-
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
ဝိသယှဇာတ် တရားတော်
ဝတပဒသုတ်၊ ဒါနသုတ်၊ အာယာစမာနသုတ်
နှင့်
အနာထပိဏ် ဆင်းရဲပုံ ဝတ္ထု
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
ဝိသယှဇာတ် တရားတော်
ဝတပဒသုတ်၊ ဒါနသုတ်၊ အာယာစမာနသုတ်
နှင့်
အနာထပိဏ် ဆင်းရဲပုံ ဝတ္ထု
သာသနာနှစ်- ၂၅၀၆၊
ကောဇာသက္ကရာဇ် ၁၃၂၄- ခုနှစ်၊
သီတင်းကျွတ်လပြည့်ကျော် ၁ - ရက်နေ့၊
ဆိုင်းတန်းရပ်၊
မန္တလေးမြို့၊
ဇေယျမေဒနီ ကျောင်းအမကြီး ဒေါ်ကြင်၊ သမီး ရီရီတို့၏ မင်းကွန်းတောင်ရိုး ဣန္ဒာရာမချောင်၌ လှူဒါန်းအပ်သော ကထိန်အလှူပွဲ အတွက် ဟောကြားအပ်သော ဒါနကထာတရားလို့- တရားရဲ့ အတိုချုပ် နာမည်တော့ ကထိန်အလှူမှာ ဟောကြားတဲ့ ဒါနကထာတရားလို့ ဒီလိုပဲ မှတ်ထားကြ၊ ရောက်တဲ့နေရာ ဘယ်ထိအောင် ရောက်မလဲမသိဘူး။ ခါတိုင်းတော့ ဘယ်သုတ္တန်လို့ ပြောရတယ်။ ဘယ်ဇာတ်ဆိုပြီးပြောတယ်။
ကောင်းသော တောင့်တမှုများ...
ဘယ်လိုလဲဆိုတော့ သဒ္ဓါသုတ်လို့ ခေါ်ပါတယ်။
အာယာစမာနသုတ်လို့ လည်း ခေါ်ပါတယ်။
သဒ္ဓေါ ဘိက္ခု သမ္မာ အာယာစမာနော ဧဝံ အာယာစေယျ
တာဒိသော ဟောမိ ယာဒိသာ သာရိပုတ္တမောဂ္ဂလ္လာနာ။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ သဒ္ဓေါ= သဒ္ဓါတရားနှင့် ပြည့်စုံသော။ ဘိက္ခု= ရဟန်းသည်။ သမ္မာ= ကောင်းစွာ။ အာယာစမာနော= ကိုယ်ရေးအတွက် တောင့်တလတ်သည်ရှိသော်။ ဧဝံ= ဤသို့။ အာယာစေယျ= တောင့်တရာ၏။ (ဘယ်လိုတောင့်တရမလဲဆိုတော့) သာရိပုတ္တမောဂ္ဂလ္လာန်တို့သည်။ ယာဒိသာ- အကြင်သို့ သဘောရှိတော် မူကြပေကုန်၏။ ယာဒိသာ- အရှင်သာရိပုတ္တရာက ပညာ၊ အရှင်မဟာမောဂ္ဂလ္လာန်က တန်ခိုး ဣဒ္ဓိပါဒ် လွန်သာခြင်းသဘော ရှိတော်မူကြပေကုန်၏။ အဟံ= ငါသည်။ တာဒိသော= အရှင်သာရိပုတ္တရာကဲ့သို့ ပညာကဲချွန်သာလွန်သော ပုဂ္ဂိုလ်၊ အရှင်မဟာမောဂ္ဂလ္လာန်ကဲ့သို့ တန်ခိုးကဲချွန် သာလွန်သော ပုဂ္ဂိုလ်သည်။ ဟောမိ= ဖြစ်ရပါလို၏။ ဧဝံ= ဤသို့။ အာယာစမာနော- တောင့်တသည်ရှိသော်။ သမ္မာ= ကောင်းစွာ။ အာယာစေယျ= တောင့်တသည် မည်လေရာ၏။
မြတ်စွာဘုရားရဲ့ သာသနာတော်မှာ မြတ်စွာဘုရားရဲ့ တပည့်ပရိသတ်၊ ရဟန်းပရိသတ်ကယ်၊ ရဟန်းမိန်းမ ပရိသတ်ကယ်၊ ရဟန်းယောက်ျား ပရိသတ်ကယ်၊ ရဟန်းပရိသတ်ကယ်၊ ဥပါသကာဒါယကာ ယောက်ျားပရိသတ်ကယ်၊ ဥပါသိကာ ဒါယိကာမိန်းမ ပရိသတ်ကယ်လို့ မြတ်စွာဘုရားရဲ့ သာဝကတွေကို ပုံလိုက်လို့ရှိယင် ပရိသတ်လေးပါး ရှိပါတယ်။ လောကသုံး ပရိသတ်မဟုတ်ပါဘူး။
ဤလောကထဲ သုံးတဲ့ပရိသတ်က မင်းပရိသတ်၊ ပုဏ္ဏားပရိသတ်၊ သူကြွယ်ပရိသတ်၊ ရဟန်းပရိသတ်လို့ လောကကြောင်းမှာ သုံးတဲ့ ပရိသတ်။ ဘုန်းကြီးတို့ သာသနာတော်မှာ မြတ်စွာဘုရားရဲ့ တပည့်တွေကို ပရိသတ်ခွဲဝေလိုက်တဲ့ အခါကျတော့ သာသနာတွင်းက ပရိသတ်ဝေဖန်လိုက်လို့ရှိယင်၊ ရဟန်းယောက်ျား ပရိသတ်၊ ရဟန်းမိန်းမ ပရိသတ်၊ ဥပါသကာ ဒါယကာယောက်ျား ပရိသတ်၊ ဥပါသိကာ ဒါယိကာ မိန်းမ ပရိသတ်လို့ အဲဒီလို ပရိသတ်လေးမျိုး ရှိတဲ့အနက်က ရဟန်းယောက်ျား ပရိသတ်ထဲက အကြင်ရဟန်း တစ်ပါးပါးသည် ကိုယ်ရေးအတွက်များ တောင့်တချင်လို့ ရှိယင်ဖြင့် အရှင်သာရိပုတ္တရာကဲ့သို့ ပညာကြီးတဲ့ပုဂ္ဂိုလ်၊ အရှင်မဟာမောဂ္ဂလ္လာန်ကဲ့သို့ တန်ခိုး ဣဒ္ဓိပါဒ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ် ငါ ဖြစ်ရပါလို၏ လို့ အဲဒီလို တောင့်တမှ ကောင်းသော တောင့်တခြင်း ဖြစ်နိုင်တယ်။
ဧသာ ဘိက္ခဝေ တုလာ ဧတံ ပမာဏံ မမ သာဝကာနံ ဘိက္ခူနံ ယဒိဒံ သာရိပုတ္တမောဂ္ဂလ္လာနာ။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ယဒိဒံ ယေ ဣမေ သာရိပုတ္တ မောဂ္ဂလ္လာနာ- အကြင် အရှင်သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလ္လာန်တို့သည်။ သန္တိ= ရှိကုန်၏။ ဧသာ= ဤ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်နှစ်ပါး အပေါင်းသည်။ မမ သာဝကာနံ= ငါဘုရား၏ တပည့်သား သာဝကဖြစ်ကုန်သော။ ဘိက္ခူနံ ရဟန်းတော်တို့အနက်။ တုလာ- ချိန်ခွင်ကြီးများနှင့်လည်း တူပါပေ၏။ ဧသာ= ဤ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန် ဆိုတဲ့ အဂ္ဂသာဝကနှစ်ပါးသည်။ ပမာဏံ- ငါဘုရားရဲ့ သာသနာဝယ်ရဟန်းတော် အရှင်မြတ်တို့အတွက် ခြင်ခွက်ကြီးနဲ့လည်း တူပါပေ၏….။
လောကမှာ ချိန်တွယ်တဲ့ ချိန်ခွင်၊ နှမ်းတို့၊ ပဲတို့၊ ပြောင်းတို့ ခြင်တဲ့ ခြင်ခွက်၊ အဲဒီလို နှိုင်းယှဉ်တဲ့ နေရာမှာနှစ်မျိုးရှိတယ်။
ဧသာ တုလာ ဆိုတာက ချိန်ခွင်၊ ဧတံ ပမာဏံ ဆိုတာခြင်ခွက်ကြီး။ ငါဘုရားရဲ့ သာသနာတော်မှာတဲ့၊ ရဟန်းတပည့်ထဲက ဆိုလို့ရှိယင် သာသနာတော်ရဲ့ ချိန်ခွင်ကြီး၊ သာသနာတော်ရဲ့ ခြင်ခွက်ကြီးအနေနဲ့ ကြည့်မယ်ဆိုလို့ရှိယင်ဖြင့် သာရိပုတ္တထေရ်နဲ့ မောဂ္ဂလ္လာန်ထေရ် ဤနှစ်ပါးတို့ဟာ ရဟန်းယောက်ျားတို့အတွက် ချိန်ခွင်ကြီးတွေပဲ။ ရဟန်းယောက်ျားများအတွက် ခြင်ခွက်ကြီးတွေပဲ... တဲ့။
ရဟန်းမိန်းမဆိုတဲ့ ဘိက္ခူနီ အမျိုးသမီး ရဟန်းမများ အတွက်ကျတော့...
သဒ္ဓါ ဘိက္ခဝေ ဘိက္ခူနီ ဧဝံ သမ္မာ အာယာစမာနာ အာယာစေယျ
“တာဒိသီ ခေမာ စ ဘိက္ခူနီ ဥပ္ပလဝဏ္ဏာ စ"။
ခေမာ စ ဘိက္ခူနီ- ခေမာထေရီ ဘိက္ခုနီမသည် လည်းကောင်း။ ဥပ္ပလဝဏ္ဏာ စ ဘိက္ခုနီ= ဥပ္ပလဝက်ထေရီ ဘိက္ခူနီမသည် လည်းကောင်း။ ယာဒိသီ= အကြင်သို့ အကြင်သို့ သဘောရှိကြပါပေ၏။ ယာဒိသီ= ခေမာထေရီကား ပညာ၊ ဥပ္ပလဝက် ထေရီကား တန်ခိုးဣဒ္ဓိပါဒ် လွန်သာခြင်းသဘော ရှိကြပါပေကုန်၏။ အဟံ= ငါသည် ဘာဒိသီ= ထိုသို့ ခေမာထေရီကဲ့သို့ ဥာဏ်ပညာကြီးရင့်သောသူ၊ ဥပ္ပလဝဏ် ထေရီကဲ့သို့ တန်ခိုးဣဒ္ဓိပါဒ် ကြီးရင့်သောဘ္ခိုနီမသည်။ ဟောမိ= ဖြစ်ရပါလို၏။ ဣတိ= ဤသို့။ သဒ္ဓါ= သဒ္ဓါတရားနှင့် ပြည့်စုံသော။ ဘိက္ခူနီ= ဘိက္ခူနီမသည်။ အာယာစမာနာ= မိမိ ကိုယ်ရေး အတွက် တောင့်တသည်ရှိသော်။ ငါ- တောင့်တမှ။ သမ္မာ= ကောင်းစွာ။ အာယာစေယျ= တောင့်တသည် မည်လေရာ၏။
ဘိက္ခူနီမများ ရဟန်းမိန်းမများဘက်ကနေပြီးတော့ ကိုယ်ရေးအတွက်များ တောင့်တချင်ယင်-
“ငါသည် ခေမာထေရီ ဘိက္ခူနီမကဲ့သို့ ပညာကြီးရင့်သူ၊ ဥပ္ပလဝဏ်ထေရီ ဘိက္ခူနီမကဲ့သို့ တန်ခိုး ဣဒ္ဓိပါဒ် ကြီးမြတ်သူ ဖြစ်ရပါလို၏" လို့ အဲဒီလို တောင့်တမှ တကယ်မှန်ကန်သော တောင့်တခြင်း၊ မှန်ကန်သောလိုလားခြင်း ဖြစ်နိုင်တယ်။
ဧသော ဘိက္ခဝေ တုလာ ဧတံ ပမာဏံ မမ သာဝိကာနံ ဘိက္ခူနီနံ ယဒိဒံ ခေမာ စ ထေရီ ဥပ္ပလဝဏ္ဏာ စ။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ယဒိဒံ ယာအယံ ခေမာ ထေရီ စ= အကြင် ခေမာထေရီ ဘိက္ခူနီမသည် လည်းကောင်း.။ ယဒိယံ ယာအယံ ဥပ္ပလဝဏ္ဏာ ထေရီ စ = အကြင် ဥပ္ပလဝဏ်ထေရီ ဘိက္ခူနီမသည် လည်းကောင်း။ အတ္ထိ= ရှိကြပေကုန်၏။ မမ သာဝိကာနံ= ငါဘုရား၏ တပည့်မ ဖြစ်ကြကုန်သော။ ဘိက္ခူနီနံ= ဘိက္ခူနီမတို့အနက်။ဧသာ= ဤခေမာထေရီ ဘိက္ခူနီနှင့် ဥပ္ပလဝဏ်ထေရီ ဘိက္ခူနီမ နှစ်ပါးသည်။ မမ သာဝိကာနံ ဘိက္ခူနီနံ= ငါဘုရား၏ တပည့်မ ဖြစ်ကြသော ဘိက္ခူနီမတို့အနက်။ တုလာ= ချိန်ခွင်ကြီးနှင့်လည်း တူကြပါပေ၏။ ဧတံ= ဤထေရီမနှစ်ပါး အပေါင်းသည်။ ပမာနံ= ချိန်ခွင်ကြီးနှင့်လည်း တူလှပါပေ၏။
ဒီဘုရား သာသနာမှာ ဘိက္ခူနီ ထေရီမ ဘက်က ဆိုလို့ရှိယင်ဖြင့် ချိန်ခွင်ကြီးနဲ့တူတာ၊ ခြင်ခွက်ကြီးနဲ့တူတာ၊ “ခေမာထရီ၊ ဥပ္ပလဝဏ်ထေရီ" ဒီထေရီမနှစ်ပါးပဲ။ ဒါကြောင့် ဘိက္ခူနီ ဂိုဏ်းဝင် အမျိုးသမီးတစ်ယောက်က ကိုယ်ရေးကိုယ်တာအတွက် မှန်ကန်သော တောင့်တခြင်းဖြင့် တောင့်တချင်ယင်-
“ငါသည် ခေမာထေရီကဲ့သို့ ပညာကြီးရင့်သော ပုဂ္ဂိုလ်၊ ဥပ္ပလဝဏ် ထေရီမကဲ့သို့ တန်ခိုး~အ ဒ္ဓိပါဒ် ကြီးမြတ်သော ပုဂ္ဂိုလ် ဖြစ်ရပါလို၏" လို့ အဲဒီလိုပဲ တောင့်တရမယ်။ အဲဒီလိုပဲဖြစ်အောင် ကုသိုလ်ကောင်းမှု ပြုရမယ် တဲ့။
အမျိုးကောင်းသားမင်းယောက်ျားဆိုတဲ့ ဥပါသကာ ဒါယကာတို့ အတွက်တော့...
