓာတ်သည် ပူတိမုခမြွေနဲ့ တူတယ်။ တေဇောဓာတ်သည် အဂ္ဂိမုခမြွေနဲ့ တူတယ်။ ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့ တူတယ်တဲ့။ ပထဝီဓာတ်တည်း ဟူသော ကဋ္ဌမုခမြွေမျိုး၊ ဟုတ်လား။ စိတ်ဆိုးလို့ကိုက်၊ ဒီခန္ဓာကိုယ်မှာ ဖောက်ပြန်လို့ရှိယင် ထိုသူသည် စုတိပြတ်ကြွေ သေလွန်ပြီးသကာလ ထင်းတုံးကြီးလို တောင့်ခိုင်ပြီး သွားတတ်တယ်တဲ့၊ အဋ္ဌကထာက။

ပတ္ထဒ္ဓေါ ဘဝတိ ကာယော၊ ဒဋ္ဌော ကဋ္ဌမုခေန ဝါ။
ပထဝီဓာတုပ္ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
လို့... ဒီလို မှတ်ချက်ပေးပါတယ်။ အာပေါဓာတ်ပျက်စီးလို့ရှိယင် ပူတိမုခမြွေ အကိုက်ခံရတဲ့ လူရဲ့ခန္ဓာကိုယ်ဟာ မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်းမှာ ပုပ်သိုးပြီး သွေးတွေ၊ ပြည်တွေ ယိုကျလာတတ်တယ်တဲ့။ အဲဒီလို ဥတုဇရုပ်ကလာပ် တွေ့ယင်ဖြင့် ဪ…..အာပေါဓာတ်တည်းဟူသော ပူတိမုခမြွေကြီး ကိုက်တာပဲ၊ ဖောက်ပြန်ပျက်စီး ကိုက်တာပဲလို့ အဲဒီလို သိတယ်။
တေဇောဓာတ်တည်းဟူသော အဂ္ဂိမုခ မြွေကိုက်ပြီ၊ ဒီခန္ဓာကိုယ် တေဇောဓာတ်ဖောက်ပြန်ပြီဆိုယင် မသေခင်ကတည်းကိုက အမလေး ပူလိုက်ပါဘိ။ လောင်လိုက်ပါဘိ၊ အဲဒီလို လာတတ်တယ်။ ဒီလိုဆိုပြီးတော့ သေရတယ်။
ဝါယောဓာတ် ဖောက်ပြန် ပျက်စီးပြီးတော့ သွားတဲ့သူကျတော့လည်းပဲ မသေခင်ကတည်းကိုက ဝါယောဓာတ် ဖောက်ပြန်ပျက်စီးတယ်ဆိုယင် သွက္ချာပါဒ ဖမ်းတဲ့လူတွေ ကြည့်စမ်း၊ အဲဒီ လက်မောင်းကြီးကလည်းပဲ အရိုးဆက်ပြုတ် ပြီးတော့ တစ်လက်မလောက် လျှောကျတယ်။ ထို့အတူပဲ ဟောဒီ တင်ပါးဆုံ တင်ပါးခွက်တွေ တစ်ခါတည်း လျှောကျတယ်။ အဲဒါကြောင့် ဝါယောဓာတ်သည် သတ္ထမုခမြွေနဲ့တူတယ်... တဲ့။

သဥ္ဆိန္နော ဘဝတိ ကာယော၊ ဒဋ္ဌော သတ္ထမုခေန ဝါ။
ဝါယော ဓာတုပ္ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
လို့ အဋ္ဌကထာများက မှတ်ချက်ချထားတဲ့ အဓိပ္ပါယ်ကတော့ အခုပြောတဲ့ အတိုင်းပါပဲ။ အဲဒါကြောင့် ဒီ ခန္ဓာကိုယ်မှာ အသက်ရဲ့ ရှည်ရေးဟာ ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောဆိုတဲ့ မဟာဘုတ်ကြီးလေးပါးတို့ရဲ့ ညီညွတ်မှုနဲ့လည်းပဲ ဆက်စပ်နေတယ်တဲ့ ဘယ်လောက် အသက်ရှည်ဖို့ခဲယဉ်းသလဲ။ ဒီအကြောင်းတွေ ကူညီရတယ်။
ဟင်း... ဒါတင်ပဲလားလို့ဆိုတော့ ကဗဠီကာရာဟာရလို့ခေါ်တဲ့ သပ္ပါယဖြစ်တဲ့ အစာအာဟာရနဲ့လည်း ဆက်စပ်နေတယ်။ သပ္ပါယဖြစ်တဲ့ အစာအာဟာရကို လုံးဝ မစားဘူးဆိုယင် ခုနစ်ရက် မခံဘူး။ အသက်ဟာ သန္တာန်ပြတ်သွားတယ်။ ဇီဝိတသန္တာန်ပြတ်သွားတယ်။

အသက်သည် တိုတောင်းလှ၏...

ဒါကြောင့် အသက်ရှည်မှု ဇီဝိတသန္တာန် ဆက်မှုအတွက် ကဗဠီကာရာဟာရ ခေါ်တဲ့ ဆွမ်း ခဲဖွယ် ဘောဇဉ် အစာအာဟာရများလည်းပဲ အကြောင်းတစ်ပါး ဖြစ်ပါတယ်။ ကမ္မဇတေဇောခေါ်သော ဝမ်းမီးပ။ အဲဒီ ဝမ်းမီးနဲ့လည်း ဆက်စပ်နေတယ်။ ဝမ်းမီးကစားသမျှ အစာအာဟာရကို မချက်လို့ ဝမ်းမီး နုံ့သွားပြီ၊ ဝမ်းမီး ငြိမ်းသွားပြီ ဆိုယင် ဇီဝိတသန္တာန် မဆက်တော့ဘူး၊ သေတာပဲ။ ထို့အတူပဲ စိတ်ဝိညာဏ် ရပ်စဲသွားရင်လည်းပဲ ဒီ့ပြင်ဟာတွေ ဘယ်လောက်ကောင်းကောင်း၊ ဒီခန္ဓာကိုယ်မှာ ဇီဝိတသန္တာန် မဆက်တော့ဘူးတဲ့။ သေသွားတယ်။
ဒါကြောင့် ဒီ အသက်ခေါ်တဲ့ ရုပ်ဇီဝိတ၊ နာမ်ဇီဝိတ သန္တာန်ဆက်ပြီးတော့ သွားဖို့ရန်အရေး အင်မတန် ခဲခဲယဉ်းယဉ်း၊ အကြောင်းပေါင်း မြောက်မြားစွာ ကူညီထောက်ပံ့မှ ဖြစ်ရပါတကားတဲ့။ ဒါကို...
ကသိရဉ္စ= အကြောင်းပေါင်း မြောက်မြားစွာတို့နှင့် ဆက်စပ်သဖြင့် ငြိုငြင် ပင်ပန်းနွမ်းလည်းနွမ်းလျလှပါပေ၏။ ပရိတ္တဉ္စ= အကြောင်းများစွာ ကူညီမှ ဖြစ်ပေါ်ရပြန်ပါတော့လည်းပဲ ကာလမြင့်ရှည် မတည်နိုင်ပဲ၊ နည်းလည်း နည်းလှပါပေ၏။
အကြောင်းပေါင်း မြောက်မြားစွာ ဝိုင်းဝန်းထောက်ပံ့ ပြုစုလို့ ဒီအသက် ဖြစ်ပြန်တော့လည်းပဲ အသက်ရှည်တာ မဟုတ်ဘူး။ စတုမဟာရာဇ်နတ်ပြည်၊ တာဝတိံသာနတ်ပြည်၊ ယာမာနတ်ပြည်ဆိုတဲ့ အထက် အထက် နတ်ပြည်တွေက နတ်သက်တွေ၊ ဗြဟ္မာသက်တွေနဲ့ စာလို့ရှိယင် လူ့ပြည်က အသက်ဟာ အင်မတန်နည်းတယ်တဲ့။ တကတည်း ဟို မြက်ဖျား၊ သမန်းဖျားမှာ ကျရောက်နေတဲ့ နှင်းပေါက်ကလေးလောက်ရှိတာ။ နတ်သက်၊ ဗြဟ္မာသက်နဲ့စာယင်။ ဒါကိုပဲ အသက်ရှည်မှု အစွဲပြုပြီးတော့ ဇီဝိတမာန်တွေ တက်လိုက်ကြသေး။
တစ်နည်းအားဖြင့် ပြောလို့ရှိယင် လူရဲ့ ဇီဝိတ၊ နတ်ရဲ့ ဇီဝိတ၊ ဗြဟ္မာရဲ့ ဇီဝိတ၊ ဘယ်ဇီဝိတပဲဖြစ်ဖြစ်တဲ့ အကြောင်းပေါင်းများစွာ ဘယ်လောက် စုပေါင်းပြီးတော့ ဝိုင်းဝန်းထောက်ပံ့ထားလို့ သန္တာန်အနေနဲ့ ဆက်သော်လည်းပဲ ခဏအနေနဲ့တော့ (ခဏိကအနေနဲ့ဆိုယင်) ခဏတိုင်း ခဏတိုင်၊ ခဏတိုင်း ခဏတိုင်း ဒီဇီဝိတတွေ ပျက်နေတယ်တဲ့။ ဒါကြောင့် ပရိတ္တဉ္စ... ခဏအားဖြင့် နည်းပါး တိုလည်း တိုတောင်းလှပါပေ၏... တဲ့။
တဉ္စ= လို ဖော်ပြရာပါ အနိမိတ္တိ၊ အနညာတ၊ ကသိရ။ ပရိတ္တ... ဆိုတဲ့ အင်္ဂါလေးချက် ပြည့်နှက်တဲ့ အသက်လည်းပဲ။ ဒုက္ခေန... သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ မှက်၊ ခြင်၊ ယင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်း တို့၏ အတွေ့အထိကြောင့်ဖြစ်တဲ့ ဒုက္ခနှင့်။ သံယုတံ= အမြဲတစေယှဉ်၍ နေပါပေ၏။

အသက်မသေအောင် လုပ်နည်း မရှိ...

အကြောင်းပေါင်းများစွာ စုပေါင်း ထောက်ပံ့ထားလို့ ဇီဝိတသန္တာန်ကို ဆက်ပေးပြန်ပါတော့လည်းပဲ အဲဒီဆက်တဲ့ ဇီဝိတသန္တာန်မှာ သင်္ခါရဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ ဒုက္ခ ဒုက္ခဆိုတဲ့ဒုက္ခသဘောတွေ ဝိုင်းဝိုင်းလည်လို့၊ မှက်ကိုက်လို့၊ ခြင်ကိုက်လို့၊ ယင်ကိုက်လို့၊ လေတိုက်လို့၊ နေပူလို့၊ ဒီလိုဖြစ်တဲ့ဆင်းရဲဒုက္ခတွေနဲ့၊ ဒီဇီဝိတခေါင်းဆောင်တဲ့ ဒီ ခန္ဓာတစ်ခုလုံး အမြဲတစေဒုက္ခနဲ့ ယှဉ်လျက်နေတာကို၊ ဒကာတဲ့... စဉ်းစားကြည့်... စဉ်းစားကြည့်... အဲဒီလို စဉ်းစားကြည့်ပြီးတော့ ဒီ ဇီဝိတသန္တာန် မပြတ်ခင် သင်သည် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဗြဟ္မစရိယသုံးပါးကို စောစောက ကြိုတင်၍ ပွားများပါလို့၊ ဒီအလိုတော်နဲ့...

