Tuesday, July 12, 2011

မေဃိယသုတ္တန် တရားတော်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

မေဃိယသုတ္တန် တရားတော်


အကုသိုလ်ဝိတက်များကို အရိယမဂ်တရားဖြင့် ပယ်ရှားနိုင်ရန် ရည်သန်ဟောကြားခြင်း

ကောဇာသက္ကရာဇ် ၁၃၃၃-ခု၊ သာသနာတော် ၂၅၁၅-ခုနှစ်၊
တပေါင်းလပြည့်ကျော်(၆)ရက်နေ့ည၊
ရန်ကုန်မြို့ ကျားကူးဓမ္မာရုံကြီး၌ ရန်ကုန်မြို့ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ဩဝါဒါစရိယ ဆရာတော်များအား ပူဇော်ပွဲ၊
အဘိဓမ္မာသင်တန်းပြ ဆရားတို့အား ဂုဏ်ပြုထောမနာပွဲ၊
ဆူးလေစေတီတော်မြတ်အား ရွှေပြားသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၌ ဟောကြားအပ်သော ဥက္ကဋ္ဌကြီး မျှော်ခေါ်တောင့်တသည့် “မေဃိယသုတ္တန်တရား” လို့ ကြေညာထားတဲ့အတိုင်း မေဃိယသုတ္တန်ကို ဟောပါ့မယ်။

အဲဒီ မေဃိယသုတ္တန်က ခုဒ္ဒကနိကာယ်၊
ဥဒါန်းပါဠိတော်မှာ မေဃိယသုတ္တန်လို့ ပါတယ်။
အစဆုံး အရှင်အာနန္ဒာက တရားနိဒါန်း စ ပေးလိုက်တယ်။

ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ စာလိကာယံ ဝိဟရတိ စာလိကေ ပဗ္ဗတေ။

ဧကံ သမယံ= အခါတစ်ပါး၌။ ဘဂဝါ= ဘုန်းတော်သခင် ရှင်ပင်ဘုရားသည်။ စာလိကာယံ= စာလိကာအမည်ရှိသော ပြည်၌။ စာလိကေ ပဗ္ဗတေ= စာလိကဟု အမည်ရသော တောင်၌။ ဝိဟရတိ=ဣရိယာပထ မျှတရွှင်ပြုံး သီတင်းသုံး စံနေဆဲ ဖြစ်တော်မူပါ၏။

တစ်ချိန် မြတ်စွာဘုရား စာလိကာမြို့၊ အဲဒီမြို့ရဲ့ အနီး စာလိက ခေါ်တဲ့ တောင်ကျောင်းကြီးမှာ သီတင်းသုံးနေတဲ့အခိုက်။ ဘာဖြစ်လို့ ဒီမြို့ကို စာလိကာမြို့လို့ ခေါ်ရသတုံး။ အဲဒီမြို့မှာ တံခါးပေါက်ကလွဲယင် ကျန်တဲ့ မြို့ပတ်ဝန်းကျင်၌ တလျှပ်လျှပ်လှုပ်နေတဲ့ မြို့ကျုံး ဝိုင်းလျက်ရှိတယ်၊ ခပ်လှမ်းလှမ်းက ကြည့်လိုက်မယ်ဆိုယင် မြို့ကျုံးရဲ့လှုပ်တဲ့ဂယက်ရိုက်ပြီးတော့ မြို့ကြီးပါ လှုပ်နေတယ်လို့ ထင်ရတယ်။ ဒါကြောင့် အဲဒီမြို့ကို အဲဒီခေတ်မှာ ခေါ်တယ်။ စာလိကာမြို့လို့။ အလျှပ်လျှပ် လှုပ်တဲ့မြို့လို့ ခေါ်ပါတယ်။ အဲဒီမြို့ရဲ့ အနီးဖွေးဖွေးဖြူတဲ့ တောင်ကြီးတွေ ရှိတယ်။ အဲဒီတောင်ကြီးဟာ လဆုတ်ပက္ခဥပုသ်နေ့များ လှမ်းကြည့်လိုက်ယင် တောင်ကြီးကိုက တဖြတ်ဖြတ် လှုပ်နေတယ်လို့ ထင်ရသတဲ့။ အဲဒါကြောင့်လဲ အဲဒီတောင်ကို စာလိကတောင်၊ အဲဒီတောင်ပေါ်မှာ ဘုရားနဲ့တကွ သံဃာတော်များ သီတင်းသုံးလို့ ကျောင်းတိုက်ကြီးကို ဒကာ ဒကာမတွေ ဆောက်လုပ်လှူဒါန်းထားတယ်။ အဲဒီ ကျောင်းတိုက်ကြီးလည်းပဲ စာလိကတောင်ပေါ် ကျောင်းတိုက်ကြီးလို့ ခေါ်သတဲ့။ အဲဒါကို အရှင်အာနန္ဒာက စာတစ်ပိုဒ် ခင်းတယ်။

“ဧကံသမယံ ဘဂဝါ စာလိကာယံ ဝိဟရတိ စာလိကေ ပဗ္ဗတေ”
ဒေသနာနိဒါန်း စ ပေးတယ်။

ဟုတ်ပြီ၊ မြတ်စွာဘုရား တစ်ချိန်က စာလိကာမြို့၊ စာလိကတောင်ပေါ် ကျောင်းတိုက်ကြီး၌ သီတင်းသုံးနေစဉ်-

တေန ခေါ ပန သမယေန အာယသ္မာ မေဃိယော ဘဂဝတော ဥပဋ္ဌာကော ဟောတိ။ တေန ခေါ ပန သမယေန= ထိုသို့ မြတ်စွာဘုရား စာလိက တောင်ပေါ်ကျောင်း၌ ကိန်းအောင်း မွေ့လျော် နေတော်မူစဉ်အခါ၌။ အာယသ္မာ မေဃိယော= အရှင်မေဃိယ ရဟန်းသည်။ ဘဂဝတော= မြတ်စွာဘုရား၏ ဥပဋ္ဌာကော= အပြုအစု အလုပ်အကျွေးသည်။ ဟောတိ= ဖြစ်ပေ၏။

မမြဲသောအလုပ်အကျွေး ၈-ပါး...
ပထမဗောဓိ= ဝါနှစ်ဆယ်မှာ မြတ်စွာဘုရားကို ပြုစုတဲ့ ဥပဋ္ဌာက အရှင်သူမြတ်များ မမြဲသေးပါဘူး။ နာ၊နာ၊ ဥ၊ သု၊ စု၊ နန်၊ သာ၊ မေ-လို့ ကိုယ်တော် ရှစ်ပါး ရှိတယ်။
(၁) တစ်ရံတစ်ခါ အရှင်နာဂသမာလ မထေရ်က ပြုစုနေရတယ်။
(၂) တစ်ရံတစ်ခါ အရှင်နာဂိတ မထေရ်က ပြုစုတယ်။
(၃) တစ်ရံတစ်ခါ အရှင်ဥပဝါန မထေရ်က ပြုစုတယ်။
(၄) တစ်ရံတစ်ခါကျတော့ သုနက္ခတ္တရဟန်းက ပြုစုတယ်။
(၅) တစ်ရံတစ်ခါကျတော့ စုန္ဒသမဏုဒ္ဒေသ= စုန္ဒသာမဏေလို့ ရဟန်းဖြစ်တော့ကာ
အခေါ်ခံရတဲ့ အရှင်သာရိပုတ္တရာရဲ့ညီ အရှင်စုန္ဒက ပြုစုတယ်။
(၆) တစ်ရံတစ်ခါမှာ အရှင်နန္ဒက ပြုစုတယ်။
(၇) တစ်ရံတစ်ခါမှာ အရှင်သာဂတ မထေရ်က ပြုစုတယ်။
(၈) တစ်ရံတစ်ခါမှာ အရှင်မေဃိယက ပြုစုတယ်။
ပထမဗောဓိ ဝါနှစ်ဆယ်မှာ မြတ်စွာဘုရားကို ပြုစုတဲ့ ကိုယ်တော် အမြဲမရှိသေးဘူး။ အဲဒီ ဝါနှစ်ဆယ်ကစလို့ ကျန်တဲ့ နှစ်ဆယ့်ငါးဝါတိုင်အောင် အရှင်အာနန္ဒာက အမြဲ ပြုစုတယ်။ အခု မြတ်စွာဘုရားကို ပြုစုနေတဲ့ ကိုယ်တော်ဟာ အရှင်မေဃိယ ကိုယ်တော်ပါတဲ့။ မမြဲသော အပြုအစု ဤရှစ်ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ အရှင်မေဃိယဟာ မြတ်စွာဘုရားကို ပြုစုနေတဲ့အခါ ဖြစ်ပါတယ်။ အဲဒီလို မြတ်စွာဘုရားကို ပြုစုနေတဲ့ အချိန်အခါမှာ အရှင်မေဃိယက တစ်နေ့တော့-

“အထခေါ အာယသ္မာ မေဃိယော ယေန ဘဂဝါ တေနုပသင်္ကာမိ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။

ဒါ အရှင်အာနန္ဒာ နိဒါန်းဖွင့်ပုံလေး ဖြစ်တယ်။
အထခေါ= ထိုအခါ၌။ အာယသ္မာ မေဃိယော= အရှင် မေဃိယ ရဟန်းသည်။ ယေန= အကြင်အရပ်၌။ ဘဂဝါ= မြတ်စွာဘုရား ရှိတော်မူ၏။ တေန= ထို ဘုရားရှိရာသို့။ ဥပသင်္ကာမိ= သွားရောက်လေ၏။

ယနေ့ အရှင်မေဃိယ မထေရ် ဘုရားရှိရာ သွားရောက်၍-
ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။
မြတ်စွာဘုရားထံမှောက် သွားရောက်၍ မြတ်စွာဘုရားအား ရိုသေမြတ်နိုး ရှိခိုး၍ အပြစ်လွတ်လောက်တဲ့ အရပ်က ရပ်တည်တယ်။ အပြစ်လွတ်လောက်တဲ့ အရပ်က ရပ်တည် လက်အုပ်ချီပြီးတော့-

ဧကမန္တံ ဋ္ဌိတာခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ။
အပြစ်မရောက်တဲ့ နေရာက မတ်တတ်ရပ် လက်အုပ် ချီလျက် အရှင် မေဃိယ မထေရ် မြတ်စွာဘုရားကို ဟောဒီလို လျှောက်ထားပါတယ်။ ဘယ်လိုလဲ။
ဣစ္ဆာမဟံ ဘန္တေ ဇန္တုဂါမံ ပိဏ္ဍာယ ပဝိသိတုံ။
ဘန္တေ= ရှင်ပင်မြတ်ဘုရား။ အဟံ= တပည့်တော်သည်။ ဇန္တုဂါမံ= ဇန္တုရွာသို့။ ပိဏ္ဍာယ= ဆွမ်းအလို့ငှာ။ ပဝိသိတုံ= ဝင်ခြင်းငှာ။ ဣစ္ဆာမိ= တောင့်တလင့်ဆို အလိုရှိပါသဘုရား…။
သရက်ဥယျာဉ်ကြီး၌ တရားအားထုတ်လိုခြင်း...
စာလိကာမြို့အပြင် ဟို- ဂေါစရဂါမ် ရွာတစ်ခု၊ဇန္တုလို့ ခေါ်တဲ့ ရွာတစ်ခု ရှိတယ်။ အရှင် မေဃိယက မြတ်စွာဘုရားကို “ မြတ်စွာဘုရား၊ တပည့်တော် ဇန္တုရွာကို ဆွမ်းခံ ဝင်လိုပါတယ်ဘုရား” လို့လျှောက်ထားတော့ ဘုရား ကိုယ်တော်မြတ်က...

ယဿ ဒါနိ တွံ မေဃိယ ကာလံ မညသိ။
မေဃိယ= ချစ်သား မေဃိယ။ တွံ= သင်သည်။ ယဿ= အကြင် ဆွမ်းခံဝင်ခြင်း၏။ ကာလံ= ကာလကို။ မညသိ= သိလေ...။

ချစ်သား မေဃိယ၊ သင်ချစ်သားသည်ပင် ယင်းသို့ ဆွမ်းခံဝင်ဖို့အချိန် သိလော့လို့ ခွင့်ပြုစကား မိန့်ကြား လိုက်တယ်ဆိုယင်ပဲ အရှင်မေဃိယသည်-
အထခေါ= ထိုသို့ မြတ်စွာဘုရား ခွင့်သနားတော်မူသော အခါကာလ၌။ အာယသ္မာ မေဃိယော= အရှင် မေဃိယ မထေရ်သည်။ ပုဗ္ဗဏှသမယံ= နံနက်အခါ၌။ နိဝါသေတွာ= သင်းပိုင်ကို ပြင်ဝတ်၍။ ဇန္တုဂါမံ= ဇန္တုရွာ အတွင်းသို့။ ပိဏ္ဍာယ= ဆွမ်းအလို့ငှာ။ ပါဝိသိ= ဝင်ခဲ့လေ၏။
ဘုရား ခွင့်ပြုတယ် ဆိုယင်ပဲ အရှင် မေဃိယက သင်းပိုင်ကို ပြင်ဝတ်လို့ ရုံ၊ ဇန္တုရွာထဲ ဆွမ်းခံကြွတယ်။

ဇန္တုဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတ ပဋိက္ကန္တော ယေန ကိမိကာဠာယ နဒိယာ တီရံ တေနုပသင်္ကမိ။

ဇန္တုဂါမေ= ဇန္တုရွာတွင်း၌။ ပိဏ္ဍယ= ဆွမ်း အလို့ငှာ။ စရိတွာ= လှည့်လည်တော် မူပြီး၍။ ပစ္ဆာဘတ္တံ= ဆွမ်းကိစ္စ ပြီးသည်မှ နောက်ကာလ၌။ ပိဏ္ဍပါတပဋိက္ကန္တော= ဆွမ်းခံရာမှ ဖဲခဲ့၍။ ယေန= အကြင်အရပ်၌။ ကိမိကာဠာယ= ပိုးလောက်မည်းတွေ ပေါများသောကြောင့် ‘ကိမိကာဠာ’ အမည်ရသေည။ နဒိယာ= မြစ်၏။ တီရံ= ကမ်းနားသည်။ အတ္ထိ= ရှိ၏။ တေန= ထိုအရပ်သို့။ ဥပသင်္ကမိ= ကြွလေပြီ…။

(ပါဠိတော် သဘာဝနိရုတ္တိနဲ့ ဖြစ်စဉ်ကို ဖော်ပြတာက အသံတစ်မျိုးနော်၊ ပါဠိတော် အသွားဆိုတာ ဟို- အရပ်ထဲသုံးတဲ့ ဒေသီယ အသုံးနဲ့ မတူဘူး။)

အရှင် မေဃိယသည် ဇန္တုရွာထဲ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ အဲဒီ ဆွမ်းခံရာ ဇန္တုရွာက ဖဲခဲ့၍ ဇန္တုရွာမှ ခရီးတစ်ထောက် ရောက်လောက်တဲ့ နေရာမှာ“ကိမိကာဠာ”လို့ ပါဠိလို ခေါ်တယ်။ မြစ်တစ်ခု။ တစ်နည်းအားဖြင့် ချောင်းတစ်ခု။ ကိမိကာဠာလို့ ဒီချောင်း ဘာပြုလို့ ခေါ်သလဲဆိုတော့ အဲဒီ ချောင်းထဲမှာ ပိုးမည်းလေးတွေ ပေါလို့တဲ့။ အဲဒါကြောင့် ဒီချောင်းကို ပိုးမည်းချောင်း။ ကိမိကာဠာ ခေါ်တဲ့ အဲဒီချောင်းရဲ့ မြစ်ကမ်းနားရောက်၊ အဲဒီမြစ်ကမ်းနားက လှမ်းပြီးတော့ မျက်စိတူရူ-မူမူမိရာလှမ်းပြီး ကြည့်လိုက်တော့ အရှင် မေဃိယ ဘာမြင်တုံး။

အဒ္ဒသာ ခေါ အာယသ္မာ မေဃိယော ကိမိကာဠာယ နဒိယာ တီရေ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော အနုဝိစရမာနော အမ္ဗဝနံ ပါသာဒိကံ မနုညံ့ ရမဏီယံ။

ကိမိကာဠာခေါ်တဲ့ အဲဒီ မြစ်ကမ်းပါးမှာ အညောင်း အညာပြေ လူးလာ တုန့်ခေါက် စင်္ကြံ ကြွရောက်တော် မူနေရင်းက အရှင် မေဃိယ သည် မလှမ်းမကမ်းမှာ သရက်ဥယျာဉ်ကြီး တစ်ခုကို မြင်သတဲ့။ အဲဒီ သရက်ဥယျာဉ်ကြီးက ပါသာဒိကံ= ကြည့်လိုက်တိုင်း စိတ်ကြည်လင်စရာတဲ့။ မနုညံ့= စိတ်ထဲမှာ နှစ်သက်စရာ ကောင်တယ်။ ရမဏီယံ= မွေ့လျော် ဖွယ်ကောင်းတဲ့ သရက်ဥယျာဉ်တောကြီးတစ်ခုကို မြင်တယ်တဲ့။

ဒိသွာနဿ ဧတဒဟောသိ။
ဒိသွာန= မြင်ရသောကြောင့်။ အဿ= ထို အရှင်မေဃိယ၏ သန္တာန်၌။ ဧတံ-ဧသော= ဤသို့သော အကြံအစည်သည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။ သရက်တောကြီး၊ အလွန်ပျော်ဖို့ကောင်းတဲ့ သရက်တောဥယျာဉ်ကြီး မြင်ရတဲ့ အရှင်မေဃိယရဲ့ စိတ်သန္တာန်မှာ ဟောဒီလို အကြံဖြစ်သတဲ့။

ပါသာဒိကံ ဝတိဒံ အမ္ဗဝနံ မနုညံ့ ရမဏီယံ။
ဣဒံ အမ္ဗဝနံ=ဤသရက်ဥယျာဉ်ကြီးသည်။ ပါသာဒိကံဝတ= ကြည်ညိုဖွယ် ရှိစွတကား။ မနုညံ့ဝတ= စိတ်နှလုံးကို နှစ်မြို့ပေစွတကား။ ရမဏီယံဝတ= မွေ့လျော်ဖွယ် ရှိပေစွ တကား။

အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္တိကဿ ပဓာနာယ။
ဣဒံ= ဤ သရက်ဥယျာဉ်ကြီးသည်။ ပဓာနတ္ထိကဿ= ပဓာနအလုပ် ပမ္မဋ္ဌာန်းအလုပ် အားထုတ်လိုသော။ ကုလပုတ္တဿ= အမျိုးကောင်းသား၏ အလို့ငှာ။ ပဓာနာယ= ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်းငှာ။ အလံဝတ= သင့်လျော်လှသည်သာ။

ဒီ သရက်ဥယျာဉ်ကြီးဟာ ငါတို့လို ကမ္မဋ္ဌာန်းအလုပ် အားထုတ်လိုတဲ့ အမျိုးကောင်းသားများအဖို့ ပဓာန ခေါ်တဲ့ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ဖို့ သင့်တော်ပါတယ်-တဲ့။

သစေ မံ ဘဂဝါ အနုဇာနေယျ။
မံ= ငါ့ကို။ ဘဂဝါ= မြတ်စွာဘုရားသည်။ သစေ အနုဇာနေယျ= အကယ်၍ ခွင့်ပြုတော်မူငြားအံ့။

အာဂစ္ဆေယျာဟံ ဣမံ အမ္ဗဝနံ ပဓာနာယ။
(ဧဝံ-ဤသို့ မြတ်စွာဘုရား ငါ့အား ခွင့်ပြုခဲ့သည် ရှိသော်။) အဟံ=ငါသည်။ ဣမံ အမ္ဗဝနံ= ဤသရက်ဥယျာဉ်ထဲသို့။ ပဓာနာယ=ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်းငှာ။ အာဂစ္ဆေယျ= လာခဲ့ပေအံ့။

အကယ်၍ ဘုရားကိုယ်တော်မြတ်က ငါ လျှောက်ထားလို့ ခွင့်ပြုယင် ငါသည် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ဖို့ရန် အတွက် ဒီ သရက်ဥယျာဉ်ကြီးကို ငါလာမယ်လို့ အဲဒီလို အကြံအစည် ပြုပြီးတော့-

အထ ခေါ= ထိုမှ နောက်၌။ အာယသ္မာ မေဃိယော= အရှင် မေဃိယသည်။ ယေန= အကြင် အရပ်၌။ ဘဂဝါ= မြတ်စွာဘုရားသည်။ အတ္ထိ= ရှိတော်မူ၏။ တေန= ထို ဘုရားရှိရာ အရပ်သို့။ဥပသင်္ကမိ= သွားရောက်လေ၏။

မြတ်စွာဘုရားက မေဃိယအား တားမြစ်တော်မူခြင်း...