သဒ္ဓါ ဘိက္ခဝေ ဥပါသကော ဧဝံ သမ္မာ အာယာစမာနော အာယာစေယျ "တာဒိသော ဟောမိ၊ ယာဒိသော စိတ္တော စ ဂဟပတိ ဟတ္ထကော စ အာဌဝကော"။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ သဒ္ဓေါ= သဒ္ဓါတရားနှင့်ပြည့်စုံသော။ ဥပါသကော= ဒါယကာ ယောက်ျားသည်။ စိတ္တော စ ဂဟပတိ= စိတ္တသူကြွယ်သည် လည်းကောင်း။ ဟတတ္ထကော စ အာဌဝကော= ဟတ္ထကာဠဝက သီတင်းသည် လည်းကောင်း။ ယာဒိသော = အကြင်သို့- အကြင်သို့ သဘောရှိပေ၏။ ဝါ- ယာဒိသော= စိတ္တသူကြွယ်က ပညာ၊ ဟတ္ထကာဠဝက သီတင်းသည်က တန်ခိုးဣဒ္ဓိပါဒ် သမာဓိအရာ လွန်သာခြင်းသဘော ရှိကုန်၏။ အဟံ- အဟမ္မိ= ငါလည်းပဲ။ တာဒိသော= ထိုသို့ စိတ္တသူကြွယ်ကဲ့သို့ ပညာသာလွန်သော ပုဂ္ဂိုလ်၊ ဟတ္ထကာဠဝက သီတင်းသည်ကဲ့သို့ သမာဓိ လွန်ကဲသော ပုဂ္ဂိုလ်သည်။ ဟောမိ= ဖြစ်ရပါလို၏။ ဣတိ= ဤသို့။ အာယာစမာနော= တောင့်တသည် ရှိသော်၊ (ဝါ) တောင့်တမှ။ သမ္မာ= မဖောက်မပြန် အမှန်အားဖြင့်။ အာယာစေယျ= တောင့်တသည် မည်ရာ၏။
အကယ်၍များ အမျိုးကောင်းသား မင်းယောက်ျားဆိုတာက ကိုယ်ရေးကိုယ်တာအတွက် သာသနာဘက်က တောင့်တချင်ယင်-
“ငါသည် စိတ္တသူကြွယ်ကဲ့သို့ ပညာကြီးရင့်တဲ့ပုဂ္ဂိုလ်၊ ဟတ္ထကာဠဝက သီတင်းသည်ကဲ့သို့ သမာဓိခိုင်မာတဲ့ပုဂ္ဂိုလ် ဖြစ်ရပါလို၏" လို့ အဲဒီလို တောင့်တရမယ်။ ဒီလိုတောင့်တမှ သဘာဝကျတဲ့ တောင့်တခြင်း ဖြစ်ပေမယ်- တဲ့။
ဧသာ ဘိက္ခဝေ တုလာ ဧတံ ပမာဏံ မမ သာဝကာနံ ဥပါသကာနံ ယဒိဒံ စိတ္တော စ ဂဟပတိ ဟတ္ထကော စ အာဠဝကော။ လို့ နိဂုံးအုပ်လိုက်သေးတယ်။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ယဒိဒံ- ယော အယံ စိတ္တော စ ဂဟပတိ= အကြင် စိတ္တသူကြွယ်သည် လည်းကောင်း။ ယဒိဒံ- ယော အယံ ဟတ္ထကော စ အာဠဝကော= အကြင် ဟတ္ထကာဠဝက သီတင်းသည် သည်လည်းကောင်း။ အတ္ထိ= ရှိ၏။ ဧသာ= ဤ စိတ္တသူကြွယ်နှင့် ဟတ္ထကာဠဝက သီတင်းသည် နှစ်ဦးသားသည်။ မမ သာဝကာနံ ဥပါသကာနံ- ငါဘုရား၏ သြဝါဒလိုက်နာကြသော ဥပါသကာ ဒါယကာတို့အနက်။ တုလာ= ချိန်ခွင်ကြီးများလည်း ဖြစ်ပါပေ၏။ ဧတံ= ဤဟတ္ထကာဠဝကသီတင်းသည်။ စိတ္တသူကြွယ်ဆိုတဲ့ နှစ်ဦးသားသည်။ ပမာဏံ= ခြင်ခွက်ကြီးများနဲ့လည်း တူလှပါပေ၏။
ငါဘုရားရဲ့ တပည့်သားသာဝက ဥပါသကာ ဒါယကာ တို့အနက် ဤစိတ္တသူကြွယ်နဲ့ ဟတ္ထကာဠဝက သီတင်းသည် တွေဟာ ချိန်ခွင်ကြီးတွေပဲ။ ကိုယ့်ကိုယ်ကိုချိန်ယင် အဲဒီ စိတ္တသူကြွယ်၊ ဟတ္ထကာဠဝက သီတင်းသည်ဆိုတဲ့ ချိန်ခွင်ခွက်ကြီး နှစ်ခုထဲ ထည့်ပြီးသကာလ ချိန်ကြည့်ပါတဲ့။ ကိုယ့်ပညာ၊ ကိုယ့်သမာဓိကိုပေါ့လေ။ အင်း- ချိန်ကြည့်ချင်ယင်၊ ချိန်ကြည့်ချင်ယင် အဲဒီအထဲထည့်ချိန်ကြည့်တဲ့။ ဒါ အမျိုးသားများအတွက်။
ခုဇ္ဇုတ္တရာအမျိုးသမီးဟောသော... ဣတိဝုတ္တက ပါဠိတော်
အမျိုးသမီး ဥပါသိကာ ဒါယိကာမများ အတွက်တော့-
သဒ္ဓါ ဘိက္ခဝေ ဥပါသိကာ ဧဝံ သမ္မာ အာယာစမာနာ အာယာစေယျ “ တာဒိသီ ဟောမိ၊ ယာဒိသီ ခုဇ္ဇုတ္တရာ စ ဥပါသိကာ ဝေဠကဏ္ဍကိယာ နန္ဒမာတာ။“
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့၊ သဒ္ဓါ= သဒ္ဓါတရားနှင့် ပြည့်စုံသော။ ဥပါသိကာ= ရတန်သုံးရပ် ဆည်းကပ်ကိုးစားသည့် ဒါယိကာမသည်။ (ဘယ်လို တောင့်တ ရမတုံး ဆိုတော့)၊ ခုဇ္ဇုတ္တရာဆိုတဲ့ ဥပါသိကာ သီတင်းသည်သည် လည်းကောင်း။ ဝေဠုကဏ္ဍကိယာ စ နန္ဒမာတာ= ဝေဠုကဏ္ဍက မြို့သူ နန္ဒမာတာ ဥပါသိကာ ဒါယိကာမသည် လည်းကောင်း။ ယာဒိသီ= အကြင်သို့ သဘောရှိပေ၏။ ဝါ- ယာဒိသီ= ခုဇ္ဇုတ္တရာကဲ့သို့ ပညာသာလွန်သောသူ၊ ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ ဥပါသိကာကဲ့သို့ သမာဓိ သာလွန်သော အမျိုးကောင်းသမီးသည်၊ ဟောမိ= ဖြစ်ရပါလို၏။ ဣတိ ဤသို့။ အာယာစမာနာ= ကိုယ်ရေးကိုယ်တာအတွက် တောင့်တလတ်သည်ရှိသော်၊ သမ္မာ- ကောင်းစွာ မဖောက်မပြန်၊ အာယာစေယျ= တောင့်တသည် မည်ရာ၏။
အမျိုးသမီး ဥပါသိကာ ဒါယိကာမ တစ်ယောက်အတွက် သာသနာ့ဘက်က လှမ်းပြီးတော့ ကိုယ်ရေးကိုယ်တာအတွက် ဆုတောင်းချင်ယင်၊ တောင့်တချင်ယင် "ငါကား ခုဇ္ဇုတ္တရာကဲ့သို့ ပညာသာလွန်သော ပုဂ္ဂိုလ်၊ ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ ဥပါသိကာကဲ့သို့ သမာဓိ လွန်ကဲတဲ့ ခိုင်မြဲတဲ့ ပုဂ္ဂိုလ် ဖြစ်ရပါလို၏" လို့ ဒီလိုဆုတောင်းရမယ်။
ဘယ်လိုတုံး ဆိုတော့...
ဧသာ ဘိက္ခဝေ တုလာ ဧတံ ပမာဏံ မမ သာဝိကာနံ ဥပါသိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ စ ဥပါသိကာ ဝေဠုကဏ္ဍကိယာ စ နန္ဒမာတာ။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ယဒိဒံ- ယာအယံ ခုဇ္ဇုတ္တရာ စ ဥပါသိကာ= အကြင် ခုဇ္ဇုတ္တရာ သီတင်းသည် သည် လည်းကောင်း။ ယဒိဒံ- ယာအယံ ဝေဠုကဏ္ဍကိယာ စ နန္ဒမာတာ= အကြင် ဝေဠုကဏ္ဍကမြို့သူ နန္ဒမာတာ ဥပါသိကာသည်လည်းကောင်း။ အတ္ထိ= ရှိပေ၏။ ဧသာ= ဤဥပါသိကာ နှစ်ဦးသည်။ မမ သာဝိကာနံ ဥပါသိကာနံ= ငါဘုရား၏ တပည့်မ ဥပါသိကာတို့အနက်။ တုလာ= ချိန်ခွင်ကြီးများ သဖွယ်လည်း ဖြစ်ပါပေ၏။ ပမာဏံ= ခြင်ခွက်ကြီး တင်းတောင်းကြီးများနှင့်လည်း တူပါပေ၏… လို့ ...
ငါဘုရားရဲ့ တပည့်မ သာဝိကာ ဥပါသိကာတို့အနက် ခုဇ္ဇုတ္တရာနဲ့ နန္ဒမာတာ ဆိုတဲ့ ဥပါသိကာနှစ်ဦးဟာဖြင့် တပည့်မထဲမှာ ခြင်ခွက်ကြီးတွေပဲ၊ တပည့်မထဲမှာ စံတင် ၅၀ လောက်တဲ့ သမာဓိ တင်းတောင်းကြီးတွေပါပဲတဲ့နော်၊ အဲဒဲီလို ဟောထားတာရှိတယ်။
ဒီတော့ အခု အများအားဖြင့် ဘုန်းကြီးတို့ပရိသတ် ဟို- ကျန်းမာရေးက စပြီးတော့ အမျိုးသမီး လောကဘက်ကဆိုတော့ ခုဇ္ဇုတ္တရာတို့ဟာ ဘယ်လောက် ပညာထက်တယ်ဆိုတာ၊ ဒီ ပညာထက်တာကို ပြောကြစို့။
သူ ခုဇ္ဇုတ္တရာဖြစ်ရတာကတော့ တစ်ခုသော ဘဝက သူ အမှားမှား ပြောမိ၊ ပြုမိတဲ့အတွက် ဖြစ်တယ်။ တစ်ခုသော ဘဝက ပစ္စေကဗုဒ္ဓါ တစ်ပါးက ခါးက ခပ်ကုန်းကုန်းကို။ နည်းနည်းလေး ခါးကုန်းတော့ ပစ္စေကဗုဒ္ဓါ ခါးကုန်းပုံကလေးကို သူက ဖော်ပြပြီးတော့ သူ့ရဲ့အဖော်တွေထဲမှာ ဟန်လုပ်ပြတော့ သူက ဒီဘဝမှာ ခါးလေးက ခပ်ကုန်းကုန်း ဖြစ်နေတယ်။ နာမည်ကတော့ ဥတ္တရာပဲ။ ပြီးတော့ ကျွန်မ ဖြစ်ရတာကလည်း သူ အတိတ်ဘဝတုန်းက သူ့ရဲ့ဝစီဝဋ်ကြွေးကြောင့် ကျွန်မဖြစ်ရတာ။
ပြောတဲ့ ပြုတဲ့ နေရာမှာပေါ့လေ၊ ဒီလို ဝဋ်ဟာတယ်လိုက်တတ်တယ်။ သူက ပညာတော့ သာလွန်တယ်။ ဒါပေမယ့် သူ ဝဋ်ကြွေးလိုက်တဲ့အတွက် ခါးလေးလည်း နည်းနည်းကုန်းတယ်။ ကျွန်မဘဝမှာ ရောက်လို့။ အဲဒီ သူ့ရဲ့ဝဋ်ကြွေးကို ဖယ်ပြီးကြည့်လိုက်ယင် ခုဇ္ဇုတ္တရာဟာ အင်မတန် စံတင်လောက်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။
၅၁
ဥပမာပုံ- အညစ်အကြေးထဲမှာ စိန်လက်စွပ်ကြီး ကျနေတယ်ဆိုတော့ ဒီစိန်လက်စွပ်ကြီး မယူတော့ဘူးလား ယူမှာပေါ့။ ဒီအညစ်အကြေးတွေ ဆေးကြောပြီးတော့ဖယ်ရှားပြီးတော့ စိန်လက်စွပ်ကြီး ယူတာလိုပဲ ခုဇ္ဇုတ္တရာ အမျိုးသမီးရဲ့ အတိတ်ဘဝက ဝစီကံ ပြောမှားခဲ့တာတွေ၊ ကာယကံ ပြုမှားခဲ့တာတွေ ဒီအညစ်အကြေးတွေ ဖယ်ပြီးတော့ ပညာသာလွန်တဲ့ ကိစ္စတွေမှာ အတုယူရမယ်။ ဒါတွေတော့ ဘုန်းကြီးတို့က ဆေးပြီးတော့ ခုနဝဋ်ကြွေးတွေ၊ ဝန်လေးလောက်အောင် ပြုခဲ့မိတဲ့ ကာယကံမှု၊ ဝစီကံမှု၊ ဒါတွေ ဒီအညစ်အကြေးတွေ ဆေးလျှော်ပြီးသကာလ ပညာသာအောင်တော့ လုပ်ရလိမ့်မယ်။ ဘုန်းကြီးတို့ အမျိုးသမီး ဥပါသိကာ ဒါယိကာမကြီးတွေဘက်က။
ခုဇ္ဇုတ္တရာဟာ ဘယ်လောက် ပညာသာလွန်သလဲဆိုလို့ရှိယငိပေါ့လေ၊ တစ်ခါတည်း ဒီကနေ့တော့ ဒါယိကာမကြီးတွေဘက်က အားပေးမယ်။ ဒကာကြီးတွေ အမှန်အတိုင်း ပြောလို့ရှိယင် ဟေ့... တို့သာသနာမှာ နိကာယ်ငါးရပ် ရှိတယ်ဟေ့၊ ပိဋကသုံးပုံ= နိကာယ်ငါးရပ်ရှိတယ်။ အဲဒီ ပိဋကသုံးပုံ= နိကာယ်ငါးရပ်ရှိတဲ့အနက်က တစ်ကျမ်း တစ်ဖွဲ့ဖြစ်အောင်, သင်္ဂါယနာတင်ယူလောက်အောင် မောင်တို့ အမျိုးသားများထဲကများ ဘယ်သူဟောတာ ရှိဖူးသတုံးလို့ မေးမယ်။
ဒီတော့ ဒကာတွေက ပြောပါလိမ့်မယ်...
အို- ကျုပ်တို့ အမျိုးသားဘက်ကလည်းပဲ စိတ္တသူကြွယ် အရှိသားပဲလို့ ပြောလိမ့်မယ်။ မောင်တို့ စိတ္တသူကြွယ် ဟောခဲ့တဲ့တရားဟာ (စိတ္တသူကြွယ်တော့ တို့မပြစ်မှားပါဘူး၊ ကန်တော့ပါတယ်၊ ဒီလိုပြောတယ်။ မောင်တို့ စိတ္တသူကြွယ် ဟောခဲ့တာ) တစ်ကျမ်း တစ်ဖွဲ့မဟုတ်ဘူး၊ စိတ္တသံယုတ်၊ သံယုတ်တစ်ခုပဲ ရှိတယ်။ စိတ္တသံယုတ်လို့ ဒါပဲ တစ်ဝဂ်လောက် ဝဂ်တစ်ခုလောက်ပဲရှိတယ်။ ဒီလိုရှိတယ်။
ဒါဖြင့် မယ်တို့ရဲ့ အမျိုးသမီးဘက်ကတော့ကော ဘာဖြစ်လို့ ဒါလောက် ပြောရတုံးဆိုတော ကျုပ်တို့ အမျိုးသမီးဘက်က ခုဇ္ဇုတ္တရာ ဆိုတဲ့ အမျိုးသမီး ဟောခဲ့တာဟာ တစ်ကျမ်း တစ်ဖွဲ့ရှိတယ်။ "ဣတိဝုတ္တကပါဠိတော်" ဆိုတာနော်။ မြတ်စွာဘုရားဆီ သွားပြီး တရားနာ၊ ပြန်လာပြီဆိုလို့ရှိယင် သာမာဝတီ အမှူးရှိတဲ့ နန်းတွင်းသူ ငါးရာကို ခုဇ္ဇုတ္တရာက ဘုရားဆီက တရားနာပြီး ပြန်လာပြီဆိုယင် ဘုရားဟောလိုက်တဲ့ အတိုင်း ဓမ္မသန ပလ္လင်ပေါ်ကနေပြီးတော့ ခန့်ခန့်ကြီး ဟောတယ်။
ဘုရား တရားတော်ကို ပြန်ဟောခြင်း...