အနိမိတ္တ’ မနညာတံ၊ မစ္စာနံ ဣဓ ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊ တဉ္စ ဒုက္ခေန သံယုတံ။
ဟောဒီ ပထမဂါထာ ဟောပြီးတဲ့နောက် ဒီဒကာဘက်က စောဒကတက်စရာ ရှိတယ်။ ဘယ်လိုရှိသလဲဆိုတော့ "မြတ်စွာဘုရား၊ တပည့်တော်ရဲ့ သားကလေး တပည့်တော် မျက်စိအောက်က အပျောက်မခံဘဲနဲ့ အမျိုးမျိုး အသက်ရှင်ရာ ရှင်ကြောင်း မွေးကျွေးပါလျက်ကနဲ့ ဒီကြားထဲကနေပြီးတော့ မဖြစ်ကောင်း ဖြစ်သွားလို့၊ မဖြစ်သင့်ဘဲနဲ့ ဖြစ်သွားလို့ တပည့်တော် စိုးရိမ်ပူဆွေး ငိုကြွေးတာပါဘုရား" လို့ သင်ကလျှောက်ဦးမလားတဲ့။ အဲဒီလျှောက်တဲ့၊ လျှောက်ချင်တဲ့၊ စောဒကတက်ချင်တဲ့ ဒကာရဲ့ စိတ်အကြံကို သိပြီးတော့...

န ဟိ သော ဥပက္ကမော အတ္ထ၊ ယေန ဇာတာ န မီယျရေ။
ဇရမ္ပိ ပတွာ မရဏံ၊ ဧဝံဓမ္မာ ဟိ ပါဏိနော။
ဥပါသက = ရတနာ သုံးရပ် ဆည်းကပ်ဘိသူ ဒါယကာ။ ယေနဥပက္ကမေန= အကြင် လုံ့လ ကြိုးကုတ် အားထုတ်ခြင်းဖြင့်။ ဇာတာ= ဖြစ်တိုင်း ဖြစ်တိုင်းသော သတ္တဝါတို့သည်။ န မီယျရေ= စုတိပြတ်ကြွေ မသေလွန်ကြကုန်။ သော ဥပက္ကမော= ထို သတ္တဝါတွေ မသေကြောင်း လုံ့လကောင်းသည်။ န ဟိ အတ္ထိ= မရှိဧကန် မှန်လှပေ၏။
သင်က အဲဒီလိုများ စောဒက တက်ဦးမလားတဲ့၊ ဤနည်းဖြင့် အသက်ရှည်အောင်လုပ်မယ် ဆိုပေမယ့် မသေအောင် ဆိုတဲ့ ဥပက္ကမမျိုး လောကမှာ တစိုးတစိ မရှိဘူး။ ဒါ့ကြောင့် တပည့်တော် အမျိုးမျိုး စောင့်ရှောက်ပါလျက်ကနဲ့ စောင့်ရှောက်တဲ့ ကြားက ပျက်စိးသွားလို့ တပည့်တော် သောကပရိဒေဝ မဖြစ်ချင်ဘဲနဲ့ ဖြစ်ရတာပါလို့ အဲဒီလိုလည်း ဆင်ခြေမပေးနဲ့။
ဒီတော့ ဒီ ဒကာရဲ့စိတ်ထဲ စဉ်းစားတယ်။ ဟင်... သေယင်လည်း သေဦးတော့၊ အသက်အရွယ်ကြီးမှ သေချိန်ကျလို့ သေလို့ရှိယင် တပည့်တော် သောကပရိဒေဝမီး မတောက်ပါဘူး။ အခုတော့ ငယ်ငယ် မအိုခင် သေသွားလို့ သောကပရိဒေဝမီး တောက်တာပဲ... လို့ အဲဒီလိုများ ဆင်ခြေပေးဦးမလား။ ဒီ ဆင်ခြေအခွင့်မရအောင် တရားသဘောနဲ့ မြတ်စွာဘုရား ပယ်ဖျောက်တော် မူလိုတဲ့အတွက်...

ဇရမ္ပိ ပတွာ မရဏံ၊ ဧဝံဓမ္မာ ဟိ ပါဏိနော။
ဇရံ= ဆွေးမြည့်ယိုယွင်း အိုမင်းခြင်းသို့။ ပတွာပိ= ရောက်၍လည်းကောင်း။ အပတွာပိ= မရောက်မူ၍လည်းကောင်း။ မရဏံ... စုတိပြတ်ကြွေ သေလွန်ရခြင်းသည်။ ဟောတိ= ဖြစ်၏။ ဟိ= မှန်၏။ ပါဏိနော= လူနတ်ဗြဟ္မာ သတ္တဝါဟူသမျှတို့သည်။ ဧဝံဓမ္မာ... ဤသို့ ဇရာသို့ရောက်၍လည်း သေ... မရောက်၍လည်း သေ... ဤသို့ သဘောရှိကြပေကုန်၏။

ဒီလို တရားဒေသနာနဲ့ ဟိုက ဆင်ခြေတက်စရာမရှိအောင် "ဒကာတဲ့...၊ လူတိုင်းလူတိုင်းဟာ ဇရာသို့ရောက်၍လည်း သေတတ်တယ်။ ဇရာသို့ မရောက်မူ၍လည်းပဲ သေတတ်တယ်။ ဒါ သတ္တဝါတွေရဲ့ ဓမ္မတာ။ ဓမ္မတာကို ဘုရားတောင် မကာကွယ်နိုင်ဘူး။ (ဟုတ်တယ်နော်)။ မြတ်စွာဘုရား အနန္တတန်ခိုးရှင်ဖြစ်တော်မူလင့်ကစား အိုချိန်ကျတော့ သက်တော်ရှစ်ဆယ်ဆိုယင် ဒါ အိုလာတာပဲ။ စောစောစီးစီးက ကြည့်လိုက်တယ်ဆိုယင် သုံးဆယ့်နှစ်ရပ်သော အနူဗျဉ္စန လက္ခဏတော်ငယ်တွေနဲ့ ရွှေတောင်ကြီးအလား အင်မတန်တင့်တယ်တဲ့ ရူပကာယ အသရေတော်တွေဟာ သက်တော် ရှစ်ဆယ်ရှိတယ်ဆိုယင် လျော့မှန်းမသိ လျော့ကုန်ပြီ။ အနားနားကပ်ကြည့်တဲ့ အခါကျတော့ အရေတော်ကလေးများ တွန့်လာတယ် ဘုရားကိုတောင် မညှာဘူး။

တစ်ချိန်က မြတ်စွာဘုရားဟာ ဇရာရဲ့ သဘောပေါ်အောင် ဒီ နေဆာလှုံတဲ့ အနေနဲ့ သင်္ကန်းတော်ချပြီးတော့ မြတ်စွာဘုရား နေတယ်။ အပြုအစုဖြစ်တဲ့ အရှင်အာနန္ဒာက ဘုရားရဲ့ အနီးက ကပ်ပြီးတော့ ကျောပြင်တော် ကြည့်တဲ့အခါ အရေတော်ကလေးများ တွန့်နေတာ တွေ့တယ်။ ဇရာရဲ့ ဒဏ်ချက် တွေ့တော့ ဓမ္မသံဝေဂရပြီး ဇရာကို ကြိမ်းမောင်းသော အနေနဲ့...

မီ တံ ဇမ္မိ ဇရေ အတ္ထု၊ ဒုဗ္ဗဏ္ဏကရဏီ ဇရေ။
တာဝ မနောရမံ ဗိမ္ဗံ၊ ဇရာယ အဘိမဒ္ဒိတံ။ (သံ၊ ၃။ ၁၉၀ )
တာဝ မနောရမံ= သို့စဉ်ကလောက် စိတ်နှလုံး(ကို) ရွှင်ပြုံးမွေ့လျော် စေနိုင်သော။ ဗိမ္ဗံ= မြတ်စွာဘုရား၏ ရွှေကိုယ်တော်မြတ်ကို။ ဇရာယ= နင်ဇရာသည်။ အဘိမဒ္ဒိတံ= ကြိတ်ခြေနှိပ်စက် ဖျက်ဆီးအပ်ခဲ့လေပြီ။ ဇမ္ဗိဇရေ= ယုတ်မာလှစွာ ဟယ်... ဇရာတရား။ တံ= နင်ဇရာ၏။ မီ= စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု= ဖြစ်စွတကား။ ဒုဗ္ဗဏ္ဏကရဏီ= ရုပ်ပျက် ဆင်းပျက်ဖြစ်အောင် နှိပ်စက်တတ်ပေသော။ ဇရေ= အယုတ်တမာ ဟဲ့... ဇရာ။ တံ= နင်ဇရာ၏။ မီ= စက်ဆုပ်ရွံရှာဖွယ်သည်။ အတ္ထု= ဖြစ်စွတကား... လို့...

ဓမ္မသံဝေဂ ရပြီးတော့ ရှင်အာနန္ဒာတောင် ဇရာကို ဤကဲ့သို့ ကြိမ်းမောင်းတဲ့ဂါထာ ရွတ်ရတယ်။
ဒီတော့ မြတ်စွာဘုရားက သတ္တဝါတိုင်း၊ သတ္တဝါတိုင်းဟာ... တဲ့၊ ဓမ္မတာကို မလွန်မြောက်နိုင်ဘူး။ အိုချိန်ကျယင် အိုခြင်း ဓမ္မတာ၊ သေချိန်ကျ သေခြင်း ဓမ္မတာ မလွန်မြောက်နိုင်သလို ဇရာသို့ ရောက်၍လည်း သေတတ်တယ်။ ဇရာသို့ မရောက်မူ၍လည်း သေတတ်တယ်။ အဲဒီလို သေတာဟာ သတ္တဝါတို့ရဲ့ ဓမ္မတာပဲ၊ ဘုရားတောင် မကာကွယ်နိုင်ဘူးတဲ့။

သစ်ပင်ကြီး၏ သြဇာဓာတ်နှင့် ခန္ဓာကိုယ် နှိုင်းယှဉ်ချက်...