စဉ်းစားလည်းပြီးရော ဘုရားရှိရာ သွားတယ်။
ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။
ဘုရားရှိ ရာသို့ ကပ်ရောက်ပြီး မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီး အပြစ်လွတ်တဲ့ နေရာက ထိုင်၏။

ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မေဃိယော ဘဂဝန္တံ ဧတဒဝေါစ= အပြစ်လွတ်တဲ့ နေရာက ထိုင်ပြီးတော့မှ အရှင်မေဃိယသည် မြတ်စွာဘုရားကို ဤကဲ့သို့ လျှောက်ထားသည်။
ဘယ့်နှယ် လျှောက်သလဲ။
ဣဓာဟံ ဘန္တေ ပုဗ္ဗဏှသမယံ နိဝါဒေတွာ ပတ္တစီဝရမာဒါယ ဇန္တုဂါမံ ပိဏ္ဍာယ ပါဝိသိ။
ဘုန်းတော်ကြီးသော မြတ်စွာဘုရား…၊ တပည့်တော်သည် ဒီကနေ့ နံနက်အချိန် သင်္ကန်း ပြင်ဆင်ဝတ်၍ ဇန္တုရွာတွင်းကို တပည့်တော် ဆွမ်းခံဝင်ခဲ့ပါတယ်။

ဇန္တုဂါမေ ပိဏ္ဍာယ စရိတွာ ပစ္ဆာဘတ္တံ ပိဏ္ဍပါတပဋိက္ကန္တော။ အဲဒီ ဇန္တုရွာတွင်း ဆွမ်းခံလှည့်လည်ပြီးတော့ ဆွမ်းကိစ္စ ပြုပြီးတဲ့နောက် တစ်ချိန်မှာ ဆွမ်းခံရွာ ဇန္တုရွာမှ ဖဲခဲ့၍-

ယေန ကိမိကာဠာယ နဒိယာ တီရံ တေနုပသင်္ကမိံ။ ပိုးလောက်မည်းပေါတဲ့ ချောင်းနဲ့ မြစ်ကမ်း တပည့်တော် သွားရောက်ခဲ့ပါတယ်။ အဒ္ဒသံ ခေါ အဟံ ဘန္တေ ကိမိကာဠာယ နဒိယာ တီရေ ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော၊ အနုဝိစရမာနော အမ္ဗဝနံ ပါသာဒိကံ မနုညံ့ ရမဏီယံ။

မြတ်စွာဘုရား…၊ တပည့်တော် အဲဒီ ကိမိကာဠာ ဆိုတဲ့ ချောင်းရဲ့ကမ်းနား အညောင်းပြေ လူးလာတုန့်ခေါက် စင်္ကြံလျှောက်နေတဲ့အခါ ၎င်းမြစ်ကမ်းက အင်မတန် ကြည်ညိုဖွယ်ရှိ၊ နှစ်သက်ဖွယ် ကောင်း၊ မွေ့လျော်ဖွယ်ရှိတဲ့ သရက်ဥယျာဉ်ကြီးကို လှမ်းမြင်ပါတယ်။ မြင်တော့ တွေ့တော့-

ဒိသွာန မေ ဧတဒဟောသိ။ အဲဒီလို မြင်ရတော့ တပည့်တော်ရဲ့ စိတ်သန္တာန်မှာ ဤကဲ့သို့ အကြံဖြစ်ခဲ့ပါတယ် မြတ်စွာဘုရား။ ဘယ်လိုဖြစ်သလဲဆိုယင်- ပါသာဒိကံ ဝတိဒံ အမ္ဗဝနံ မနုညံ့ ရမဏီယံ။ ဪ-ဒီ သရက်ဥယျာဉ်ကြီးနှယ် ကြည်ညိုဖွယ်ရှိစွ၊ နှစ်သက်ဖွယ် ရှိစွ၊ မွေ့လျော်ဖွယ် ရှိစွ တကား။

အလံ ဝတိဒံ ကုလပုတ္တဿ ပဓာနတ္ထိကဿ ပဓာနာယ။ ဤ သရက်ဥယျာဉ်ကြီးဟာ ပဓာနအလုပ် အားထုတ်လိုတဲ့ ငါတို့လို အမျိုးကောင်းသားများအဖို့ ကမ္မဋ္ဌာန်း အလုပ် အားထုတ်ဖို့ရန် သိပ်လျော်ကန် သင့်မြတ်ပါတယ်။ သစေ မံ ဘဂဝါ အနုဇာနေယျ။ အကယ်၍များ ငါ့ကို ဘုရားကိုယ်တော်မြတ် တောင်းပန်လို့ ခွင့်ပေးသပ ဆိုလို့ရှိယင်- အာဂစ္ဆေယျာဟံ ဣမံ အမ္ဗဝနံ ပဓာနာယ။ ငါသည် ဤ သရက်ဥယျာဉ် တောသို့ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ဖို့ရန် လာမယ်…လို့ အဲဒီလို တပည့်တော် စိတ်အကြံဖြစ်ပါတယ် မြတ်စွာဘုရား- လို့၊ ဒါ သူအကြံဖြစ်တဲ့စကားကို တစ်ပိုဒ်မကျန် ပြန်လျှောက်ပြီးတော့ တောင်းပန်တဲ့ စကားက-

သစေ မံ ဘန္တေ ဘဂဝါ အနုဇာနာတိ ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယ။
(ရှေ့က စကားတွေက ရှေ့က အနက်ပေးခဲ့ပြီ။)

ဘန္တေ=ရှင်ပင်မြတ်ဘုရား။ ဘဂဝါ= ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။ မံ= တပည့်တော်ကို။ သစေ အနုဇာနာတိ= အကယ်၍ ခွင့်ပြုတော်မူငြားအံ့။ အဟံ=တပည့်တော်သည်။ တံ အမ္ဗဝနံ= ထို သရက်ဥယျာဉ်သို့။ ပဓာနာယ= ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်းငှာ။ ဂစ္ဆေယျံ= သွားလိုပါတယ် ဘုရား…လို့-

အဲဒီလို မြတ်စွာဘုရားလျှောက်တယ်။ ရှင်တော်ဘုရားက ခွင့်ပြုယင် တပည့်တော် ကမ္မဋ္ဌာန် အလုပ် အားထုတ်ချင်လို့ အဲဒီသရက်ဥယျာဉ်ကို တပည့်တော် သွားချင်ပါတယ် ဘုရား-လို့ လျှောက်တော့ မြတ်စွာဘုရားက အချိန်နည်းနည်းစောင့်ဖို့ တော်သေးတယ်။

ဤ အနေနဲ့ မြတ်စွာဘုရားက-
အာဂမေဟိတာဝ မေဃိယ။ မေဃိယ=ချစ်သားမေဃိယ။ တာဝ အာဂမေဟိ= ခေတ္တခဏ ဆိုင်းတွပါဦး။ ချစ်သား မေဃိယရယ်၊ ခဏ ဆိုင်းပါဦး။ စိတ်ကို နူးနူးညံ့ညံ့ရှိတယ်။ ဧကကမှိ တာဝ၊ ယာဝ အညောပိ ကောစိ ဘိက္ခု အာဂစ္ဆတိ။ အဟံ= ငါဘုရားသည်။ ဣဒါနိ= ယခုအခါ၌။ ဧကကော= တစ်ပါးတည်း။ အမှိ= ဖြစ်ပေ၏။ (အခု ငါဘုရား တစ်ပါးတည်း၊ ချစ်သား သွားယင် ငါဘုရား တစ်ပါးတည်း ကျန်မယ်။) ယာဝ= အကြင်မျှလောက်။ အညောပိ= သင် ချစ်သားမှ တစ်ပါးလည်း ဖြစ်သော။ ကောစိ= တစ်စုံတစ်ယောက်သော။ ဘိက္ခု= ရဟန်းသည်။ အာဂစ္ဆတိ= လာရောက်၏။ တာဝ= ထိုသို့ အခြားရဟန်း တစ်ပါး လာရောက်သည့် တိုင်အောင်။ အာဂမေဟိ= ခေတ္တခဏ ဆိုင်းတွ ငံ့လင့်ပါဦး။ သနားလို့။

ချစ်သား၊ ခဏ ဆိုင်းပါဦး။ အခုလေ-ငါဘုရား တစ်ပါးတည်းပဲ ရှိသေတယ်။ အဲဒီလို သနားဖွယ် ပြောတာက ဘုရားသိတယ်။ ဒီကိုယ်တော် အဲဒီသွားယင် မိစ္ဆာဝိတက်တွေ ဝင်လိမ့်မယ်၊ ဝင်လို့ရှိယင် ငါဘုရားအပေါ် ရွံ့ရှာခြင်း ကင်းပြီးတော့ ရဲရဲတင်းတင်း ငါဘုရားထံ ပြန်လာဝံ့အောင်လို့ ဘုရားက သနားအောင်ကို ပြောတာ။ ချစ်သား၊ ဆိုင်းပါဦး ချစ်သားရယ်။ အခုလေ ငါဘုရား တစ်ပါးတည်းပဲ ရှိနေပါသေးတယ်၊ ချစ်သားမှ တပါးအခြား ရဟန်းတစ်ပါး လာရောက်ရုံကလေး ဆိုင်းပါဦး။

အဲဒီ ကိုယ်တော်မှာ ကြမ္မာက လှုံ့ဆော်လာတော့-
ဒုတိယမ္ပိ ခေါ အာယသ္မာမေဃိယော ဘဂဝန္တံ ဧတဒဝေါစ။
ဒုတိယမ္ပိ= နှစ်ကြိမ်မြောက်လည်း။ အာယသ္မာ မေဃိယော= အရှင် မေဃိယသည်။ ဘဂဝန္တံ= မြတ်စွာဘုရားကို။ ဧတံ= ဤစကားကို။ အဝေါစ= လျှောက်ထားလေပြီ။ စကားဆက်ပြီး ကဲ- အရှင် အာနန္ဒာတို့ရဲ့၊ သင်္ဂီတိ- ကာရက မထေရ်တို့ရဲ့ အတွင်းက ဆက်ပြီးတဲ့ စကား၊ အဲဒီ လျှောက်တုန်း ခဏနေလိုက်သေးတယ်၊ တော်တော်ကြာတော့ ဒုတိယမြောက်- အရှင် မေဃိယက ဘုရားလျှောက်တယ်။ ဘယ့်နှယ်လျှောက်သလဲ။ ဒီတစ်ခါတော့ အခုနင်ကလို မလျှောက်ဘူး။

ဘဂဝတော ဘန္တေ နတ္ထိ ကိဥ္စိ ဥတ္တရိကရဏီယံ။ နတ္ထိ ကတဿ ဝါ ပတိစယော။
ဘန္တေ=အရှင်မြတ်ဘုရား။ ဘဂဝတော= မြတ်စွာဘုရား၏ အဖို့။ ဥတ္တရိ= အထက်၌။ ကိဥ္စိ= တစ်စုံတစ်ခုသော။ ကရဏီယံ= ပြုဖွယ်ကိစ္စသည်။ နတ္ထိ= မရှိပါ။ ကတဿ= ပြုပြီးသော မဂ်ကိစ္စကို။ ပတိစ-ယော ဝါ= တစ်ဖန် ပွားများမှုသည်လည်း။ နတ္ထိ=မရှိပါ။ မြတ်စွာဘုရား၊ ရှင်တော်ဘုရားမှာတော့ အရိယာ မဂ်လေးပါး ရပြီး မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက် ကုန်ပြီးပြီ ဖြစ်တဲ့အတွက် အထက်အထက် ပြုဖို့ရန် မဂ်ကိစ္စ ဘာမှ မရှိတော့ပါဘူး။ အောက်ဖြစ်တဲ့ အရိယမဂ်ဖိုလ် ရနေတဲ့ ပုဂ္ဂိုလ်မို့လို့ အထက်ဖြစ်တဲ့ အရိယမဂ်ကို သွားဖို့ရန် အလုပ်လည်းပဲ ရှင်တော်ဘုရားမှာ မရှိပါဘူး။ ရှင်တော်ဘုရားမှာ အရိယာမဂ်လေးပါး အကုန်ရပြီးတဲ့အတွက် အောက်ဖြစ်သော မဂ်များ ရနေလို့အထက်မဂ် အတွက် ပွားများရတဲ့ ပုဂ္ဂိုလ်များလို အထက်မဂ်ကို ပွားများရန် ကိစ္စလည်းပဲ မရှိပါဘူး။

မယှံ ခေါ ပန ဘန္တေ အတ္ထိ ဥတ္တရိကရဏီယံ၊ အတ္ထိ ကတဿ ပတိစယော။
ဘန္တေ= ရှင်ပင်မြတ်ဘုရား။ မယှံ ခေါ ပန= တပည့်တော်၏ အဖို့ရာမှာတော့ ဥတ္တရိ= အထက် အထက်ဖြစ်တဲ့ အရိယာမဂ်ဖိုလ်အတွက်။ ကရဏီယံ= ပြုဖွယ်ကိစ္စ တစ်ဆယ့်ခြောက်ချက် လည်းပဲ။ အတ္ထိ= ရှိ၍နေပါတယ် ဘုရား…။ တပည့်တော်မှာ အရိယမဂ် တစ်ပါးမှ မရသေးဘူး။ အခု ပုထုဇဉ်ရဲ့ သီလ၊ သမာဓိ၊ ပညာ၊ အထက် အထက်ဖြစ်တဲ့ သောတာပတိမဂ်ဖိုလ် သီလ၊ သမာဓိ၊ ပညာ၊ သကဒါဂါမိမဂ်ဖိုလ်၊ သီလ၊ သမာဓိ၊ ပညာ၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တ မဂ်ဖိုလ် သီလ၊ သမာဓိ၊ ပညာဆိုတဲ့ အထက်အထက် ပြုလုပ်ဖွယ်ကိစ္စတွေ အများကြီး ရှိနေပါသေးတယ်။ ကတဿ= ပုထုဇဉ်လောကမှာ ပြုပြီးဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာတို့၏ အပေါ်မှာ။ ပတိစယော= တစ်ဖန်ထပ်၍ အရိယမဂ်ရောက်အောင် ပွားများဖွယ် ကိစ္စတို့သည်။ အတ္ထိ= အများကြီး ရှိနေပါသေးသည် ဘုရား။ လျှောက်တာပဲ။ စေတနာနဲ့ လျှောက်တာ။

သစေ မံ ဘဂဝါ အနုဇာနာတိ= မြတ်စွာဘုရား။ တပည့်တော်ကို ရှင်တော်ဘုရား အကယ်၍ ခွင့်ပြုတော်မူပါမူ- ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယ= တပည့်တော် အဲဒီ သရက်တောကို ကမ္မဋ္ဌာန်းအလုပ် အားထုတ်ဖို့ သွားလိုပါတယ်ဘုရား။

မြတ်စွာဘုရားက ဒီကိုယ်တော်ဟာ ကျွတ်ဖို့ အချိန်တော်ပလား၊ မတော်သေးဘူး။ ပညိနြေ္ဒ နုသေးတယ်။ ကျွတ်ဖို့ အချိန်မတော်သေးဘူး ဆိုတော့ ဒုတိယအကြိမ် မြတ်စွာဘုရားကိုယ်တော်မြတ်က အထက်နည်းအတိုင်း- အာဂမေဟိတာဝ မေဃိယ= ချစ်သား မေဃိယ၊ ဆိုင်းပါဦး။ ပြောလိုက်ယင် နည်းနည်း ငြိမ်သွားပြန်ရော။ မြတ်စွာဘုရားက ဒီကိုယ်တော်ဟာ ဣနြေ္ဒရင့်သည့် တိုင်အောင် ဆွဲတယ်။ ဘုရားအဖို့ ဘာပူစရာရှိတာမှ မဟုတ်ဘဲ။ ဒါပေမယ့် ဒီကိုယ်တော် ဘုရားအပေါ် ပြန်ငဲ့ပြီးတော့ ပြန်လာနိုင်အောင်လို့ ဘုရားက လျှော့ဈေးနဲ့ ပြောတာ၊ တအောင့်လောက် ရှိပြန်တော့ သူ့စိတ်က မနေနိုင်တော့ဘူး၊ လျှောက်ပြန်တယ်၊

တတိယအကြိမ်။
တတိယမ္ပိ ခေါ အာယသ္မာမေဃိယော ဘဂဝန္တံ ဧတဒဝေါစ။
တတိယ အကြိမ်မြောက်လည်းပဲ အရှင် မေဃိယက မြတ်စွာဘုရားကို ဤစကား လျှောက်ထားပြန်တယ်။ ပါဠိက ခုနကအတိုင်းပဲ။ ဘဂဝတော ဘန္တေ နတ္ထိ ကိဉ္စိ ဥတ္တရိကရဏီယံ နတ္ထိ ကတဿ ဝါ ပတိစယော။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ရှင်တော်ဘုရားရဲ့ အဖို့ရာ အထက်အထက်ဖြစ်တဲ့ အရိယမဂ်အဖို့ တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ မရှိပါဘူး။ မဂ်ကိစ္စအားလုံး ရှင်တော်ဘုရားမှာ ပြုပြီးသား ဖြစ်နေပါပြီ။ အောက်မဂ်တွေပါ ရတဲ့အတွက် ပြုပြီးတဲ့ကိစ္စကို အထက်အထက်မဂ်ဖြင့်ထပ်ပွားဖို့ ရန်လည်းပဲ ရှင်တော်ဘုရားမှာ အောက်မဂ်ကို ရသော ပုဂ္ဂိုလ်များ ပြုပြီးတဲ့ မဂ်ကိစ္စကို အထက်အထက်မဂ်ဖြင့် တစ်ဖန်ထပ်၍ ပွားမှု ပြုရသကဲ့သို့ ပြုရန်လည်း ရှင်တော်ဘုရားမှာ မရှိပါဘူး။ အရှင် ဘုရားမှာ အားလုံးကိစ္စတွေ ပြီးနေပါပြီ။

မယှံ ခေါ ပန ဘန္တေ အတ္ထိ ဥတ္တရိကရဏီယံ= မြတ်စွာဘုရား၊ တပည့်တော်မှာတော့ အထက်အထက် သောတာပတ္တိမဂ် ဖိုလ်၊ သကဒါဂါမိမဂ်ဖိုလ်၊ အနာဂါမိမဂ်ဖိုလ်၊ အရဟတ္တမဂ်ဖိုလ်၊ အရိယမဂ်ဖိုလ်လေးပါး ရအောင် လုပ်ရမယ့် ကိစ္စ၊ မဂ်ကိစ္စ တစ်ဆယ့်ခြောက်ချက်စလုံး အကုန်ရှိနေပါသေးတယ်၊ တစ်ခုမှ မပြုရသေးဘူး။ အတ္ထိ ကတဿ ဝါ ပတိစယော= ပုထုဇဉ်ဘဝ မိမိပြုပြီး ကြံပြီးဖြစ်တဲ့ ပုထုဇဉ်သီလ၊ သမာဓိ၊ ပညာများကို ထပ်၍အရိယာမဂ်ဖိုလ် သီလ သမာဓိဖြစ်အောင် ပွားရမယ့် ကိစ္စတွေ တပည့်တော်မှာ ရှိနေပါတယ်ဘုရား-တဲ့။ သစေ မံ ဘန္တေ ဘဂဝါ အနုဇာနာတိ= ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ အကယ်၍များ ရှင်တော်ဘုရားက တပည့်တော်ကို ခွင့်ပြုတော်မူမယ်ပဆိုယင်-