သာမာဝတီ အမှူးရှိတဲ့ နန်းတွင်းသူ တွေအား ခုဇ္ဇုတ္တရာ ဟောခဲ့တဲ့ အဲဒီသုတ္တန်တရားစုတွေကို "ဣတိဝုတ္တက ပါဠိတော်" ဆိုပြီးတော့ ပါဠိတော် တစ်ကျမ်း တစ်ဖွဲ့အနေနဲ့ ဘုန်းကြီးတို့ သင်္ဂါယနာ တင်ရတယ်။
(ဣတိဝုတ္တက ပါဠိတော်ထဲက ဘုန်းကြီးများလည်းပဲ ဒေဝသဒ္ဒသုတ်တို့၊ အင်း၊ ပြီးတော့တစ်ခါ လောဘ (ဓမ္မ) သုတ်တို့ ဒါတွေလည်း ဟောဖူးတယ်။) အဲဒီအထဲမှာ သူ ဘုရားဆီက နာလာပြီးတော့ သာမာဝတီအမှူးပြုတဲ့ နန်းတွင်းသူ ငါးရာတို့ကို သူတစ်နေ့မှာ ဒါနသုတ် ဆိုပြီးတော့ ဟောတယ်။
"ဝုတ္တံ ဟေတံ ဘဂဝတော ဝုတ္တမရဟတာတိ မေသုတံ"
ဤသို့ တရားဦးက သူက ဒါပဲ စလိုက်တယ်။
အယျာယော= ရှင်မတို့။ ဧတံ= ဤဆိုလတ္တံ့သောစကားတော်ကို။ ဘဂဝတာ= ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ ဝုတ္တံ= ဟောတော်မူအပ်ခဲ့ပါပြီ။
နေ့လယ်တုန်းက သွားပြီးတရားနာတော့ ဘုန်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးက ယခုပြောမယ့် တရားစကားကို ဟောကြားလိုက်တယ်။
မေ- မယာ= အကျွန်ုပ် ခုဇ္ဖုတ္တရာ သည်။ အရဟ- တာ= ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားက။ ဝုတ္တံ= ဟောတော်မူအပ်သည်ကို။ ဝုတ္တန္တိ= ရွှေနှုတ်တော်မြွက်၍ ဟောကြားတော်မူအပ်၏ ဟူ၍။ သုတံ= နားဝယ်ထပ်ထပ် ကြားအပ်ခဲ့ပါပြီ။
ကျောင်းတော် သွားပြီးတော့ တရားနာလို့ ဘုရားသခင် ဟောတာကို သူ ဘယ်လိုကြားခဲ့တုံး ဆိုတော့
ဧဝဉ္စေ ဘိက္ခဝေ သတ္တာ ဇာနေယျုံ ဒါန သံဝိဘာဂဿ ဝိပါကံ၊ ယထာဟံ ဇာနာမိ။
ဘုရား နေ့လယ်က ရွှေနှုတ်တော်မြွက်ပြီး ဟောကြာတဲ့ တရားတော်က ဒီမှာ တစ်ခါထဲ ပြောတယ်။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့ အဟံ= ငါဘုရားသည်။ ဇာနာမိ ယထာ= ပိုင်းခြားထင်ထင် သိမြင်သကဲ့သို့။ ဧဝံ= ဤအတူ။ သတ္တာ= သတ္တဝါတို့သည်။ ဒါနသံဝိဘာဂဿ= လှူဒါန်းခြင်း ခွဲခြမ်းပေးခြင်း၏။ ဝိပါကံ= အကျိုးဝိပါက်ကို။ စေဇာနေယျုံ= အကယ်၍ သိကြကုန်သည်ဖြစ်အံ့။
ချစ်သားတို့- လူတွေဟာလေ၊ ဒါနရဲ့ အကျိုးဝိပါက်၊ သံဝိဘာဂရဲ့ အကျိုးဝိပါက်ကို ငါဘုရား သိသလိုများ သိကြမယ်ဆိုယင် ဒါနဆိုတာ ဘာခေါ်တုံး၊ သံဝိဘာဂ ဆိုတာ ဘာခေါ်တုံး။ နဂိုကတည်းကိုက ဒီပစ္စည်း ဒီပစ္စည်းတွေကို လှူမယ် တန်းမယ်လို့ အဲဒီလို ရည်သန်ပြီး လှူတန်းတဲ့ ဝတ္ထုတွေကို ဒါနဝတ္ထုလို့ ခေါ်တယ်။
အဲဒီလို လှူဖို့ တန်းဖို့သက်သက် ပစ္စည်းဝတ္ထုတွေကို စုဆောင်းတဲ့ စေတနာကတော့ ဒါန စေတနာ။ အဲဒီ ဒါနစေတနာရဲ့ အကျိုးဝိပါက် သံဝိဘာဂဆိုတာက မိမိ သုံးစွဲဖို့ ထားတဲ့အထဲက အစားပဲဖြစ်ဖြစ်၊ အဝတ်ပဲဖြစ်ဖြစ် ကိုယ်သုံးဖို့ စွဲဖို့ထားတဲ့ အထဲက အလှူခံပုဂ္ဂိုလ်တို့အား သင့်လျော်သလို ခွဲခြမ်းပြီးတော့၊ ပမာလေ- ကိုယ်ဝတ်ဖို့ ပိတ်ကလေး ဆယ်တောင်လောက် ရှာထားတယ် ဆိုပါစို့။ သင်္ကန်းခေါင်းပါးတဲ့ ကိုယ်တော်တစ်ပါးတွေ့တော့၊ ဪ- ဤအရှင်သူမြတ် သင်္ကန်း အင်မတန် ခေါင်းပါးတယ်၊ အဲဒီ သင်္ကန်းခေါင်းပါးတဲ့ အရှင်သူမြတ်ကို ငါဝတ်မယ့် ပိတ်ထဲကနေပြီတော့ လှူထိုက်ပါသော်ကောလို့ တစ်ခါပိတ်ရှစ်တောင်လောက်ခွဲပြီး လှူလိုက်လို့ရှိယင် ဒီကိုယ်တော် အဖို့အရာ သင်းပိုင်လေး တစ်ထည်လောက်တော့ ရမယ်။
အဲဒီလို ကိုယ်ဝတ်မယ့်အထဲက ခွဲပြီးလှူတာမျိုးကို သံဝိဘာဂ။ ကိုယ်စားမယ့်အထဲက ခွဲပြီးလှူတာမျိုးကို သံဝိဘာဂ။ ဒီ ရဟန်တော်များအား လှူတာတင် မဟုတ်ပါဘူး၊ ကိုယ်နဲ့ လူ့ဘဝမှာ ဘဝတူဖြစ်ကြတဲ့ ပုဂ္ဂိုလ်ထဲက ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ပြီးတော့ ကိုယ်ဝတ်မယ့် အဝတ်ထဲက တစ်ထည်လောက် ခွဲပေးလိုက်တာ၊ ဒါမျိုးလည်းပဲ သံဝိဘာဂပဲ။
ချစ်သားတို့- သတ္တဝါတွေဟာ ဒါန သံဝိဘာဂ ဤနှစ်မျိုးရဲ့ အကျိုးဝိပါက်တွေကို ငါဘုရား သိသလိုသာ သူတို့ သိကြမယ်ဆိုယင်-
န အဒတွာ ဘုဉ္စေယျံ။
အဒတွာ= မပေး မလှူပဲ။ န ဘုဉ္စေယျံ- စားကိုစားကြတောမည် မဟုတ်ကုန်။
ငါဘုရား သိသလောက်များ လူတွေ ဒါနရဲ့အကျိုး သံဝိဘာဂရဲ့အကျိုးကို သိမယ်ဆိုလို့ရှိယင်ဖြင့် မပေးဘဲသာဖြင့် စားကို မစားတော့ဘူးတဲ့။
န စ နေသံ မစ္ဆေရမလံ စိတ္တံ ပရိယာဒါယ တိဌေယျ။
စ= သည်သာ မကသေး။ နေသံ= ထိုသူတို့၏။ စိတ္တံ= စိတ်ကို။ မစ္ဆေရမလံ- မစ္ဆေရဆိုတဲ့ ဝန်တိုခြင်း စေးနှဲခြင်း၊ နှမြောခြင်းဆိုတဲ့ အညစ်အကြေးသည် စိတ္တံ= စိတ်ကို။ ပရိယာဒါယ= ထက်ဝန်းကျင်ကလွှမ်းအပ်၍။ န တိဌေယျ= တည်လည်း မတည်မည်မဟုတ်လား။
အကယ်၍ ငါဘုရားသိသလို အလှူဒါနရဲ့ အကျိုးဝိပါက်ကို ခွဲခြမ်းဝေဖန် သိမ်းဆည်းမယ့် အကျိုးဝိပါက်တွေကို လူတွေ ကောင်းကောင်း သိမယ်ပဆိုလို့ရှိယင် အဲဒီလူတွေရဲ့ စိတ်ကို မပေးလို၊ မလှူလို၊ မစွန့်လို၊ မကမ်းလို၊ ဝန်တိုတဲ့= မစ္ဆရိယ အညစ်အကြေးဟာ ထိုလူတွေရဲ့ စိတ်ကို ဘယ်လိုနည်းနဲ့မှ ဖုံးအုပ်ပြီးတော့ မတည်နိုင်ဘူး။ မစ္ဆရိယဆိုတဲ့ အညစ်အကြေးဟာ ထိုလူတွေရဲ့ စိတ်ထဲမှာ လာပြီးတော့ ကပ်မှာမဟုတ်ဘူးတဲ့။
မပေးဘဲ မစားသင့်...
ယောပိ နေသံ အဿ စရိမော အာလောပေါ စရိမံ ကဗဠံ။
တတောပိ န အသံဝိဘဇိတွာ ဘုဉ္ဇေယျုံ ၊
သစေ နေသံ ပဋိဂ္ဂါဟကာ အဿု။
နေသံ= ထိုလူတို့အား။ ပဋိဂ္ဂါဟကာ= အလှူခံပုဂ္ဂိုလ်တို့သည်။ သစေအဿု= အကယ်၍ ရှိကုန်ငြားအံ့။ ဧဝံသတိ= ဤသို့ရှိလတ်သည်ရှိသော်။ နေသံ= ထိုလူတို့၏။ စရိမော= နောက်ဆုံးဖြစ်သော။ ယောပိအာလောပေါ= အကြင် ထမင်းလုတ်သည် လည်းကောင်း။ စရိမံ= ထို နောက်ဆုံးစားမယ်လို့ ရည်သန်ထားတဲ့ ထမင်းလုတ်ထဲမှသော်လည်းပဲ။ အသံ ဝိဘဇိတွာ= မဝေခွဲ မခြမ်းဘဲသာဖြင့်။ န ဘုဉ္စေယျုံ= ဘယ်နည်းနဲ့မှ ထိုလူတွေ စားကြတော့မည် မဟုတ်ချေ။
အကယ်၍ လူတွေ ငါဘုရားသိသလို အလှူဒါနရဲ့ အကျိုးဝိပါက်တွေ ကိုယ်စားမယ့် သုံးမယ့်အထဲကနေပြီးသကာလ ခွဲခြမ်း ဝေဖန် ပေးလိုက်ရယင် ယင်းတည်းဟူသော ကောင်မှု ကုသိုလ်ကံ စေတနာရဲ့ အကျိုးဝိပါက်ကို ငါဘုရား သိသလို သိကြမယ် ဆိုလို့ရှိယင် နောက်ဆုံး ထမင်းလုတ်ကလေးကို တောင်မှ အဲဒီထမင်းလုတ်ကလေး စားမယ်လို့ ရွယ်နေတဲ့အချိန် ကိုယ်ပေးရမယ့် အလှူခံပုဂ္ဂိုလ် ရောက်ဆိုက်လာလို့ရှိယင် မပေးဘဲသာဖြင့် သူတို့ စားမှာ မဟုတ်ဘူးတဲ့။ ဒါဖြင့် ယနေ့ လူတွေဟာ ဘုရားသိသလောက် သိသလားဆိုတော့ မသိဘူး။ မသိတော့ ဘာဖြစ်တုံးဆိုတော့-
ယသ္မာ စ ခေါ ဘိက္ခဝေ သတ္တာ န ဧဝံ ဇာနန္တိ ဒါနသံဝိဘာဂဿ ဝိပါကံ ယထာယံ ဇာနာမိ။
ခုနကဟာက ကိုယ်တော်မြတ် သိသလိုသာ သိလို့ရှိယင် မပေးဘဲ မစားလိုကုန်။ အေး- ပုဂ္ဂိုလ်တွေရဲ့စိတ်ကို မစ္ဆရိယဆိုတဲ့ အညစ်အကြေးတွေ ကပ်ကို မကပ်နိုင်ဘူး။ ကုန်ကုန်ပြောရမယ်ဆိုလို့ရှိယင် နောက်ဆုံးထမင်းလုတ် ဆိုတာက ဘာလဲ၊ မိမိဖို့ ရောက်လာတဲ့ ထမင်းခွက်ကြီး တစ်ခုထဲက ထမင်းလုတ်ကလေးကိုခွဲခွဲပြီးတော့ ဟောဒီ အလုတ်လည်း လှူလိုက်တယ်။ နောက်တစ်ယောက်၊ နောက်တစ်ယောက်၊ ပေးစရာ ယူလာလို့ ပေးလိုက်၊ ဒါလဲ ပေးလိုက်တာပဲ။ အဲဒီလို ပေးလို့ ထမင်းလုတ်တိုင်း လုတ်တိုင်း ပေးလို့ နောက်ဆုံး တစ်လုတ်ပဲ ကျန်တယ်။ အဲဒီ ကျန်တဲ့ တစ်လုတ်စာလေးကို၊ တစ်လုတ်စာကလေးကို မိမိစားတော့မယ်လို ကြံနေတုန်းတောင်မှာ အလှူခံပုဂ္ဂိုလ် ကိုယ့်ထံမှောက် ရောက်လာယင် မပေးဘဲကို စားတော့မှာ မဟုတ်ဘူးတဲ့၊ ဘုရားသိသလို သိယင်။ ဒါန၏အကျိုး သံဝိဘာဂရဲ့ အကျိုးကို သိလို့ရှိယင်။ အခုတော့ လူတိုင်း လူတိုင်း သိရဲ့လားလို့ဆိုတော့-
ယသ္မာ စ ခေါ ဘိက္ခဝေ သတ္တာ န ဧဝံ ဇာနန္တိ ဒါနသံဝိဘာဂဿ ဝိပါကံ ယထာဟံ ဇာနာမိ။ တသ္မာ အဒတွာ ဘုဉ္စန္တိ။
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ အဟံ= ငါဘုရားသည်။ ဇာနာမိ ယထာ= ပိုင်းခြားထင်ထင် သိမြင်သကဲ့သို့။ သတ္တာ= သတ္တဝါတို့သည်။ ဒါန သံဝိဘာဂဿ= လှူဒါန်းခြင်း၊ ခွဲခြမ်းပေးဝေခြင်း၏။ ဝိပါကံ- အကျိုးဝိပါက်ကို။ ယသ္မာ= အ ကြင်ကြောင့်။ န ဇာနန္တိ= မသိကြကုန်။ တသ္မာ= ထို့ကြောင့်။ အဒတွာ= မပေးဘဲ။ ဘုဉ္ဇန္တိ= စားနိုင်ကြကုန်၏။ ငါဘုရား သိသလောက်၊ မသိကြလို့ မို့လို့ မပေးဘဲ စားနိုင်ကြတယ်။