ဖလာနမိဝ ပဏ္ဍနံ၊ ပါတော ပတနတော ဘယံ။
ဧဝံ ဇာတာန မစ္စာနံ၊ နိစ္စံ မရဏတော ဘယံ။
ဥပါသက= ရတနာသူံးရပ် ဆည်းကပ်သသူ အို... ဒါယကာ။ (ဥပမာအားဖြင့် ပြောရလို့ ရှိယင်) ပက္ကာနံ= ရင့်ကုန် မှည့်ကုန်သော။ ဖလာနံ= သစ်သီးတို့၏။ ပါတော= နံနက်တိုင်း နံနက်တိုင်း၌။ ပတနတော= အညှာမှ ကြွေကျရခြင်းကြောင့်။ ဘယံ= ကြောက်လန့်ဖွယ်သည်။ ဟောတိ ဣဝ= ဖြစ်သကဲ့သို့။ ဧဝံ= ဤအတူ။ ဇာတာနံ... ဖြစ်တိုင်း ဖြစ်တိုင်း ကုန်သော။ မစ္စာနံ= သတ္တဝါတို့၏။ နိစ္စံ= အမြဲ။ မရဏတော= ခဏိက မရဏ၊ သမ္မုတိ မရဏ နှစ်ပါးဖြင့် တဖွားဖွားသေလျက် ရှိရခြင်းကြောင့်။ ဘယံ= ကြောက်လန့်ဖွယ်သည်။ ဟောတိ= ဧကန်စင်စစ် ဖြစ်ရ တကား...။
အဲဒီလိုများ သံဝေဂနှင့် စဉ်းစားကြည့်စမ်း။ သစ်သီးတွေ(ကို) မျှော်ပြီးတော့ ကြည့်စမ်း။ သစ်ပင်ရဲ့သဘောမှာ... တဲ့၊ နေ အရှေ့ကတက်တယ်ဆိုယင် နေအရှိန်ကြောက်လိုက်ယင် သစ်ပင်မှာရှိတဲ့ အပေါ် မြေအရသာ၊ ရေအရသာဆိုတဲ့ ပထဝီရဲ့ သြဇာဓာတ်တွေ၊ အာပေါရဲ့ သြဇာဓာတ်တွေဟာ အရွက်ကနေပြီးတော့ အကိုင်းလျှောကျတယ်။
အကိုင်းကနေပြီးတော့ ပင်စည်ကို လျှောကျတယ်၊ ပင်စည်ကနေပြီး အမြစ်(ကို) လျှောသွားတယ်။
အမြစ်ကနေပြီးတော့ မြေကြီးထဲ ပြန်ဝင်သွားတယ်။ ဒါ နေတက်တဲ့ အချိန်က နေဝင်တဲ့ အချိန်ထိအောင်၊ တစ်ခါ နေဝင်တဲ့ အချိန်က စပြီးတော့...
မြေကြီးထဲမှာရှိတဲ့ ပထဝီရသ၊ အာပေါရသဆိုတဲ့ မြေရဲ့ အဆီသြဇာ၊ ရေရဲ့အဆီသြဇာ ရသာဓာတ်ရည်က သစ်ပင်ရဲ့အမြစ်ထဲ ဝင်ပြန်တယ်။
အမြစ်ကမှ တစ်ဆင့် ပင်စည်။
ပင်စည်မှ တစ်ဆင့် အကိုင်း။
အကိုင်းမှ တစ်ဆင့် အရွက်။
အရွက်မှ တစ်ဆင့် အညှာ၊ အပွင့်၊ အသီး၊ ဒီလိုမြေသြဇာ၊ ရေသြဇာဟာ ညမှာ တက်၊ နေ့မှာလျှော၊ ညမှာ တက်၊ နေ့မှာ လျှော၊ ဒီလိုနေတယ်... တဲ့။

အဲဒီလိုနေရာက သစ်သီးများ အချိန်ကြာ ရင့်ရော်လာပြီဆိုယင် ဒီလို တက်လာတဲ့ မြေသြဇာ၊ ရေသြဇာတွေဟာ ညအခါ ပြန်ပြီးတော့ တက်လာသော်လည်းပဲ မြေကနေပြီး အမြစ်တော့ ရောက်တယ်။ အမြစ်က ပင်စည်ကို ရောက်တယ်။ ပင်စည်ကနေပြီး အကိုင်း အခက်၊ အကိုင်းအခက်နေပြီး အရွက်သာ သွားတော့တယ်။ အညှာ မသွားတော့ဘူး။ အညှာ မသွားတော့ဘူး။ မြေသြဇာ၊ ရေသြဇာ သစ်သီးက ရင့်လာယင် အဲဒီ ပထဝီရသာ၊ အာပေါရသာဟာ အညှာကို မကူးတော့ဘူး။
မကူးတော့ တစ်ရက်မကူး၊ တစ်ရက်မကူး၊ တစ်ရက်မကူး တော်တော်ကြာတော့ နေက ကြောက်ကြောက်ပေးတော့ အညှာလေးဟာ ခြောက်ရော်ပြီးတော့ မနက်တိုင်း မနက်တိုင်း မှည့်တဲ့ သစ်သီးတွေဟာ တဖြုန်းဖြုန်းကြွေကျမနေဘူးလား... တဲ့။ အဲဒီလို ကြွေကျနေတဲ့အတွက် ကြောက်ဖွယ်မဟီး သစ်သီးဘက်ကကြည့်ယင် ဘေးရှိသလို ဖြစ်တိုင်းသော သတ္တဝါတို့မှာ ခဏိကမရဏ၊ သမ္မုတိမရဏအနေနဲ့ ခဏတိုင်း ခဏသေ ကြေပျက်စီးနေရတဲ့အတွက် ကြောက်ဖွယ်မဟီး ဘေးကြီးပါတကားလို့ အဲဒီလိုများရှု... တဲ့။

ကွဲချိန်ကျယင် အိုးတွေကွဲသလို...
ယထာပိ ကုမ္ဘကာရဿ၊ ကတာ မတ္တိကဘာဇနာ။
သဗ္ဗေ ဘေဒနပရိယန္တာ၊ ဧဝံ မစ္စာန ဇီဝိတံ။
ကုမ္ဘကာရဿ= အိုးထိန်းသည်သည်။ ကတာ= ပြုလုပ်အပ်သမျှကုန်သော။ သဗ္ဗေ= ခပ်သိမ်းကုန်သော။ မတ္တိကဘာဇနံ= မြေညက်အိုးတို့သည်။ ဘေဒနပရိယန္တာ= ကွဲပျက်ခြင်းလျှင် အဆုံးရှိကြကုန်သည်။ ဟောန္တိ ယထာ= ဖြစ်ကုန်သကဲ့သို့။ ဧဝံ တထာ= ထို့အတူ။ မစ္စာနံ= သတ္တဝါတို့၏။ ဇီဝိတံ... ဇီဝိတမ္ပိ= ဇီဝထိန်းချုပ် နာမ်ရုပ် နှစ်ပါးလည်းပဲ။ ဘေဒနပရိယန္တာ= စုတိပြတ်ကြွေ သေလွန်ပျက်စီးရခြင်းလျှင် အဆုံးရှိပေ၏… လို့ အဲဒီလို မှတ်ထားပါ။
အိုးထိန်းသည်လုပ်သမျှ အိုးတွေ အချိန်ကျတော့ ကွဲကုန်တာလို ခပ်သိမ်းသော သတ္တဝါတွေကို ကံတည်းဟူသော အိုးထိန်းသည်က လုပ်ပေးလိုက်တဲ့ သတ္တဝါရဲ့ ခန္ဓာတည်းဟူသော အိုးတွေက ကွဲချိန်ကျ ကွဲသလို၊ သေချိန်ကျ သေကြတာပဲ... လို့ အဲဒီလိုလည်း စိတ်ထဲစွဲမြဲမှတ်ထား... တဲ့။ ကွဲချိန်ကျ အိုးတွေကွဲသလို၊ သေချိန်ကျ သတ္တဝါတွေ သေရကား...

ဒဟရာ စ မဟန္တာ စ’၊ ယေ ဗာလာ ယေ စ ပဏ္ဍိတာ။
သဗ္ဗေ မစ္စုဝသံ ယန္တိ၊ သဗ္ဗေ မစ္စုပရာယဏာ။
ဒဟရာ စ= အသက်အရွယ်ငယ်သော သူတို့သည်လည်းကောင်း။ မဟန္တာ စ= အသက်ကြီးသော သူတို့သည်လည်းကောင်း။ ဗာလာ... မသိမလိမ္မာကုန်သော။ ယေ စ= အကြင်သူတို့သည်လည်းကောင်း။ ပဏ္ဍိတာ= ပညာရှိကုန်သော။ ယေ စ= အကြင်သူတို့သည်လည်းကောင်း။ သဗ္ဗေ= ကြီးငယ်မဟူ ဉာဏ်ရှိ မရှိမဟူ ခပ်သိမ်းသော သူတို့သည်။ မစ္စုဝသံ= သေခြင်းတရားရဲ့ အလိုနိုင်ငံသို့။ ယန္တိ= လိုက်ပါကြရကုန်၏။ သဗ္ဗေ= ခပ်သိမ်းဥဿုံ အလုံးစုံသော သူတို့သည်။ မစ္စုပရာယဏာ= သေခြင်းတရားလျှင် နောက်ဆုံး လည်းလျောင်းရာ ရှိကုန်စါတကား….လို့... အဲဒီလိုလည်း သင့်စိတ်ထဲမှာ သံဝေဂယူထားစမ်းပါ။ မရဏဿတိ ယူထားစမ်းပါ။ ရှေ့ဆက်ပြီးတော့...

တေသံ မစ္စုပရေတာနံ၊ ဂစ္ဆတံ ပရလောကတော။
န ပိတာ တာယတေ ပုတ္တံ၊ဉာတီ ဝါ ပန ဉာတကေ။
ဂဟပတိ= အို... ဒါယကာ။ မစ္စုပရေတာနံ= သေခြင်တရား အနှိပ်စက် ခံရကုန်သော၊ (ဝါ) အနှိပ်စက် ခံရသောကြောင့်။ ပရလောကတော= တမလွန် လောကသို့။ ဂစ္ဆတံ= သွားရောက်ကြရကုန်သော၊ တေသံ= ထို သေတိုင်း သေတိုင်းသော ပုဂ္ဂိုလ်တို့အတွက်။ ပိတာ= ဖမိနှစ်ပါးက။ ပုတ္တံ= သားသမီးကို၊ န တာယတေ= ဘယ်လိုနည်းနဲ့မှ မစောင့်ရှောက်နိုင်။
စောင့်ရှောက်နိုင်ရဲ့လားတဲ့။ တမလွန်လောက သွားတော့မယ်လို့ ဆိုလို့ရှိယင် မိဘနှစ်ပါးက ငါ့သား၊ ငါ့သမီးကို မသေအောင် ဆွဲထားမယ်လို့ ဘယ်လိုများတားနိုင်တုံး၊ မတားနိုင်ပါဘူး။ မစောင့်ရှောက်နိုင်ပါဘူး။ အာ... မိဘနှစ်ပါးကသာ မတားနိုင်သလားလို့ဆိုတော့ မိဘနှစ်ပါးတည်း အားနည်းလို့ မတားနိုင်တာ မဟုတ်ဘူး
ဉာတီဝါ= ဆွေမျိုးတစ်စုတို့ကလည်းပဲ။ ဉာတကေ= ဘဝတမလွန် စွန့်လွှတ်သွားကြမယ့် ဆွေမျိုးတို့ကို၊ န တာယန္တေ= ဘယ်လိုနည်းနဲ့မှ မစောင့်ရှောက်နိုင်ကြကုန်။
ဒါ... ဓမ္မတာပဲတဲ့...