ဂစ္ဆေယျာဟံ တံ အမ္ဗဝနံ ပဓာနာယ။
အဟံ= တပည့်တော်သည်။ တံ အမ္ဗဝနံ= ထိုသရက်ဥယျာဉ်သို့။ ပဓာနာယ= ပဓာနအလုပ် ကမ္မဋ္ဌာန်းအလုပ် အားထုတ်ခြင်းငှာ။ ဂစ္ဆေယျံ= သွားလိုပါတယ်ဘုရား။ သွားပါရစေ ဘုရားလို့ တတိယအကြိမ်မြောက် လျှောက်တဲ့အခါ မြတ်စွာဘုရားက ခွင့်ပြုချိန်တန်ပြီဆိုပြီး ဟောဒီလို ခွင့်ပြုစကား ပြောပါတယ်။

မေဃိယထေရ် တရားအားထုတ်ရန် သွားခြင်း

ပဓာနန္တိ ခေါ မေဃိယ ဝဒမာနံ ကိန္တိ ဝဒေယျာမ။
မေဃိယ= ချစ်သား မေဃိယ။ ပဓာနံ= ပဓာန အလုပ် ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ပါ့မယ်လို့။ ဣတိ= ဤသို့။ ဝဒမာနံ= သင်ချစ်သား တစာစာ ပြောဆိုသည် မည်သည်ကို။ မေ= ငါတို့သည်။ ကိန္တိ= အဘယ်သို့လျှင်။ ဝါ= အဘယ်သို့သော နည်းလမ်းနဲ့မှ။ ဝဒေယျာမ= တားမြစ်စကား ပြောကြား၍ ဖြစ်တော့မလဲ။ ချစ်သားက ကမ္မဋ္ဌာန်းအလုပ် အားထုတ်ချင်ပါတယ်လို့ တစာစာ ပြောဆိုနေမင့် ငါဘုရားက ဘယ့်နှယ်လုပ်ပြီးတော့ တားမြစ်စကား ပြောလို့ တော်တော့မှာလဲ ချစ်သား…တဲ့။

ယဿ ဒါနိ တွံ မေဃိယ ကာလံ မညသိ။
မေဃိယ= ချစ်သား မေဃိယ။ တွံ= သင်သည်။ ဒါနိ= ယခုအခါ၌။ ယဿဂမနဿ= အကြင်သွားခြင်း၏။ ကာလံ= အခါကာလကို။ မညသိ= သိပေ၏။ ချစ်သား၊ သွားဖို့အချိန်ကို သင်ချစ်သားပဲ သိပါတယ်။ ချစ်သားပဲ စဉ်းစားပေါ့။ အဲဒီလိုဆိုတော့ အခွင့်ရပြီ။

အထ ခေါ အာယသ္မာ မေဃိယော ဥဋ္ဌာယာသနာ= ထို့နောက် အရှင်မေဃိယသည် နေရာက ထ။ ယေန တံ အမ္ဗဝနံ တေနုပသင်္ကမိ= အဲဒီ သရက်ဥယျာဉ်ကြီး ရှိရာကို သွားပြီ။ တံ အမ္ဗဝနံ အဇ္စျောဂါဟေတွာ အညတရသ္မိံ ရုက္ခမူလေ ဒိဝါ ဝိဟာရံ နိသီဒိ။ ထိုသရက်ဥယျာဉ်တွင်းသို့ သက်ဝင်ပြီးသကာလ သရက်ပင်ကြီး တစ်ခုရဲ့ အရင်းရှိနေတဲ့ ကျောက်ဖျာပေါ်မှာ နေ့သန့်ရန်၊ နေ့လယ်မှာ ကမ္မဋ္ဌာန်းအလုပ်နဲ့ ထိုင်ဖို့ရာ ကျောက်ဖျာပေါ် ထိုင်လိုက်တယ်။ ကမ္မဋ္ဌာန်းအလုပ် အားထုတ်မလို့ ထိုင်တာ၊ ထိုင်တာက။ အေး… ပါတဲ့သားရေနယ်ကလေး ခင်း၊ သရက်ပင်ရင်းမှာရှိတဲ့ ကျောက်ဖျာပေါ် ထိုင်၊ အဲဒီကျောက်ဖျာ၌ သူအရင့်အရင်၊ အရင့်အရင်ဆိုတဲ့ သူ ရှေးဘဝ ငါးရာတုန်းက ရှင်ဘုရင်ပြုလုပ်ပြီးတော့ ဘဝငါးရာဆက်ပြီးတော့ မင်းဖြစ်ခဲ့ဖူးတယ်။ အဲဒီ မင်းဖြစ်ခဲ့ဖူးတဲ့ ဘဝငါးရာဆက်၍ အဲဒီသရက်ဥယျာဉ်ကြီးရဲ့ အတွင်းအခုထိုင်တဲ့ ကျောက်ဖျာပေါ်မှာ ဘဝငါးရာ ဆက်ပြီးတော့ မင်းအဖြစ်နဲ့ ကချေသည် မောင်းမတွေနဲ့ ရှေးက ဘဝငါးရာ ဆက်ပြီး ပျော်ဖူးခဲ့တယ်။

ဝိတက်သုံးပါး ဝင်ခြင်း...
အဲဒီလို ပျော်ဖူးတဲ့နေရာ အဲဒီလို ပျော်မွေ့နေစဉ် တစ်ခုသော ဘဝမှာ ခိုးထုပ်ခိုးထည်နှင့်တကွ ရာဇဝတ်သား လူဆိုးနှစ်ယောက်ကို ခေါ်ဆောင်လာပြီး မင်းအားအပ်နှံတဲ့အခါ တစ်ယောက်ကိုတော့ သတ်မိန့်ပေခဲ့တယ်။ တစ်ယောက်ကိုတော့ ထောင်သွင်း အကျဉ်းချထားဖို့ အမိန့်ပေးခဲ့တယ်။ ရှေးက သူပေးခဲ့ဖူးတယ်။ ဒီကျောက်ဖျာပေါ် အရှင်မေဃိယသည် ဒီကျောက်ဖျာပေါ် ထိုင်နေစတုန်းက ရည်ရွယ်ချက်က ကမ္မဋ္ဌာန်းအလုပ် အားထုတ်ဖို့၊ ဒါပေသိ ကျောက်ဖျာပေါ် ထိုင်လည်း ထိုင်မိရော ထိုင်လည်းပြီးရော သူဝတ်ထားတဲ့ သင်္ကန်းတွေ အိပ်မက်မက်သလို ဖြစ်နေပြီးတော့ သူ့ရဲ့ ရဟန်းဘဝကို အကုန် မေ့ပျောက်သွားတယ်။ ဘဝငါးရာ ဒီနေရာမှာ မောင်းမမိဿံတွေနဲ့ ပျော်ခဲ့ ပါးခဲ့တော့ သူ့မှာ အိပ်မက်ထဲမှာလို ဖြစ်နေတယ်။

မင်းအဖြစ်နဲ့ ဒီကျောက်ဖျာပေါ်မှာ ထိုင်ပြီးတော့ ကချေသည် မောင်းမမိဿံပေါင်း များစွာတို့နဲ့ မြူးတူးပျော်ပါး ကစားခဲ့ပုံကို အာရုံရောက်ပြီးတော့ ကာမဝိတက်လို့ ခေါ်သော အဆင်းတွေ၊ အသံတွေ၊ အနံ့တွေ၊ အရသာတွေ၊ အတွေ့အထိတွေဆိုတဲ့ ဝတ္ထုအာရုံ ကာမဂုဏ်တို့ကို အကြောင်းပြု၍ ကိလေသာကာမနှင့်စပ်တဲ့ အကုသိုလ်အကြံအစည် ဝိတက်တွေ တရိပ်ရိပ် တဖွားဖွား ဖြစ်နေတယ်။ ထိုင်တုန်းက ကမ္မဋ္ဌာန်းအားထုတ်ဖို့၊ အိပ်မက်မက်သလို ဖြစ်ပြီးတော့ ပထမပိုင်းမှာ ကာမဝိတက်တွေ၊ အိပ်မက်မက်သလို ဖြစ်ပြီးတော့ နာရီဝက်လောက်ဖြစ်ပြီးတော့ နောက်တစ်ကြိမ် ကျတော့ သူသည် ရှင်ဘုရင်ဖြစ်တယ်။

သူ့ရှေ့ကို ခိုးထုပ်ခိုးထည်နှင့်တကွ လူဆိုးနှစ်ယောက်ကို ပါးကွက်သားတွေက သွင်းလာခဲ့တယ်။ အဲဒီလို သွင်းလာတဲ့ အခါကျတော့ လူဆိုးတစ်ယောက်ကို သတ်ဖို့ အမိန့်ပေးတယ်၊ ပုံအတိုင်း။ “ဒီအကောင်သတ်စေ” အင်မတန်ဆိုးတယ်။ ငါ့တိုင်းပြည် ဆူပူလှုပ်ရှားအောင် လုပ်တဲ့သူလို့ အိပ်မက်ထဲမှာ ပြောနေသလိုပဲ။ ဗျာပါဒဝိတက်တွေ။ ဒီလူကို ဒီလိုအမိန့်ပေးခဲ့ပုံနဲ့ ဗျာပါဒဝိတက်တွေ ပေါ်လာတယ်။ အိပ်မက်လို မက်တယ်။ အေး- တစ်ခါ အဲဒီလူကို သတ်ဖို့ အမိန့်ပေးပြီးတဲ့နောက် ကျန်တဲ့လူဆိုးတစ်ယောက်ကို “ဒီအကောင်တော့ ထောင်သွင်း အကျဉ်းချထား” ၊ အဲဒီလို အမိန့်ပေးခဲ့တဲ့ ဝိဟိံသာဝိတက်တွေ။ အကုသိုလ်အကြံအစည် သုံးမျိုး ဝင်လာတယ်။

အဲဒါ နှစ်နာရီ သုံးနာရီလောက် ကြာမယ်ပေါ့၊ အိပ်မက်မက်၊ အဲဒီအကြောင်းကို အရှင်အာနန္ဒာ၊ အရှင်မဟာကဿပတို့က တန်ဆာချဲ့ပြီးတော့- အထခေါ အာယသ္မတော မေဃိယဿ တသ္မိံ အမ္ဗဝနေ ဝိဟရန္တဿ ယေဘုယျေန တယော ပါပကာ အကုသလာဝိတက္ကာ သမုဒါ စရန္တိ၊ သေယျထိဒံ ကာမဝိတက္ကော ဗျာပါဒတက္ကော ဝိဟိံသာဝိတက္ကောတိ။

ဟောဒီလို ခုနကပြောတဲ့ စကားရပ်တွေ မှတ်ချက်က ပါဠိတော်က ပါဝစနအနေနဲ့ ဒီအတိုင်း စဉ်ထားတယ်။ အထခေါ= ထိုအခါ၌။ တသ္မိံအမ္ဗဝနေ= ထိုသရက်ဥယျာဉ်အတွင်း သရက်ပင် တစ်ပင်ရဲ့အရင်း ကျောက်ဖျာပေါ်၌။ ဝိဟရန္တဿ=နေသော။ အာယသ္မတော မေဃိယဿ=အရှင် မေဃိယ၏ သန္တာန်၌။ ယေဘုယျေန= များသောအားဖြင့်။ တယော= သုံးမျိုးကုန်သော။ ပါပကာ= ယုတ်မာကုန်သော။ အကုသလာဝိတက္ကာ= အကုသိုလ် အကြံအစည်တို့သည်။ သမုဒါစရန္တိ= တရိပ်ရိပ် တဖွားဖွား ဖြစ်ပွား၍ နေလေတော့၏။ ဣဒံ=ဣမေ=ဤအကုသိုလ် ဝိတက်တို့သည်။ သေယျထာ ကတမာနိ= အဘယ်သည်တို့နည်း ဟူမူကား။ ကာမဝိတက္ကော= မထမပိုင်းတွင် မောင်းမမိဿံတွေနဲ့ ပျော်ရွှင်မြူးတူးရတဲ့ ကာမအကြံအစည်။ ဗျာပါဒဝိတက္ကော= အလယ်ပိုင်းတွင် လူဆိုးတစ်ယောက်အား သတ်ဖို့ရန် အမိန့်ပေးတဲ့ ဗျာပါဒ= ဒေါသနဲ့ စပ်ယှဉ်တဲ့ အကြံအစည်။ ဝိဟိံသာဝိတက္ကော= ကျန်လူဆိုးတစ်ယောက်ကို ထောင်သွင်း အကျဉ်းချဖို့ အမိန့်ပေးတဲ့ ဝိဟိံသာ အကုသိုလ် အကြံအစည်။ ဣတိ=ဤသို့။ တယော=သုံးမျိုးကုန်သော။ ဣမေ ပါပကာ အကုသလာ ဝိတက္ကာ= ဤယုတ်မာသော အကုသိုလ် အကြံအစည်တို့သည်။ သမုဒါစရန္တိ= တရိပ်ရိပ် တဖွားဖွား ဖြစ်ပွား၍ လာကုန်တော့၏။

အိပ်မက်ထဲမယ် သူ့သန္တာန်မှာ ကဲလေ- တစ်နာရီလောက် ဖြစ်တယ်ပြောပါ။ ပြန်ပြီးတော့ သတိရလာတယ်။ အိပ်ရာက နိုးလို့ သတိပြန်ရသလို၊ အိပ်မက်မက်ပြီးလို့ အိပ်ရာက နိုးလို့ သတိ ပြန်ရလာတယ်။ ရလာတဲ့အခါ သူ့စိတ်ထဲ ဘယ်လို စိတ်ကူးပေါ်သလဲ။ အထ ခေါ= ထိုမှ နောက်၌။ အာယသ္မတော မေဃိယဿ= အရှင် မေဃိယ၏ သန္တာန်၌။ ဧတံ-ဧသော=ဤသို့သော အကြံသည်။ အဟောသိ= ဖြစ်ခဲ့လေ၏။ မိစ္ဆာဝိတက်တွေ သိပ်ပြီးတော့ များတယ်။ နှစ်နာရီလောက် ရောက်တော့ အိပ်မက် မက်ပြီးတော့ အိပ်ရာက နိုးတဲ့ ပုဂ္ဂိုလ်လို ဖြစ်နေတယ်။

အစ္ဆရိယံ ဝတ ဘော၊ အဗ္ဘုတံ ဝတ ဘော။
အစ္ဆရိယံ ဝတ ဘော= လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွ။ အို…ဘယ်သူမှ မရှိဘူး။ ဘယ်သူ့မှ ခေါ်တာ မဟုတ်ဘူး။ အိုး- လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွ။ အဗ္ဘုတံ ဝတ ဘော= အို-မဖြစ်စဖူး အထူးဖြစ်ပါပေစွ။ ကနေ့ကျတော့ တစ်ယောက်တည်းကို၊ အိုး..ရှေ့က နေဆိုတဲ့အိုး၊ အဲဒီအိုးမျိုး မဖြစ်စဖူး အထူးဖြစ်ပါပေစွ။

သဒ္ဓါယ စ ဝတမှာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ။
မယံ= ငါတို့သည်။ သဒ္ဓါယ= သဒ္ဓါတရားဖြင့်၊ အဂါရသ္မာ= အိမ်ရာတည်ထောင် လူ၏ဘောင်မှ၊ အနဂါရိယံ= အိမ်ရာမထောင် ရဟန်းဘောင်သို့။ ပဗ္ဗဇိတာ= ရဟန်းပြုကုန်သည်။ အမှာ= ဖြစ်ကြပါကုန်၏။ ငါတို့ဟာ သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသားတွေ။

အထ စ ပနိမေဟိ တီဟိ ပါပကေဟိ အကုသလေဟိ ဝိတက္ကေဟိ အနွာသတ္တာ၊ သေယျထိဒံ ကာမဝိတက္ကေန ဗျာပါဒ ဝိတက္ကေန ဝိဟိံသာဝိတက္ကေနာတိ။ အထ စ ပန= ထိုသို့ သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား စင်စစ်မှန်ပါလျက်။ ကာမဝိတက္ကေန= ကာမအကြံလည်းကောင်း။ ဗျာပါဒဝိတက္ကေန= ဗျာပါဒနှင့်စပ်တဲ့ အကြံလည်းကောင်း။ ဝိဟိံသာဝိတက္ကေန= ဝိဟိံသာနှင့် စပ်တဲ့ အကြံလည်းကောင်း။ ဣတိ= ဤသို့။ ဣမေဟိ တီဟိ ပါပကေဟိ အကုသလေဟိ ဝိတက္ကေဟိ= ဤယုတ်မာတဲ့ အကုသိုလ်ဝိတက်သုံးပါးတို့သည်။ မေ= ငါတို့ကို။ အနွာသတ္တာ= ငြိကပ်အပ်ပါကုန်၏။
ငါတို့သည် သဒ္ဓါပဗ္ဗဇိတ ပုဂ္ဂိုလ်တွေ မှန်ပါလျက် ဒီ အကုသိုလ်ဝိတက် သုံးပါး ငါ့ကို လာပြီးတော့ နှိပ်စက်ကုန်ပြီ။ လာရောက်ပြီး သကာလ ငါတို့ကို ငြိကပ်ကုန်ဘိ၏။ ဂရဟာ= ကဲ့ရဲ့တဲ့စကား မခံချင်ဘူး။ ငါတို့လို သဒ္ဓါ ပဗ္ဗဇိတ ပုဂ္ဂိုလ်တွေကို အကုသိုလ် ဝိတက်တွေက လာပြီးတော့ ပူးဝင်ကြသလား၊ သတိရလာတော့ လက်သီးလက်ရုံးထုတ်ပြီးတော့ ဒီအကုသိုလ် ဝိတက်တွေကို တိုက်ထုတ်မယ်။ ဒီအကြံနဲ့၊ အေး- သတိရပြီးတဲ့နောက် မိမိ မိမိ နှလုံးသွင်းနေကျ ရဟန်းတရား ပွားများအားထုတ်၊ ညနေချမ်း ရောက်တော့ မြတ်စွာဘုရားထံ သွားတယ်။

မေဃိယထေရ် ဘုရားထံ ပြန်လျှောက်ထားခြင်း
အထခေါ= ထိုမှ နောက်၌။ အာယသ္မာ မေဃိယော= အရှင် မေဃိယသည်။ သာယနှသမယံ=ညနေချမ်း ကာလ၌။ ပဋိသလ္လာနာ=တစ်ပါးတည်း ကိန်းအောင်းရာမှ။ ဝုဋ္ဌိဓတာ= ထတော်မူသည်ဖြစ်၍။ ယေန= အကြင်အရပ်၌။ ဘဂဝါ= မြတ်စွာဘုရား ရှိ၏။ တေန= ထို ဘုရားရှိရာ အရပ်သို့။ ဥပသင်္ကမိ= ကပ်ရောက်၏။

ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ၊ ဧကမန္တံ နိသီဒိ။
ဘုရားထံမှောက် ကပ်ရောက်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး၍ အပြစ် လွတ်လောက်တဲ့ နေရာက ထိုင်နေ၏။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ မေဃိယော ဘဂဝနံ္တ ဧတဒဝေါစ။ အပြစ်လွတ်လောက်တဲ့ နေရာက ထိုင်ပြီးတော့ အရှင် မေဃိယ ရဟန်းသည် မြတ်စွာဘုရားကို ဤစကားလျှောက်ထား၏။ ရှေးက အမျိုးကောင်း သားတွေဆိုတာ တစ်ခွန်းမှ တစ်ပိုဒ်မှ မကွယ်ဘူး၊ မထောင့်ဘူး။