မစ္ဆေရမလဉ္စ နေသံ စိတ္တံ= စိတ်ကို။ မစ္ဆေရမလဉ္စ= မစ္ဆေရ ဆိုတဲ့ ဝန်တိုခြင်း၊ စေးနှဲခြင်း၊ နှမြောခြင်းဆိုတဲ့ အညစ်အကြေး အကုသိုလ်တရားလည်းပဲ။ ပရိယာဒါယ= ထိုသူတို့၏ စိတ်ကို လွှမ်းအုပ်၍။ တိဋ္ဌတိ= တည်နေပေ၏။
ဒါနရဲ့အကျိုး မသိတော့ မစ္ဆရိယက ထိုပုဂ္ဂိုလ်တွေရဲ့ စိတ်ကို တစ်ခါတည်း ဖုံးပြီး အုပ်ပြီးတော့ တည်နေတယ်။ ဘယ်လိုတည်လဲ။
ဒါလေး ငါလှူလိုက်မှပဲ။
မစ္ဆရိယက သူက ရှေ့နေကြီးဆိုတော့ ဪ- လှူလို့ ဘယ်ဖြစ်မလဲ၊ မနက်ကျ စားစရာမရှိဘူး။ ဒီအဝတ်ကလေးကို ငါ ဟိုလူတစ်ယောက် အင်မတန်ဆင်းရဲတာ မြင်တယ်၊ ငါ ဒီအဝတ်ကလေးကို ပေးလိုက်မှ ထင်ပါရဲ့။ ကိုယ်က ဒီ သဒ္ဓါတရားက ဒီ တပ်ဦးချီပြီးတက်လာတော့ မစ္ဆရိယက ဘယ့်နှယ်ပြောသလဲ။ အဲ ပေးလို့မဖြစ်ဘူး၊ ဒါလေးက ရေသနုပ် လုပ်ရသေးတယ်၊ အင်း... တကတဲ။
အဲဒီလို အဲဒီလို "လိုရစေကြိုးနှယ်ခွေ" ဆိုတာက မစ္ဆရိယရဲ့ ဆောင်ပုဒ်ပဲ။ တစ်ခါထဲ အကုန်လုံး မပေးရက် မကမ်းရက် မစွန့်ရက် မလှူရက် မတန်းရက် တစ်ခါတည်း စုထားဖို့၊ ဒါ ဘယ်သူရဲ့ ဆောင်ပုဒ်လဲ၊ မစ္ဆရိယရဲ့ ဆောင်ပုဒ်။ လိုရစေ ကြိုးနှယ်ခွေ၊ ဘယ်သူ့မှ မပေးဘူး၊ အမှန်ကတော့ မပေးချင်တာ။ အဲဒီ မပေးချင်တဲ့ မစ္ဆရိယက ဒီစကားပုံ ကလေးလိုပဲ သူက၊ တကတဲ သူက ဒီဆောင်ပုဒ်ကလေးနဲ့ ရှေ့က နေပြီးတော့ သူက ကာကွယ်တာပဲ၊ တစ်ချို့များ အပိုဖြစ်နေတဲ့ ပစ္စည်းကို သွားတောင်းလို့များမပေးဘူး။ အဲဒီလိုများ ဟိုတစ်ယောက်က အသုံးချဖို့ သွားတောင်းပေးလိုက်ခြင်း သံဝိဘာဝရဲ့ အကျိုးကိုသိယင် ထိုလူကို ပေးမှာတဲ့။ အခုတော့မသိတဲ့အတွက် မစ္ဆရိယက သူတို့စိတ်ဖုံးအုပ်ပြီး သကာလ မပေးနဲ့၊ သူက စိတ်က ပေးမယ်ကြံ၊ လိုက်အုပ်ပြန်ပြီ၊ အို... အမှိုက်ကျုံးရသေးတယ်။ အင်း... ဒီလိုကို၊ ဒီတော့ သူရဲ့ဆောင်ပုဒ်တွေ၊ သူရဲ့ရှေ့နေတွေ၊ သူရဲ့ထုချေချက်တွေနဲ့ အဲဒီလို ဝင်နေတယ် ချစ်သားတို့တဲ့၊ မြတ်စွာဘုရားက။
ဧဝဉ္စေ သတ္တာ ဇာနေယျုံ၊
ယထာ ဝုတ္တံ မဟေသိနာ။
ဝိပါကံ သံဝိဘာဂဿ၊
ယထာ ဟောတိ မဟပ္ဖလံ။
မြတ်စွာဘုရားက ခုနက ရွတ်ပြီးတာတွေက စုဏ္ဏိယလို့ ပါဠိလိုခေါ်တယ်။ မြန်မာလို စကားပြေလို့ ခေါ်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ပါဠိလို ကျဉ်းကျဉ်းနဲ့ကျက်ချင်တဲ့ ရွတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်...
ဧဝဉ္စေ သတ္တာ ဇာနေယျုံ ၊
ယထာ ဝုတ္တံ မဟေသိနာ။
ဝိပါကံ သံဝိဘာဂဿ၊
ယထာ ဟောတိ မဟပ္ဖလံ
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ယထာ= အကြင် အခြင်းအရာအားဖြင့်။ မဟေသိနာ= မြတ်သောသီလက္ခန္ဓ စသည် ကျေးဇူး ဂုဏ်အထူးကို ဆည်းပူးရှာမှီး လေ့ကျက်တော်မူပြီးတဲ့ မြတ်စွာဘုရားသည်။ ဝုတ္တံ= ဟောတော်မူအပ်လေပြီ။ ဧဝံ= ဤဘုရားဟောတော်မူတဲ့အတိုင်း။ သတ္တာ= သတ္တဝါတို့သည်။ စေ ဇာနေယျုံ= အကယ်၍ သိကုန်ငြားအံ့။ မြတ်စွာဘုရားက အစာအာဟာရ ပေးတဲ့ ကျွေးတဲ့နေရာမှာ...
တိရစ္ဆာနဂတေသု ဒါနံ ဒတွာ ကတဝိညာ ဒက္ခိဏာ ပါဋိကင်္ခိတဗ္ဗာ။
တိရစ္ဆာန်ဖြစ်တဲ့ ခွေးကလေးကို ထမင်းတစ်ထပ် ဝဝကျွေးလိုက်ယင်ပဲ ဘဝပေါင်းအရာမှာ အစာမငတ်နိုင်ဘူးတဲ့နော်။ သူကျွေးလိုက်တဲ့ ထမင်းလေး ဘယ်လောက်များလို့လဲ။ အဲဒီခွေးလေး ထမင်းတစ်ထပ် ဝဝကျွေးလိုက်တာတောင်မှ ဘဝအရာမှာ အစာမငတ်နိုင်ဘူးတဲ့။ အဲဒီလို စသည်ဖြင့် ဒါနရဲ့အကျိုးတွေ ဟောထားတာရှိတယ်။ အဲဒီ ဘုရားဟောတဲ့အတိုင်း သတ္တဝါတွေ အကယ်၍ သိကြမယ်ပ ဆိုယင်တဲ့...
သံဝိဘာဂဿ= ဒါနသက်သက်ကို ပြုတာကို မဆိုထားပါနဲ့ဦးတော့၊ ကိုယ် ဝတ်ဖို့ စားဖို့ သုံးဖို့ထဲက အနည်းငယ်မျှကို ခွဲခြမ်းဝေဖန်၍ ပေးလိုက်ခြင်း၏၊ မဟပ္ဖလံ ဝိပါကံ= အလွန် အကျိုးကြီးတဲ့ အကျိုးဝိပါက်သည်။ ယထာ= အကြင်အခြင်းအရာအားဖြင့်ဟောတိ= ဖြစ်ပေ၏။ ဧဝံတထာ= ထို တကယ်အကျိုးရှိတဲ့ အခြင်းအရာကို ကြီးတဲ့အတိုင်း။ စေ ဇာနေယျုံ= အကယ်၍ သတ္တဝါတို့ သိကြကုန်သည်ဖြစ်အံ့။
တကယ့်ကို သက်သက်မဲ့ လှူတဲ့ တန်းတဲ့ ကိစ္စများ မဆိုထားပါနဲ့ဦးတဲ့၊ ကိုယ် ဝတ်မယ့် စားမယ့် အထဲက ဆင်းရဲတဲ့ လူတစ်ယောက်ကို ဝတ်စရာကလေး စားစရာလေးခွဲပြီးတော့ ပေးလိုက်တဲ့ သံဝိဘာဂကောင်းမှုကုသိုလ်ရဲ့ အကျိုးကြီးမြတ်ပုံကိုများ အကယ်၍ ငါဘုရားသိသလို ထိုလူတွေ သိကြမယ်ပ ဆိုလို့ရှိယင်-
ဝိနေယျ မစ္ဆရမလံ၊ ဝိပ္ပသန္နေန စေကသာ။
ဒဇ္ဇုံ ကာလေန အရိယေသု ယတ္ထဒိန္နံ မဟပ္ဖလံ။
ဧဝံသတိ- ဤသို့ ငါဘုရားသိသလောက်သာ ဒါနသံဝိဘာဂရဲ့ အကျိုးကို သတ္တဝါတွေ သိကြမယ်ပဆိုလို့ရှိယင်။ ယတ္ထ= အကြင် အရိယာသူတော်စင်တို့၌။ ဒိနံ္န= ပေးလှူအပ်တဲ့ အလှူဝတ္ထုသည်။ မဟပ္ဖလံ= များသောအကျိုး ရှိပေ၏။ မဟပ္ဖလံ= များသောအကျိုး ရှိပေ၏။ မစ္ဆေရမလံ= ဝန်တိုခြင်းဆိုတဲ့ စိတ်၏ အညစ်အကြေး မစ္ဆရိယတရားကို။ ဝိနေယျ= ပယ်ဖျောက်၍။ ဝိပ္ပသန္နေန= သဒ္ဓါတရားဖြင့်ပြိုးပြိုးပြက် တလက်လက်ကြည်လင် ဝင်းတောက်ပ၍နေသော။ စေတသာ= စိတ်ဖြင့်။ အရိယေသု= ဖြူစင်သော အကျင့်ပဋိပတ် ရှိကြတဲ့ သူတော် သူမြတ်တို့၌။ ကာလေန= သင့်လျော်လျောက်ပတ်သော ကာလ၌။ ဒဇ္ဇုံ= ပေးကုန်ရာ၏။
အန္နဉ္စ ဒတွာ ဗဟုနော၊ ဒက္ခိဏေယျေသု ဒက္ခိဏံ။
ဣတော စုတာ မနုဿတ္တာ၊ သဂ္ဂံ ဂစ္ဆန္တိဒါယကာ။
ဒါယကာ= အလှူအတန်း ပေးလှူတန်ကြတဲ့ သတ္တဝါတို့သည်။ ဗဟုနော= မြောက်မြားစွာသောပုဂ္ဂိုလ်အား။ အန္နံ= ထမင်းကို လည်းကောင်း။ စ=
ထိုမှတစ်ပါး။ သောက်ဖွယ်- ဝတ်ဖွယ်- နေဖွယ်- ထိုင်ဖွယ် အစရှိတဲ့ ပစ္စည်းလေးပါးကို လည်းကောင်း။ ဒတွာ- ပေး၍။ (ဘယ်လို ပုဂ္ဂိုလ်ကို ပေးရမှာတုံးဆိုတော့) ဒက္ခိဏေယျေသု= မြတ်သောအလှူကို ခံထိုက်ကုန်သော အလှူခံပုဂ္ဂိုလ်မြတ်တို့၌။ ဒက္ခိဏံ= ကံ ကံ၏ အကျိုးကို ယုံကြည်၍ လှူဒါန်းတဲ့ မြတ်သောအလှူကို။ ဒတွာ= ပေးလှူကြ၍။ ဣတော မနုဿတ္တာ= ဤ လူ့အဖြစ်မှ။ စုတာ= စုတေကြသည်ရှိသော်၊ သဂ္ဂံ ဂစ္ဆန္တိ= နတ်ရွာလောကသို့ သွားရောက်ကြရကုန်၏။
တေစ သဂ္ဂဝတာ တတ္ထ၊ မောဒန္တိ ကာမကာမိနော။
ဝိပါကံ သံဝိဘာဂဿ၊ အနုဘောန္တိ အမစ္ဆရာ။
တေစ= ထိုသူတို့သည်လည်း။ သဂ္ဂဂတာ= နတ်ရွာသုဂတိသို့ ရောက်ကြကုန်လည် ရှိသော်။ တတ္ထ= ထိုနတ်ရွာသုဂတိ၌။ ကာမကာမိနော= ဝတ္ထုအာရုံ အလုံးစုံတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍။ မောဒန္တိ= နှစ်လိုအားရမ်း ဝမ်းမြောက်ဝမ်းသာ သုံးဆောင်ကြပါပေကုန်၏။ သံဝိဘာဂဿ= ခွဲခြမ်းစိတ်ဖြာဝေဖန်ပေးခြင်း၏။ ဝိပါကံ= အကျိုးဝိပါက်ကို။ အမစ္ဆရာ= ဝန်မတိုကြကုန်သော။ တေ= ထိုသူတို့သည်။ အနုဘောန္တိ= လှလှကြီး ခံစားရကုန်၏- လို့။
အယမ္ပိ အတ္ထော ဝုတ္တော ဘဂဝတာ။
အယျာယော= အရှင်မတို့။ အယမ္ပိ အတ္ထော= အခုပြောဆိုခဲ့တဲ့ ဒါနကထာနှင့် ပတ်သက်သော အနက်သဘောကို။ ဘဂဝတော= မြတ်စွာဘုရားသည်။ ဝုတ္တော= ဟောတော်မူအပ်ပါပြီ….လို့-
ဟောဒီသုတ္တန်ဟာ ဘုရားဆီက နာပြီးတော့ ခုဇ္ဇုတ္တရာ အမျိုးသမီးကြီး၊ ဘယ်လောက် ပညာထက်တဲ့ အမျိုးသမီးကြီးလဲ။ အဲဒီ အမျိုးသမီးကြီးက သာမာဝတီ အမှူးပြုတဲ့ နန်းတွင်းသူ ငါးရာကို ဓမ္မာသန ပလ္လင်ဘက်က ရဲရဲတင်းတင်းဟောပေးတဲ့ ဣတိဝုတ္တက ပါဠိတော်မှာ လာတဲ့ ဒါနသုတ္တန်ပဲ။
အဲဒီလို ဒါနအကျိုးကိုပိုင်းပိုင်းခြားခြား သိပြီးဆိုယင် မစားဘဲကိုလှူမှာဆိုတာ ဟုတ်ပါ့မလား။ ဘုရားလောက်သိမှာကလည်းပဲ ဘုရားလောင်းမှ ဘုရားလောက်သိမှာ။ ဟော... မစားဘဲနဲ့ လှူတာကတော့ ဘုရားက ငါလောက်သိကြယင်တဲ့၊ မစားဘဲကို လှူပစ်ဆိုတာ။ ငါလောက်သိကြမှာက ဘယ်သူတွေတုံး ဆိုတော့ ငါကဲ့သို့ ဘုရားလောင်းမှ သိမှာတဲ့။
နို့ သာဝကအလောင်းတွေ ဘယ့်နှယ်လုပ်ပြီးတော့ သူသိသလောက် သိမဖြစ်ဘူး။ ဒီတော့ ငါသိသလို သိ ဆိုတာ ငါလိုပုဂ္ဂိုလ်၊ ဘုရားဖြစ်မယ့်ပုဂ္ဂိုလ် ဘုရားလောင်းများမှ ငါလိုသိမှာ။ ဘုရားလောင်းများကျတော့ အခုပြောသလိုပဲနော်၊ ဒါနဇ္ဈာသယ အင်မတန် ကဲလွန်တော် မူကြတယ်။ အဲဒီလို ကဲလွန်တော်မူကြတဲ့အတွက် ငါးရာ့ငါးဆယ် ဇာတကဆိုတာ၊ ဟို... ဇာတ်တော်ကြီးတွေ ကြားရ နာရတယ်ဆိုတာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ဟာ အစိတ်အပိုင်းအားဖြင့် ဘုရားမဖြစ်ခင် လေးအသင်္ချေ ကမ္ဘာတစ်သိန်း အတွင်းတုန်းက ကျင့်တော်မူခဲ့တဲ့ ဂုဏ်တော်တွေဟာ စရိယဂုဏ်လို့ ခေါ်တယ်နော်။