အသတ်ခံရမည့် နွားပမာ...
ပေက္ခတံယေဝ ဉာတီနံ၊ ပဿ လာလပတံ ပုထု။
ဧကမေကောဝ မစ္စာနံ၊ ဂေါဝဇ္စျော ဝိယ နီယတိ။

ဂဟပတိ= အို... ဒါယကာ။ မရဏဿတိ သံဝေဂနှလုံး ကျင့်သုံးလိုက်စမ်း ပါတဲ့။ ဉာတီနံ= ဆွေမျိုးအပေါင်းတို့က။ ပေက္ခတံ ယေဝ= ကြည့်ရှုနေကြစဉ်ပင်။ အင်း... အခုဖြင့် ပြန်ပြီး သက်သာနိုးနိုး၊ ဟုတ်လား၊ ဆရာရောက်လာယင်၊ ဆေးတစ်ခွက်တိုက်လိုက်ယင် သက်သာကောင်းပါရဲ့၊ ဆရာ တိုက်ထားတဲ့ ဆေးလေး အကွက်လည်ယင် ပြန်ပြီးတော့ အသက်ကလေး ရှင်လာကောင်းပါရဲ့ လို့ အားလုံးဝိုင်းအုံကြည့်နေတုန်းမှာပဲ... တဲ့။ ပုထူ= အထွေထွေ အပြားပြား။ လာလပတံ= အမေ အဖေ စသည်ဖြင့် နှုတ်ကတတွတ်တွတ် ပြောဆိုကြကုန်သော။ မစ္စာနံ= သတ္တဝါတို့အနက်။ ဧကမေကောဝ= တစ်ယောက်စီ၊ တစ်ယောက်စီ ကိုပင်လျှင်။ ဂေါဝဇ္စျောဝိယ= အသတ်ခံရမယ့် နွားကဲ့သို့။ မစ္စုနာ= သေခြင်းတရားသည်။ နီယတိ= ဆွဲဆောင်၍ သွားအပ်ပါပေ၏။
ကြည့်စမ်းပါ... တဲ့။ နွားသတ်ရုံပို့မယ့်နွား မှန်းပြီးတော့ ကြည့်စမ်း။ နွားသတ်ရုံပို့မယ့်နွားဟာ တစ်လှမ်းလှမ်းလိုက်လို့ရှိယင် သေဖို့ရန် တစ်လှမ်းနီး တာပဲတဲ့။ ထို့အတူပဲ လူဆိုတဲ့ သတ္တဝါတွေလည်းပဲ တစ်ရက်လွန်သွားတာဟာ သေဖို့ရန် တစ်လှမ်းနီးသွားတာပဲ။ တစ်လလွန်သွားတာဟာ သေဖို့ရန်အတွက် တစ်လနီးသွားပြီ။ တစ်နှစ်ရှိသွားယင် သေဖို့ရန်အတွက် တစ်နှစ်နီးသွားပြီ၊ သေမယ့်ဘက်ကို တစ်နှစ်နီးသွားပြီ။

ဧဝမဗ္ဘာဟတော လောကော၊ မစ္စုနာ စ ဇရာယ စ။
ဧဝံ= ဤသို့။ လောကော= သတ္တဝါအပေါင်းတို့၊ မစ္စုနာ စ= သေခြင်းတရားသည် လည်းကောင်း။ ဇရာယ စ= အိုခြင်းတရားသည် လည်းကောင်း။
သေခြင်းဆိုတဲ့ တရားက အသတ်ခံရမယ့်နွားကိုကဲ့သို့ ဆွေးမြည့်ယိုယွင်း အိုမင်းရခြင်း ဆိုတဲ့ ဇရာတရားက လည်းကောင်း။
အဗ္ဘာဟတော= နေ့ရှိသမျှ အမြဲတစေ အနှိပ်စက်ခံ၍ နေရပါပေ၏။ ဣတိ= ဤသို့ ယသ္မာ= အကြင့်ကြောင့်။ ပဇာနန္တိ= ယထာဘူတ သဘာဝအား အမှန်အတိုင်း အပြားအားဖြင့် သိမြင်တော်မူကြပါပေကုန်၏။

တသ္မာ ဓီရာ န သောစန္တိ၊ ဝိဒိတွာ လောကပရိယာယံ။
တသ္မာ= ထို့ကြောင့်။ ဓီရာ= ပညာရှိတို့သည်။ လောကပရိယာယံ= လောကအကြောင်းကို။ ဝိဒိတွာ= သိ၍။ န သောစန္တိ= မစိုးရိမ်ကြကုန်။
အဲဒီလို သေခြင်းဆိုတဲ့ တရားက နေ့ရှိသမျှ နှိပ်စက်နေတာ၊ သေခြင်းဆိုတဲ့တရားဟာ နေ့ရှိသမျှ နှိပ်စက်နေတာဟာ လောကရဲ့ ပရိယာယ်ပဲ၊ လောကမှာ ဖြစ်မြဲဓမ္မတာပဲလို့ သိတဲ့ ပညာရှိဟာ မစိုးရိမ် မပူဆွေး မငိုကြွေးဖူးတဲ့။

ငိုလို့ အကျိုးရှိမယ်ဆိုယင် ငိုပါ...
ယဿ မဂ္ဂံ န ဇာနာတိ၊ အာဂတဿ ဂတဿ ဝါ။
ဥဘော အန္တေ အသမ္ပဿံ၊ နီရတ္ထံ ပရိဒေဝသိ။ ။
အာဂတဿ ဝါ= ဤဘဝသို့ လာသည်လည်းဖြစ်သော။ ဂတဿ ဝါ= တမလွန်လောက ဘဝတစ်ပါးသို့ သွားသည်လည်းဖြစ်သော။ ယဿ= အကြင်သူ၏။ မဂ္ဂံ= ခရီးလမ်းကို။ န ဇာနာတိ= မသိ။ တဿ= ထိုသူ၏။ ဥဘောအန္တေ= ဤဘဝသို့လာရာ တမလွန်လောက ဘဝတစ်ပါးသို့ သွားရာ ခရီးလမ်းကို။ အသမ္ပဿံ= ကောင်းစွာ မမြင်ရပါဘဲလျက်။ နိရတ္ထံ= အကျိုးမဲ့။ ပရိဒေဝသိ= ငိုကြွေးဘိ၏။
လောကမှာ ကြည့်ကြည့်စမ်း၊ ဒီဘဝကို ရောက်လာသူဟာ ဘယ်ဘဝကနေ ဖြစ်လာသလဲ၊ သေတော့ကော ဘယ်ဘဝ ရောက်သွားသလဲ၊ အဲဒီ လာရာ သွားရာခရီးကို ဘယ်သူသိတုံး၊ မသိဘူး၊ မမြင်လဲ မမြင်ဘူး၊ ထင်လဲ မထင်ဘူး။ အဲဒီလို မသိရဘဲ မမြင်ရဘဲ ငိုကြွေးပူဆွေးရတာ အကျိုးရှိရဲ့လား။ အကျိုးမရှိဘူး။

ပရိဒေဝယမာနော စေ၊ ကိဥ္စိဒတ္ထံ ဥဒဗ္ဗဟေ။
သမ္ဓုဠော ဟိ’သမတ္တာနံ၊ ကယိရာ စေ နံ ဝိစက္ခဏော။
ပရိဒေဝယမာနော= ငိုကြွေးသည်ဖြစ်၍၊ ကိဥ္စိဒတ္ထံ= အကျိုးတစ်စုံတစ်ရာကို။ စေ ဥဒဗ္ဗဟေ= အကယ်၍ ဆောင်နိုင်ခဲ့ပါမူ။ သမ္ဗုဠော= တွေဝေသည်ဖြစ်၍။ အတ္တာ နံ = မိမိကိုယ်ကို။ ဟိသံ... ဟိံသန္တော= ညှဉ်းဆဲလျက်။ ဝိစက္ခဏော= ပညာရှိသည်။ နံ= ထို ငိုကြွေးမှု စသည်ကို။ စေ ကယိရာ= အကယ်၍ ပြုရာ၏။
သေသူကို အကြောင်းပြု၍ ငိုလိုက်လို့ အကျိုးတစ်စုံတစ်ရာ ရမယ်ဆိုယင် မိမိကိုယ်ကို ညှဉ်းဆဲပြီး မူးမေ့လဲကျသွားအောင် ငိုလိုက်စမ်းပါ။ ပညာရှိပုဂ္ဂိုလ်ဟာလဲ ငိုကောင်း ငိုမှာပဲတဲ့။ ခုတော့ ငိုလို့ အကျိုးတစ်စုံတစ်ရာ ဘာရတုံး၊ ကိုယ်ပင်ပန်းရုံပဲ မဟုတ်လား။

ငိုကြွေးပူဆွေးခြင်းသည် ပင်ပန်းကြုံလှီသွားရုံသာ...
န ဟိရုဏ္ဏေန သောကေန၊ သန္တိံ ပပ္ပေါတိ စေတသော။
ဘိယျဿုပ္ပဇ္ဇတေ ဒုက္ခံ၊ သရီ ရံ စုပဟညတိ။
ဟိ= မှန်၏။ (ဝါ) ယခုမှာတော့။ ရုဏ္ဏေန= ငိုကြွေးမြည်တမ်းခြင်းဖြင့် လည်းကောင်း။ သောကေန= စိုးရိမ်ပူဆွေးခြင်းဖြင့် လည်းကောင်း။ စေတသော= စိတ်၏။ သန္တိံ= ငြိမ်းချမ်းခြင်းသို့။ န ပပ္ပေါတိ= ဘယ်လိုနည်းနဲ့မှ မရောက်နိုင်။

ငိုကြွေးကြည့်စမ်း၊ ငိုလေ စိတ်ပူလေ၊ ဘယ်တော့မှ စိတ်မအေးဘူး။ ပူဆွေးကြည့်စမ်း၊ ပူလေ ဆွေးလေ၊ စိုးရိမ်လေ၊ စိတ်ပူပန်လေ၊ ဘယ်တော့မှ စိတ်၏ငြိမ်း အေးခြင်းသို့ မရောက်နိုင်ဘူး။ (စိတ်မငြိမ်းတဲ့အပြင်)...
ဘိယျော= ဆတက်ထမ်ပိုး တိုး၍ တိုး၍။ အဿ= ထိုသူ့အား။ ဒုက္ခံ= ဆင်းရဲဒုက္ခသည်။ ဥပ္ပဇ္ဇတေ= ဖြစ်ရပေ၏။ သရီရံ စ= ခန္ဓာကိုယ်သည်လည်း။ ဥပဟညတိ= တစ်နေ့တစ်ခြား ပင်ပန်းညှိုးနွမ်း၍သာ သွားရာ၏။
ငိုစမ်း၊ ပူစမ်း၊ ငိုလို့ရှိယင် တစ်စုံတစ်ခု စိတ်မအေးရတဲ့အပြင် တိုးတိုးပြီးတော့ ဆင်းရဲဒုက္ခသာ ရောက်၊ ခန္ဓာကိုယ်လည်း တစ်နေ့တစ်ခြား ပင်ပန်းသွားတယ်တဲ့။

ကိသော ဝိဝဏ္ဏော ဘဝတိ၊ ဟိံ သမတ္တာန’ မတ္တနာ။
န တေန ပေတာ ပါလေန္တိ၊ နိရတ္ထာ ပရိဒေဝနာ။
ဥပါလက= ဒါယကာ။ ကိသော= စိုးရိမ်ပူဆွေးငိုကြွေးတဲ့သူသည် တစ်နေ့တစ်ခြား ကြုံလှီ၍ သွားသည်။ ဟောတိ= ဖြစ်၏။ ဝိဝဏ္ဏော= ရုပ်ရည်အဆင်း ပျက်ခြင်းမလှ ပျက်စီး၍ သွားရသည်။ ဘဝတိ= ဖြစ်၏။ အတ္တနာ= မိမိကိုယ်တိုင်ပင်။ (သူတကာက မနှိပ်စက်ရဘဲ) အတ္တနံ= မိမိကိုယ်ကို။ ဟိံသံ= ညှဉ်းဆဲနှိပ်စက်သည်မည်သည်။ ဘဝတိ= ဖြစ်ပေ၏။

ငိုတာ ပူဆွေးတာဟာတဲ့ အကျိုးမရတဲ့အပြင် တစ်နေ့ တစ်ခြား လူပိန်သွားတယ်။ တစ်နေ့တစ်ခြား ရုပ်ပျက် ဆင်းပျက် ဖြစ်ပြီးတော့ မိမိကိုယ်ကို သူတကာက မနှိပ်စက်ရဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ နှိပ်စက်တာ မည်ပါတယ်။
တေန= ထို စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဖြင့်။ ဝါ= ငိုကြွေးခြင်းကြောင့်။ ပေတာ= တမလွန်လောက ဟိုဘဝသို့ သွားရောက်ကြတဲ့ သားသမီး ဆွေမျိုးအပေါင်းတို့သည်။ န ပါလေန္တိ= ဘယ်လိုနည်းနဲ့မှ စောင့်ရှောက် မခံရ၊ ဘယ်လိုနည်းနဲ့မှ မျှတမှု မရှိကြကုန်။
ဟို တမလွန်လောကရောက်တဲ့ ပုဂ္ဂိုလ်တွေကို အကျိုးရယင် ဝိုင်းပြီး ငိုတာပေါ့တဲ့။ ဒီဘဝကနေပြီးတော့ ငိုနေတဲ့ပုဂ္ဂိုလ်က ငိုတယ်၊ ပရိဒေဝမီး တောက်နေတယ်၊ သောကမီး တောက်နေတယ် ဆိုယင် ဟို တမလွန် လောကမှ ဘဝခရီးသွားဖြစ်တဲ့ မိမိရဲ့သားသမီး ဆွေမျိုး ဆိုတဲ့ပုဂ္ဂိုလ်တွေက ဘဝခရီးသွား ပုဂ္ဂိုလ်ပီပီ ဒီဘဝက မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းများဆီက သူတို့ ဘာ တောင့်တမတုံး၊ ပြန်ကြည့်စမ်း။