ဣဓ မယှံ ဘန္တေ တသ္မိံ အမ္ဗဝနေ ဝိဟရန္တဿ ယေဘုယျေန တယော ပါပကာ အကုသလာဝိတက္ကာ သမုဒါစရန္တိ။ သေယျထိဒံ ကာမဝိတက္ကော ဗျာပါဒ ဝိတက္ကော ဝိဟိံသာဝိတက္ကောတိ။
မြတ်စွာဘုရား၊ တပည့်တော် နံနက်က လျှောက်ထားတဲ့ သရက်ဥယျာဉ်ကြီး အတွင်းမှာ သွားရောက် နေ့သန့်ဖို့ရန် သရက်ပင် တစ်ပင်၏ အရင်း တပည့်တော် နေ့လယ်တုန်းက ကျောက်ဖျာပေါ် ထိုင်ပြီးတော့နေတုန်း တပည့်တော်ရဲ့ သန္တာန်မှာ ဘုရား…တဲ့၊ ကာမဝိတက်တွေ တပည့်တော် အိပ်မက် မက်သလို ဖြစ်ပြီးတော့ ရဟန်းရဲ့စိတ် ပျောက်ပြီး ရှင်ဘုရင်စိတ် ပေါက်တယ်။ သူ့သင်္ကန်းတွေ ဘာတွေ မမြင်တော့ဘူး။ အိပ်မက်ထဲမှာ ရှင်ဘုရင် ဖြစ်နေတယ်။ အဲဒီလို ရှင်ဘုရင် ဖြစ်ပြီးတော့ ကချေသည် မောင်းမမိဿံ များစွာတို့နဲ့ မြူးတူးပျော်ပါး ကစားခဲ့တဲ့ အမူအရာ ကိလေသာ ကာမနဲ့ စပ်တဲ့ အကြံအစည်တွေ၊ ၎င်းနောက် လူဆိုးနှစ်ယောက်ကို ရှေ့ဆောင်လာလို့ တစ်ယောက်သောလူဆိုးအား သေဒဏ်ပေးတဲ့ ဗျာပါဒ ဝိတက်တွေ၊ တစ်ယောက်သော ကျန်လူဆိုးကိုတော့ ထောင်သွင်းအကျဉ်းချဖို့ ထောင်ဒဏ်ပေးခဲ့တဲ့ ဝိဟိံသာဝိတက်တွေ၊ ဒီမကောင်းမှု အကုသိုလ် ဝိတက်တွေ တပည့်တော်ရဲ့ သန္တာန်မှာ တရိပ်ရိပ် တဖွားဖွား ဖြစ်ပွား၍ လာပါတယ် ဘုရား…။

ပြီးတော့ကော-
တဿ မယှံ ဘန္တေ ဧတဒဟောသိ။
မြတ်စွာဘုရား…အဲဒီလို ဖြစ်နေတာဟာ အိပ်မက် ထဲမှာလေ တစ်နာရီ တစ်နာရီလောက် ကြာပြီးတော့ ရုတ်တရက် အိပ်ရာက နိုးတဲ့ ပုဂ္ဂိုလ်လို ဖြစ်ပြီး သတိရတော့ တပည့်တော်၏ စိတ်သန္တာန်မှာ ဤသို့ အကြံအစည် ဖြစ်ပါသည်။ ဘယ်လို ဖြစ်သလဲ။ အစ္ဆရိယံ ဝတ ဘော= အို- အံ့ဩစရာပါပေ။ အဗ္ဘုတံ ဝတ ဘော= အိုး…..မဖြစ်စဖူး အထူးဖြစ်ပါဘိ၊ မဖြစ်စဖူး အံ့ချီးလောက်ပါဘိ။ သဒ္ဓါယ စ ဝတမှာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာ= ငါတို့သည် သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား ဧကန် မှန်လှပါပေ၏။

အထစ ပနိမေဟိ တီဟိ ပါပကေဟိ အကုသလေဟိ ဝိတက္ကေဟိ အနွာသတ္တာ။ သေယျထိဒံ ကာမ ဝိတက္ကေန ဗျာပါဒ ဝိတက္ကေန ဝိဟိံသာဝိတက္ကေနာတိ။

ထိုသို့ သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား မှန်ပါလျက် ငါတို့ကို ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်ဆိုတဲ့ ဒီသုံးပါးသော ယုတ်မာတဲ့ အကုသိုလ် ဝိတက်တွေ ဝင်ရောက်နှောင့်ယှက်အပ်ကုန်ဘိတကား- လို့ တပည့်တော်စိတ်ထဲမှာ အဲဒီအတိုင်း အကြံဖြစ်သ ဘုရား….လို့ အဲဒီအတိုင်း တစ်ပုဒ်မှ မချန်ဘူး၊ အကုန်ပြန်လျှောက်တယ်။ ပါဠိတော်ကတော့ ဟိုဘက်ကို မြတ်စွာဘုရား ဆက်ဟောတဲ့ ဥဒါန်းအဋ္ဌကထာ စကားပဲပါတယ်။ ဓမ္မပဒ အဋ္ဌကထာကျတော့ ဒီအနား (ခု ပြောမယ့်စကား ဓမ္မပဒ အဋ္ဌကထာကနေ ပြောမှာ။) တပည့်တော် အဲဒီလို အကုသိုလ်ကံမှ ကြုံခဲ့ရပါတယ် ဘုရား-လို့ မြတ်စွာဘုရားကို လျှောက်ထားတော့ ဘုရားကိုယ်တော်မြတ်က-

အတိဘာရိယံ တေ မေဃိယ ကတံ အာဂမေဟိ တာဝ၊ ဧကကမှိတာဝ၊ ယာဝ အညောပိ ကောစိ ဘိက္ခု အာဂစ္ဆတီတိ မံ ယာစန္တံ ဧကကံ ပဟာယ ဂစ္ဆေန္တေန။
မေဃိယ= ချစ်သား မေဃိယ။ အာဂမေဟိတာဝ= ခဏဆိုင်းပါအုံး။ ဧကကမှိတာဝ= အခု ငါဘုရား တစ်ပါးတည်း ရှိနေသေးလို့ပါ။ ယာဝ အညောပိ ကောစိ ဘိက္ခု အာဂစ္ဆတိ= သင်ချစ်သားမှ တစ်ပါး အခြားရဟန်းတစ်ပါး လာအောင် ချစ်သား ဆိုင်းပါအုံး။ ဣတိ= ဤသို့။ ယာစန္တံ= တောင်းပန်စကား ပြောကြား၍ နေသော။ မံ= ငါဘုရားကို။ ပဟာယ= ပယ်စွန့်၍။ ဂစ္ဆန္တေန= သွားသော။ တေ တယာ= သင်ချစ်သားသည်။ အတိဘာရိယံ= အလွန် ဝန်လေးတဲ့ အမှုကို။ ကတံ= ပြုအပ်မှားလေပြီ။

မေဃိယအား မြတ်စွာဘုရားက ဆုံမဩဝါဒ ပေးတော်မူခြင်း
ချစ်သား၊ ငါဘုရား တောင်းတောင်းပန်ပန် ပြောပါလျက်ကနဲ့ ငါဘုရားကို သင်ချစ်သား စွန့်ပြီးတော့ တစ်ပါးတည်း စွန့်ပြီတော့ သွားတာကိုက ချစ်သား အလွန်ဝန်လေးတဲ့ အလုပ်ကြီးကို ချစ်သားလုပ်တာ။

ဘိက္ခုနာ နာမ ဧဝံ စိတ္တဝသိကေန ဘဝိတုံ န ဝဋတိ။
ဘိက္ခုနာ နာမ= ရဟန်းမည်သည်။ စိတ္တဝသိကေန= စိတ်အလိုကို လိုက်ပါသူသည်။ ဘဝိတုံ= ဖြစ်ခြင်းငှာ။ န ဝဋတိ= မသင့်။ ချစ်သား၊ ရဟန်းဆိုတာ စိတ်လိုက်မာန်ပါပြုဖို့ မတော်ဘူး။ စိတ္တံ နာမေတံ လဟုကံ။ ဧတံ စိတ္တံနာမ= ဤ စိတ်တရားမည်သည်။ လဟုကံ= ပေါ့ပါးလျင်မြန်တတ်လှ၏။ စိတ်ဆိုတာ အင်မတန် လျင်မြန်တယ် ချစ်သားတို့။ တံ= ထိုစိတ်ကို။ အတ္တနော= မိမိ၏။ ဝသေ= အလိုနိုင်ငံ၌။ ဝတ္တေတုံ= ဖြစ်စေခြင်းငှာ။ ဝဋတိ= သင့်၏။ ကိုယ်က စိတ်အလိုကို မလိုက်ဘဲ စိတ်ကိုသာ ကိုယ့်အလို လိုက်ပါအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ဖို့ သင့်လျော်တယ် ချစ်သားလို့ အဲဒီလို ဩဝါဒစကား မိန့်ကြားပြီးတော့-

ဖန္ဒနံ စပလံ စိတ္တံ၊
ဒုရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊
ဥသုကာရောဝ တေဇနံ။
(ဓမ္မပဒ၊ ၁၈)
မေဃိယ= ချစ်သား မေဃိယ။ဥသုကာရော= မြားသမားသည်။ တေဇနံ= ကောက်ကွေ့၍နေတဲ့ မြားကို။ ဥဇုံ= ဖြောင့်မတ်အောင်။ ကရောတိဣဝ= ပြုသကဲ့သို့။ (ချစ်သား၊ မြားသမားဟာ ဟိုတုန်းကတော့ ဒီ ဝါးတွေ ဘာတွေနဲ့ လုပ်တယ်။ ကောက်နေတဲ့ဝါးကို ဖြောင့်အောင် မီးကလေးနဲ့ကင်ကင် သင်းသင်း ပြီးတော့ ဖြောင့်အောင်လုပ်သလို) မေဓာဝီ= ထက်မြက်စူးရှသော ဉာဏ် ပညာရှိတဲ့ ရဟန်းသည်။ ဖန္ဒနံ= တလျှပ်လျှပ် တုန်လှုပ်၍ နေပေသော။ စပလံ= လျှပ်ပေါ်လော်လီစွာသော။ ဒုရက္ခံ= စောင့်ရှောက်နိုင်ခဲသော။ ဒုန္နိဝါရယံ= တားမြစ်နိုင်ခဲသော။ စိတ္တံ= စိတ်ကို။ ဥဇုံ= ဖြောင့်မတ်အောင်။ ကရောတိ= ပြုပေ၏။

ချစ်သား မြားသမားများ မြားကို ဖြောင့်အောင်လုပ်တာ မြင်ဖူးရဲ့လား။ ကောက်နေတဲ့ ဝါးကို ဆီကလေး ဆွတ်လိုက်၊ မီးကလေး ကင်လိုက်၊ မျှင်းပြီးတော့ ဖြောင့်အောင် လုပ်လိုက်တယ်။ မီးလေးကင်လိုက်၊ ဆီလေး သုတ်လိုက်၊ အဲဒီလို လုပ်လုပ်ပြီး တဖြည်းဖြည်း တမျှင်းမျှင်း ညင်းဖြောင့်အောင် လုပ်တာကိုး။ မေဓာဝီခေါ်တဲ့ ပညာရှိပုဂ္ဂိုလ်များကတော့ စိတ်ဆိုတဲ့ ဒီတရားဟာ တလျှပ်လျှပ် လှုပ်တယ်။ ဟို အာရုံပြောင်း၊ ဒီအာရုံပြောင်း လော်လီလိုက်တာ၊ ဒါနဲ့ တင်းမတိမ်၊ ဟို နောက်၊ ဟိုဟာနဲ့ တင်းမတိမ် ဒီအာရုံလိုက်၊ သာမန်ပုဂ္ဂိုလ်များ ဒီစိတ်ကို စောင့်ရှောက်ဖို့ အင်မတန် ခဲယဉ်းတယ်။ စိတ်ရဲ့ လှုပ်ရှားမှုကို သာမန်ပုဂ္ဂိုလ်များ တားမြစ်ဖို့ အင်မတန် ခဲယဉ်တယ်။ ဒီစိတ်တည်းဟူသော ဝါးရိုင်း၊ စိတ်ရိုင်းကို သမထဝိပဿနာ ဘာဝနာမီးမှာ တင်ပြီးတော့ ဟို မဂ်ဖိုလ်က ဖြောင့်အောင် လုပ်ပေးကြတယ် ချစ်သား…။ သူတကာကို လုပ်ပေးတာကို ပြောတာ။ အားကျအောင်လို့။

ဝါရိဇောဝ ထလေ ခိတ္တော၊
ဩကမောကတမုဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊
မာရဓေယျံ ပဟာတဝေ။

မေဃိယ= ချစ်သား မေဃိယ။ ဩကမောကတော= ရေတည်းဟူသော တည်ရာမှ။ ဥဗ္လတော= ထုတ်ဆောင်အပ်သည်ဖြစ်၍။ ထလေ= ကြည်းကုန်း၌။ ခိတ္တော= ပစ်ချအပ်သော။ ဝါရိဇော= ငါးသည်။ ပရိဖန္ဒတိဣဝ= တလျှပ်လျှပ် တုန်လှုပ်သကဲ့သို့ (ချစ်သား၊ ရေမှာနေတဲ့ ကျက်စားတဲ့ ငါးကို သူရဲ့တည်နေရာ ရေထဲက ထုတ်ပြီး ကုန်းပေါ်မှာ ပစ်ထားယင် တဖျပ်ဖျပ် မလှုပ်ဘူးလား၊ လှုပ်တယ်။ အေး-အဲဒီအတိုင်းပဲ၊ လိုက်ကြဦးရဲ့။) ဩကမောကတော= ရေနှင့်တူသော အာရုံငါးပါး တည်းဟူသော တည်ရာမှ။ ဥဗ္ဘတော- ဥဗ္ဘတ= ထုတ်ဆောင်အပ်သည်ဖြစ်၍။ မာရဓေယျံ= မာရ်မင်းသည် ထားအပ်သော ကိလေသဝဋ်ကို။ ပဟာတဝေ= ပယ်စွန့်နိုင်ရန် အလို့ငှာ။ ထလေ= သမထဝိပဿနာ ဘာဝနာတည်းဟူသော ကြည်းကုန်းထက်၌။ ခိတ္တံ= ပစ်အပ်သည်ရှိသော်။ ဣဒံ စိတ္တံ= ဤစိတ်သည်။ ပရိဖန္ဒတိ= တဖျပ်ဖျပ် တုန်လှုပ်၍ နေတတ်၏။

ငါးတွေပဲ ချစ်သားတို့၊ ဒီစိတ် သူနေချင်တာက အာရုံငါးပါး ကာမဂုဏ်တရား တည်းဟူသော ရေထဲမှာသာ သူက တည်တည်ငြိမ်ငြိမ် နေချင်တာ။ အဲဒီ သူနေချင်တဲ့ အာရုံငါးပါး ကာမဂုဏ်ဆိုတဲ့ အဲဒီ ရေထဲက ထုတ်၊ သမထ၊ ဝိပဿနာအာရုံဆိုတဲ့ ကုန်းပေါ်ကို ဒီ စိတ်တည်းဟူသော ငါးကို ကိလေသဝဋ် တည်းဟူသော မာရ်မင်းရဲ့ လက်နက်ကို ပယ်နိုင်ရန် အတွက် စိတ်တည်းဟူသော ငါးကို သမထ ဝိပဿနာ ဘာဝနာ ကုန်းခေါင်ခေါင်၌ ပစ်အပ် ထားအပ်သည်ရှိသော် မတည်ငြိမ်ဘူး။ တဖျပ်ဖျပ် တခုန်ခုန်နဲ့ နေတာပဲ၊ ဒီစိတ်။

ဒါပေမယ်လို့ ခုန်ချင်တိုင်း ခုန်ပစေ ချစ်သား၊ အဲဒီ ခုန်တဲ့စိတ်ဟာ မောတော့ တော်လိမ့်မယ်။ မိမိကသာ သမထ ဝိပဿနာ ဘာဝနာ အာရုံထဲမှာပဲ ဒီစိတ်ကို ထားမြဲတိုင်း ထား။ ခုန်နိုင်လှ ခဏပေါ့။

ဥပမာ ဘာလဲ။ နွားကလေး၊ နွားရိုင်ကလေး၊ နွားဆိုးကလေး၊ အင်မတန်ဆော့တဲ့ ဆိုးတဲ့ နွားကလေးကို ပထမ လည်ပင်းကို ကြိုးနဲ့ချည်။ ချည်ပြီးတော့ တိုင်မှာ အဲဒီကြိုးစ သွားချည်ထား။ ချည်စတော့ ဒီနွားကလေးဟာ တရုန်းရုန်း တကန်ကန်နဲ့ နေမယ်ပ။ ကန်ပစေ၊ ဒီအတိုင်းသာထား။ တော်တော်ကြာပြီ ဆိုတော့ ရုန်းတယ်။ ရုန်းလို့မရဘဲ တစ်ချိန်ကျတော့ ဒီတိုင်ခြေမှာပဲ ခွေပြီးတော့ အိပ်တယ်။ အေး- ထို့အတူ မိမိရဲ့ စိတ်တည်းဟူသော နွားဆိုး နွားရိုင်းကလေးကို သတိတည်းဟူသော ကြိုး တပ်ပြီးတော့ သမထ ဝိပဿနာ ဘာဝနာ အာရုံဆိုတဲ့ တိုင်မှာ ချည်ထား။ စောစောတော့ ဒီစိတ်ဟာ ရုန်းလိမ့် ကန်လိမ့်မယ်၊ ကန်ပစေ၊ သတိကြိုးသာ ခိုင်ခိုင်ချည်ထား။ ကြာတော့ သူ ရုန်းလို့မရ၊ မောလာတဲ့ အခါကျတော့ သမထ ဝိပဿနာ ဘာဝနာ အာရုံဆိုတဲ့ ဒီတိုင်ခြေမှာပဲ ငြိမ်ငြိမ်ကလေး နေလိမ့်မယ်။ ဒီအဓိပ္ပာယ်တွေ ပြောပြီးတော့ မြတ်စွာ ဘုရားက ဒီနှစ်ဂါထာ ဟောတယ်။ အကျိုး ဘယ်ပုံရသလဲဆိုတော့-

ဂါထာပရိယောသာနေ မေဃိယတ္ထေရော သောတာပတ္တိဖလေ ပတိဋ္ဌိတော။
အညေပိ ဗဟူ သောတာပန္နာဒယော ဇာတာ။
(အဋ္ဌကထာမှတ်ချက်)
ဂါထာပရိယောသာနေ= ဂါထာနှစ်ပိုဒ် ဆုံးသောခဏ၌။ မေဃိယတ္ထေရော= အရှင် မေဃိယ မထေရ်သည်။ သောတာပတ္တိဖလေ= သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌိတော= တည်လေ၏။ အညေပိ= အရှင်မေဃိယမှ တပါးလည်း ဖြစ်ကုန်သော။ ဗဟူ= များစွာကုန်သော ပုဂ္ဂိုလ်တို့သည်။ သောတာပန္နာဒယော= သောတာပန် အရိယာ စသည်တို့သည်။ ဇာတာ= ဖြစ်ကြလေကုန်၏…လို့...