ကျင့်ထားတဲ့ဂုဏ်ကို စရိယဂုဏ်လို့ ခေါ်တယ်။ အဲဒီဂုဏ်ကို အာရုံပြုပြီးတော့ ငါတို့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးသည် နုစဉ်ကာလတုန်းက ဤကဲ့သို့ ဒါနပါရမီ ကောင်းမှုများကို လှလှကြီး ပြုတော်မူခဲ့တယ်လို့ ဒီလိုပြန်ပြီး အောက်မေ့ရခြင်းဟာလဲ ဗုဒ္ဓါနုဿတိ တစ်မျိုးပဲ။ ဒီ ဘုရားနဲ့စပ်ပြီးတော့ ဘုရားမဖြစ်ခင် သုမေဓာဘဝမှသည် နောက်ဆုံး ဝေဿန္တရာ ဘဝတိုင်အောင် ဤအတွင်းမှာ ကျင့်တော်မူခဲ့တဲ့ အကျင့်တစ်ခုခုကို အောက်မေ့ပြီး ကြည်ညိုတာလဲ ဒါ ဗုဒ္ဓါနုဿတိ တစ်မျိုးပဲ။ စရိယဂုဏ်ဖြင့် ဘုရားကို ကြည်ညိုတာလို့ ခေါ်တယ်။
ဒီဘက် ဘုရားဖြစ်တဲ့ဘဝမှာ သုံးဆယ့်နှစ်ပါးသောယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော အနုဗျဉ္စန လက္ခဏာတော်ငယ် အသွယ်သွယ်တို့နှင့်တကွ ရောင်ခြည်တော် ခြောက်သွယ်တို့နှင့် တင့်တယ်တော်မူပါပေသော ငါတို့ဆရာ မြတ်စွာဘုရားလို့ ရူပကာယ အသရေတော်တွေကို မှန်းပြီး ကြည်ညိုနေတာကတော့ သရီရဂုဏ်၊ အဲဒီ သရီရဂုဏ်နဲ့ ဗုဒ္ဓါနုဿတိအာရုံ ဆုံလိမ့်မယ်။
ဒါကြောင့် ဟို မနေ့ကတုန်းက ဘုန်းကြီး ယမကပါဠိ ဟာရိယနေရာမှာပေါ့လေ၊ မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ ကိုယ်တော်ကနေပြီး ရေတွေ မီးတွေ အစုံအစုံ တန်ခိုးပြာဋိဟာတွေ ထွက်ပုံ၊ ရောင်ခြည်တော်ခြောက်ပါးတွေ ကွန့်မြူးပုံဆိုတဲ့ ရူပကာယတော်ရဲ့ ကျက်သရေတော်တွေ၊ ဒီလို ကွန့်မြူးအောင်း ဖန်တည်းပေးနိုင်တဲ့ ယမကပါဋိဟာရိယ ဥာဏ်တော်တည်းဟူသော "တမ" ဂုဏ်တွေ၊ ဟို ‘နယနသုဘဂကာယင်္ဂံ ဆိုတဲ့ ပါဠိရဲ့အနက်ကို အကျယ်တဝင့် ရေးတုန်းက သရီရဂုဏ်ကို လှလှကြီး ဖော်ကြားပြီးတော့ ရေးခဲ့တယ်။ အဲဒါ ဘာလဲ။ မြတ်စွာဘုရားရဲ့ ဂုဏ်ကို ကိုယ့်အကြိုက်အတိုင်း တချို့ ဓမ္မဂရုပုဂ္ဂိုလ်က ဓမ္မကို အာရုံပြုရမှ မြိန်တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေ အတွက်ကျတော့ မြတ်စွာဘုရားရဲ့ ပညာဂုဏ်နှင့် ပတ်သက်တာတွေ ရေးပေးရတယ်၊ ရေးရတယ်။ ဒီလိုဟာတွေ နှလုံးသွင်းရတယ်။
တချို့ပုဂ္ဂိုလ်က သရီရဂုဏ်ကို ကြိုက်နှစ်သက်တဲ့လူရှိတယ်။ အဲဒီ ပုဂ္ဂိုလ်တွေအတွက် သရီရဂုဏ်နဲ့ ဘုရားအာရုံပြုနိုင်ပါစေ။ ‘နယနသုဘဂကာယင်္ဂံ အစရှိတဲ့ ဒီမဟာနမက္ကာရများဟာ တချို့ကတော့ သရီရရော, ဓမ္မရော ဂုဏ်နှစ်ပါးစလုံး အာရုံပြုချင်တယ်ဆိုတော့ ဟော ‘သမ္ပန္နာမူလေ မူလေ’ တို့လိုနော်။ သရီရဂုဏ် ဓမ္မဂုဏ်နှစ်ပါးဆုံတဲ့ ဘုရားဂုဏ်ကို အာရုံပြုနိုင်အောင်။
စရိယဂုဏ်ကို အာရုံပြုချင်တဲ့ ပုဂ္ဂိုလ်များ ငါးရာ့ငါးဆယ်ထဲက လျော်ရာလျော်ရာကို ထုတ်ဖေါ်ပြီးတော့ ဘုန်းကြီးဖော်ပြခဲ့တယ်။ ဒီ တစ်ခါတည်း အလောင်းတော်ရဲ့ ကျင့်စဉ်ကို အာရုံပြုနေရတာဟာ တို့ဘုရားဟာ နုစဉ်ကာလ ဒီဘဝတုန်းက ဒီလို ဒီလို ဒါနပါရမီ ဖြည့်ဆည်းပြီးတော့ နေခဲ့ပါတကားလို့ အဲဒါလောက် အဲဒီလို လိုက်ရခြင်းဟာ အလောင်းတော်ပိုင်းတုန်းက ကျင့်တဲ့ စရိယဂုဏ်ရှိတယ်။ ဘုရားဖြစ်တဲ့ နောက်ဆုံးဘဝမှာ ရရှိတဲ့ ရူပကာယ အသရေတည်းဟူသော သရီရဂုဏ် ရှိတယ်။
မစားဘဲ လှူသောသူ...
ပြီးတော့ သီလ၊ သမာဓိ၊ ပညာ အစရှိတဲ့ သမဂုဏ် ကျေးဇူးတွေ ရှိတယ်။ အဲဒီသုံးမျိုး တစ်မျိုးမျိုးနဲ့ အာရုံပြုပြီးတော့ ဗုဒ္ဓါနုဿတိက ဖြစ်နေတယ်။ သဒ္ဓါတရားတွေ တရွေ့ရွေ့ တဖွားဖွား တိုးတက်ပြီးတော့မှ အဲဒါကြောင့်မို့လို့ ဒီစရိယဂုဏ်နဲ့ အလောင်းတော်တွေ နုစဉ်ကာလတုန်းက မစားဘဲ ဘယ်လိုလှူခဲ့တုံး။ ဒါနရှေးရှုတဲ့လူ ဆိုလို့ရှိယင် မစားဘဲလှူတာ ဘယ်သူတုံး။ ငါလိုပုဂ္ဂိုလ်၊ ငါလိုပုဂ္ဂိုလ်ဆိုတော့ ငါကဲ့သို့သော ဘုရားလောင်းသာ လှူမှာပဲလို့ အဓိပ္ပာယ်ရတယ်။ လှူဖူးတဲ့ ဝတ္ထု ကြားကြစို့....။
အနာထပိဏ် ဆင်းရဲပုံ ဝတ္ထု...
ဝတ္ထုကြားတော့ အများကြားနေကျဖြစ်တဲ့ ဝိသယှသေဋ္ဌေး ဝတ္ထုကိုပဲ ကြားကြစို့။ ဘုန်းကြီးက ဝိသယှဇာတ်ကို ဒီပရိသတ်နားထဲကို သွင်းချင်လို့ ပစ္စုပ္ပန်ဝတ္ထု ကြည့်တဲ့အခါကျတော့-
ပစ္စပ္ပန္နဝတ္ထု ဟေဋ္ဌာ ခဒိရင်္ဂါရဇာတကေ ဝိတ္ထာရတ မေ။
ပစ္စုပ္ပန် လက်ထက်တော် ဝတ္ထုကတော့ အောက် ခဒိရင်္ဂါရဇာတ်တုန်းက ချဲ့ခဲ့ပြီးပြီလို့ အဋ္ဌကထာ ဆရာတော်ကြီးက မှာသွားတယ်။ မှာသွားလို့ ခဒိရင်္ဂါရဇာတ်ကို ပြန်ပြီးကြည့်တဲ့အခါကျတော့ ပစ္စုပ္ပန်ဝတ္ထုကိုက နှစ်နာရီလောက် ဟောရမယ်။
အင်း... အဲဒီပစ္စုပ္ပန်ဝတ္ထု ငါပြောဟောနေလို့ရှိယင် ပစ္စုပ္ပန်ဝတ္ထုနဲ့ပဲ ဝိသယှသေဋ္ဌေး ရောက်တော့မှာ မဟုတ်ဘူး ဆိုပြီးတော့ ဘုန်းကြီး သူ့ကို အပြေးအလွှားပဲ ကြည့်ပြီးတော့ ဟောလို့မဖြစ်ဘူး။ အတိုချုပ်ပြောယင်တော့-
ဘုရားလက်ထက်တုန်းက အနာထပိဏ် သေဋ္ဌေးက ဘုရားအမှူးရှိတဲ့ သံဃာရဲ့ သောက်ရေတွင်းကြီးသဖွယ် သူ့အိမ်မှာ ဖြစ်နေတော့ ဟို... ဘုရားနှင့်တကွ သံဃာတော်တွေ ကြွလာတိုင်းလာတိုင်း ဘုရားကြွလာတဲ့အခါ၊ သံဃာတော်တွေ ကြွလာတဲ့အခါ၊ ဘုရားနှင့်တကွ သံဃာတော်တွေ ကြွလာတဲ့အခါ သူက မိစ္ဆာဒိဋ္ဌိနတ်ဖြစ်တော့ ဆင်းဆင်းပြီးတော့ ဖယ်ပေးရတာကိုး သူက။ စတုတ္ထတံခါးမုခ်မှာ စောင့်နေတဲ့နတ်က ဆင်းဆင်းပြီးတော့ ဒီက တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေ လာတဲ့အခါ ဆင်းဆင်းပေးရတာကိုပဲ သူက မကျေနပ်နိုင်ပဲကိုး၊ မကျေနပ်နိုင်ပဲနဲ့ တစ်ခါတည်း သူ အနှောင့်အယှက်ကြီးစွာပေးတယ်ဆိုပါစို့။
အနာထပိဏ်သေဋ္ဌေး စည်းစိမ်ဥစ္စာတွေကို တစ်ခါတည်း စီးပွားတွေ ပျက်ကုန်အောင် ပျောက်ကုန်အောင် တစ်ခါတည်းလုပ်တယ်။ ဟို... သူ့ကြွေးရှိတဲ့ လူတွေကလည်း ပြန်မပေးရအောင် အကုန်လုံး လိုက်ပြီးတော့ နှုတ်ပိတ်တယ်။ ဥပမာပုံ အနာထပိဏ်သေဋ္ဌေးရဲ့ ကိုယ်စားလှယ်ယောင် ဆောင်ပြီးတော့ ကိုယ်စားလှယ်အဖြစ်နဲ့ အို... မပေးကြပါနဲ့ဦး၊ သေဋ္ဌေး အရေးမကြီးပါဘူး၊ အရေးမကြီးပါဘူး ပြောတယ်။ အဲဒီလို စသည်ဖြင့် ဟို ကြွေးတွေလည်း မပေးအောင်လုပ်တယ် ဒီတော့ အနာထပိဏ်သေဋ္ဌေးကလည်း ဒီအချိန်မှာ ကံဇာတာညှိုးမှိန်ခိုက်ဖြစ်တော့ မိမိမြှုပ်ထားတဲ့၊ အစိရဝတီ မြစ်ကမ်းပါးမှာ မြှုပ်ထားတဲ့၊ စီးပွားဥစ္စာတွေကလည်း မြစ်ကမ်းပါး စားလို့ ပါသွားတယ်။ ဒီတော့ အနာထပိဏ် သေဋ္ဌေးမှာ တော်တော် ဆင်းရဲဇာတ်ကြုံတယ်။ ဒီတော့ အိမ်မှာရှိတဲ့ ပစ္စည်းဥစ္စာတွေလည်း ဒီနတ်က ဖုံးထား ကွယ်ထားတယ်။ လူတွေလည်း စိတ်ဝမ်းကွဲပြားအောင်၊ မနေချင်အောင် လုပ်တယ်။ တော်တော်လေး ဝိပတ္တိ= ဗျသနဘေးနဲ့ အနာထပိဏ်သေဋ္ဌေး ကြုံရတဲ့အချိန်မှာ အဲဒီမိစ္ဆာနတ်က ဝင်ပြီးတော့ အကာလ ညအခါ ကိုယ်ရောင်ကိုယ်ဝါ ပြပြီးတော့...
"အနာထပိဏ်သေဋ္ဌေး၊ အလှူကြီးမပေးနဲ့၊ ပေးလျှင် တစ်ခဏ မွဲပြာကျလိမ့်ဦးမယ်။ ဒီထက်မွဲပြီးတဲ့နောက် ပြာကျဦးမယ်" လို့ ပြောတယ်။
လွယ်လွယ် ဒီလို ပြောကြပါစို့။ "အနာထပိဏ်သေဋ္ဌေး၊ အလှူကြီးမပေးနဲ့၊ ပေးလျှင် တခဏ မွဲပြာဆိုက်၍ ကျလိမ့်ဦးမယ်" လို့ အဲဒီလိုပြောတဲ့အခါ- "သင်ဘယ်သူလဲ... "သင့် စတုတ္ထ တံခါးမုခ်က စောင့်တဲ့နတ်ပဲ"
"ဪ... သင်ကဲ့သို့သော မိစ္ဆာနတ်ဟာ ငါရဲ့ပိုင်ဆိုင်တဲ့ အရာမ်ထဲမှာ မနေရဘူး။ အခု သွားရမယ်"
အဲဒီလို သူ့ကို နှင်လိုက်တယ်။ အရိယ သာဝက ဘုရားရဲ့ တပည့်ကြီး၊ တကယ် သီလနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နှင်လိုက်တော့ ဒီနတ်ဟာ နေကို မနေနိုင်ဘူး။ သားရော သမီးရော၊ မယားရော အကုန်လုံး လက်ဆွဲပြီးတော့ အဲဒီမုခ်က ဆင်းပေးရတယ်။ ဘယ်မှ နေစရာမရှိဘူး။
နတ်ဆိုး နှောင့်ယှက်၍ ဆန်ကွဲထမင်း ချက်စားရခြင်း...
စတုမဟာရာဇ် နတ်မင်းကြီးတွေဆီ သွားပြီးတော့ အမလေး... သေဋ္ဌေးဆီ ရှေ့နေ လိုက်ပြီးတော့ တောင်းပန်ပေးကြပါဦး။ အင်း... မင်းအပြစ်က အင်မတန်ကြီးတယ်၊ သာသနာတော် ထိခိုက်တာ၊ ဟို... သိကြားမင်းဆီထိအောင် သွားပြန်ယင်လဲ...