ကုသိုလ်အမျှခွန်းကို သေသူတို့ မျှော်ကိုးနေကြ...
ပကတိ ခရီးသွားပုဂ္ဂိုလ်ဟာ ခရီးပန်း နွမ်းလို့ရှိယင်ဖြင့် ဝင်လိုက်တဲ့ အိမ်ထဲက ရေကြည် ရေအေးကလေးတစ်ပေါက် သောက်ပါရစေ၊ အိမ်ရှင်က ရေကြည် ရေအေးကလေး သောက်ပ၊ တစ်ပေါက် သောက်ပ မောင်ရယ် ဆိုပြီးတော့ ပေးယင် ဘယ်လောက် ဝမ်းသာလိုက် မလဲ။ အဲဒီလို ရေကြည် ရေအေးတစ်ပေါက်မပေးဘဲနဲ့ အိမ်ရှင်က ခရီးပန်းလာတဲ့ လူတစ်ယောက်ကို မီးတုတ် မီးစည်းကြီးနဲ့ ယမ်းယမ်းပြီးတော့ အိမ်ပေါက်ဝက ပြနေလို့ရှိယင် ဟို ခရီးသွားယောက်ျား ခရီးပန်းတဲ့ ယောက်ျားဟာ တိုး၍ တိုး၍ ပန်းတယ်၊ နွမ်းတယ် မဟုတ်လားတဲ့။
ထို့အတူပဲ သံသရာခရီးသွား ဖြစ်ကြတဲ့ မိမိရဲ့သား၊ မိမိရဲ့သမီး၊ မိမိရဲ့ ဆွေမျိုးများက တမလွန်လောက ဟို ဘဝမှာ ခရီးပန်းလို့ မိဟောင်း ဖဟောင်း ဆွေဟောင်း မျိုးဟောင်းများထံ ပြန်ပြီးတော့ မျှော်ခေါ် တောင့်တလို့ရှိယင်ဖြင့် ကုသိုလ်ကောင်းမှုတည်းဟူသော ရေကြည် ရေအေးကလေး တိုက်တာကိုပဲ သူတို့ မျှော်ကိုးမယ်။

ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော။
နော= ငါတို့၏။ ဣဒံ= ယနေ့ ယခု ပြုအပ်တဲ့ ကုသိုလ်ကောင်းမှုသည်။ ဉာတီနံ= တမလွန်လောက ဟိုဘဝသို့ ပြောင်းသွားကြတဲ့ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေ၊ ငါ့မျိုးတို့အတွက်။ ဟောတု= ဖြစ်ပါစေသား။ ဉာတယော= ငါ့သား၊၊ ငါ့သမီး၊ ငါ့ဆွေ၊ ငါ့မျိုးတို့သည်။ သုခိတာ= ကာယစိတ္တ သုခနှစ်ပါးနဲ့ပြည့်စုံကြကုန်သည်။ ဟောန္တု= ဖြစ်ပါစေကုန်… လို့...

အဲဒီလို အမျှခွန်း ကုသိုလ်ကောင်းမှု ညွှန်းတယ် ဆိုတဲ့ ကောင်းမှု ရေကြည် ရေအေးကလေး တို့ကို တောင့်တတာတဲ့။ ဒီက ငိုနေလို့တော့ သောကမီးတုတ်ကြီး တစ်လှဲ့၊ ပရိဒေဝ မီးတုတ်ကြီး တစ်လှဲ့ မီးတုတ်ကြီး လှဲ့ယမ်းပြယင် မိမိသားပေါ်၊ မိမိသမီးပေါ်၊ မိမိဆွေပေါ်မျိုးပေါ်မှာ ဒီကနေပြီး သနားရာ ရောက်ကဲ့လား၊ ချစ်ရာ ရောက်ကဲ့လား။ မရောက်ဘူးဆိုတာပေါ့လေ။ ဒါ စဉ်းစားပေတော့တဲ့။ စဉ်းစားပြီးတော့ တစ်ကယ်သနားတယ်၊ တစ်ကယ်ချစ်တယ်ဆိုယင် သောက ပရိဒေဝ မီးတုတ် မီးစည်းကြီးများ ယမ်းပြီးမပြပါနဲ့။
ချစ်ယင် ကုသိုလ်ကောင်းမှု ရေအလျင် ရေကြည် ရေအေးကလေးများ ဘုရားကို ရေတော်တင်လို့၊ ဘုရားပန်းတော်တင်လို့ ရေကြည် ရေအေးတစ်ခွက်လောက် ပေးလိုက်ယင် ဟို… အင်မတန် သက်သာပါတယ်။

သောကမပ္ပဇဟံ ဇန္တု၊ ဘိယျော ဒုက္ခံ နိဂစ္ဆတိ။
အနတ္ထုနန္တော ကာလင်္ကတံ၊ သောကဿ ဝသံ မနွဂူ။
သောကံ= စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတရားကို၊ အပ္ပဇဟံ= အပ္ပဇဟန္တော= သူတော်တရားဖြင့် မပယ်ရှားသော။ ဇန္တု= ကံဆိုးမိုးမှောင် သတ္တဝါကောင်သည်။ မိမိသန္တာန်ကျရောက်လာတဲ့ သောကမီး၊ ပရိဒေဝမီးကို သူတော်တရားနဲ့ မပယ်ရှားတဲ့ ပုဂ္ဂိုလ်ဟာဖြင့် ကံဆိုးမိုးမှောင်နဲ့ သတ္တဝါတစ်ယောက် ဖြစ်နေပြီ၊ ဖြစ်လို့ရှိယင်ဖြင့်...
သောကံ= စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဆိုတဲ့ တရားကို။ အပ္ပဇဟန္တော= သူတော်ကောင်းတရားဖြင့် မပယ်ရှား မစွန့်ပစ်သော။ ဇန္တု= ကံဆိုးမိုးမှောင် သတ္တဝါကောင်သည်။ ဘိယျော= ဆထက်ထမ်းပိုး တိုး၍ တိုး၍သာ။ ဒုက္ခံ= ကာယိကဒုက္ခစေတသိကဒုက္ခ နှစ်ပါးသို့။ နိဂစ္ဆတိ= ရောက်ရ၏။ ကာလင်္ကတံ= တမလွန်လောက ဟိုဘဝသို့ ပြောင်းသွားတဲ့သူကို။ အနတ္ထုနန္တော= နေ့ရှိသမျှတွေးကာ ဆွေမျိုး ပူပန်နေတဲ့အတွက်။ သောကဿ= သောက၏။ ဝသံ... အလိုနိုင်ငံသို့။ အနွဂူ= အစဉ်တစိုက်လိုက်ပါ၍ နေရကား။ ဒုက္ခံ= ကာယိကဒုက္ခ၊ စေတသိကဒုက္ခ နှစ်ပါးကို။ နိဂစ္ဆတိ= တိုး၍ တိုး၍သာ ရောက်ရှိရပေ၏။
သောကရဲ့အလို လိုက်ယင်ဖြင့် ကိုယ်ဟာ တိုး၍ တိုး၍သာ ကိုယ်စိတ်နှစ်ပါး မချမ်းသာဖို့ပဲ ရှိတယ်။ ဒါကြောင့် သောကအလို မလိုက်နဲ့။ ဒါဖြင့် တပည့်တော်တို့ ဖြေဖျောက်ဖို့ရန် ဘယ့်နှယ် တရားရှာရဦးမလဲဆိုတော့...

အညေပိ ပဿ ဂမိနေ၊ ယဟာကမ္မု ပဂေ နရေ။
မစ္စုနော ဝသမာဂမ္ဓ၊ ဖန္ဒန္တေဝိဓ ပါဏိနော။
တချို့နေရာ ကိုယ်ချင်းစာတရားထားပြီး ပယ်ဖျောက်သလို တချို့နေရာကျတော့လည်းပဲ သူချင်းစာတရားထားပြီးတော့ ပယ်ဖျောက်ရမယ်။
ဥပါသက= ဒါယကာ။ အညေပိ= ဒကာရဲ့သားမှ အခြားလည်း ဖြစ်ကုန်သော။ မစ္စုနော= သေခြင်းတရား၏။ ဂသံ= အလိုနိုင်ငံ အချိန်တန်မှုသို့၊ အာဂမ္ဓ= ရောက်လာသမှု အစွဲပြု၍။ ဣဓ= ဤလောက၌။ ဖန္ဒန္တေ= စုတိပြတ်ကြွေ သေခါနီးဝယ် တဖျပ်ဖျပ်တုန်လှုပ်၍ နေကြကုန်သော။ ယထာ ကမ္မုပဂေ= ကံအားလျော်စွာ သွားရောက်ကြရကုန်သော၊ ပါဏိနော နရေပိ= သတ္တဝါတို့ကိုလည်းပဲ။ ပဿပဿာဟိ= ပညာ စက္ခုဖြင့် သင်ဒါယကာ ကြည့်ယူ စမ်းပါ။

ကိသာဂေါတမီဝတ္ထု အကျဉ်းချုပ်...
သူတစ်ဦးတည်းမှ မဟုတ်ဘဲ၊ ကိုယ့်သားတစ်ဦးတည်းမဟုတ်ဘူးတဲ့။ မောင့်သားမှတစ်ပါး အခြားသောပုဂ္ဂိုလ်များလည်းပဲ သေခြင်းတရားကို မလွန်ဆန်နိုင်တဲ့အတွက် သေချိန်တန်တော့ တဖျပ်ဖျပ်တုန်လှုပ်၊ တလူ လဲလဲနဲ့ ဖြစ်ပြီးတော့ သွားကြရတဲ့ သတ္တဝါတွေလည်းပဲ ကြည့်မှပေါ့။