ဓမ္မပဒ အဋ္ဌကထာမှာ အရှင် မေဃိယ ဝတ္ထု ဒီလို “ဖန္ဒနံ စပလံ စိတ္တံ” အစရှိတဲ့ နှစ်ဂါထာဖြင့် သလိုဖွင့်ပြတယ်။ ကိလေသာမှ လွတ်မြောက်ခြင်း အဆင့် ၄ ဆင့် ဥဒါန်းပါဠိတော် မေဃိယသုတ္တန် ကုန်ပလား၊ မကုန်သေးဘူး။ မြတ်စွာဘုရားက ဘာဟောလဲ ဆက်ပြီးတော့။

အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ ပဉ္စဓမ္မာ ပရိပါကာယ သံဝတ္တန္တိ။
မေဃိယ= ချစ်သား မေဃိယ။ အပရိပက္ကာယ= မရင့်ကျက်သေးသော။ စေတောဝိမုတ္တိယာ= စိတ်၏ ကိလေသာမှ လွတ်ခြင်း။ လွတ်ခြင်းက တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘနဝိမုတ္ထိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိပ္ပဿဒ္ဓိ ဝိမုတ္တိ ဆိုတဲ့ စိတ်၏ ကိလေသာမှ လွတ်ခြင်းသည် အဆင့်လေးဆင့် ရှိတယ်။

(၁) ကာမ ကုသိုလ်ဖြင့် ကိလေသာမှ တဒင်္ဂလွတ်ခြင်း။
(၂) မဟဂ္ဂုတ် ကုသိုလ်ဖြင့် ဝိက္ခမ္ဘန လွတ်ခြင်း။
(၃) မဂ်ဖြင့် သမုစ္ဆေဒ အမြစ်ပြတ် လွတ်ခြင်း။
(၄) ဖိုလ်ဖြင့် ပဋိပ္ပဿဒ္ဓိ တစ်ဖန်ငြိမ်းအေးသော အနေနဲ့ လွတ်ခြင်း။

အဲဒီလို လွတ်ခြင်း လေးမျိုးတွင် အခု ဆိုလိုတာက မဂ်ဖိုလ်-မဂ်ဖိုလ်မှ လွယ်လွယ် အရဟတ္တမဂ် အရဟတ္တဖိုလ်၊ သိပ်ကို ယူလို့ရှိယင်ဖြင့် စေတောဝိမုတ္တိအရ အရဟတ္တဖိုလ်ကို ယူရမယ်။

မေဃိယ= ချစ်သား မေဃိယ။ အပရိပက္ကာယ= မရင့်ကျက်သေးသော။ စေတောဝိမုတ္တိယာ= စိတ်၏ ကိလေသာမှ သမုစ္ဆေဒအားဖြင့် လွတ်ခြင်း, ပဋိပ္ပဿဒ္ဓိအားဖြင့် လွတ်ခြင်း၏။ ပဉ္စဓမ္မာ= ငါးပါးသော တရားတို့သည်။ ပရိပါကာယ= ရင့်ကျက်ခြင်း အလို့ငှာ။ သံဝတ္တန္တိ= ဖြစ်ကုန်၏…။

ချစ်သား၊ မရင့်ကျက်သေးသော စေတောဝိမုတ္တိ ခေါ်တဲ့ အရဟတ္တဖိုလ် ရင့်ကျက်ဖို့ရန် တရားငါးပါး ရှိတယ်တဲ့။ အဲဒီလို စကားတည်လိုက်တယ်။

ဝိမုတ္တိပရိပါစနီယတရား ၁၅ ပါး...
ဤတွင် ဝိမုတ္တိ ပရိပါစနီယ တရားလို့ ခေါ်တဲ့ အရဟတ္တဖိုလ်ကို ရင့်ကျက်စေတတ်တဲ့ တရား တစ်ဆယ့်ငါးမျိုး ပဋိသမ္ဘိဒါမဂ် (နှာ-၁၉၈) မှာ ဟောတယ်။ မရင့်ကျက်သေးသော၊ မိမိသန္တာန်မှာ မဖြစ်ပေါ်လာသေးသော အရဟတ္တဖိုလ် တည်းဟူသော ဝိမုတ္တိ ရင့်ကျက်ဖို့ရန် ဖြစ်ပေါ်ဖို့ရန် ဝိမုတ္တိပရိပါစနီယခေါ်တဲ့ တရား တစ်ဆယ့်ငါးပါး ရှိတယ်။ တစ်ဆယ့်ငါးပါးက ဘာလဲ။

သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဒီဣနြေ္ဒ ငါးပါးကို မူတည်ထားရမယ်။
(၁) သဒ္ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း။
(၂) သဒ္ဓါတရား ဖြစ်ပွားစေတတ်တဲ့ သုတ္တန်တို့ကို နာယူခြင်း၊ လေ့လာဆွေးနွေးခြင်း၊ သဒ္ဓါနဲ့ ပတ်သက်၍ သုံးမျိုး။

ဝီရိယနဲ့ ပတ်သက်လို့ ထို့အတူ သုံးမျိုး။
(၁) ပျင်းရိတဲ့ ဝီရိယမရှိတဲ့လူကို ရှောင်ကြဉ်ခြင်း။
(၂) ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) ဝီရိယနဲ့စပ်တဲ့ တရားတို့ကို လေ့လာပွားများ နာကြားခြင်း သုံးပါး။

သတိနဲ့ စပ်၍လည်း ထို့အတူ သုံးပါး။
(၁) မုဋ္ဌဿတိ-သတိလွတ်ပြီးတော့ ပေါ့တန်တဲ့ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း။
(၂) ထင်လင်းတဲ့ သတိရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) သတိပဋ္ဌာန် သုတ္တန်များကို နာကြား၊ သတိပဋ္ဌာန်တရားများကိုလေ့လာခြင်း အဲ-သတိပိုင်းက သုံးမျိုး။

သမာဓိနှင့်ပတ်သက်၍-
(၁) ဥဒ္ဓစ္စသမားများကို ရှောင်ရှားခြင်း။
(၂) သမာဓိရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) သမာဓိနှင့်စပ်၍ ဟောပြတဲ့ ဒါနကထာ စသည် နာကြားခြင်း၊ လေ့လာမှတ်သား လိုက်စားခြင်း။

ပညာမှာလည်း ထို့အတူပဲ သုံးပါး။
(၁) ပညာမရှိတဲ့ ပုဂ္ဂိုလ်တို့ကို ရှောင်ရှားခြင်း။
(၂) ပညာရှိတဲ့ ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း။
(၃) ပညာနှင့်စပ်သော သုတ္တန်များကို နာကြား မှတ်သား လေ့လာခြင်း။

အဲဒါက ပဋိသမ္ဘိဒါမဂ်မှာ အရှင်သာရိပုတ္တရာဟောတဲ့ ဝိမုတ္တိပရိပါစနီယတရား တစ်ဆယ့်ငါးပါး။ ထို့အပြင် ဝိမုတ္တိပရိပါစနီယတရား တစ်ဆယ့်ငါးပါး ရှိသေးတယ်။
ဘာလဲ။ သဒ္ဓါရယ်၊ ဝီရိယရယ်၊ သတိရယ်၊ သမာဓိရယ်၊ ပညာရယ်။
ဘာလဲ။ သဒ္ဓါရယ်၊ ဝီရိယရယ်၊ သတိရယ်၊ သမာဓိရယ်၊ ပညာရယ်။ ပေါင်း ငါးပါး။

အနိစ္စသညာ၊ ဒုက္ခသညာ၊ အနတ္တသညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ သညာငါးမျိုး။
(၁) မိတ်ဆွေကောင်း ပေါင်းသင်းမိခြင်း။
(၂) သီလနှင့်ပြည့်စုံခြင်း။
(၃) အဘိသလ္လေခကထာ ဆယ်ပါးနဲ့ ပြည့်စုံခြင်း။
(၄) အာရဒ္ဓဝီရိယ ပုဂ္ဂိုလ်ဖြစ်ခြင်း။
(၅) ပညဝန္တပုဂ္ဂိုလ်ဖြစ်ခြင်း။ ဒီက ငါးပါး။

အဲဒီလို ငါးသုံးလီ (၅x၃=၁၅) တစ်ဆယ့်ငါးပါး ဝိမုတ္တိပရိပါစနီယ တရားတို့ ရှိကြတဲ့အနက် အရှင်မေဃိယရဲ့ အာသယနဲ့ လိုက်လျောသော ငါးပါးကိုသာ ဟောပြချင်လို့ မြတ်စွာဘုရားက-

အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ ပဉ္စဓမ္မာ ပရိပါကာယ သံဝတ္တန္တိ။
ချစ်သား မေဃိယ၊ မရင့်ကျက်သေးသော အရဟတ္တဖိုလ် စေတောဝိမုတ္တိ ရင့်ကျက်ဖို့ရန်အတွက် တရားငါးပါးတို့ ရှိကြတယ်။ တရားငါးပါးတို့သည် ရင့်သန်ဖို့ ဖြစ်ကြတယ်။

မိတ်ဆွေကောင်းကြောင့် ကိစ္စအာလုံးပြီးစီးသည်...

ကတမေပဉ္စ= ငါးပါးက ဘာတွေလဲ ဆိုတော့-
ဣဓ မေဃိယ ဘိက္ခု ကလျာဏမိတ္တော ဟောတိ ကလျာဏသဟာယော ကလျာဏသမ္ပဝင်္ကော။ ချစ်သား မေဃိယ၊ အံ့ဖွယ်ရှစ်ဖြာ ဤ ငါဘုရားရဲ့ သာသနာမှာ ရဟန်းတော်သည် ကလျာဏမိတ်ဆွေ ရှိရမယ်။ ကလျာဏမိတ်ဆွေဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့ အတူတကွ ဣရိယာပုတ် လေးပါး၊ သွားအတူ၊ စားအတူ၊ နေအတူ၊ ထိုင်အတူ ဒါ ကလျာဏသဟာယ၊ အေး- ကလျာဏ မိတ်အပေါ်မှာသာလျှင် စိတ်အစဉ် ညွှတ်ကိုင်းရှိုင်းနေခြင်း။

အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ အယံ ပဋ္ဌမော ဓမ္မော ပရိပါကာယ သံဝတ္တတိ။ ချစ်သား မေဃိယ၊ မိတ်ဆွေကောင်း ပေါင်းသင်းမိခြင်းဆိုတဲ့ ဤတရားသည် မရင့်ကျက်သေးသော အရဟတ္တဖိုလ် စေတောဝိမုတ္တိ ရင့်ကျက်ဖို့ရန် ရှေးဦးစွာသော တရားတဲ့ ပဓာန။ ကလျာဏမိတ်ဆွေကောင်း ပေါင်းသင်းမိယင် အရဟတ္တဖိုလ်ရဖို့ရန် အလင်းရောင် လာပြီလို့ ဒီလိုသာ အောက်မေ့။

တစ်ချိန်က အရှင်အာနန္ဒာ စဉ်စားတယ်။ တစ်ပါးတည်းနေရင်း စဉ်းစားတယ်။ “မိတ်ဆွေကောင်း ပေါင်းသင်းမိတာဟာ သာသနာအတွက် တစ်ဝက်ခရီးရောက်တယ်” လို့ သူစဉ်းစားမိတယ်။ သူစဉ်းစားမိတဲ့အချက် မှန်မမှန် ညနေကျတော့ ဘုရားထံသွားတယ်။“တပည့်တော် နေ့လယ်က တစ်ပါးတည်း နေ့သန့်နေတဲ့အခါ တပည့်တော်စိတ်ထဲ ‘မိတ်ဆွေကောင်းပေါင်းသင်းမိယင် သာသနာအတွက် တစ်ဝက်ခရီးရောက်တယ်’ လို့ တပည့်တော် စဉ်းစားမိပါတယ် ဘုရား” လို့ ဘုရားကိုလျှောက်တော့ မြတ်စွာဘုရားက-

“မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ”
ဒီလိုမပြောနဲ့ အာနန္ဒာ၊ ဒီလိုမပြောနဲ့ အာနန္ဒာလို့ ချက်ချင်းလက်ငင်း လေးလေးနက်နက် ကန့်ကွက်တယ်။

သကလမေဝဟိဒံ အာနန္ဒ ဗြဟ္မစရိယံ၊ ယဒိဒံ ကလျာဏမိတ္တတာ။

ချစ်သား၊ မိတ်ဆွေကောင်း ပေါင်းသင်းမိလိုက်ခြင်းဟာ သာသနာအတွက် အကုန်လုံး ကိစ္စပြီးတယ်။ တစ်ဝက်တင် မကဘူး။ တစ်ဝက်တည်း မဟုတ်ဘူးတဲ့။ အကုန်လုံး ကိစ္စပြီးပုံကို သက်သေထောက်ပြရမယ် ဆိုလို့ရှိယင်-

မမ ဟိ အာနန္ဒ ကလျာဏမိတ္တံ အာဂမ္မ ဇာတိဓမ္မာ သတ္တာ ဇာတိယာ ပရိမုစ္စန္တိ၊ ဇရာဓမ္မာ သတ္တာ ဇရာယ ပရိမုစ္စန္တိ၊ ဗျာဓိဓမ္မာ သတ္တာ ဗျာဓိတော ပရိမုစ္စန္တိ၊ မရဏဓမ္မာ သတ္တာ မရဏေန ပရိမုစ္စန္တိ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသဓမ္မာ သတ္တာ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသေဟိ ပရိမုစ္ဆန္တိ။
(သဂါတာဝဂ္ဂ သံယုတ်၊ ၈၈)
သက်သေ ထုတ်ပြတယ်။ ငါဘုရား တည်းဟူသော ကလျာဏ မိတ်ဆွေကောင်း အကြောင်း ပြုပြီးတော့ ဇာတိဘေး မကင်းဝေတဲ့ သတ္တဝါတွေကို ဇာတိဘေး ကင်းဝေးကြတယ်။ ဇာတိဘေးမှ လွတ်မြောက်ကြတယ်။ အေး- မီးအနေနဲ့ ပြောယင် ဇာတိမီး တပြောင်ပြောင် တောက်လောင်နေတဲ့ လူတွေ ဇာတိမီး ကင်းကြတယ်။ ဇာရာမီး တညီးညီး တပြောင်ပြောင် တောက်လောင်နေတဲ့ သူတွေ၊ မရဏမီး တညီးညီး တပြောင်ပြောင် တောက်လောင်နေတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါတွေ၊ အဲဒီ မရဏမီး၊ သောကမီးတွေ ငြိမ်းတယ်။

သောကမီး၊ ပရိဒေဝမီး၊ ဒုက္ခ ဒေါမနဿ ဥပါယာသမီးတွေ တညီးညီး တောက်လောင်နေတဲ့ သတ္တဝါတွေ၊ သောက မီးတွေ ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယယသမီး၊ ဒီမီးတွေ အကုန်ငြိမ်းဖို့ မီးတစ်ဆယ့်တစ်ပါး ငြိမ်းယင် သာသနာအလုပ် ပြီးတာပဲ။ ဒီတော့ မိတ်ဆွေကောင်းကို ပေါင်းသင်းမိခြင်းသည် သာသနာအတွက် အကုန်ငြိမ်းအေးပါပေတယ်။ အဲဒီလို မြတ်စွာဘုရား အမိန့်ရှိတယ်။

အခု မြတ်စွာဘုရားက-
ချစ်သား မေဃိယ၊ မိတ်ဆွေကောင်း ပေါင်းသင်းမိခြင်းသည် အရဟတ္တဖိုလ်တည်း ဟူသော စေတောဝိမုတ္တိဉာဏ် မြန်မြန် ရင့်ကျက်ဖို့ အကြောင်း တစ်ပါးတဲ့။ ပြီးတော့- ဗုန စပရံ မေဃိယ ဘိက္ခု သီလဝါ ဟောတိ။ ချစ်သား မေဃိယ၊ ထို့အပြင် သာသနာဝန်ထမ်း ရဟန်း တစ်ပါးသည် သီလ ရှိရမယ်။ သီလရှိ ဆိုတာ ဘယ်လို အရည်အချင်းမျိုး ပြည့်စုံရမလဲ ဆိုတော့- ပါတိမောက္ခသံဝရသံဝုတော ဝိဟရတိ= ပါတိမောက္ခ သံဝရ သီလကို လုံလုံခြုံခြုံ နေရလိမ့်မယ်။ အာစာရ ဂေါစရသမ္ပန္နော= မိမိကျင့်ရမယ့် ကာယသမာစာရ၊ ဝစီသမာစာရ၊ မနောသမာစာရ၊ မိမိ ကျက်စားရမယ့် သမထ ဝိပဿနာ ဘာဝနာ အာရုံနဲ့ ပြည့်စုံရမယ်။

မကျက်စားအပ်တဲ့ အရပ် ခြောက်ပါးလို့ ဘုရားဟောထားတယ်။ အဂေါစရဋ္ဌာန ခြောက်ပါးကို ရှောင်ပြီးတော့ လှည့်လည်ကျက်စားရမယ့် ဌာနမှာ လှည့်လည် ကျက်စားခြင်းနဲ့ ပြည့်စုံရမယ်။

အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ= အနည်းငယ်မျှသော အပြစ်တို့၌လည်းပဲ ဧရာမ ဘေးကြီး အနေနဲ့ ရှုလေ့ရှိရမယ်။ သမာဒါယ သိက္ခတိ သိက္ခာပဒေသု= သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်။ ဒါဟာ သီလသမ္ပဒါ။ အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ အယံ ဒုတိယော ဓမ္မော ပရိပါကာယ သံဝတ္တတိ၊ ချစ်သား မေဃိယ၊ မရင့်ကျက်သေးသော အရဟတ္တဖိုလ် ခေါ်တဲ့ စေတောဝိမုတ္တိတရား၊ အခုပြောတဲ့ သီလနဲ့ ပြည့်စုံခြင်းလို့ ဆိုတဲ့ တရားသည် မရင့်ကျက်သေးတဲ့ အရဟတ္တဖိုလ် စေတောဝိမုတ္တိတရား ရင့်ကျက်ဖို့ရန် အကြောင်းတစ်ပါး-တဲ့။ ဒါ(၂)၊

ဒုတိယမြောက် အကြောင်းတရား။
ပြောရမယ့်စကား ၁၀-ပါး
ပုန စပရံ မေဃိယ ဘိက္ခု= ချစ်သား မေဃိယ၊ ငါဘုရားရဲ့ သာသနာမှာ ရဟန်းဖြစ်တဲ့ ပုဂ္ဂိုလ်သည်။ ယာယံ ကထာ အဘိသလ္လေခိကာ စေတော၊ ဝိဝရဏသပ္ပါယာ ဧကန္တ နိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ ပြောရမယ့်စကား ဆယ်ပါး ရှိတယ်။ ယင်း စကားဆယ်ပါးမှာတဲ့-

အဘိသလ္လေခိက= ကိလေသာခေါင်းပါးဖို့ စကား ဖြစ်ရမယ်။ စေတောဝိဝရဏ သပ္ပါယာ= ကိလေသာတို့မှ စိတ်ဖြင့်ညွှတ်ပေးတဲ့ အရိယာ မဂ်ဖိုလ်အားလျော် လျောက်ပတ်တဲ့ စကား ဖြစ်ရမယ်။ အဲဒီစကားသည် ဧကန္တနိဗ္ဗိဒါယ= နိဗ္ဗိဒါဉာဏ် ဧကန်ရင့်သန်ဖို့ ဖြစ်ရမယ်။ ဝိရာဂါယ= ရာဂကင်းဖို့ ဖြစ်ရမယ်။ နိရောဓာယ= ဒုက္ခခပ်သိမ်း ကင်းငြိမ်းဖို့ ဖြစ်ရမယ်။ ဒီစကားဟာ ဥပသမာယ= ကိလေသာ အားလုံး ငြိမ်းအေးဖို့ရန် ဖြစ်ရမယ်။ အဘိညာယ= ထူးသော မဂ်ဉာဏ်အဖို့ ဖြစ်ရမယ်။ သမ္ဗောဓာယ= သစ္စာလေးပါး ပိုင်းခြားသိမြင်ဖို့ ဖြစ်ရမယ်။ နိဗ္ဗာနာယ= နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ဖြစ်ရမယ်။ ဒီလို ဂုဏ်ရှစ်ပါးနဲ့ ပြည့်စုံတဲ့ စကား ဆိုတာ ဘာတွေတုံး။