"ကျုပ်လည်းပဲ ရှေ့ဆောင်မလုပ်ဝံ့ဘူး။ ခင်ဗျား လှည့်စားထားတာက ဒါနကို တားမြစ်ထားတယ်ဆိုတာ ဘုရားသာသနာကို သွားပြီး ပုတ်ခတ်ထားတာ၊ အဲဒီတော့ ခင်ဗျားရှေ့က ကျုပ်တို့လည်းပဲ သာသနာကို ထိပါးစော်ကားထားတဲ့ နတ် တစ်ယောက်ဆိုတော့ ကျုပ်လည်းပဲ ရှေ့ဆောင်မလုပ်ဝံ့ဘူး၊ ရှေ့နေ ရှေ့ရောက် ရှေ့ဆောင်မလုပ်ဝံ့ဘူး"
"ဒါဖြင့် သိကြားမင်း၊ ကျွန်တော် ဘယ်နှယ်ကြံရပါ့မလဲ။ နေစရာကလည်း တခြားမှာမရှိဘူး" ဆိုတော့-
"အေး- တစ်ခုတော့ ငါ အကြံပေးမယ်။ မင်း သွားချင်သွား"
"ဘယ်လို လုပ်ရမလဲ"
"အနာထပိဏ် သေဋ္ဌေးမှာ ကြွေးတောင်းမရတဲ့ တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာတွေ ရှိတယ်။ အဲဒီ တစ်ဆယ့်ရှစ်ကုဋေသော ဥစ္စာတွေကို မင်း အနာထပိဏ်သေဋ္ဌေးရဲ့ ကိုယ်စားလှယ်ယောင်ဆောင်၊ အဖော်ဘီလူး နှစ်ယောက်လောက်လည်း ခေါ်သွားပေါ့ကွာ၊ မပေးဘူးဆိုတဲ့ လူတွေကို နည်းနည်းပါးပါး ခြိမ်းခြောက်တန် ခြိမ်းခြောက်ပြီတော့ တစ်ခါတည်း သူ့ကြွေးတွေကို အကုန်လုံး ဆယ့်ရှစ်ကုဋေ ရအောင်ယူ၊ အဲဒီလူတွေက သေဋ္ဌေးကြီး သဘောကောင်းတော့ မပေးကြဘူး။ ဒီတော့ သူ့မှာ လက်ဖဝါးချည်းပဲ ဖြစ်နေတယ်။ အဲဒါလည်း ဆယ့်ရှစ်ကုဋေ ရအောင်တောင်း"
"ကောင်းပါပြီ၊ ဒါရအောင် တောင်းပါ့မယ်"
"ရှိသေးသကွ၊ အစိရဝတီ မြစ်ကမ်းပါးနားမှာ သူမြှုပ်ထားတဲ့ တစ်ဆယ့်ရှစ်ကုဋေသော ရွှေတွေငွေတွေ ကမ်းပါးပြိုလို့ အိုးလိုက်ကြီး မျောပါသွားတယ်။
သမုဒ္ဒရာထဲမှာ အိုးလိုက်ကြီး ဒီအတိုင်း ပေါလောပေါလော ရှိသေးတယ်။ အဲဒီအိုးကို မင်း သွားဆယ်၊ အနာထပိဏ် သေဋ္ဌေးအိမ် ရောက်အောင်ပို့"
"ဒါတင်ပဲလား အရှင်သိကြားမင်း"
"အင်း- မဟုတ်သေးဘူး။ ဤမည်သော နေရာမှာ အရှင်မရှိတဲ့ ရွှေ ငွေ တွေ တစ်ဆယ့်ရှစ်ကုဋေရှိသဟေ့။ အဲဒီ တစ်ဆယ့်ရှစ်ကုဋေသော ငွေအိုး ရွှေအိုးတွေကိုသွားဖော်။ အဲဒီ ရွှေအိုး ငွေအိုးတွေကိုလည်း အနာသပိဏ် သေဋ္ဌေးအိမ်ပို့။ ပို့ပြီးယင်တော့ ကြွေးက ၁၈- ကုဋေ၊ ရေမျောထားတာက ၁၈- ကုဋေ၊ အရှင် မရှိတာက ၁၈- ကုဋေ၊ ပေါင်း= ငါးဆယ့်လေး(၅၄) ကုဋေသော ဥစ္စာတွေ အနာထပိဏ် သေဋ္ဌေးရဲ့အိမ်မှာ သွားထားပြီးတော့မှ အဲဒါတွေကို မင်း လက်ဆောင်ပဏ္ဏာ ကန်တော့ပွဲလုပ်ပြီးတော့ သွား"
"ကျွန်တော်မျိုး မှားပါပြီ၊ ကောင်းပါပြီ" လို့ ဆိုပြီးတော့ အဲဒီ ငါးဆယ့်လေးကုဋေကို စတုတ္ထမုခ်မှာစောင့်တဲ့နတ်က သိကြားပြောတဲ့အတိုင်း ငါးဆယ့်လေးကုဋေ ရအောင်ရှာပြီး အနာထပိဏ်သေဋ္ဌေးဆီ သွားပြီး ကန်တော့တယ်။
"သင်- ဘယ်သူတုံး"
"ကျွန်တော် မှားခဲ့မိပါတယ်။ စတုတ္ထ တံခါးမုခ်ကစောင့်ရှောက်တဲ့ နတ်ဘီလူးပါ။ လွန်ခဲ့တဲ့ ဤမည်သောရက်တုန်းက ကျွန်တော် ပြောမှားခဲ့တဲ့အပြစ်ကို သည်းခံတော်မူပါ။ ဒီအပြစ် သည်းခံဖို့ရန် အတွက်လည်းပဲ ကျွန်တော်မျိုး ဒဏ်ထမ်းထားပါတယ်။ ဟောဒီမှာ ငါးဆယ့်လေးကုဋေ။ ဟောဒါက ကြွေးမပေးတဲံ ၁၈- ကုဋေ တောင်းထားတာ။ ဒါက သမုဒ္ဒရာထဲ မြောပါသွားတဲ့ ၁၈- ကုဋေ။ ဒါက အရှင်မရှိတဲ့နေရာက ကျွန်ုပ်ဆောင်ယူလာတဲ့ ၁၈- ကုဋေ။ အဲဒီဒဏ်ကို ကျွန်တော်မျိုး ထမ်းပြီးပါပြီ"
ဟာ- ဒါဖြင့် မင်း ဘုရားဆီလိုက်ခဲ့...
မြတ်စွာဘုရားဆီ ခေါ်သွားတယ်။ မြတ်စွာဘုရားကလည်း တရားပါဟောလို့ ဒီနတ်ကလည်း သမ္မာဒိဋ္ဌိဖြစ်တယ်။ အဲဒီတော့မှ အနာထပိဏ်သေဋ္ဌေးက-
"မြတ်စွာဘုရား……တပည့်တော်မှာ အဲဒီလို နတ်နှောင့်ယှက်ထားတာက တစ်မျိုး၊ ရေနှိပ်စက်တာကတစ်မျိုး၊ သဘောကောင်းလွန်းလို့ ကြွေးမြီယူထားတဲ့လူတွေက မပေးလို့ တစ်မျိုး၊ အဲဒါလောက်ကြီးဆင်းရဲတဲ့ အချိန်ပိုင်းအတွင်းမှာပေမယ်လို့ တပည့်တော် အလှူအတန်း ပေးကမ်းမှုကို နောက်မဆုတ်ခဲ့ဘူးဘုရား၊ နောက်မဆုတ်ခဲ့ဘူး။ အဲဒီအချိန်မှာကို တပည့်တော်ပေးလို့ ကမ်းလို့ နောက်မဆုတ်ခဲ့ဘူး။ ကိုယ်ရှိတာလေးနဲ့ ပေးတယ်။ (ဝေလာမသုတ္တန် ဟောရတာ အဲဒီအချိန်ပေါ့။) ဟိုတစ်ရက်ပိုင်းမှာ မြတ်စွာဘုရားက-
"ဒီယတိ ပန တေ ဂဟပတိ ကုလေ ဒါနံ"လို့မေးလိုက်တယ်။
"အနာထပိဏ် သေဋ္ဌေး၊ သင့်အိမ်မှာ အလှူဒါနများပေးရရဲ့လား" ဒီလိုမေးတော့-
"ပေးရပါတယ်ဘုရား၊ ဒါပေမယ့် တပည့်တော်စိတ်ထဲ တယ်မနှစ်သက်ဘူး"
"ဘာဖြစ်လို့လဲ"
"ဟို- တပည့်တော်မှာလည်း ဆင်းရဲတဲ့အချိန်မှာ ကြုံနေတော့ ‘ဟင်း’ ဆိုလည်းကုန်ပြီး၊ ‘ထမင်း’ ဆိုလည်းပဲ ဆန်ကွဲထမင်း၊ တပည့်တော်မှာ ဒီဆန်ကွဲထမင်းနဲ့ ပအုန်းရည် စားရတဲ့ဘဝ ရောက်တယ်။ (ဒါလောက် သူ ဒုက္ခရောက်သွားသေးတယ်။) အဲဒီလို တပည့်တော်စားရသမျှ လှူရပေမယ်လို့ မကောင်းတာ လှူရတဲ့အတွက် တပည့်တော်ရဲ့စိတ်ထဲမှာ ဝမ်းမသာဘူးဘုရား"လို့ ဆိုတော့မှ မြတ်စွာဘုရားက-
နတ္ထိ စိတ္တေ ပသန္နမ္ပိ၊ အပ္ပကာ နာမဒက္ခိဏာ……စသည်ဖြင့် အနာထပိဏ်သေဋ္ဌေး…..၊ ဝမ်းမနည်းနဲ့။ စိတ်ထဲက သဒ္ဓွါတရားရှိလို့ရှိယင် လှူဖွယ်ဝတ္ထု ဘယ်လောက်နည်းနည်း ဘာမှ အကျိုးမနည်းပါဘူး၊ ဟုတ်လား။ ကောင်းမှုကုသိုလ် နည်းမသွားဘူးတဲ့။ သဒ္ဓါတရား ထက်ထက်သန်သန် ထားပြီးတော့ လှူလို့ရှိယင် လှူဖွယ်ဝတ္ထု ဘယ်လောက်နည်းနည်း၊ ကောင်းမှုကုသိုလ် နည်းတယ်လို့ မဆိုရဘူး။ စေတနာ ပဓာနပဲ။ ဒီမှာ သူ့ကိုနှစ်သက်စေပြီးတော့ ဝေလာမသုတ္တန်ဟောတယ်။ (ဝေလာမသုတ္တန်က ဟို- တစ်ချိန်က ဟောပြီးသားရှိတယ်။)
မစားဘဲလှူသော ဝိသယှသေဋ္ဌေးဝတ္ထု
ကိုင်း- ဒါနဲ့ အခုလည်းပဲ အဲဒီ ဝေလာမသုတ္တန်ဟောပြီး နှစ်ရက် သုံးရက်မြောက်မှာပေါ့လေ။ ခုနက စတုတ္ထမုခ်ဦးက စောင့်တဲ့နတ်ကို ခေါ်သွားပြီးတော့နတ်လည်းပဲ ဘုရား တရားနာလို့ သမ္မာဒိဋ္ဌိ ဖြစ်ပြီးတဲ့နောက် အနာထပိဏ်သေဋ္ဌေးက-
"တပည့်တော်ဘုရား၊ အဲဒါလောက် ဆင်းရဲတဲ့ အချိန်မှာတောင် တပည့်တော် ရှင်တော်ဘုရား ဝေလာမသုတ္တန် ဟောကြားတော် မူရအောင် တပည့်တော်လှူခဲ့ပါသေးတယ်" လို့ အဲဒီလို ဘုရားလျှောက်တော့ မြတ်စွာဘုရားက ဘယ့်နှယ်ပြောသလဲ။
ပေါရာဏကပဏ္ဍိတာ ပိ ဂဟပတိ မာ ဒါနံ ဒဒါပေသိ အာကာသေ ဌတွာ ဝါရေန္တံ သက္ကံ ဒေဝါနမိန္ဒံ ပဋိမာဟိတွာ ဒါနံ အဒံသုယေဝ။
ဂဟဂတိ= သူကြွယ် ကျောင်းဒကာ အနာထပိဏ်သေဋ္ဌေး။ ပေါရာဏကပဏ္ဍိတာ ပိ- သင့်လိုပဲ ရှေးပညာရှိ သူတော်ကောင်းများလည်းပဲ။ (အနာထပိဏ်သေဋ္ဌေး- ဟုတ်တာပေါ့၊ သင့်လိုပဲ၊ သင့်လိုပဲ၊ ရှေးက ပညာရှိ သူတော်ကောင်းများလည်းပဲ) မာဒါနံ ဒဒါပေသိ= အလှူဒါန မပေးနဲ့လို့။ အာကာသေ= ကောင်းကင်၌။ ဌတွာ= ရပ်တည်၍။ ဝါရေန္တံ= တားမြစ်သော။ ဒေဝါနမိန္ဒံ= နတ်တို့ကို အစိုးရတဲ့။ သက္ကံ= သိကြားမင်းကို။ ပဋိမာဟိတွာ= တားမြစ်၍။ ဒါနံ= အလှူဒါနကို။ အဒံသုယေဝ= ပေးလှူကြဖူးကုန်သည်သာ... လို့...
ဟုတ်တာပေါ့ အနာထပိဏ်သေဋ္ဌေး၊ သင့်လိုပဲ ရှေးက ပညာရှိ သူတော်ကောင်းများလည်းပဲ အလှူဒါန မပေးနဲ့လို့ ကောင်းကင်ကလာပြီး သိကြားရင့်မာကြီးကိုယ်တိုင် တားမြစ်နေတာတောင်မှ အဲဒီသိကြားကို ဟန့်တားပြီးတော့ ကိုယ့်အလှူ လှူမြဲ လှူကြသေးတယ်ဆိုတော့မှ အဲဒီအကြောင်း ပြန်ပြောင်းမိန့်ဆိုတော်မူပါဘုရားလို့-
တေန= ထို အနာထပိဏ် သေဋ္ဌေးသည်။ ယာစိတော= တောင်းပန်အပ်ရကား။ အတီတံ အာဟရိ= အတိတ်အကြောင်းကို ထုတ်ဆောင်ဟောကြားတော် မူခဲ့လေပြီ...။
အဋ္ဌကထာမှာပေါ့လေ၊ စကားအနုသန္ဓေ ဒီလို ဆက်ပြီးတော့ ပြထားတယ်။ အနာထပိဏ်သေဋ္ဌေး တောင်းပန်တဲ့ အတွက် အဲဒီအတိတ်အကြောင်း ပြန်ပြီးတော့...