အဲဒီလို ကြည့်လို့ရှိယင်ဖြင့်...
န ဂါမဓမ္မော ( နော ) နိဂမဿ ဓမ္မော၊ န စာပိယံ ဧက ကုလဿ ဓမ္မော။
သဗ္ဗဿ လောကဿ သဒေဝကဿ၊ ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။
(အပ၊ ၂ ။ ၂၄၆ )
ဆိုတဲ့ ကိသာဂေါတမီ အမျိုးသမီးကလေး မျက်ရည်သိမ်းတဲ့ ဂါထာအတိုင်းနော်….။
ဟို... ဘုရားလက်ထက်တုန်းက ကိသာဂေါတမီလို့ အမျိုးသမီးကလေးတစ်ယောက် ပေါ်ပေါက်ဖူးတယ်။ ကုဋေလေးဆယ် ကြွယ်ဝတဲ့ သေဋ္ဌေးတစ်ယောက်မှာ သေဋ္ဌေးရဲ့ ကုသိုလ်ကံအဟုန် ကုန်တော့ ရှိသမျှသော ကုဋေလေးဆယ်သော စိန်တွေ ရွှေတွေ ငွေတွေဟာ အကုန်လုံး မီးသွေးခဲချည်းထဲ ဖြစ်ကုန်တယ်။ ပစ္စည်းတွေက မီးခံသေတ္တာကြီးထဲပေါ့လေ၊ ထည့်ထားရင်းကဖွင့်လိုက်တော့... ဟာ... စိန်ရော၊ ရွှေရော၊ ငွေရော အကုန်လုံး မီးသွေးခဲတွေဖြစ်နေတယ်။ အလွန် စိတ်ဆင်းရဲသွားတယ်။
စိတ်ဆင်းရဲပြီးတော့ကြံရာမရ ဖြစ်နေတဲ့အချိန်ဉာဏ်ရှိတဲ့ သူငယ်ချင်းတစ်ယောက် သူ့ထံမှောက် ရောက်လာ။ ‘ဟ... သူငယ်ချင်း၊ မျက်နှာပျက်လှချည်လား၊ ဘာပြုလို့လဲ’ဆိုတော့ ‘ဟာ... မပျက်ဘဲနေပါ့မလား၊ ကုဋေလေးဆယ်စလုံး မီးသွေးတုံးချည်းထဲဖြစ်ကုန်ပြီ။ ဟော ‘ဟိုကြည့်ပေတော့’ လို့ ဆိုတော့ အဲဒီလူက စဉ်းစားတက်တဲ့လူဖြစ်တော့ ‘ဟာကွာ... မင်းမပူပါနဲ့၊ မီးသွေးတုံးတွေ ဖြစ်ရုံ ဖြစ်တာပါကွာတဲ့၊ မင်း ဒီသေတ္တာကြီးထဲက ပျောက်သွားတာမှ မဟုတ်ဘဲတဲ့။ ဒီတော့ အစပျောက် အနပျောက်က ဖြစ်တာမဟုတ်တော့ မင်းရဲ့ကုသိုလ်ကံအဟုန် ကုန်ပြီးတော့ နောက် ကုသိုလ်ရှင်တစ်ယောက် လာမှာမို့လို့ သူ မီးသွေးဘဝ ပြောင်းနေတာ ဖြစ်ရမယ်ကွာတဲ့။ ဒီတော့ ဘာမှမလုပ်နဲ့ သူငယ်ချင်းတဲ့။ အဲဒီမီးသွေးတွေကို ဗန်းထဲထည့်ဟာ၊ ဗန်းထဲ ထည့်ပြီးတော့ အိမ်တံခါးပေါက်ကနေပြီး လမ်းသွားလမ်လာ လူတွေမြင်လောက်အောင် ပြထားကွာ’။
အဲဒီလို ပြထားလို့ လမ်းကလူတွေက ‘ဘယ့်နှယ်သေဋ္ဌေး၊ မီးသွေးတွေ ရောင်းနေသလဲ’ ဆိုယင် ‘ဟာ... ကိုယ်မှာ ရှိတဲ့ဥစ္စာ၊ ဆိုင်ခင်း မီးသွေးရှိ မီးသွေးခင်းရတာပ’လို့ ပြောလိုက်။ အဲဒီလိုထားတဲ့ လူထဲက နေပြီး တစ်ယောက်က ‘ဘယ်နှယ် စိန်တွေ ရွှေတွေကို ဘာပြုလို့ ဗန်းထဲ ထည့်ထားရသလဲ’ ဆိုယင် အဲဒီလူဟာ ဒီပစ္စည်းနဲ့ဆိုင်တဲ့ ဘုန်းရှင် ကံရှင်ပဲ။ အဲဒီ ပုဂ္ဂိုလ်ဟာ အမျိုးသမီးဖြစ်ယင် မောင် ချွေးမလုပ်တော့။ အမျိုးသားဖြစ်ယင် သင်... သူ့ကိုသားမက်ပြုလုပ်တော့။ သားမက် ပြုလုပ်ပြီး သူ စီမံပါစေ။ အဲ... သူစီမံတဲ့အတိုင်း မင်းသုံးစွဲတော့။ မင်းတော့ တစ်သက်လုံး မဆင်းရဲဘူး။ မင်းတော့ မစီမံနဲ့တော့၊ ဒီစိန်တွေ ရွှေတွေအပေါ်’

အဲဒီလို အကြံပေးတော့ ဗန်းထဲ ထည့်ပြီးတော့ အိမ်ပေါက်ဝက လူမြင်လောက်အောင် ထားတယ်။ မဆိုင်တဲ့ လူတွေက "ဟာ... သေဋ္ဌေးကလဲ မီးသွေးဆိုင် ခင်းထားသကိုး" ဆိုတော့ "ဟ... မီးသွေးရှိမီးသွေးခင်းရတာပ "ဒါလောက်ပဲ စကားပြန်ပြောလိုက်တယ်။
အဲဒီလိုနဲ့ တစ်နေ့တော့ အမျိုးသမီးကလေး တစ်ယောက် လာတယ်။ နာမည်က ‘ဂေါတမီ’။ ခန္ဓာကိုယ်ကြုံလှီတဲ့အတွက် ကိသာ ဆိုတဲ့ ဂေါတမီပိန်ကလေးပ။ ဟုတ်လား။ ကြုံလှီတာကို ကနေ့ ပြောယင်ပေါ့လေ... ပိန်တယ် ခေါ်တာ၊ ဂေါတမီပိန်ကလေး၊ အိမ်ရှေ့လျှောက်။
အဲဒီ ကလေးမက မီးသွေးတွေမြင်တော့ 'အဖေတို့၊ ဘယ့်နှယ် စိန်တွေ ရွှေတွေ ငွေတွေကို လူမြင်အောင် ဘာဖြစ်လို့ ဗန်းကြီးထဲ ထည့်ပြီး ခင်းထားရတုံး’ လို့ပြောတယ်။ ဒီတော့မှ ဒီသေဋ္ဌေးက သိတယ်။ သူပဲ ဘုန်းရှင်၊ ဒီကလေးမကိုပဲ ချွေးမပြုတယ်။ သူပဲ စီမံ၍ ဒီသေဋ္ဌေးအိမ်က ပြန်ပြီးတော့ သေဋ္ဌေးရဲ့ နဂို စည်းစိမ်အတိုင်း ချမ်းချမ်းသာသာပဲ နေကြတယ်။
ဒီလိုနေရင်းက သားကလေးတစ်ယောက် ထွန်းကားလာတော့ သားကလေးတစ်ယောက် ဖြစ်ထွန်းတာ အကြောင်းပြုပြီးတော့ သေဋ္ဌေးရဲ့ တစ်အိမ်လုံးဟာ သူ့ကို အမြတ်တနိုး တိုး၍ မြတ်နိုးကြဆို။ ဒီလို မြတ်နိုးရာက ကလေးကဖြုန်းခနဲ ပျက်စီးသွားတော့ ဪ... သားကလေး အကြောင်းပြုပြီး ငါ အားလုံးရဲ့ အမြတ်နိုး ခံရတယ်။ သားကလေး မရှိယင်တော့ဖြင့် ငါ့ကို မြတ်နိုးမှု ခံရတော့မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ ဒီသားကလေးအလောင်း ဥတုဇကို မပစ်ဘဲနဲ့ ပွေ့ထားတယ်။ အပုပ်ကလေးပဲ၊ ပုပ်တာပဲ၊ ရူးသွားတာပ။

အဲဒီလို ပွေ့ထားပြီးတော့ သာဝတ္ထိပြည်ထဲ ဟိုအိမ်သွား၊ ဒီအိမ်သွား ‘ကျွန်မသားကလေး ပြန်ရှင်နိုင်တဲ့ဆေး ပေးကြပါ’လို့ ပြောတယ်။ အို... အိမ်တိုင်းအိမ်တိုင်းက နင်ရူးသလား၊ သေတဲ့လူ ပြန်ရှင်တဲ့ဆေး မရှိဘူးနဲ့၊ ငေါက်ကြ၊ အော်ကြ၊ ဟစ်ကြတော့မှ ပညာရှိတဲ့ ဒကာကြီး၊ သူတော်ကောင်းကြီး တစ်ယောက်က
"ဪ…..ဒီကလေးမဟာ သားသေတဲ့ဒုက္ခ သူ တွေ့ဖူးရှာမှာ မဟုတ်ဘူး။ မတွေ့ဖူးရှာလို့ သူ ဒီလို စိတ်နှလုံး ကတောက်ကတက် ဖြစ်နေတာပဲ။ ဒီတော့ ငါတော့ နည်းကောင်း လမ်းမှန် ဥပါယ်ကောင်းလေးပေးဦးမှပဲ" ဆိုပြီး "သမီး၊ နင့်သား ပြန်ရှင်တဲ့ဆေးကို လိုချင်ယင် ဟောဟို ဇေတဝန်ကျောင်းမှာ ဘုရားကိုယ်တော်မြတ်ကြီးရှိတယ်။ အဲဒီ ဘုရားကိုယ်တော်မြတ်ကြီးဆီ သွားတောင်း"လို့ ပြောတယ်။
မြတ်စွာဘုရားဆီ ဒီသားကလေး ပိုက်ပြီးတော့ သွားတာပဲ။ "ဘုရား….၊ တပည့်တော်မသား ပြန်ရှင်ရာ ရှင်ကြောင်းဖြစ်တဲ့ ဆေးကလေးများ ညွှန်ကြားတော်မူပါ၊ ပေးတော်မူပါ" ဆိုတော့ မြတ်စွာဘုရားက မုသားမပါဘဲနဲ့...

"ဂေါတမီ၊ သာဝတ္ထိပြည်ထဲ သွားပြီးတော့ လူမသေဖူးတဲ့အိမ်က မုန်ညင်းဆီလေး တစ်ကျပ်သားလောက် ရဖို့တော်တယ်၊ ရယင် နင့်သား ပြန်ရှင်မယ်"လို့ ဘုရားက မုသားစိုက်ပြီးပြောတာ မဟုတ်ဘူးနော်။ မုန်ညင်းဆီလေး တစ်ကျပ်သားလောက်ရယင် တော်မှာပဲလို့ အဲဒီလို အမိန့်ရှိလိုက်တော့...
"ဟာ... မသေဆေးဖော်ဖို့ ဆေးနည်း၊ ဆေးမယ်ပဲ" ဆိုပြီးတော့ သာဝတ္ထိပြည်ထဲ သွားပြီးတော့ ရှင်တို့အိမ် မုန်ညင်းဆီလေး တစ်ကျပ်သားလောက်ပေးပါဆိုတော့ ထုတ်ပေးတယ်။
"နေပါအုံး၊ နေပါအုံး၊ တစ်ခု မေးပါရစေ၊ သင်တို့အိမ်ဟာ လူမသေဖူးတဲ့အိမ် ဟုတ်လား"လို့။
"ဟယ်... အိမ်ရယ်လို့ရှိယင် လူမသေသေးတဲ့အိမ် ဘယ်မှာရှိမလဲ၊ ညည်း ရူးသလားနဲ့" ပြောလိုက်တယ်။နောက်တစ်အိမ် သွားပြန်ရော။ဒီအိမ်က ဆီတောင်းပြန်တယ်။ နောက်တစ်အိမ်၊ နှစ်အိမ်၊ သုံးအိမ်လောက်သွားမိတော့ သတိရတယ်။ "ဪ….ငါက ထင်တာ၊ ငါတစ်ယောက်သာ သားသေတဲ့ ဒုက္ခနဲ့ တွေ့ရတယ်ထင်တယ်။ လူတိုင်း လူတိုင်း ဒီဒုက္ခနဲ့ပါတကား"
ဒီမှာ သတိရပြီးတော့ သာဝတ္ထိပြည်ထဲက ထွက်၊ ဥတုဇရုပ်ကလာပ်ကလေးကို သုသာန်မှာ ပစ်ပြီးတော့...