၁။ အပ္ပိစ္ဆကထာ= ပစ္စည်းလေးဖြာ အလိုနည်းမှုနဲ့ ပတ်သက်သော စကားကိုသာ ပြောရမယ်။ ပစ္စည်းလေးပါး လောဘကြီးတဲ့ စကားမျိုး မပြောရဘူး။

၂။ သန္တုဋ္ဌီကထာ= ပစ္စည်းလေးပါး ပေါ်မှာ သန္တောသ ၁၂-ပါး ရှိတယ်။ ပစ္စည်းတစ်ပါး တစ်ပါး ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး တစ်ပါး တစ်ပါးမှာ သန္တောသ သုံးမျိုးစီ သုံးမျိုးစီ ရှိတယ်။
(က) ယထာလာဘသန္တောသ= မိမိရသမျှနဲ့ ရောင့်ရဲရမယ်။
(ခ) ယထာဗလသန္တောသ= မိမိရဲ့ခွန်အားနဲ့ အညီ ရောင့်ရဲခြင်း ဖြစ်ရမယ်။
(ဂ) ယထာသာရုပ္ပသန္တောသ= မိမိနဲ့ သင့်လျော်လျောက်ပတ်သော ပစ္စည်းဖြင့် ရောင့်ရဲခြင်းဆိုတဲ့ ပစ္စည်းတစ်ပါး တစ်ပါး အပေါ်မှာ ရောင့်ရဲခြင်း သုံးမျိုး သုံးမျိုး၊ ပစ္စည်းလေးပါး ဆိုတော့ ရောင့်ရဲခြင်း ဆယ့်နှစ်(၁၂)ပါး၊ အဲဒီဆယ့်နှစ်မျိုးသော သန္တောသတစ်ပါး= သန္တောသနဲ့ ပတ်သက်အပ်တဲ့(သန္တုဋ္ဌီကထာ) တရားစကား။

၃။ ပဝိဝေကကထာ= အာရုံငါးသင်း မိမိကင်းကွာခြင်းဆိုတဲ့-
(က) ကာယဝိဝေက။
(ခ) စိတ်၏နီဝရဏငါးသင်းမှ ကင်းကွာခြင်း ဆိုတဲ့ လောကီဈာန်သမာပတ် စိတ္တ ဝိဝေက။
(ဂ) ဥပဓိဝိဝေက- ဆိပ်ရာမှန်ခြင်း နိဗ္ဗာန်တည်းဟူသော ဝိဝေက။ အဲဒီ ဝိဝေက သုံးပါးနဲ့ ပတ်သက်တဲ့ စပ်တဲ့ တရားတစ်ပါး။

၎။ အသံသဂ္ဂကထာ-တဲ့။ သံသဂ္ဂဆိုတဲ့ ရောနှော ပေါင်းသင်းခြင်းက ငါးမျိုးရှိတယ်။
(က) သဝနသံသဂ္ဂ-တဲ့။ ကြားခြင်းနဲ့ ပတ်သက်တဲ့ တရား။
(ခ) ဒဿန သံသဂ္ဂ= မြင်ခြင်းနဲ့ ပတ်သက်တဲ့ တရားတစ်ပါး။
(ဂ) သမုလ္လပနသံသဂ္ဂ= စကားပြောနေရတာကို သာယာမက်မောခြင်း။
(ဃ) ဘောဇနသံသဂ္ဂ= အစားအသောက်နဲ့ ပတ်သက်တဲ့ သံသဂ္ဂတဲ့။
(င) ကာယသံသဂ္ဂ= လက် ခြေ စသည်တို့ကို ထိမိ ကိုင်မိလို့ ကိလေသာ ဖြစ်တယ်။
အဲဒီလို သံသဂ္ဂငါးမျိုးနဲပ လွတ်လွတ်ကင်းကင်း နေခြင်းဆိုတဲ့ အသံသဂ္ဂကထာက တစ်ပါးတဲ့။ အကုသိုလ်လောဘ အမျိုးမျိုး ရှောင်နိုင်တဲ့ စကားမျိုးတဲ့။

၅။ ဝီရိယာရမ္ဘကထာ= သမ္ဗပ္ပဓာန်လုံ့လ ဝီရိယကို အားထုတ်ခြင်းနဲ့ ပတ်သက်တဲ့စကား။

၆။ သီလကထာ= ပါတိမောက္ခသံဝရသီလ အစရှိသော သီလနဲ့ ပတ်သက်တဲ့ စကား။

၇။ သမာဓိကထာ= ဥပစာရ၊ အပ္ပနာသမာဓိနဲ့ ပတ်သက်တဲ့ စကား။

၈။ ပညာကထာ= လောကီဝိပဿနာ ပညာ၊ ဈာန်နဲ့ယှဉ်တဲ့ပညာ၊ အဘိညာဉ်နဲ့ယှဉ်တဲ့ပညာ၊ မဂ်ဖိုလ်နဲ့ယှဉ်တဲ့ ပညာ။ ဒီ ပညာဉ်နဲ့ စပ်တဲ့ စကား။

၉။ ဝိမုတ္တိကထာ= ဝိမုတ္တိငါးပါးနဲ့ စပ်တဲ့ စကား။

၁၀။ ဝိမုတ္တိဉာဏဒဿန ကထာ= ဝိမုတ္တိဉာဏဒဿန လို့ခေါ်တဲ့ ပစ္စဝေက္ခဏာဉာဏ်နဲ့ စပ်တဲ့ တရားတစ်ပါး။

ဧဝရူပါယ ကထာယ နိကာမလာဘီ ဟောတိ အကိစ္ဆလာဘီ အကသိရလာဘီ။
အခုပြောခဲ့တဲ့ အဘိသလ္လေခိက ခေါ်သော ကိလေသာ ခေါင်းပါးစေတတ်တဲ့ စကားဆယ်မျိုး။ အဲဒီ စကားဆယ်မျိုးကို နိကာမလာဘီ= အချိန်မရွေး အလိုရှိတဲ့ အချိန်မှာ ရတယ်။ အကိစ္ဆလာဘီ= မဆင်း မရဲ ရတယ်။ ဒီစကား ပြောယင်ပေါ့လေ။ ဆင်းရဲတဲ့ ပုဂ္ဂိုလ် မရှိရဘူး။ အကသိရလာဘီ= ပြန့်ပြန့် ပြောပြောရ ရမယ်။ ဤသို့ ရခြင်းသည်- အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ အယံ တတိယော ဓမ္မော ပရိပါကာယ သံဝတ္တတိ။ ချစ်သား မေဃိယ၊ အခုပြောတဲ့ အဘိသလ္လေခိက စကားကြီးဆယ်မျိုးကို ရလွယ်ခြင်းသည် မိမိသန္တာန်မှာ မရသေးသော၊ မဖြစ်သေးသော၊ မကျက်သေးသော အရဟတ္တဖိုလ် စေတောဝိမုတ္တိ မြန်မြန်ကျက်ဖို့ရန် ဖြစ်တယ်-တဲ့။ တတိယမြောက် တရားက။

သမ္မပ္ပဓာန် လုံ့လ ဝီရိယရှိခြင်း
စတုတ္ထမြောက် တရားက-
ပုန စပရံ မေဃိယ ဘိက္ခု အာရဒ္ဓဝီရိယော ဝိဟရတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ။
ချစ်သား မေဃိယ၊ ငါဘုရား၏ အံ့ဖွယ်ရှစ်ဖြာ သာသနာမှာ ရဟန်း၏ လေးခုမြောက် ဝိမုတ္တိပရိပါစနီယကို ပြောတာ။ လေးခုမြောက် အရဟတ္တဖိုလ်ကို ရင့်သန်စေတတ်တဲ့ တရား ပယ်ရမယ်။ ငါဘုရားရဲ့ သာသနာတော်မှာ ရဟန်းတော်၏ အကုသိုလ်တရား ဖယ်ရှားဖို့ရန် ကုသိုလ်တရားတို့ကို ပွားများဖို့ရန် သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိရမယ်။

ထာမဝါ= အားလည်း ရှိရမယ်။
ဒဠပရက္ကမော= ခိုင်ခံ့တဲ့ လုံ့လ ရှိရမယ်။
အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု= ကုသိုလ်တရား= အပြစ်မရှိတဲ့ ကုသိုလ်တရားတွေ မှန်ယင် လုံ့လ ဝီရိယဆိုတဲ့ ခေါင်းကို ဘယ်တော့မှ မချရဘူး။ အဲဒီလို လုံ့လ ဝီရိယရှိပြီးတော့ ခေါင်းကိုမချခြင်းဟာဖြင့်- အပရိပက္ကာယမေဃိယ စေတောဝိမုတ္တိယာ အယံ စတုတ္ထော ဓမ္မော ပရိပါကာယ သံဝတ္တတိ။ မေဃိယ= ချစ်သား မေဃိယ။ အပရိပက္ကာယ= မရင့်သန်သေးသော။ စေတောဝိမုတ္တိယာ= အရဟတ္တဖိုလ် ခေါ်တဲ့ စေတောဝိမုတ္တိတရား၏။ စတုတ္ထော= လေးခုမြောက်သော။ အယံဓမ္မော= ဤလုံလဝီရိယ ရှိခြင်းဆိုတဲ့ တရားသည်။ ပရိပါကာယ= ရင့်ကျက်ရန် အလို့ငှာ။ သံဝတ္တတိ= ဖြစ်၏။

မြတ်စွာဘုရားက အေး- ဝိမုတ္တိပရိပါစနီယ စတုတ္ထတရားဆိုတာ ကုသိုလ်တရားတို့၌ လုံ့လဝီရိယခေါင်း ဘယ်တော့မှ မချခြင်း၊ ဝီရိယရှိခြင်း။ အဖြစ်အပျက်သိသော ပညာရှိခြင်း၊ ပုန စပရံ မေဃိယ ဘိက္ခု ပညာဝါ ဟောတိ။ ချစ်သား မေဃိယ၊ ထို့အပြင် သာသနာဝန်ထမ်း ရဟန်းတော်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပညာရှိရမယ်။ ပညာရှိဆိုတာ ဘယ်လိုမှ ပညာရှိ ခေါ်သလဲ။ ဥဒယတ္ထဂါမိနိယာ ပညာယ သမန္နာဂတော အရိယာယ နိဗ္ဗေဓိကာယ သမ္မာ ဒုက္ခက္ခယဂါမိနိယာ။ အရိယာယ= ဖြူစင်သော။ နိဗ္ဗေဓိကာယ= ကိလေသာတို့ကို ဖောက်ထွင်းနိုင်တဲ့အဖို့ ရှိသော။ သမ္မာဒုက္ခက္ခယဂါမိနိယာ= ကောင်းစွာ ဒုက္ခကုန်ရာ မဂ်ဖိုလ်သို့ ရောက်စေတတ်သော။ ဥဒယတ္ထဂါမိနိယာ= ရုပ်နာမ်ဓမ္မရဲ့ အဖြစ်အပျက်ကို သိလေ့ မြင်လေ့ ရှိသော။ ပညာယ= ပညာနှင့်။ ပမန္နာဂတော= ပြည့်စုံသည်။ ဟောတိ= ဖြစ်အံ့။ ဆိုလိုရင်းက ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံရမယ်။ အဲဒီဥဒယဗ္ဗယဉာဏ်နဲ့မှ မပြည့်စုံယင် အဂုင်္တ္တိုရ်အဋ္ဌကထာက ဒီကိုယ်တော်တပါးဟာ ရုပ်နာမ်တရားတို့ရဲ့ အဖြစ်အပျက်ကို မြင်တဲ့ ဥဒယဗ္ဗယဉာဏ်မှ ဒီကိုယ်တော်မသိယင် အေး- နိကာယ်ငါးရပ် ကမ်းဆုံးပင်တတ်သော်လည်း ဥဒယဗ္ဗယဉာဏ် မရှိယင် ပညာရှိ မဟုတ်သေးဘူး။

ဘာလို့ အဲဒီ ပုဂ္ဂိုလ် နိကာယ်ငါးရပ် ကမ်းဆုံးတတ် ဥဒယဗ္ဗယဉာဏ် မရှိတာနဲ့ ပညာရှိမဆိုရယင် အဲဒီပုဂ္ဂိုလ်ကို ဘယ်လိုဆိုရသလဲ။ ဝိညာဏစရိတ= ဝိညာဏ်ရဲ့ အလုပ်တွေ တွင်ကျယ်နေတဲ့ ပုဂ္ဂိုလ်တဲ့။ အဲဒီပုဂ္ဂိုလ် ပညာရှိ မဆိုရဘူးတဲ့။ ဥဒယဗ္ဗယဉာဏ်သာ မရယင် စာပေက။ အေး- ချစ်သားမေဃိယ။ အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ အယံ ပဉ္စမော ဓမ္မော ပရိပါကာယ သံဝတ္တတိ။ ချစ်သား မေဃိယ၊ မရင့်ကျက်သေးသော အရဟတ္တဖိုလ် စေတောဝိမုတ္တိအတွက် အခုပြောတဲ့ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်းဆိုတဲ့ ငါးခုမြောက်တရားသည် အဲဒီ အရဟတ္တဖိုလ် စေတောဝိမုတ္တိ ရင့်ကျက်ဖို့ရန် ဖြစ်တယ်- တဲ့။

တရားငါးပါး-
(၁)မိတ်ဆွေကောင်း ပေါင်းသင်းမိခြင်း၊
(၂) သီလနှင့် ပြည့်စုံခြင်း၊
(၃) ကိလေသာ ခေါင်းပါးစေနိုင်ခြင်းစတဲ့ ကျေးဇူးဂုဏ်နဲ့ ပြည့်စုံသော ကထာဆယ်ပါးလွယ်လွယ်ကူကူ ရခြင်း၊
(၄) အာရဒ္ဓ ဝီရိယ= အားထုတ်အပ်သော လုံ့လ ဝီရိယရှိခြင်း၊
(၅) ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်း၊ အဲဒီငါးပါးသည်-တဲ့။
အပရိပက္ကာယ မေဃိယ စေတောဝိမုတ္တိယာ ဣမေ ပဉ္စဓမ္မာ ပရိပါကာယ သံဝတ္တန္တိ။
ချစ်သား မေဃိယ- အခုပြောခဲ့တဲ့ တရားငါးပါးဟာ-တဲ့၊ မရင့်သန်သေးသော အရဟတ္တဖိုလ် စေတောဝိမုတ္တိတရား ရင့်သန်ဖို့ရန် ဖြစ်ကြတဲ့ တရားငါးပါး-တဲ့။

ကလျာဏမိတ္တ အရေးကြီးပုံ
အဲဒီ ငါးပါးထဲမှာလည်း ပဓာနက- တစ်နံပါတ် အရေးကြီးတာက ကလျာဏမိတ်ဆွေကောင်း။ မိတ်ဆွေကောင်း ပေါင်းသင်းမိဖို့ အရေးကြီးတယ်။ သူတစ်ခု ပြည့်စုံယင် ကျန်တဲ့လေးမျိုးစလုံး ပြည့်စုံတယ်။ အဲဒီအကြောင်းကို မြတ်စွာဘုရားက ဆက်ပြီးတော့ ပဓာန အရေးကြီးပုံ ဘယ်နှယ်ဟောတုံး။
ကလျာဏမိတ္တေဿတံ မေဃိယ ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ “ယံ သီလဝါ ဘဝိဿတိ၊ ပါတိမောက္ခသံဝရသံဝုတော ဝိဟရိဿတိ အာစာရဂေါစရသမ္ပန္နော၊ အဏုမတ္တေသု ဝဇ္ဇေသု ဘယဒဿဝီ သမာဒါယ သိက္ခိဿတိ သိက္ခာပဒေသု”။

ချစ်သား မေဃိယ၊ ပါတိမောက္ခသံဝရသီလနဲ့ နေနိုင်ဖို့၊ အေး- အဏုမြူမျှသော အပြစ်တို့၌ ဘေးဟု ရှု၍နေနိုင်ဖို့ ထိုထိုသိက္ခာပုဒ်တို့ကို ဆောက်တည်၍ နေနိုင်ဖို့ဆိုတဲ့ အဲဒီ သီလရှိခြင်းဟာ- တဲ့ မိတ်ဆွေကောင်း ပေါင်းသင်းမိတဲ့ ပုဂ္ဂိုလ်မှ အဲဒီ သီလနဲ့ ပြည့်စုံခြင်းဆိုတဲ့ တရား မချွတ်ဧကန် အမှန်ဖြစ်တာ။ ဒါက တစ်။

တစ်ဖန် လာပြန်တယ်။
ကလျာဏေဿတံ မေဃိယ ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ “ယံ ယာယံ ကထာ အဘိသလ္လေခိကာ စေတောဝိဝရဏသပ္ပာလာ ဧကန္တနိဗ္ဗိဒါယ ဝိရာဂါယ နိရောဓာယ ဥပသမာယ အဘိညာယ သမ္မောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။ သေယျထိဒံ၊ အပ္ပိစ္ဆကထာ သန္တုဋ္ဌီကထာ ပဝိဂေကကထာ အသံသဂ္ဂကထာ ဝီရိယာရမ္ဘကထာ သီလကထာ သမာဓိကထာ ပညာကထာ ဝိမုတ္တိကထာ ဝိမုတ္တိဉာဥဒဿနကထာ၊ ဧဝရူပါယကထာယ နိကာမလာတီ ဘဝိဿတိ အကိစ္ဆလာဘီ အကသိရလာဘိ”။

ဘာဆိုလိုသတုံး။ ပါဠိတွေများတော့ သဘာဝနိရုတ္တိဖြစ်တဲ့ ဘုရားစကားဟာ ပန်းပင်ကြီး တစ်ပင်လုံး ပွင့်နေသလို သဘာဝနိရုတ္တိနဲ့ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်နဲ့ ဟောထားတာ ဆိုတော့ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်နဲ လိုက်တယ်၊ ဒါတွေ အင်မတန် ကြည်ညိုစရာ ကောင်းတယ်။ သာမန်ဉာဏ်နဲ့ ဆိုတော့ အဲဒါတွေရဲ့ အထွတ်ကို ပြောမှ ဉာဏ်ထဲမှာ သဘောကျတယ်။ ဘာဆိုသတုံး။

ချစ်သား မေဃိယ၊ ခုနက ဝိမုတ္တိပရိပါစနီယတရား ငါးပါးထဲက သုံးခုမြောက်ဖြစ်တဲ့ အပ္ပိစ္ဆကထာ စတဲ့ကထာဆယ်ပါး ရလွယ်ခြင်း ဆိုတဲ့ အဲဒီတရားကလည်းပဲ (တစ်) မိတ်ဆွေကောင်း ပေါင်းသင်းမိယင် ပြည့်စုံတော့တယ်။ မိတ်ဆွေကောင်း ပေါင်းသင်းမိတဲ့ ပုဂ္ဂိုလ်မှာ အဲဒီ ကထာဆယ်ပါး ရဖို့ရန် သေချာတယ်။ ဧဝဿံဘာဝီ ဖွင့်တယ်။
ဟင်- တစ်ခါ လာပြန်တယ်။

ကလျာဏမိတ္တေဿတံ မေဃိယ ဘိက္ခုနော ပါဋိကင်္ခံ ကလျာဏသဟာယဿ ကလျာဏသမ္ပဝင်္ကဿ “ယံ အာရဒ္ဓဝီရိယော ဝိဟရိဿတိ အကုသလာနံ ဓမ္မာနံ ပဟာနာယ ကုသလာနံ ဓမ္မာနံ ဥပသမ္ပဒါယ ထာမဝါ ဒဠ ပရက္ကမော အနိက္ခိတ္တဓုရော ကုသလေသု ဓမ္မေသု”