အတီတေ ဗာရာဏသိယံ ဗြဟ္ဓဒတ္တေ ရဇ္ဇံကာရေန္တေ ဗောဓိသတ္တော အ သီတိကောဋိဝိဘဝေါ ဝိသယှော နာမ သေဋ္ဌိ ဟုတွာ ပဉ္စဟိ သီလေဟိ သမန္နာဂတော ဒါနဇ္ဈာသယော ဒါနာဘိရတော အဟောသိ။
အစရှိသည်ဖြင့် ဝိသယှ ဇာတ်ကို အကျယ်တဝင့် ဘုရားဟောကြားတယ်။
ဂဟပတိ= ဇေတဝန်ကျောင်း ဒါယကာ အနာထပိဏ်သေဋ္ဌေး။ အတီတေ= အတိတ်ဝေးစွာ ရှေးအခါတုန်းက။ ဗာရာဏသိယံ= ဗာရာဏသီပြည်၌။
ဗြဟ္မဒတ္တေ= ဗြဟ္မဒတ် မင်းတရားကြီးသည်။ ရဇ္ဇံကာရေန္တေ= မင်းပြုလတ်သည်ရှိသော်။ ဗောဓိသတ္တော= ဘုရားလောင်းသည်။ အသီတိကောဋိဝိဘဝေါ= ကုဋေရှစ်ဆယ် စည်းစိမ်ကြွယ်ပေသော။ ဝိသယှော နာမ သေဋ္ဌိ= ဝိသယှအမည်ရှိတဲ့ သေဋ္ဌေးသည်။ ဟုတွာ= ဖြစ်၍။ ပဉ္စဟိ သီလေဟိ သမန္နာဂတော= အင်္ဂါငါးပါးရှိတဲ့ သီလနဲ့ ပြည့်စုံသူသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ….။
ရှေးလွန် လေပြီးသော အခါက ဗာရာဏသီပြည် ဗြဟ္ဓဒတ်မင်း မင်းပြုစဉ် ဘုရားအလောင်းဟာ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ ဝိသယှဆိုတဲ့ သေဋ္ဌေးဖြစ်ပြီးတော့ ငါးပါးသီလ လုံလုံခြုံခြုံနဲ့ စောင့်ထိန်း၍ ပေးဖို့ရန် လှူဖို့ရန် အလိုဆန္ဒတွေ ထက်သန်၊ ထက်သန်တဲ့အတိုင်းပေးရ လှူရတဲ့နေရာ အင်မတန်နှစ်ခြိုက်လို့ မွှေလျော်ပျော်ပိုက်တဲ့ သူတော်ကောင်းကြီးတစ်ယောက် ဖြစ်ခဲ့ပြီ။
အဲဒီ ဝိသယှသေဋ္ဌေးဟာ ဗာရာဏသီပြည်ရဲ့ တံခါးလေးမျက်နှာမှာလည်းပဲ အလှူတင်းကုပ်ရုံကြီး၊ အလှူ မဏ္ဍပ်ကြီးလေးရပ် ထိုးလို့ လည်းကောင်း၊ မြို့ရဲ့အလယ်ဗဟိုမှာလည်းပဲ မဏ္ဍပ်ကြီးထိုး၍ လည်းကောင်း၊ မိမိရဲ့ အိမ်တံခါးဝပေါက်မှာလည်းပဲ မဏ္ဍပ်ကြီးထိုး၍ လည်းကောင်း ခြောက်ဌာန နေ့တိုင်း နေ့တိုင်း တစ်ဌာန တစ်ဌာနလျှင် တစ်သိန်းကျ တစ်သိန်းကျစီ တစ်နေ့ တစ်နေ့လျှင် ခြောက်သိန်းခြောက်သိန်းသော အသပြာတွေကိုစွန့်ပြီး သကာလ စားဖွယ်တွေ၊ သောက်ဖွယ်တွေ၊ ဝတ်ဖွယ်တွေ၊ သုံးဖွယ်တွေ၊ မဟာဒါနကြီးပေးပြီးတော့ နေတယ်။ အဲဒီတုန်းက အဲဒီခေတ်တုန်းက သာသနာပြင်ပမှာနော်။ ဒီ သီလရှိတဲ့ ပုဂ္ဂိုလ်မရှိပါဘူး။
ဒီ သာသနာပြင်ပမှာ သီလရှိတဲ့ပုဂ္ဂိုလ် ပေါ်တယ်ဆိုတာ တစ်ခါတစ်ရံ ရသေ့သူတော်ကောင်းများ ပေါ်တယ်။ ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပေါ်ထွန်းတဲ့အခါမှာ။ အခုဟာက ဝိသယှသေဋ္ဌေး အလှူကြီး ပေးရတဲ့ အလှူခံပုဂ္ဂိုလ်တွေထဲမှာ ရသေ့သူတော်ကောင်းလည်းမပါဘူး၊ ပစ္စေကဗုဒ္ဓါလည်း မပါဘူး၊ သာသနာပြင်ပမှာ ဘာမှ သီလမရှိတဲ့ ပုဂ္ဂိုလ်တွေ။
အလှူခံ တစ်ကျိပ်လေး
အလွန်ဆုံး အဲဒီတုန်းက သီလရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရတဲ့ ပုဂ္ဂိုလ်မျိုးတွေကြည့်။ အင်း- ထုတ်ပြီးတော့ ကြည့်ကြအုံးစို့ ။ ဒါ ဘုန်းကြီးတို့ စာပေနယ်ကတော့ ဒီလို ဟိုနဲ့ ဒီနဲ့ ညှိပြီး စဉ်းစားကြည့်ရတယ်။ ဒက္ခိဏာဝိဘင်္ဂသုတ်မှာ ပုဂ္ဂလိကအလှူ တစ်ဆယ့်လေးပါး ၊ အလှူခံ ပုဂ္ဂိုလ် တစ်ကျိပ်လေးဆိုတာ အရပ်ကပြောတာ။ အဲဒီ ပုဂ္ဂလိကအလှူ တစ်ဆယ့်လေးပါးကိုဖော်ပြတဲ့ ဒီစကားကနေပြီးတော့ အလှူခံပုဂ္ဂိုလ် တစ်ကျိပ်လေး ရေတွက်ရတယ်။
( ၁ ) မြတ်စွာဘုရားအားလှူဒါန်းတာ ဒါပုဂ္ဂလိက အလှူတစ်ခု။
( ၂ ) ပစ္စေကဗုဒ္ဓါအား လှူဒါန်းတာ ဒါ ပုဂ္ဂလိက အလှူတစ်ခု။
( ၃ ) နောက်မှာ ရဟန္တာ ပုဂ္ဂိုလ်အား လှူဒါန်းတာ ဒါ တစ်ခု။
( ၄ ) ရဟန္တာဖြစ်ဖို့ရန် ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ ပုဂ္ဂိုလ်အား
လှူဒါန်းတာ ဒါ တစ်ခု။
( ၅ ) အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းတာ။
( ၆ ) အနာဂါမ်ဖိုလ်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်အား
လှူဒါန်းတာ။ ( ဒီလိုအောက်ပြန်ဆုတ်ပြီးတော့ လာခဲ့ )
( ၇ ) သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းတာ။
( ၈ ) သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်အား
လှူဒါန်းတာ။
( ၉ ) သောတာပတ္တိဖိုလ်သို့ ရောက်ပြီး သောတပန် ပုဂ္ဂိုလ်အား လှူဒါန်းတာ။
( ၁၀ ) သောတာပတ္တိဖိုလ်သို့ မျက်မှောက်ပြုဖို့ရန်ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်အား
လှူဒါန်းတာလို့ ဒီမှာ ရှစ်ဦးသက်သက်။ ဘုရားရယ်၊ပစ္စေကဗုဒ္ဓါရယ်၊
ဒီတင် ဆယ်ဦး ရှိသွားတယ်။
( ၁၁ ) ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊ ရိယာရှစ်ဝ ၊ ဈာန်ရဗာဟီ၊
(သာသနာပြင်ပမှ ဈာန်ရတဲ့ဗာဟီရက ရသေ့သူတော်ကောင်းများ လှူရတယ်။) ဒါက ၁၁- ခုမြောက်သော ပုဂ္ဂလိက ဒါနလို့ ခေါ်တယ်။
ဈာန်ရဗာဟီ ၊ နှစ်လီပုထုဇန် ၊ တိရစ္ဆာန်
ပုထုဇဉ်က သာသနာပြင်ပမှာ သီလရှိတဲ့ ပုထုဇဉ် ၊ သီလကို လုံးလုံးမရှိတဲ့ ပုထုဇဉ်လို့ နှစ်မျိုးရှိတယ်။ တိရစ္ဆာန် တဲ့။
( ၁၂ ) အဲဒီ သီလရှိတဲ့ ပုထုဇဉ်အား လှူရတာ ၊
( ၁၃ ) သီလမရှိတဲ့ ပုထုဇဉ်အား လှူရတာ ၊
( ၁၄ ) တိရစ္ဆာန်အား လှူရတာလို့ ပုဂ္ဂလိကအလှူတစ်ဆယ့်လေးပါးရှိတဲ့ အနက်က သာသနာပြင်ပမှာ သီလရှိတဲ့ပုဂ္ဂိုလ်မှ ဒါကို အဋ္ဌကထာက သီလရှိပါတယ်လို့ ခေါ်ရတဲ့ပုဂ္ဂိုလ်ကို ဖော်ပြထားတာ ရှိတယ်။ အဲဒီ သာသနာပြင်ပမှာ သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ အခုပြောနေတဲ့ ငါးပါးသီလကို ကနေ့ ဘုရားသာသနာအတွင်းမှာ ဟုတ်လား။
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
အစရှိသဖြင့် သီလ- သီလမှန်းသိသိစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး၊ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။ယနေ့ ဘုရားသာသနာတွင်းမှာ နားထောင်တဲ့ ပုဂ္ဂိုလ်၊ သာသနာတွင်း၊ သာသနာတွင်း ငါးပါးသီလ လှလှကြီးစောင့်တဲ့ပုဂ္ဂိုလ် မဆိုထားပါဘိ၊ သာသနာတွင်းမှာ သရဏဂုံ တည်တဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်တောင်မှ-
ဟေဋ္ဌိမကောဋိယာ ဟိ တိသရဏံ ဂတောဥပါသကော သောတာပတ္တိဖလ သစ္ဆာကိရိယာယ ပဋိပန္နော နာမလို့-
အောက်ထစ်ပိုင်းခြား အယုတ်အားဖြင့် သရဏဂုံတည်တဲ့ ဥပါသကာတစ်ယောက် ငါးပါးသီလ မရှိဘူးဆိုယင် အဲဒီ ပုဂ္ဂိုလ်တောင်မှ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ်စားရင်းထဲ ပါတယ်တဲ့။ သာသနာတွင်းက ပုဂ္ဂိုလ်တွေက အောက်ထစ်ပုဂ္ဂိုလ်ဟာ သောတာပတ္တိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်စာရင်းထဲမှာပေါ့လေ၊ နောက်ဖျားက ထည့်သွင်းထားတယ်။ သရဏဂုံတည်ယင်ကိုပဲ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုဖို့ရန် ကျင့်ကြံနေတဲ့ အဋ္ဌမက အရိယာစာရင်းထဲ သွင်းထားတယ်။
အဲဒီတော့ သာသနာပြင်ပမှာ သီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တုန်းဆိုတော့ ဂေါသီလ- ဒါသိကော- အမြင်ပေးမယ် ဆိုလို့ရှိယင် နွားတို့ရဲ့ အလေ့အကျင့်ရှိသောသူလို့ ဒီလို ပေးရမယ်။ ပေးစရာလူမဟုတ်ပါဘူး။ ဂေါသီတ စန္ဒကူးဆိုတာများလို အင်မတန်အေးမြတဲ့ အလေ့အကျက်သဘောရှိတဲ့ ပုဂ္ဂိုလ်ကိုပင် သာသနာပြင်ပမှာ သီလရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရတယ်။
ယနေ့ ဘယ်လို ပုဂ္ဂိုလ်မျိုးတုန်းဆိုယင် တစ်ချို့တစ်ချို့သော အရပ်ဒေသမှာ လူအေးကြီးတွေရှိတယ်။ ငါးပါးသီလလည်း သူ ဆောက်တည်ရမှန်း မသိဘူး။ သရဏဂုံလည်း ခံရကောင်းမှန်း မသိဘူး။ သာသနာတွင်းမှာပေါ့လေ၊ လူအေးကြီးတွေ တချို့ရှိကြတယ်။ သရဏဂုံ သူနားမလည်ဘူး။ ငါးပါးသီလလည်း နားမလည်ဘူး။ ဒါပေမယ်လို့ သူဟာ သူတစ်ပါးကို နှိပ်စက်တယ်၊ ညှဉ်းပန်းတယ်၊ သတ်ဖြတ်တယ်ဆိုတဲ့ ပါဏာတိပါတအမှု သူမပြုဘူး။ ဘယ်တော့မှ မပြုဘူး။ လူအေးသဘောအတိုင်း သူအေးအေးပဲ နေတယ်။
အဒိန္နာဒါန်အမှု မပြုဘူးနော်၊ သရဏဂုံသီလကို မသိဘဲနဲ့ ပင်ကို သဘာဝအားဖြင့် အေးပြီးတော့ ကောင်းကောင်းလုပ်၊ ကောင်းကောင်းစား၊ ဟုတ်လား၊ အေးအေးချမ်းချမ်းနေတဲ့ လူကောင်းကြီးတွေရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်ကြီးတွေမျိုးကို သာသနာပြင်ပမှာ သီလရှိတဲ့ပုဂ္ဂိုလ်လို့ ခေါ်ရတယ်။
အခုတော့ ဝိသယှဘုရားအလောင်း နေရတဲ့ လူတွေထဲမှာ သီလရှိတဲ့ပုဂ္ဂိုလ်ဆိုတာ အသာဆုံးပုဂ္ဂိုလ်ဟာ လူအေးကြီးတွေ။ ဒီက လွဲလို့ကတော့ဖြင့် ဒုစရိုက်သမားချည်းပဲ။ ပါဏာတိပါတာတို့၊ အဒိန္နာဒါနာတို့ စတဲ့ ဒီလို ငါးပါးသီလမှ မလုံတဲ့ပုဂ္ဂိုလ်၊ မလုံမဟုတ်ဘူး၊ လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေ။ ဒုဿီလနဲ့ သီလဝန္တ- နှစ်မျိုးခွဲလိုက်ယင် အဲဒါဘဲရှိတယ်၊ သာသနာပြင်ပမှာ။ ငါးပါးသီလ ပီပီသသ ကနေ့ဆောက်တည်သလို ဆောက်တည်ထားတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေကို လှူတန်းရပေမယ့် အလှူအတန်းရဲ့ တန်ခိုးဟာ အလှူခံပုဂ္ဂိုလ်က ညံ့နေပေမယ့် အလှူပေးဒကာရဲ့စေတနာနဲ့ ဒမ္မိယလဒ္ဓပစ္စည်းက မှန်နေပြီဆိုယင် ဒီဒကာဘက်ကနေပြီးတော့ တစ်ခါတည်း ဒီ အလှူအတန်းဟာ တန်ခိုးရှိတယ်။
ပဏ္ဍုကမ္ဗလာ ပူသော အကြောင်းသုံးပါး...