န ဂါမဓမ္မော (နော) နိဂမဿဓမ္မော၊ န စာပိယံ ဧကကုလဿ ဓမ္မော။
သဗ္ဗဿ လောကဿ သဒေဝကဿ၊ ဧသေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။
ယဒီဒံ... ယာ အယံ အနိစ္စတာ= ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်သော မမြဲခြင်းသဘောသည်။ အတ္ထိ= ရှိ၏။ အယံ= ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ တခဏနှင့်ဖြစ်ဆဲ မမြဲတဲ့သဘောသည်။ န ဂါမဓမ္မော= တံတိုင်းမရှိ ဈေးမရှိသဖြင့် သမ္ဗုတိဝေါဟာ ရွာဟု ပညတ် တစ်ခုသောအရပ်ဝယ် သတ်မှတ်ပိုင်းခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ နော နိဂမဿ ဓမ္မော= တံတိုင်းမစုံ ဈေးသာစုံ၍ နိဂုံခေါ်မှတ် တစ်ခုသော အရပ်ဝယ် သတ်မှတ်ပိုင်းခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ န စာပိ ဧကကုလဿ ဓမ္မော= တစ်မြို့တစ်ရွာတွင်း တစ်အိမ်တွင်းဝယ် သင်းသီးသန့်ခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါတကား။ သဗ္ဗဿ လောကဿ သဒေဝကဿ= နတ်ဗြဟ္မာနှင့် တကွသော အလုံးစုံသော သတ္တလောကကြီး၏။ ဧသေဝ ဓမ္မော= ဤ ဖြစ်လျှင် ပျက်မြဲ မလွဲတံထွာ ဓမ္မတာကြီးပါတကား… လို့...
အဲဒီလို သံဝေဂများ ရပြီးတော့ သောကမီး ငြိမ်းအေးတယ်။ သောက ကျတော့ ကိုယ်ချင်းမစာဘဲနဲ့ သူချင်းစာကြည့်ရတယ်။ အင်း... ငါတစ်ယောက်သာ ဒီ ဒုက္ခမျိုးတွေ့တာ မဟုတ်ဘူး၊ နတ်နှင့် တကွသောဗြဟ္မာနှင့်တကွသော သတ္တလောကကြီး တစ်ခုလုံးပဲ ဒီ အနိစ္စ သဘောကြီး မလွန်နိုင်ပါတကား…လို့ အဲဒီလိုကြည့်၍ သောက ပရိဒေဝမီး ပယ်ဖျောက်စမ်းပါ။ ဆက်ပြီးတော့ မြတ်စွာဘုရားက တရားဟောတယ်။

သောကငြောင့်ဆူးကို နုတ်ပယ်ပစ်ရန်...

ယေန ယေန ဟိမညန္တိ၊ တတော တံ ဟောတိ အညထာ။
ဧတာဒိသော ဝိနာဘာဝေါ၊ ပဿ လောကဿ ပရိယာယံ။
ဥပါသက= ဒါယကာ။ ယေန ယေန = အကြင် အကြင် အခြင်းဖြင့်။ မညန္တိ= အောက်မေ့မှတ်ထင်မျှော်ကိုးကြကုန်၏။ တတော= ထို အောက်မေ့မှတ်ထင် မျှော်ကိုးတဲ့ အခြင်းအရာမှ။ တံ= ထို ရုပ် နာမ်ဓမ္မ သင်္ခါရ တရား အစုကသာဖြင့်။ အညထာ= အောက်မေ့ မျှော်ကိုးတဲ့ အခြင်းအရာမှ တစ်ခြားတစ်ပါးသော အခြင်းအရာဖြင့်။ ဟောတိ= ဖြစ်ကြရိုးဓမ္မတာ။
ဒကာ... စိတ်က ဘယ်လို အောက်မေ့ပေမယ့် ငါ အသက်ရှည်ရှည်နေမယ်၊ စိတ်က အောက်မေ့ပေမယ်လို့ တိုချင် တိုသွားတယ်။ ငါ့နှယ်နော် စိတ်ပျက်ပါဘိ။ သေချင်ပါပေါ့ ဆိုပေမယ်လို့ ဒီ ရုပ် နာမ်ဓမ္မ သင်္ခါရရဲ့ သဘောဟာ ဆင်းရဲဒုက္ခကြီးနဲ့ ဘဝရှည်ချင်လည်း ရှည်နေတယ်တဲ့။

ဧတာဒိသော ဝိနာဘာဝေါ။
ဝိနာဘာဝေါ= ရုပ် နာမ်ဓမ္မ သင်္ခါရတို့၏ ကွေကွင်း ကင်းကွာရခြင်းသည်။ ဧတာဒိသော... ဤသဘောရှိသည်ဟု မိမိမျှော်ကိုးပါမှ တစ်မျိုးသော အခြင်းအရာဖြင့် ဖြစ်လေ့ရှိရာ ဓမ္မတာပဲတဲ့။ လောကဿ ပရိယာယံ= သတ္တ သင်္ခါရ လောကနှစ်ပါးရဲ့ ဖြစ်ပုံ သဘောကို။ ပဿ... ပဿာဟိ= ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုပါလေ။

အပိဝဿသတံဇိဝေ ဘိယျော ဝါ ပန မာဏဝေါ။
ဉာတိသံဃံ ဝိနာ ဟောတိ၊ ဇဟာတိ ဣဓ ဇီဝိတံ။
ဥပါသက= ဒါယကာ။ မာဏဝေါ= သတ္တဝါသည်။ ဝဿသတံအပိ= အနှစ်တစ်ရာပင် ဖြစ်စေ။ ဘိယျောဝါ ပန= တစ်ရာထက် တိုး၍ဖြစ်စေ။ ဇီဝေ... ဇီဝတိ ဉာတိသံဃံ= ဆွေမျိုးအပေါင်းကို။ ဝိနာ= ကြဉ်ဖဲ၍။ မရဏကာလေ= စုတိပြတ်ကြွေ သေခါနီးကာလ၌။ ဇီဝိတံ= မိမိရဲ့ ရုပ် နာမ်နှစ်ဝ ဇီဝိတကို။ ဇဟာတိ= စွန့်ပယ်ရရိုး ဓမ္မတာ ဖြစ်ပေ၏။

တသ္မာ အရဟတော သုတွာ၊ ဝိနေယျ ပရိဒေဝိတံ။
ပေတံ ကာလင်္ကတံ ဒိသွာ၊ နေသော လဗ္ဘာ မယာ ဣတိ။
တသ္မာ= သို့ရကား။ ဥပါသက= ဒါယကာ။ ပေတံ ကာလင်္ကတံ= တမလွန်လောက ဟိုဘဝ ပြောင်းသွားတဲ့ သားသမီး အစရှိတဲ့သူကို။ ဒိသွာ= မျက်ဝါးထင်ထင် တွေ့ကြုံ မြင်ရသည်ရှိသော်။ ဧသော= ဤသေတဲ့တရားကို မသေပါနဲ့ဆိုတဲ့ သဘောကို။ မယာ= ငါသည်။ န လဗ္ဘာ= ဘယ်လိုနည်းနဲ့မှ မရကောင်းပါတကား။ ဣတိ= ဤသို့ လောကသဘောနက်နောစွာ စဉ်းစားပြီးသကာလ။ အရဟတော= မြတ်စွာဘုရား၏။ ဝစနံ= တရားစကားကို။ သုတွာ= ကြားနာပြီးတော့။ ပရိဒေဝိတံ= စိုးရိမ်ပူဆွေး ငိုကြွေးမှုကို။ ဝိနေယျ= ပယ်ဖျောက်ရာ၏။
စိုးရိမ်မှု၊ ပူဆွေးမှု။ ငိုကြွေးမှု တရားတွေကို ဪ…. ဒီ သေတဲ့သဘောကို ပြန်ရှင်ပါလို့ ငါ ဘယ်လိုနည်းနဲ့မှ မရနိုင်ဘူး။ ငါသာမဟုတ်ဘူး၊ ဘုရား ပစ္စေကဗုဒ္ဓါတွေလည်း မရကောင်းပါတကားလို့ လောကရဲ့ သဘောကို နက်နက်နောနော စဉ်းစားပြီးသကာလ စိုးရိမ်မှု၊ ပူဆွေးမှုကို တရားနဲ့ ပယ်ဖျောက်ရမယ်။

သားသေသော ဒကာ သောကငြိမ်း၍ ကျွတ်တမ်းဝင်ခြင်း...

ယထာ သရဏ’ မာဒိတ္တံ ၊ ဝါရိနာ ပရိနိဗ္ဗယေ။
ဧဝမ္ပိ ဓီရော သပညော ၊ ပဏ္ဍိတော ကုသလော နရော။
ခိပ္ပမုပ္ပတိတံ သောကံ ၊ ဝါတော တူလံဝ ဓံသယေ။

လောက ဥပမာတစ်ခု ပြောကြစို့…
အာဒိတ္တံ= ရဲရဲပြောင်ပြောင် တောက်လောင်၍နေသော။ သရဏံ= အိမ်ကို။ ဝါရိနာ= ရေကြည် ရေအေးဖြင့်။ ပရိနိဗ္ဗယေ ယထာ= ငြိမ်းသတ်သကဲ့သို့။ (အိမ်မီးလောင်နေ၊ ထိုင် ငိုနေလို့ မီးငြိမ်းမလားတဲ့။ မငြိမ်းဘူး။ အိမ်(ကို) မီးလောင်လို့ ရှိယင် ကြိုးကြိုးစားစားနဲ့ ရေကြည်ရေအေးဖြင့် ငြိမ်းပြီးတော့ ပေးရမယ်။ ပေးရသလို) ဧဝမ္ပိ= ဤအတူပင်လျှင်။ ဓီရော= မြဲမြဲခိုင်ခံ့ တည်တံ့သော သမာဓိရှိသူ တစ်ယောက်ဖြစ်၍။ သပညော= ပဋိသန္ဓေ ဉာဏ်ပညာ ပါသူ တစ်ယောက် ဖြစ်၍။ ပဏ္ဍိတော= ဗဟုသုတနှင့် ပြည့်စုံသူတစ်ယောက် ဖြစ်၍။ ကုသလော= လိမ္မာသော။ နရော= လူသည်။ သောကံ= မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့ သောကကို။ ပရိနိဗ္ဗယေ- ပရိနိဗ္ဘာယေယျ= ငြိမ်းသတ်ရာ၏။

အိမ်မီးလောင်တဲ့လူဟာ ရေကြည်ရေအေးနဲ့ ငြိမ်းသတ်သလို မိမိသန္တာန်မှာ ရောက်လာတဲ့ သောကတည်းဟူသော မီးတောက်ကြီးကို တရားတည်းဟူသော ရေကြည်ရေအေးနဲ့ ငြိမ်းသတ်ရမယ်။
ဝါတော= လေသည်။ ပတံ = ရွေ့လျောကျသော။ တူလံ= လဲဝါဂွမ်းကို။ ဓံသေတိယထာ= ဖျက်ဆီးသကဲ့သို့။ သောကံ= မိမိသန္တာန်မှောက်ရောက်လာတဲ့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း သောကတရားကို။ ဓံသယေ-ဓံသေယျ= တရားတည်းဟူသော လေမုန်တိုင်းဖြင့် ပယ်ဖျောက် ဖျက်ဆီးပစ်ရမယ်။
လေဟာ ဝါဂွမ်းဆိုင်ကို တိုက်ခတ်၊ အရပ်တစ်ပါးရောက်အောင် လွှင်ပစ်သလို ပညာရှိပုဂ္ဂိုလ်ဟာ မိမိသန္တာန်မှာ ပေါ်ပေါက်လာတဲ့ သောကကို-
ဥပ္ပတိတံ= မိမိသန္တာန်၌ ဖြစ်သော။ သောကံ= သောကကို။ ခိပ္ပံ= လျင်မြန်စွာ။ ဓံသယေ= ဓံသေယျ= ပယ်ဖျောက်ရာ၏။