ချစ်သား မေဃိယ၊ ထကြွလုံ့လ ဝီရိယ၊ သမ္မပ္ပဓာန် လုံ့လ ဝီရိယနဲ့ ပြည့်စုံမှု ဆိုတာလည်းပဲ မိတ်ဆွေကောင်းနဲ့ ပေါင်းသင်းမိတဲ့ ပုဂ္ဂိုလ်ဆိုယင် အဲဒီထကြွလုံ့လ ဝီရိယနဲ့ သမ္မပ္ပဓာန် လုံ့လ ဝီရိယလေးမျိုး ပြည့်စုံမှုဖြစ်သော စတုတ္ထမြောက် ဝိမုတ္တိ ပရိပါစနီယတရားလည်းပဲ မိတ်ဆွေကောင်း ပေါင်းသင်းမိတဲ့ ပုဂ္ဂိုလ်သာ မချွတ်ဧကန် အမှန်ဖြစ်တယ်။ အေး-ချစ်သား မေဃိယ၊ ပဉ္စမမြောက် ဝိမုတ္တိပရိပါစနီယတရားလို့ ခေါ်တဲ့ ပညာရှိလျှင် ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်းဆိုတဲ့ ပညာရှိတည်းဟူသော ဥဒယဗ္ဗယ ဉာဏ်ပညာရှိခြင်း ဆိုသော ပဉ္စမမြောက် ဝိမုတ္တိပရိပါစနီယ တရားဟာလည်းပဲ ချစ်သား- မိတ်ဆွေကောင်း ပေါင်းသင်းမိတဲ့ ပုဂ္ဂိုလ်အဖို့ရာ မချွတ်ဧကန် အမှန်ဖြစ်တော့တယ်-တဲ့။ ဒါ ဘာဆိုတာလဲ။ ဝိမုတ္တိပရိပါစနီယတရား ငါးပါး တန်းဟောထားလို့ ခက်ပါတယ်။ ငါးမျိုးစလုံး အခက်ချည့်ထဲ ထင်နေမှာစိုးလို့ ချစ်သားတို့ ဘာမှမပူနဲ့၊ မိတ်ဆွေကောင်းကို ပေါင်းသင်းမိအောင် တချက်ကိုသာ မိအောင်လုပ်၊ ဆရာကောင်း သမားကောင်း မိတ်ကောင်း ဆွေကောင်း ပေါင်းသင်းမိယင် နောက် လေးချက်ဖြစ်တဲ့-

၁။ သီလနဲ့ ပြည့်စုံခြင်း၊
၂။ ကထာဆယ်ပါးကို လွယ်လွယ်ကူကူနဲ့ ရခြင်း၊
၃။ သမ္မပ္ပဓာန် လုံ့လဝီရိယ ရှိခြင်း၊
၎။ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်းဆိုတဲ့-
ဝိမုတ္တိပရိပါစနီယ နောက်လေးပါးဟာ အလွယ်နဲ့ ရတယ်။ အဲဒီလို။
ဝိမုတ္တိပရိပါစနီယတရား ငါးပါးမှာ ကလျာဏမိတ္တ သမ္ပဒါသည် အရေးကြီးတဲ့ အကြောင်းပြုပြီးတော့ မြတ်စွာဘုရားက ဆက်ပြီး ဘာဟောလဲ။

တေန စ ပန မေဃိယ ဘိက္ခုနာ။
မေဃိယ= ချစ်သား မေဃိယ။ တေန ဘိက္ခုနာ= ထိုယောဂါဝစရ ရဟန်းသည်။
ဘာပြုလို့ ယောဂါဝစရ ဆိုရသလဲ။ နို့- ခုနကတုန်းက အရဟတ္တဖိုလ် ရင့်သန်စေတတ်တဲ့ တရားငါးပါးထဲမှာ ဥဒယဗ္ဗယဉာဏ် ရောက်လို့ အရဟတ္တဖိုလ် ရင့်သန်စေတတ်တဲ့ ဝိမုတ္တိပရိပါစနီယတရား ငါးပါးပြည့်တယ်။ အေး၊ ပြည့်တယ်ဆိုကတည်းကိုက ဥဒယဗ္ဗယဉာဏ် ရောက်နေတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်၊ ရုပ် နာမ် ဓမ္မ သင်္ခါရတို့ရဲ့ အဖြစ်အပျက်ကို သိတဲ့ ဥဒယဗ္ဗယဉာဏ် ရောက်နေရတယ်။

မေဃိယ= ချစ်သား မေဃိယ။ တေန ဘိက္ခုနာ= ထို ဥဒယဗ္ဗယဉာဏ်သို့ ရောက်တဲ့ရဟန်းသည်။ ဣမေသု- ပဉ္စသု ဓမ္မေသု= ဤဆိုအပ်ပြီးသော မိတ်ဆွေကောင်း ပေါင်းသင်းမိခြင်း၊ သီလနှင့် ပြည့်စုံခြင်း၊ ကထာဆယ်ပါး ရလွယ်ခြင်း၊ သမ္မပ္ပဓာန် လုံ့လ ဝီရိယ ရှိခြင်း၊ ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံခြင်း တည်းဟူသော ဤငါးပါးသော တရားတို့၌။ ပတိဋ္ဌာယ= တည်၍။ အဲဒီ ငါးပါးဟာ အမြဲတည်တယ်။ ယောဂါဝစရ ပုဂ္ဂိုလ်မှာ ဒါသည် ဒါရဲ့ ပဓာနအလုပ်ပဲ။ ငါသည် မိတ်ဆွေကောင်းရှိရမယ်။ ငါသည် သီလနဲ့ ပြည့်စုံရမယ်။ ငါသည် ကထာဆယ်ပါးကို ရလွယ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ ငါသည် ပမ္မပ္ပဓာန် လုံ့လဝီရိယရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ငါသည် ဥဒယဗ္ဗယဉာဏ်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။ အဲဒီလို အပြောတင်မဟုတ်ဘဲနဲ့ တကယ်ပြည့်စုံအောင် လုပ်တယ်။ အဲဒီလို ပြည့်စုံအောင်လုပ်ယင် အဲဒီတရား ငါးပါး၌ ထိုရဟန်း တည်တော့တယ်။

ကဲ-တည်ပြီးတော့ ဘာလုပ်ရမလဲ။
ဣတိ= ဤသို့။ ပဉ္စသု ဓမ္မေသု= ဤငါးပါးသော ဝိမုတ္တိ ပရိပါစနီယ တရားတို့၌။ ပတိဋ္ဌာယ= တည်ပြီးသော်။ ဘာလုပ်မတုံး။
အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။
ရာဂဿ= ရာဂကို။ ပဟာနာယ= ပယ်ခြင်းငှာ။ အသုဘာ= တယ်ဆယ့်တစ်ပါး အသုဘ ဘာဝနာများကို။ ဘာဝေတဗ္ဗာ= ပွားများအပ်ကုန်၏။ ချစ်သား၊ အဲဒီ တရားငါးပါးနဲ့ ပြည့်စုံလို့ ဥဒယဗ္ဗယဉာဏ် ရောက်နေတဲ့ ယောဂါဝစရ ပုဂ္ဂိုလ်သည် ရာဂကို ပယ်ဖို့ရန် အသုဘ ဘာဝနာများကို ပွားရမယ်။ အသုဘ ဆယ့်တစ်ပါးသည် သက်မဲ့အသုဘ ကမ္မဋ္ဌာန်းပိုင်းမှာ လာတဲ့အတိုင်း ဆယ်ပါး။ ကာယဂတာသတိကိုသက်ရှိ အသုဘလို့ ခေါ်တယ်။ အသုဘ တစ်ဆယ့်တစ်ပါး ဆိုလို့ အလွဲပြောတယ်လို့ အချင်းချင်း မငြင်းကြလေနဲ့။

အဲဒီရာဂကို ပယ်စွန့်ဖို့ ရန်အတွက် အသုဘ ဘာဝနာကို ပွားပြီးတော့မှ ပြောမယ်။ ဒါ ဘာပြုလို့ ဘုရားဟောသလဲ။

မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ။
ဗျပါဒဿ= ဗျာပါဒကို။ ပဟာနာယ= ပယ်စွန့်ဖို့ရန်။ မေတ္တာ= မေတ္တာ ဘာဝနာကို။ ဘာဝေတဗ္ဗာ= ပွားများအပ်၏။ ဝါ- ပွားများရမည်။ ဝိတက္ကုပစ္ဆေဒါယ= မိစ္ဆာဝိတက်တွေကို ဖြတ်တောက်ရန် အလို့ငှာ။ အာနာပါနဿတိ= အာနာပါနဿတိကို။ ဘာဝေတဗ္ဗာ= ပွားများရာ၏။ အသ္ဓိမာနသမုဂ္ဃါတာယ= ငါဆိုတဲ့ မာန်မာနကို ပယ်ဖျောက်ရန် အလို့ငှာ။ အနိစ္စသညာ= အနိစ္စသညာကို။ ဘာဝေတဗ္ဗာ= ပွားများရာ၏။

လယ်ရိတ် ယောက်ျား ပမာ ထား၍ အနိစ္စသညာကို ပွားရန်
ဒါ ဘာပြောနေတာလဲ။ အဋ္ဌကထာက လယ်ရိတ်တဲ့ယောက်ျားနဲ့ ဥပမာရှုရမယ်-တဲ့။ ဒီနေရာ ဘယ့်နှယ်လဲ ဆိုတော့ လူတစ်ယောက် လယ်ရိတ်တယ်။ အဲဒီလယ်ရိတ်တော့ သူ့လက်က ဘေးက စည်းတွေက လုံနေရဲ့လား၊ သို့သော် ဆူးစည်းတွေ လုံနေပေမယ့် လည်းပဲ မတော်တဆ ဖွင့်တဲ့သူ ရှိလိမ့်ဦးမယ်။ အဲဒီ ဆူးစည်း အပွင့်အပေါက်ကနေပြီးတော့ နွားတစ်ကောင်က ဝင်၍ ဒီလယ်ကို စားနေယင် (တိုတိုပြောကြစို့) ယောက်ျားတစ်ယောက် လယ်ကို တံဇဉ်နဲ့ ရိတ်နေတယ်၊ အဲဒီ ရိတ်နေတုန်း ဆူးစည်းက ပွင့်လို့။
နွားတစ်ကောင်က ဒီလယ်ထဲ ဝင်စားယင် အဲဒီလယ်သမားသည် တံဇဉ်ကို ခဏ ချတယ်။ ချပြီးတော့ တုတ်တစ်ချောင်း ယူသွားတယ်။ တုတ်တစ်ချောင်းနဲ့ အဲဒီနွားကိုရိုက်၊ ရိုက်ပြီးမှ အဲဒီ ပွင့်တဲ့ စည်းရိုးကို ပိတ်၊ ပိတ်ပြီးတော့မှ တစ်ခါ ပြန်လာပြီးတော့ တံဇဉ် ကိုင်ပြီးတော့ လယ်ရိတ်မြဲ ရိတ်တယ်။

အေး- လယ်သမား တံစဉ်ဖြင့် လယ်ကိုရိတ်နေခြင်းနဲ့ ယောဂါဝစရ ပုဂ္ဂိုလ်နဲ့ လယ်သမား တူတယ်။ တံဇဉ်နဲ့ ဝိပဿနာဉာဏ်ပညာ တူတယ်။ ဥဒယဗ္ဗယဉာဏ်၊ ဥဒယဗ္ဗယဉာဏ်နဲ့ ရုပ်နာမ်ဓမ္မတို့ရဲ့ အဖြစ်အပျက်ကို ကြည့်တယ်။ အဲဒီ ကြည့်၍နေခြင်းသည် တံဇဉ်ဖြင့် လယ်ရိတ်နေတာနဲ့ တူတယ်။ အဲဒီလို ဝိပဿနာ ဥဒယဗ္ဗယဉာဏ် ပညာ တည်းဟူသော တံဇဉ်ဖြင့် ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ကြည့်ခြင်း တည်းဟူသော လယ်ရိတ်တဲ့အလုပ် ယောဂါဝစရ ပုဂ္ဂိုလ် တည်းဟူသော လယ်သမား ပြုလုပ်နေတယ်။ တစ်ခါတစ်ရံလည်း သတိမေ့ပြီးတော့ လောဘ ဖြစ်တယ်။ ရာဂဝင်လာတာ၊ လောဘ ဝင်လာတာ၊ အဲဒါက သတိမေ့ခြင်း ဆူးစည်း ပွင့်လို့။ သတိ မေ့လျောု့ခြင်း တည်းဟူသော သမာပတ် ဆူးတံခါး ပွင့်သွားလို့။ လောဘ တည်းဟူသော နွား ဝင်လာတာ။ အဲဒီ လောဘ တည်းဟူသော နွား ဝင်လာတာကို တကတည်း တံဇဉ်နဲ့ ရိတ်မြဲ ရိတ်နေတယ်။ နွားမြင်တော့ ဒီအတိုင်း ထားလို့မဖြစ်ဘူး။

ဘယ့်နှယ်လုပ်သလဲ၊ ရုပ် နာမ် တရားတို့ရဲ့ ဥဒယဗ္ဗယကို ရှုနေတဲ့ ယောဂါဝစရပုဂ္ဂိုလ်သည် တံဇဉ်နဲ့ တူသော ဥဒယဗ္ဗယ ဝိပဿနာဉာဏ်ကို ခဏထားလိုက်ပါ။ တံဇဉ်လေး ချပစ်ထားသလို ဟုတ်လား။ ဥဒယဗ္ဗယ ဉာဏ်ကို ခဏဆိုင်းထား။ ထားပြီးတော့၊ အေး-လယ်ကွင်းထဲ ဝင်စားတဲ့ နွားလို ရုပ် နာမ်ဓမ္မ ဝင်ဝင်ပြီးတော့ သာယာတတ်တဲ့ တဏှာလောဘ၊ အဲဒီ နွား ထွက်သွားဖို့ရန် အတွက် အသုဘ ဘာဝနာ တည်းဟူသော တုတ်နဲ့ ကိုင်ရိုက်လိုက်-တဲ့။ ဒါ ပြောတာ။ အသုဘ ဘာဝနာတုတ်နဲ့ ကိုင်ရိုက်လို့ အဲဒီ လောဘ ငြိမ်းပြီဆိုတော့ တစ်ဖန်ပြန်၍ တံဇဉ်နှင့် တူသော ဥဒယဗ္ဗယ ဉာဏ်ကို ပြန်ယူ၊ လယ်ရိတ်ခြင်းနှင့် တူသော ရုပ် နာမ် ဓမ္မတို့ရဲ့ အဖြစ်အပျက်ကိုရှု-တဲ့၊ ဝိပဿနာအလုပ်ဟာ လယ်ရိတ်တာနဲ့ တူတယ်။ အေး- လယ်ရိတ်နေတုန်း ဒေါသ တည်းဟူသော နွား ဝင်လာပြီဆိုယင် အဲ- ဒီတစ်ခါကျတော့ မေတ္တာဘာဝနာ တုတ်ကြီးနဲ့ ထရိုက်လိုက်-တဲ့။ ဒါ ပြောတာ။

ဝိပဿနာအလုပ်အားထုတ်မှုဆိုတဲ့ လယ်ရိတ်နေတုန်း အကယ်၍များ ကာမဝိတက်တွေ၊ ဗျာပါဒဝိတက်တွေ၊ ဝိဟိံသာဝိတက်တွေ ဆိုတဲ့ ဒီဝိတက်တွေ ဝင်လာယင် အဲဒီ ဝိတက်တွေကို ဖြတ်တောက်ဖို့ရန်အတွက် အာနာပါနဿတိ ဆိုတဲ့ ဘာဝနာကို ပွားရမယ်။ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက် ဆိုတဲ့ အကုသိုလ် ဝိတက်၊ နွားတွေဝင်လာယင် အာနာပါနဿတိ ဆိုတဲ့တုတ်ကြီးနဲ့ ရိုက်၊ ရိုက်လိုက်လို့ ဝိတက်သုံးပါး အကုသိုလ် နွားတွေ ထွက်ပြေးပြီဆိုယင် အာနာပါန အသာထား။

ဥဒယဗ္ဗယဉာဏ် တံစဉ်ကိုင်ပြီးတော့ လယ်နှင့်တူသော ရုပ်နာမ်ဓမ္မ တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တလို့ ရှုလေ-တဲ့။ ကိုယ့်ဝိပဿနာအလုပ် အဲဒီလို လုပ်ဖို့ ပြောတာ။
အနိစ္စသညာ ဘာဝေတဗ္ဗာ အသ္ဓိမာနသမုဂ္ဃါတာယ။

မေဃိယ= ချစ်သား မေဃိယ။ အသ္ဓိမာနသမုဂ္ဃါတာယ= ငါဆိုတဲ့ မာန်မာနကို ဖယ်ဖျောက်ရန်။ အနိစ္စသညာ= အနိစ္စသညာကို။ ဘာဝေတဗ္ဗာ= ပွားများရမည်။
ဆိုပါစို့။ ဥဒယဗ္ဗယဉာဏ်နဲ့ ရုပ်နာမ် တရားတို့ရဲ့အဖြစ်အပျက်ကို ရှုနေတုန်း ငါကွ၊ ငါကွလို့ ဆိုတဲ့ အသ္ဓိမာန ပေါ်လာယင် အဲဒီ မာန တည်းဟူသော နွား ထွက်သွားနိုင်အောင် ဘာနဲ့လုပ်ရမလဲလို့ဆိုတော့ အနိစ္စသညာ၊ အနိစ္စဘာဝနာ တုတ်နဲ့ ရိုက်ရမယ်။ ဟုတ်ပါ့မလား မြတ်စွာဘုရား ဆိုတော့-

အနိစ္စသညိနော ဟိ မေဃိယ အနတ္တသညာ သဏ္ဍာတိ။
ဟိ= မှန်၏၊ ဟုတ်၏။ မေဃိယ= ချစ်သား မေဃိယ။ အနိစ္စသညိနော= အနိစ္စသညာရှိတဲ့ ရဟန်းအား။ အနတ္တသညာ= အနတ္တသညာသည်။ သဏ္ဍာတိ= မြဲမြဲ ခိုင်ခိုင် တည်နေတော့၏။

အနိစ္စသညာ အနိစ္စဘာဝနာ ပွားများယင် အနိစ္စတစ်ပါး ပေါက်ယင် ဒုက္ခ အနတ္တလည်း ပေါက်တယ်။ ဒီအနိစ္စ ဘာဝနာ၊ ဒုက္ခ ဘာဝနာ၊ အနတ္တဘာဝနာ သုံးပါးဟာ အနိစ္စကိုမြင်ယင် ဒုက္ခအနတ္တလည်းမြင်တော့တယ်။ ဒုက္ခကိုမြင်ယင် အနိစ္စအနတ္တလည်း မြင်တော့တယ်။ အဲဒါကြောင့် အနိစ္စက လွယ်လွယ်နဲ့ မြင်လွယ်တယ်။ ဒါကြောင့်အနိစ္စကို ပထမရှု၊ ရှုယင် အနတ္တသညာပေါ်လာလိမ့်မယ်။

အနတ္တသညီ အသ္ဓိမာနသမုဂ္ဃါတံ ပါပုဏာတိ၊ ဒိဋ္ဌေဝ ဓမ္မေ နိဗ္ဗာနံ။
အနတ္တသညီ= အနတ္တသညာ ရှိသော ယောဂီ ပုဂ္ဂိုလ်သည်။ အသ္ဓိမာနသမုဂ္ဃါတံ= ငါဆိုတဲ့ မာန်မာနကို အကြွင်းမဲ့ ပယ်သတ်ခြင်း တည်းဟူသော။ ဒိဋ္ဌေဝဓမ္မေ= မျက်မှောက် ပစ္စုပ္ပန် ဤဘဝ၌ပင်လျှင်။ နိဗ္ဗာနံ= ကိလေသာခပ်သိမ်း ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသို့။ ပါပုဏာတိ= ရောက်နိုင်၏။