သောကကို တင်လားလို့ ဆိုတော့...
ပရိဒေဝံ ပဇပ္ပဉ္စ ၊ ဒေါမနဿဉ္စ အတ္တနော။
အတ္တနော သုခမေသာနော ၊ အဗ္ဗဟေ သလ္လမတ္တနော။

အတ္တနော= မိမိ၏။ သုခံ= ချမ်းသာသုခကို။ဧသာနော= တောင့်တလင့်ဆို အလိုရှိတဲ့ သူသည်။ အတ္တနော= မိမိ၏။ သန္တာနေ= သန္တာန်၌။ ဥပ္ပန္နံ= ဖြစ်ပေါ်သော။ ပရိဒေဝဉ္စ= ငိုကြွေးခြင်းကို လည်းကောင်း။ ပဇပ္ပဉ္စ= တောင့်တမျှော်ကိုးခြင်းကို လည်းကောင်း။ ဒေါမနဿဉ္စ= ဒေါမနဿ တရားကိုလည်းကောင်း။ သလ္လံ= ဖော်ပြရာပါ ပရိဒေဝ ပဇပ္ပ ဒေါမနဿဆိုတဲ့ ခန္ဓာကိုယ်ဝယ် တမျက်မျက်စူးဝင်တတ်တဲ့ ငြောင့်သုံးမျိုးကို။ အဗ္ဗဟေ-အဗ္ဗဟေယျ= တရားဓမ္မတည်းဟူသော လက်နက်ကောင်းဖြင့် ပယ်နုတ်ရာ၏။
ကိုယ့်သန္တာန် ရောက်လာတဲ့ သောကတည်းဟူသောငြောင့်တံသင်း၊ ပရိဒေဝတည်းဟူသော ငြောင့်တံသင်း၊ တောင့်တမှုဆိုတဲ့ ပဇပ္ပခေါ်သော တဏှာ ငြောင့်တံသင်း၊ ဒေါမနဿခေါ်တဲ့ စိတ်နှလုံး မသာယာမှု၊ မချမ်းသာမှုခေါ်တဲ့ ဒေါမနဿ ငြောင့်တံသင်းကို တရားတည်းဟူသော ညှပ်ကောင်း(မွေးညှပ်ကောင်း)ဖြင့် ခန္ဓာကိုယ်ထဲကနုတ်ပစ်ပါတဲ့။

အဗ္ဗုဠသလ္လော အသိတော၊ သန္တိံပပ္ပုယျ စေတသော။
သဗ္ဗသောကံ အတိက္ကန္တော၊ အသောကော ဟောတိ နိဗ္ဗုတော။
( အဗ္ဗူဠသောကော-ဟု ဆရာတော် ရွတ်ပါသည်။)

အဗ္ဗုဠသလ္လော = မိမိရဲ့ ခန္ဓာကိုယ်ဝယ် သောကတည်းဟူသော ငြောင့်တံသင်းကို ပယ်ရှင်း နုတ်ထွင်၍ ပြီးသောသူသည်။ အသိတော= တစ်စုံတစ်ခုသော သက်ရှိသက်မဲ့ ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမီသည်ဖြစ်၍။


အဗ္ဗုဠသလ္လော= မိမိရဲ့ ခန္ဓာကိုယ်ဝယ် သောကတည်းဟူသော ငြောင့်တံသင်းကို ပယ်ရှင်း နုတ်ထွင်၍ ပြီးသောသူသည်။ အသိတော= တစ်စုံတစ်ခုသော သက်ရှိသက်မဲ့ ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မမီသည်ဖြစ်၍။
သောကငြောက်တံသင်းကို နုတ်ပစ်လိုက်ယင် ကိုယ်ပိုင်တဲ့ သက်ရှိ သက်မဲ့ဝတ္ထု ဘယ်ဝတ္ထုပေါ်မှာမှ တဏှာ မာန ဒိဋ္ဌိနဲ့ မမီတော့ဘူး။ အဲဒီလို မမီယင်- စေတသော= စိတ်၏။ သန္တိံ= ငြိမ်းအေးခြင်းသို့။ ပပ္ပုယျ-ပါပုဏတိ= ရောက်လိမ့်မယ်။ ( တဏှာ ဒိဋ္ဌိနဲ့ မမှီလို့ရှိယင် စိတ်ငြိမ်းတယ်၊ စိတ်ချမ်းသာတယ်။) စေတသော= စိတ်၏။ သ သန္တိံ= ငြိမ်းချမ်းခြင်းသို့။ ပပ္ပုယျ= ရောက်ပြီးသည်ရှိသော်။ သဗ္ဗသောကံ= ခပ်သိမ်းသော စိုးရိမ်ပူဆွေးမှုကို။ အတိက္ကန္တော= လွန်မြောက်သော သူသည်။ အသောကော= စိုးရိမ်ကင်းသော သူသည်။ ဟုတွာ= ဖြစ်၍။ နိဗ္ဗုတော= ကိလေသ ပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း အစဉ်အတိုင်း ဒုက္ခဇာတ်သိမ်းသူသည်။ ဟောတိ= ဖြစ်နိုင်ပါပေ၏။
သောကတည်းဟူသော ငြောင့်တံသင်းကိုသာ ရှင်းမိအောင် ရှင်းပါတဲ့။ သောကတည်းဟူသော ငြောင့်တံသင်းကို တရားဓမ္မတည်းဟူသော မွေးညှပ်ကောင်းနဲ့ ပယ်နုတ်ရှင်းပစ်လိုက်လို့ရှိယင်ဖြင့် စိတ်ရဲ့ငြိမ်းချမ်းမှုကို ရပါလိမ့်မယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုသို့ ရောက်ပါလိမ့်မယ်။ စိတ်ရဲ့ငြိမ်းချမ်းမှုသို့ ရောက်လို့ရှိယင်ဖြင့် ခပ်သိမ်းသော သောကကို လွန်မြောက်ပြီးတော့ အသောကပုဂ္ဂိုလ်လို့ဖြစ်ပါလိမ့်မယ်။ အသောကံ= စိုးရိမ်ပူဆွေးမှု ကင်းတဲ့ ပုဂ္ဂိုလ် ဖြစ်လို့ရှိယင်ဖြင့် ခန္ဓပရိနိဗ္ဗာန်၊ ကိလေသပရိနိဗ္ဗာန်၊ အရဟတ္တမဂ်ခဏမှာ ကိလေသ ပရိနိဗ္ဗာန်၊ နှစ်တန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ် ဒုက္ခဇာတ် သိမ်းတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလိမ့်မယ်လို့ အရဟတ္တဖိုလ် အနုပါဒါ ပရိနိဗ္ဗာန် နိဂုံးသတ်ပြီးတော့ သလ္လသုတ္တန် ဒေသနာတော်မြတ်ကို မြတ်စွာဘုရား တရားပွဲကြီး သိမ်းသွားတယ်။

အဲဒီ ဒကာလည်းပဲ သောကပရိဒေဝမီးတွေ ငြိမ်းပြီးတော့ ထိုအချိန်ကစ၍ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သော ဗြဟ္မစရိယကို တစ်နေ့တခြား ပွားများကြိုးကုတ် အားထုတ်၍ ဓမ္မာဘိသမယ သူတော်တရား ပိုင်းခြားထင်ထင် သိမြင်၍ သစ္စာလေးပါးတရား သိမြင်ကျွတ်တမ်းဝင်တဲ့ ဒကာတစ်ယောက်ရယ်လို့ ဖြစ်ရပါတယ်တဲ့။

ဒေသနာ နိဂုံး...
ဤသို့လျှင် ဂဟဋ္ဌဝန္ဒနာသုတ္တန် ၊ သလ္လသုတ္တန် ၂ ပါးကို ကြားနာရခြင်း= ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံ စေတနာ ၊ သရဏဂုံသီလဆောက်တည်ရခြင်း= သီလမယကောင်းမှုကုသိုလ်ကံ စေတနာ၊ နှစ်စဉ် နှစ်စဉ် နိဗဒ္ဓ ဒါနဝတ်တည်၍ မြတ်စွာဘုရား အမှူးရှိသော သံဃာတော် အရှင်မြတ်တို့နှင့်တကွ ကလျာဏ မိတ်အပေါင်းတို့အား မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်တို့ကို သဒ္ဓါပြဋ္ဌာန်း လှူဒါန်း ကျွေးမွေးရခြင်းတည်းဟူသောဗုဒ္ဓပမုခ သံဃိက ဘောဇန ဒါန ကောင်းမှု ကုသိုလ်ကံ စေတနာ၊ ထို ဗုဒ္ဓပမုခ ဘောဇန ဒါနကောင်းမှုကုသိုလ်သဘင် ဆင်ယင်ရာ၌ နှစ်စဉ် နှစ်စဉ် တရားပွဲသဘင်ဆင်ယင်၍ ကြွရောက်လာကြသော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား အမြိုက်အလှူ ပေးလှူရခြင်း တည်းဟူသော အမတဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဤသို့စသည် များမြတ် ပေါင်းအပ်သောကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ ဇာတိမီး၊ ဇရာမီး၊ မရဏမီး၊ သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခမီး၊ ဒေါမနဿမီး၊ ဥပါယာသမီး တည်းဟူသော တစ်ဆယ့်တစ်သီးမီးတို့ ငြိမ်းရာ ခေမာသီဝ အသင်္ခတဓာတ် စတုတ္ထနိဗ္ဗာန်တည်းဟူသော ပရမတ္ထ တရားတော်မြတ်ကို မပင်မပန်း ချမ်းသာလွယ်ကူသော အကျင့်ပဋိပဒါ၊ လျင်မြန်သော ဝိပဿနာ ဥာဏ်ပညာ၊ ပန်ထွာတောင့်တရင်းရှိသော မဂ်ဥာဏ်လေးရပ်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်ရတဲ့ ကိုယ်၊ မျက်မှောက်ပြုရတဲ့ကိုယ် ဖြစ်ပါစေကုန်သတည်း။
ဖြစ်ရပါလိုသော် လို့လည်းပဲ ဆုတောင်းရ၊ ဖြစ်လည်း ဖြစ်ကြပါစေကုန်သတည်း။

နိဗ္ဗာန်ကို အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရသော ထိုနောက်ဆုံး ဘဝဝယ် ပရိနိဗ္ဗာနစုတိ၏အခြားမဲ့ နောက်ကာလ၌ တစ်စုံ တစ်ခုသော ဘဝ ၊ ဂတိ၊ ယောနိ၊ ဝိညာဏဋ္ဌိတိများမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ဝဋ်မီးစာတရားတို့ တစ်ဖန်မဖြစ်သော ချုပ်ခြင်း ငြိမ်းခြင်း အနုပ္ပါဒနိရောဓ၊ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရပါစေကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက်မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း...။

သာဓု... သာဓု... သာဓု...
သလ္လသုတ္တန် တရားတော် ပြီးပြီ။

0 comments:

Post a Comment