ချစ်သား၊ အနိစ္စဘာဝနာပွား၊ အနိစ္စသညာ ပွားလို့ရှိယင် အနတ္တသညာ ဖြစ်လာလိမ့်မယ်။ အနတ္တသညာသည် မိမိကိုယ်မှာ ပေါင်းကြည့်လိုက်၊ အနတ္တသညာ တည်လာပြီဆိုယင် အသ္ဓိမာန= ငါဆိုတဲ့ မာန်မာနကို အကြွင်းမဲ့ ပယ်သတ်ခြင်း၊ မျက်မှောက်ဘဝမှာပင် ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသို့ ရောက်လိမ့်မယ်၊ ပြီးရော။ အဲဒီကျမှပဲ ဒိဋ္ဌေဝဓမ္မေနိဗ္ဗာနံ။

မြတ်စွာဘုရား ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခြင်း
အထ ခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ။
အထ ခေါ= ထိုအခါ၌။ ဘဂဝါ= မြတ်စွာဘုရားသည်။ ဧတမတ္ထံ= ဤ အရှင် မေဃိယ၏ သန္တာန်၌ အကုသိုလ်တွေ ဝင်ရောက် နှိပ်စက်နေတဲ့ အကြောင်း ကိုယ်တော်မြတ်တို့မှာတော့ အကုသိုလ် ဝိတက်တွေ မဝင်ရောက် မနှိပ်စက်နိုင်တဲ့ အကြောင်းကို။ ဝိဒိတွာ= ပိုင်းခြားထင်ထင် သိမြင်တော်မူ၍။ ဣမံ ဥဒါနံ= ဤဥဒါန်းကို။ ဥဒါနေသိ= ဝမ်းသာရွှင်မြူး ကျူးရင့်တော်မူပြီ….။

စိတ်သည် ဝိတက်ကိုးပါးသို့ အစဉ်လိုက်ခြင်း
ဥဒါန်းဆိုတာ အာလုပ်ပုဒ်။ ပုဂ္ဂိုလ်မထားဘူး၊ များသောအားဖြင့်-
ခုဒ္ဒါ ဝိတက္ကာ သုခုမာ ဝိတက္ကာ၊
အနုဂတာ မနသော ဥပ္ပိလာဝါ။
ဧတေ အဝိဒွါ မနသော ဝိတက္ကေ၊
ဟုရာ ဟုရံ ဓာဝတိ ဘန္တစိတ္တော။
ဒါ အရှင် မေဃိယကို တရားနာခံထားတဲ့ ဂါထာ။ ဘုရားသည် ဓမ္မသဘာဝ အရှင် မေဃိယတို့မှာ အကုသိုလ် မိစ္ဆာဝိတက်တွေ နှိပ်စက်နေတာကို မြင်လို့ ကိုယ်တော့်မှာတော့ မိစ္ဆာဝိတက်တွေ ပယ်ပြီးဖြစ်တာ ဖြစ်တဲ့အတွက် ဥဒါန်းနှစ်ခု။

ခုဒ္ဒါ ဝိတက္ကာ သုခုမာ ဝိတက္ကာ၊
အနုဂတာ စေတော ဥပ္ပိလာဝါ။
ဧတေ အဝိဒွါ မနသော ဝိတက္ကေ၊
ဟုရာ ဟုရံ ဓာဝတိ ဘန္တစိတ္တော။
ခုဒ္ဒါ= ယုတ်မာ ရုန့်ကြမ်းကုန်သော။ ဝိတက္ကာ= ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက် ဆိုတဲ့ အကုသိုလ်ဝိတက်ကြီး သုံးပါးတို့ကို လည်းကောင်း။ ဝိတက်ကြီး ကိုးပါးရှိတယ်။

(၁) ကာမဝိတက်၊
(၂) ဗျာပါဒဝိတက်၊
(၃) ဝိဟိံသာဝိတက်-
အဲဒီ ရှေ့သုံးမျိုးကိုတော့ ခုဒ္ဒဝိတက်၊ အင်မတန် ယုတ်တယ်။ အင်မတန် ကြမ်းကြုတ်တယ်။ အကြမ်းကြီး သုံးမျိုး။
အေး- နောက်ကကျန်တဲ့ ဇနပဒဝိတက်၊ ဉာတိဝိတက်၊ အမရဝိတက်၊ ပရာနုဒ္ဒယတာပဋိသံယုတ္တဝိတက်၊ လာဘသက္ကာရသိလောက ပဋိသံယုတ္တဝိတက်၊ အနဝညတ္တိကာမပဋိသံယုတ္တဝိတက်၊ ဒါ အကုသိုလ်ဝိတက်တွေ၊ အကုသိုလ်ဝိတက်ကြီး ကိုးပါး၊ အဲဒီ ကိုးပါးမှာ ရှေ့သုံးပါးက ရုန့်ရင်းကြမ်းတမ်းတယ်။ ဒါကြောင့်-

ခုဒ္ဒါ= ယုတ်မာကြမ်းကြုတ်ကုန်သော။ ဝိတက္ကာ= ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်တို့ကိုလည်းကောင်း။ သုခုမာ= သိမ်မွေ့နူးညံ့ကုန်သော။ ဝိတက္ကာ= ကျန်တဲ့ ဉာတိဝိတက်၊ ဇနပဒဝိတက် အစရှိသော ဝိတက်ခြောက်ပါးတို့ကို လည်းကောင်း။ စေတသော ဥပ္ပိလာ ဝါ= စိတ်၏ ပေါ်လွင်နေသည်၏ အဖြစ်ကို ပြုတတ်ကုန်သော။ ဧတေ= ဤဝိတက်တို့သို့။ အနုဂတာ= စိတ်သည် အစဉ်တစိုက်နောက်က လိုက်အပ်ပေကုန်၏။

ဤဘုရားရဲ့ ဉာဏ်နဲ့ အသိနဲ့ ဟောထားတာ၊ ပုထုဇဉ် ဉာဏ်ပိန်တာလေးနဲ့ နောက်က လိုက်ပြီးတော့- ဘာနဲ့ တူနေတုံးဆိုတော့ လူကြီး၊ သန်သန်မာမာ လူကြီး၊ ရှေ့ကနေပြီးတော့ သွက်သွက်ကြီး သွားနေတာ နောက်က ကလေး ကလေးက မမှီ့တမှီနဲ့ လိုက် လိုက်၊ ဖတ်တာနဲ့လည်း လိုက်၊ ဒီပုံမျိုးလို တယ်တူ။ အခုဘုန်းကြီးတို့ ပြောနေရတာက ပုထုဇဉ်ကလေး ပိန်တာလေးက ဟို သဗ္ဗညုတဉာဏ်နဲ့ ဥဒါန်းကျူးနေတာ ပြောရတာ၊ ဘာပြောတုံး မြတ်စွာဘုရားက။ ဘယ်သူ့မှ ဖော်တာမဟုတ်ဘူးနော၊ ဥဒါန်း။

ခုဒ္ဒဝိတက်ခေါ်တဲ့ ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိံသာဝိတက်၊ သူခုမဝိတက်ခေါ်တဲ့ ကျန်တဲ့ အကုသိုလ်ဝိတက် ခြောက်ပါး၊ အဲဒီ တရားတွေနောက်ကို စိတ်ဟာ အမြဲတစေ လိုက်နေတာ၊ စိတ်ဟာနောက်လိုက် ဖြစ်နေတယ်။ အဲဒီတရားတွေသည် စိတ်ကိုပေါ်ဖို့ ဥပ္ပိလာဝ=ပေါ်အောင်လုပ်တတ်တဲ့ တရားတွေ။

ဧတေ အဝိဒွါ မနသော ဝိတက္ကေ၊
ဟုရာ ဟုရံ ဓာပတိ ဘန္တစိတ္တော။
ဘန္တစိတ္တော= မိစ္ဆာဝိတက်တွေ မပယ်နိုင်တဲ့အတွက် တုန်တုန်ရီရီ ဖြစ်သော စိတ်ရှိသော။ အဝိဒွါ= ဝိပဿနာ အရိယဝိပဿနာ ဉာဏ်ပညာ မရှိတဲ့ မသိမလိမ္မာတဲ့ သူသည်။ ဧတေ မနသော ဝိတက္ကေ= စိတ်၏ ရှေ့ကသွားနေတဲ့ မိစ္ဆာဝိတက်တို့ကို။ အဝိဒွါ-အဝိဒွါနန္တော= ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြင့်မသိတဲ့ အန္ဓဗာလ ပုထုဇဉ်ပုဂ္ဂိုလ်သည်။ ဟုရာ ဟုရံ= အဆင့်ဆင့်။ ဓာဝတိ= ပစ္စုပ္ပန္န ဤဘဝမှ တမလွန်လောက ဟိုဘဝသို့ မရပ်မနား ပြေးသွားရလေ၏။ ဟောဒီလိုတဲ့။

ဒီ ဝိတက်တွေကို အရိယမဝိဉာဏ်၊ ဝိပဿနာဉာဏ်ဖြင့် ကောင်းကောင်းကြီး မသိတဲ့ အန္ဓဗာလ ပုထုဇဉ်ဟာ- ဟုရ= ဤဘဝမှ နောက်။ ဟုရံက ဟို-တမလွန် ဘဝသို့ မရပ်မနား ပြေးသွားနေရတယ်။ ဒါက ပုထုဇဉ်များ ဝိတက်က အနိုင်ကျင့်ပုံကို ဥဒါန်းကျူးခြင်း ဖြစ်တယ်။

အာတာပီ ယော သံဝရတီ သတိမာ။
သတိမာ= သတိနှင့် ပြည့်စုံသော။ အာတာပိယော= သမ္မပ္ပဓာန် လုံ့လ ဝီရိယရှိသော။ ဝိဒွါဝိပဿနာ ဉာဏ်ပညာ အရိယမဂ် ပညာရှိတဲ့ ပုဂ္ဂိုလ် သူမြတ်သည်ကား။ ဧတေ ဝိတက္ကေ= ဤ အကုသိုလ်ဝိတက် ကိုးမျိုးတို့ကို (ဒီလို ဆိုကြပါစို့။) သံဝရတီ= အရိယမဂ်ဖြင့် မိမိသန္တာန်ဝယ် မဖြစ်အောင် ပိတ်ဆို့နိုင်ပေ၏။

ဤ အကုသိုလ်ဝိတက် ကိုးမျိုးကို ဝိပဿနာ ဉာဏ်ပညာ အရိယမဂ်ပညာရှိတဲ့ ယောဂီသူတော်ကောင်းက အဲဒီ ပညာနဲ့ ယှဉ်သော လုံ့လ၊ သညာနဲ့ယှဉ်သော သတိရှိလျက် အဲဒီ ဝိတက်တွေကို အရိယမဂ်ဖြင့် ပိတ်ဆို့တယ်။

အနုဂ္ဂတေ စေတသော ဥပ္ပိလာဝေ။
အသေသ မေ တေ ပဇာဟာသိ ဗုဒ္ဓေါ။
ဝိဒွါ= ပညာရှိတဲ့။ (ကိုင်း- သာဝကတွေ ပါ ပါအောင်) ဝိပဿနာဉာဏ်ပညာ အရိယမဂ် ပညာရှိတဲ့ ပုဂ္ဂိုလ်သည်ကား (ယောဂီသူမြတ် ဆိုကြပါစို့။) စေတသောဥပ္ပိလာဝေ= စိတ်၏ ပေါလောပေါ်မှုကို သိကြကုန်သော။ ဧတေမနသောဝိတက္ကေ= ဤစိတ်၏ ရှေ့ကသွားနေတဲ့ အကုသိုလ် ဝိတက်ကြီး ကိုးပါးတို့ကို။ ဝိဒွါ= ဝိပဿနာဉာဏ်ပညာ၊ မဂ်ဉာဏ်ပညာရှိတဲ့ ယောဂီပုဂ္ဂိုလ် သူမြတ်ကတော့။ အာကာပိယော= ဝိပဿနာပညာနှင့် ယှဉ်တဲ့ ပမ္ပပ္ပဓာန် လုံ့လ ဝီရိယရှိသူ ဖြစ်၍။ သတိမာဝိပဿနာ ပညာနှင့်ယှဉ်သည့် သတိရှိသူ ဖြစ်လျက်။ အနုဂ္ဂတေ= ဝိတက်တရားတို့ မဖြစ်ပွားကြကုန်သည်။ သံဝရတီ= မဂ်ဉာဏ်ဖြင့် ပိတ်ဆို့နိုင်ပါ၏။

ဒါ ဘာပြောတာလဲ။ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်ဖြင့် အကုသိုလ်ဝိတက်တွေကို တားတယ်ဆိုတာ ဖြစ်လာလို့ အကုသိုလ် ဒုစရိုက်တွေကို တားတာမဟုတ်ဘူး။ အဲဒီ အကုသိုလ်ဝိတက်တွေ မဖြစ်ခင် မဖြစ်မီ ကြိုတင်ပြီးတော့ မဖြစ်အောင် ဟန့်တားရတာ။ ဖြစ်လာမှတော့ တားမရဘူး။ ဖြစ်လာယင် သူ့ဘာသာသူ ချုပ်သွားမယ်။ သူ့အချိန်ကျယင်။

ဥပါဒါဌီဘင်-တဲ့၊ ဥပါဒ်တဲ့ဟာကို တားလို့ မရဘူး။ ဥပါဒ်-ဌီဆိုတဲ့ ဥစ္စာကို တားလို့ မရဘူး။ ဥပါဒ်ပြီး ဌီဘင်အထိပဲ သွားမှာပဲ။ အေး-ဝိပဿနာ ဉာဏ်ပညာ၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရှိတဲ့ ယောဂီပညာရှိကတော့ အဲဒီ အကုသိုလ်ဝိတက်တွေကို ဥပါဒ်ထင်ရှား မဖြစ်ပွားခင် မဂ်ဉာဏ်ဖြင့် ဟန့်တားတယ်။ မဂ်ဉာဏ် ဖြင့် ဖယ်ရှားလိုက်။ ဟန့်တားတယ်၊ ဖယ်ရှားတယ်ဆိုတာ မဖြစ်အောင် လုပ်တာ။

ဗုဒ္ဓေါဧဝံဘူတော= ဤသို့ ဝိတက်ကိုးပါး ဝိပဿနာ ဉာဏ်ပညာ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ပယ်ရှား ဟန့်တားနိုင်တဲ့ ပုဂ္ဂိုလ်သည်။ ဗုဒ္ဓေါ= စတုသစ္စ ဗုဒ္ဓခေါ်ဆို ပုဂ္ဂိုလ်သူမြတ် ဖြစ်လတ်၍။ အသေသံ= အကြွင်းမဲ့။ ဧတေ= ဤ ဆိုအပ်ပြီးတဲ့ အကုသိုလ် ဝိတက်ကြီး ကိုးပါးတို့ကို။ ပဇဟာသိ= ပယ်စွန့် နိုင်တော့၏။

မြတ်စွာဘုရား နောက်ဂါထာကို ကိုယ်တော်မြတ်တို့ အဖို့ကျတော့ အကုသိုလ်ဒုစရိုက်တွေကို အကြွင်းမဲ့ ပယ်နိုင်တာနဲ့ ပတ်သက်လို့ ဝမ်းမြောက်လို့ ဥဒါန်းကျူးတယ်။ အေး- ရှေ့ဂါထာက အရှင်မေဃိယတို့လို ပုထုဇဉ်သန္တာန်၌ အကုသိုလ်ဝိတက်တွေ ဝင်ရောက်လွှမ်းမိုး နှိပ်စက်တာကို မြင်လို့ သိလို့ ဒီသဘောကို ငါသိရတယ်။ ပီတိသောမနဿတွေ ဝမ်းထဲမဆံ့ အပေါ်ယံမယ် ဂါထာအသံတွေဖြစ်ပြီး ဆီအိုးကြီးထဲ ဆီပြည့်လို့ မဆံ့တဲ့ဆီတွေ အပေါ်လျှံတက်သလို အဲဒီဂါထာသံတွေ လျှံပြီးတော့တက်တယ်။ ဒါကို ဥဒါန်းလို့ ခေါ်တယ်။ အဲဒီသုတ်ကို မေဃိယသုတ်လို့ ခေါ်တယ်။ ဤတွင် မေဃိယသုတ် ဆုံးတယ်။

တရားတော် နိဂုံး
ဤသို့လျှင် မေဃိယသုတ္တန် ဒေသနာတော်မြတ်ကို ကြားနာရခြင်း= ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံ စေတနာ၊ သရဏဂုံသီလ ဆောက်တည်ရခြင်း= သီလမယ ကောင်းမှုကုသိုလ်ကံစေတနာ၊ အဘိဓမ္မာ သာသနာ နေဝန်း ထွန်းပပါစေခြင်းအလို့ငှာ အသင်းဖွဲ့စည်း၍ နှစ်စဉ်နှစ်တိုင်း အဘိဓမ္မာသာသနာကျိုးပြုရခြင်းတည်း ဟူသော သာသနုပကာရ ကောင်းမှုကုသိုလ်ကံစေတနာ၊ ဩဝါဒါစရိယ မထေရ်တို့နှင့်တကွ သင်တန်းပြုပုဂ္ဂိုလ်တို့အား ထိုက်လျော်ရာ ပူဇော်မှုပြုရခြင်းတည်းဟူသော ပူဇာဒါန= ကောင်းမှု ကုသိုလ်ကံစေတနာ၊ ဤသို့စသည် ပေါင်းအပ်များမြတ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် သန္တိလက္ခဏ အစ္စုတိရသ အနိမိတ္တပစ္စုပဋ္ဌာန်ရှိသော-

နိဗ္ဗာန်အကြောင်း ပြောယင် အဲဒီ စာထဲကလာတဲ့ “သန္တိလက္ခဏံ အစ္စုတိရသံ အနိမိတ္တပစ္စုပဋ္ဌာနံ” လို့ ဒီအဋ္ဌကထာ ဖွင့်တာလေးလောက်တင် ပြောယင် အဲဒါ မမှားဘူး။ အဲဒီစာ ဖွင့်တာထက် ပိုပြီးတော့ ဒီ့ပြင် လူတစ်ယောက်ကပြောယင် အကုန်လွဲမယ်။ အဲဒါကြောင့် မမှားအောင် ကိုယ့်နယ်ထဲကပဲ ကိုယ်တည်ပြီးတော့ ဆုတောင်းတယ်။

သန္တိလက္ခဏ အစ္စုတိရသ အနိမိတ္တပစ္စုပဋ္ဌာန်ရှိသော နိရောဓသစ္စာ မဟာအသင်္ခတ စတုတ္ထပရမတ် နိဗ္ဗာန် တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် အကျွန်ုပ်တို့တရားဟော တရားနာ ပုဂ္ဂိုလ်တစ်စု မျက်မှောက်ပြုရတဲ့ကိုယ် ဖြစ်ပါစေကုန်သတည်း။ နိဗ္ဗာန်ကို အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရသော ထိုနောက်ဆုံးဘဝ (ပရိနိဗ္ဗာန်န စုတိစိတ်လို့ပဲ ခေါ်တယ်။ သံသရာဝယ် နောက်ဆုံးစိတ်ဖြစ်လို့ စရိမကစိတ်လို့လည်း ခေါ်တဲ့ ရဟန္တာဘဝ စုတိစိတ်) အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ ထိုနောက်ဆုံးဘဝ ပရိနိဗ္ဗာန စရိမက စုတိစိတ်၏ အခြားမဲ့ နောက်ကာလ၌ တစ်စုံတစ်ခုသောဘဝ၊ ယောနိ၊ ဂတိ၊ ဝိညာဏဋ္ဌိတိ၊ သတ္တာဝါသ၊ သတ္တနိကာယမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ဝဋ်မီးစာတရားတို့ တစ်ဖန်အသစ် မဖြစ်ခြင်းတည်းဟူသော အနုပ္ပါဒနိရောဓ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရပါစေကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ်တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာမီးတောက်မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း…။

သာဓု၊ သာဓု၊ သာဓု။
မေဃိယသုတ္တန်တရားတော် ပြီးပြီ။

0 comments:

Post a Comment