ဘယ်လိုတုံး၊ အို- မြေက မကောင်းပေမယ်လို့ ပျိုးစေ့က အောင်အောင်မြင်မြင် ရှိတယ် ဆိုလို့ရှိယင် အပင်ပေါက်တယ်၊ လှတယ်။ အဲဒါလို၊ အဲဒါလို။
အဲဒီလို အလှူခံ ပုဂ္ဂိုလ်တွေက ညံ့နေပေမယ့် အလှူပေး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝိသယှ သေဋ္ဌေးရဲ့ အလိုအဇ္ဈာသယ ကုသိုလ်ဆန္ဒက အင်မတန် ထက်သန်တာဖြစ်တော့ ဒီအလှူဟာ အင်မတန် တန်ခိုးရှိတယ်။ ဘယ်လောက်တောင် တန်ခိုးရှိသလဲ။ သိကြားမင်းရဲ့ ဘုံဗိမာန်ကို တုန်လှုပ်သွားတယ်။ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာကျောက်ဖျာကြီးဟာ နဂိုက အေးနေတဲ့ ကျောက်ပျော့ကြီး၊ ရေခဲတုံးကြီးလို အေးတယ်။ ဒီပဏ္ဍုကမ္ဗလာ ကျောက်ဖျာဆိုတာ အမှန်ကတော ကျောက်ကြီးပဲ။ ဒါပေမယ့် အဲဒီ ကျောက်ကြီးက ကျောက်ပျော့ကြီး၊ ဒီကျောက်ပေါ်မှာ သိကြား ထိုင်လိုက်တယ်ဆိုလို့ရှိယင် ကိုယ်တစ်ဝက် ဒီကျောက်ထဲမှာ၊ ဒီဆိုဖာကြီးပေါ် ထိုင်ရသလိုပေါ့။
(ကျောက်ပျော့မှာ ဘုန်းကြီးတို့ မြန်မာပြည်အနေနဲ့ ရှိတယ်မထင်ပါဘူး။ အိန္ဒိယ သွားဖူးတဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ ကျောက်ပျော့ကြီးတွေကို မြင်ခဲ့တယ်။ ကျောက်ကိုက အပျော့ကြီးဆိုပဲ။ သူ့ ဟာက ကြည့်တော့လည်းရေခဲကြီးလိုပဲတဲ့။ ကိုင်လိုက်လို့ရှိယင် တစ်ခါတည်း ခွေပြီးတော့ ဒီ အဝတ်ကြီးများ ကျသလို ဒီလိုကျသွားတယ်။ အဲဒီလို- အဲဒီလို။ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာဆိုတာ ထိုင်လိုက်တယ်ဆိုယင် သိကြားမင်းရဲ့ကိုယ်တစ်ဝက်ဟာ ဒီအထဲ တစ်ခါတည်း ဝင်သွားတယ်။ ကျောက်ကြီးက ပျော့ပြီးတော့ ဝင်သွားတယ်။ ဆိုဖာကြီးပေါ် ထိုင်ရသလိုပေါ့။)
ယခု ဝိသယှ သေဋ္ဌေးရဲ့ အလှူဒါန အာနုဘော်ကြောင့် သိကြားမင်းရဲ့ ဘုံဗိမာန် တုန်လှုပ်တဲ့အတွက် သိကြားမင်းရဲ့ စံရာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးဟာ ပူပြတယ်၊ နဂိုက အေးနေတဲ့ဥစ္စာ။ ဒါကိုပဲ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာ တင်းတယ်လို့ ပြောကြတယ်။ ပဏ္ဍု တင်းတယ်ပေါ့လေ- အရပ်က။ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီး တင်းတယ်တော့ မဟုတ်ပါဘူး။ စာထဲကတော့ "ဥဏှာကာရံ ဒေဿတိ" = ပူနွေးသော အခြင်းအရာကို ပြဆိုတယ်။ စမ်းကြည့်လိုက်တော့ နည်းနည်း ပူနေတယ်။ နွေးနေတယ်။
အဲဒီလို ပူနွေးသော အခြင်းအရာကို ပြလို့ရှိ ယင် အကြောင်းသုံးပါးရှိတယ်။
( ၁ ) တစ်ဦးတစ်ယောက်က သိကြားစည်းစိမ်ကို ရယူလိုတဲ့အတွက်
ကြိုးစားနေလို့လည်း ပဏ္ဍုကမ္ဗလာ ပူတတ်တယ်။
( ၂ ) သိကြားမင်းရဲ့ အသက်တမ်း ကုန်ခါနီးလို့လည်းပဲ ပူတတ်တယ်။
( ၃ ) ဒါမှမဟုတ် လူ့ပြည်က တစ်ဦးတစ်ယောက် က အကျင့်တို့၊ အလှူအတန်းတို့ ထက်ထက်သန်သန်ကြီး ပြုလုပ်တဲ့အတွက် ဒီပုဂ္ဂိုလ်ရဲ့ ဒါနတန်ခိုး သီလတန်ခိုးကြောင့်လည်းပဲ ဟိုမှာ ပူနွေးတတ်တယ်။
အဲဒီ အကြောင်းသုံးပါးတို့တွင် ဝိသယှ သေဋ္ဌေးရဲ့ ဒါနစေတနာ တန်ခိုးကြောင့် ဟိုမှာ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာကြီးက ပူပြတယ်။ သိကြားကလည်း သူ့အရေးနဲ့သူ ဘယ်လိုတွေးသလဲ။
ကော နု ခေါ မံ ဌာနာ စာဝေတုကာမော။
ကော နု ခေါ= အဘယ်သူသည်။ မံ= ငါ့ကို။ ဌာနာ= သိကြားဘုံဗိမာန်မှ။ စာဝေတုကာမော= ရွှေ့စေခြင်းငှာ အလိုရှိပါလိမ့်။
ငါ့များ ဘယ်သူက ရွှေ့လျောစေဖို့ရန် အလိုရှိလို့ပါလိမ့်။ ငါ့ သိကြားစည်းစိမ်ကို ဘယ်သူကများ လုချင်လို့ ပါလိမ့်။ အင်း- ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတင်ူယင် အကြောင်းသုံးပါး ရှိတဲ့အနက်က တခြားအကြောင်းက သူနဲ့ တယ်မဆိုင်တော့ဘူး။ သူ့ရဲ့အသက်တမ်း ကုန်ခါနီး လုပ်တာတော့ သူထည့်မစဉ်းစားဘူး၊ အခုတော့ ငါ့ကို ဘယ်သူကများ စည်းစိမ်များ လုယူချင်လို့ ပါလိမ့် ဆိုတဲ့ ဒီအကြောင်းကို စဉ်းစားတော့-
ပဏ္ဍုကမ္ဗလာ ကျောက်ဖျာတင်းတာ ဘယ်သူ့ကြောင့်တင်းလဲလို့ လူ့ပြည်ကြည့်တော့ ဝိသယှ သေဋ္ဌေးရဲ့ အလှူကြီးကို မြင်တယ်။
ထွန်တုံးပိတ်အလှူ...
အင်း…..တန်တော့၊ အယံ ဝိသယှော= ဤဝိသယှ သေဋ္ဌေးသည်။ အတိဝိယ= အလွန်လျှင်။ ပတ္ထရိတွာ= ဖြန့်၍။ (ဘယ်မှာမှ ချုပ်ထားတယ်မရှိဘူး။ တစ်ခါတည်း၊ အမြဲတမ်း လက်ဖဝါးဖြန့်ထားတယ်။ ဖြန့်ပြီးတော့ ဒါနကြီးကို ဖြန့်ကြဲပြီးတော့ ပြုနေလိုက်တာ) သကလ ဇမ္ဗုဒီပံ= ဇမ္ဗုဒိပ် တစ်ကျွန်းလုံးကို၊ ဥန္နင်္ဂလံ= ထွန်တုံးပိတ်သည်ကို။ ကတွာ= ပြု၍။
တစ်နေ့ တစ်နေ့ ခြောက်သိန်း ခြောက်သိန်းနဲ့ လှူနေတော့ လယ်သမားတွေကလည်း လယ်မလုပ်တော့ဘူး။ ယာသမားတွေကလည်း ယာမလုပ်ကြတော့ဘူး၊ စားချိန်ကျယင် ဝိသယှ သေဋ္ဌေးရဲ့ အလှူတင်းကုပ် သွားပြီးတော့ တစ်ခါတည်း စားကြတယ်။ ဝတ်စရာ မရှိယင် အဲဒီက ယူလာပြီး ဝတ်တယ်။ လယ်သမားက လယ်မလုပ်ဘူး။ ယာသမားက ယာမလုပ်တော့ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးဟာ တစ်ခါတည်း ထွန်တုံးပိတ်ပြီးတော့နေတာ။ ဒါကို-
သကလဇမ္ဗုဒီပံ= ဇမ္ဗူဒိပ် တစ်ကျွန်းလုံးကို။ ဥန္နင်္ဂလံ= ထွန်တုံးပိတ်အောင်။ ကတွာ= ပြု၍။ ဒါနံ= အလှူဒါနကို။ ဒေတိ= ပေးလှူနေပါတကား…..
ဪ- ထွန်တုံးပိတ် အလှူအတန်းကြီး ပေးနေတယ်။
ဣမိနာ ဒါနေန မံ စာဝေတွာ သယံ သက္ကေ ဘဝိဿတိ မညေ။
အယံ ဝိသယျော = ဤဝိသယှသည်း ဣမိနာ ဒါနေန- ဤအလှူဒါနဖြင့်။ မံ= ငါ့ကို။ စာဝေတွာ= သိကြားဘုံမှ စုတေ ရွေ့လျောစေ၍။ သယံ= မိမိကိုယ်တိုင် တက်ပြီးတော့။ သက္ကော= သိကြားမင်းသည်။ ဘဝိဿတိ မညေ= မတော်တဆ ဖြစ်သော်မူ ဖြစ်လေရာ၏၊ ဖြစ်မလို့ ထင်ပါရဲ့။
အဲဒီလို ပူတာပေါ့လေ။ အင်း ဤဒါနက ငါ့ကိုဒီဘုံမှ နတ်သက်ကြွေစေပြီး သကာလ သူ့ကိုယ်တိုင်တက်ပြီးတော့ သိကြားဖြစ်ချင်လို့ ထင်ပါရဲ့။
ဓနံမဿ နာသေတွာ ဧတံ ဒလိဒ္ဒံ ကတွာ ယထာ ဒါနံ န ဒေတိ၊ တထာ ကရိဿာမိ။
အဿ= ထို ဝိသယှသေဋ္ဌေး၏။ မနံ= ရှိသမျှ ဥစ္စာကို။ နာသေတွာ = ဖျောက်ဖျက်ပစ်မှပဲ။ နာသေတွာ= ဖျောက်ဖျက်ပြီးသကာလ။ ဧတံ= ထိုဝိသယှသေဋ္ဌေးကို။ ဒလိဒ္ဒံ= အကုန်လုံး ဆင်းရဲသွားအောင်။ ကတွာ= ပြုလုပ်ပြီးသကာလ။ ယထာ= အကြင် အခြင်းအရာအားဖြင့်ပြုသည် ပြောသည်ရှိသော်။ ဒါနံ= အလှူဒါနကို။ န ဒေတိ= မပေး။ တထာ= ထိုအခြင်းအရာဖြင့်။ ကရိဿာမိ= ပြုပေအံ့။
ဝိသယှသေဋ္ဌေး ဆင်းရဲသွားခြင်း...
ငါ လူ့ပြည်သွားမှပဲ။ လူ့ပြည်သွားပြီးတော့ သူ့ စီးပွာဥစ္စာတွေကို ပျောက်ခြင်မလှ ပျောက်အောင်လုပ်ပြီးတော့ နောက် အလှူမပေးဝံ့အောင် ငါလုပ်မှပဲ၊ ဒီအကြံနဲ့ သိကြားက လူ့ပြည်ဆင်၊ ကိုယ်ထင်တော့မပြဘူး။ ဘာလုပ်သလဲ။ သူ့ရဲ့ တန်ခိုးတေဇော်အာနုဘော်ဖြင့် ဝိသယှသေဋ္ဌေးရဲ့ အိမ်မှာ ရှိသမျှ ကုဋေရှစ်ဆယ်ဆိုတဲ့ ဥစ္စာတွေ ဘာမှမရှိအောင် အကုန်လုံး ကွယ်ထားတယ်။ အကုန်လုံး ကွယ်တယ်။ ဥစ္စာတွေတင် ပါလားဆိုတော့ အိမ်ရဲ့ အသုံးအဆောင်တွေရော၊ ဘာတွေရော အကုန်ကွယ်တယ်။ တစ်အိမ်လုံး ဘာသာရှိသလဲ၊ သေဋ္ဌေးကတော်ကြီးနဲ့ ဝိသယှသေဋ္ဌေးနဲ့ပဲ ရှိတယ်။ ကျန်တဲ့လူတွေ ကျွန်တွေလည်းပဲ အကုန်လုံးထိတ်လန့်ပြီးတော့ အကုန် ပြေးကုန်ကြတယ်။
တစ်အိမ်လုံးမှာ ဘာမှမရှိဘဲနဲ့ မိမိနဲ့ သေဋ္ဌေးကတော်ကြီး နှစ်ယောက်ပဲ ကျန်တယ်။ အို- အလှူတင်းကုပ်မှာ ပြင်ဆင်ထားတဲ့ ဝက်သားအိုးတွေ၊ ကြက်သားအိုးတွေဆိုတာလည်း ဘာမှမရှိတော့ဘူး။ အကုန်လုံး ပျောက်ခြင်းမလှ ပျောက်ကုန်တယ်။ သိကြား လုပ်တာပေါ့လေ။ နတ်တန်ခိုးနဲ့ သူကွယ်ထား၊ မမြင်အောင် လုပ်ထားတာပ။
အဲဒီလိုဆိုတော့ အလှူတင်းကုပ်မှာ စီမံတဲ့ ဝေယျာဝစ္စမှူးတွေက လာလာပြီး-
သာမိ ဒါနဂ္ဂံ ပစ္ဆိန္နံ။
သာမိ= အရှင်သေဋ္ဌေးမင်း။ ဒါနဂ္ဂံ= အလှူတင်းကုပ်တွေဟာဖြင့်။ ပစ္ဆိန္နံ= ပြတ်ကုန်ပြီ၊ ပျက်ကုန်ပြီ။
ဘာဖြစ်လို တုံး မောင်တို့။
ဌပိက ဌပိတဋ္ဌာနေ န ကိဉ္စိ ပဿာမ။
ဌပိတ ဌပိတဋ္ဌာနေ= ထားတိုင်း ထားတိုင်းသော အရပ်၌။ န ကိဉ္စိ ပဿာမ= တစ်စုံတစ်ခု ဘာကိုမှ မမြင်ကြရတော့ဘူး။
ကျွန်တော်တို့ ဝက်သားအိုးကြီး သေသေချာချာ လုံလုံလဲလဲ ထားတာ၊ ကြက်သားအိုးကြီးကို လုံလုံလဲလဲ ထားတာ၊ ဟာ- ထမင်းအိုးကြီးကို လုံလုံလဲလဲ ထားတာ။ ထားသမျှတွေ ဘာမှ သူ့နေရာမှာ တစ်ခုမှ မမြင်ရတော့ဘူး။ ပျောက်ခြင်းမလှ ပျောက်ကုန်ပြီ- လို့ ဆိုတော့ ဝိသယှသေဋ္ဌေးက အဲဒီ ဝေယျာဝစ္စမှူးတွေကို ဘယ့်နှယ့်ပြောသလဲ။
ဣတော ပရိဗ္ဗယံ ဟရထ၊ မာ ဒါနံ ပစ္ဆိန္ဒထ။
ဣတော= ဤမှ ဤမှ။ ပရိဗ္ဗယံ= နောက်ထပ်လှူရန် ရိက္ခာကို။ ဟရထ= ဆောင်ယူ၍ သွားကြ။ မာ ဒါနံ ပစ္ဆိန္ဒထ= ငါ့အလှူကိုတော့ဖြင့် မင်းတို့ ဖျက်မပစ်ကြနဲ့ မောင်တို့- လို့။
ဒီအိမ်က ရိက္ခာတွေ ယူသွားတာပေါ့ မောင်တို့၊ ငါ့အလှူတော့ ဖျက်မပစ်ကြပါနဲ့ ပြောတယ်။ သေဋ္ဌေးကတော်ကြီးကို။
ဘဒ္ဒေ ဒါနံ ပဝတ္တာပေဟိ။
ဘဒ္ဒေ= ရှင်မ သေဋ္ဌေးကတော်။ ဒါနံ= ပေးလှူနေကျဖြစ်တဲ့ အလှူဒါနကို။ ပဝတ္တာပေဟိ= ဖြစ်ပါစေ၊ ဖြစ်အောင်လုပ်စမ်းပါ။
ဖြစ်အောင်ကူညီလိုက်စမ်းပါ ဆိုတော့ သေဋ္ဌေးကတော်ကြီးက အင်း- သူ့အလှူဒါန ဖြစ်အောင်လုပ်ဆိုတော့ ငွေပေးလိုက်ရမှာကိုး။ အိမ်ထဲသွားပြီးတော့ သေဋ္ဌေးကတော်ကြီးကရှာတော့ ဘာမှမတွေ့ဘူး။ ဟာမတွေ့သမှ ဒီ- ရွှေတွေ ငွေတွေ ဘာမှမမြင်ရတော့၊ လူတွေလည်း တစ်ယောက်မှ မရှိဘူး။ သေဋ္ဌေးကတော်ကြီးလည်း အံ့အားသင့်ပြီးတော့ တစ်အိမ်လုံး လိုက်ရှာတယ်။ တစ္ဆေချောက်မှာတောင် ကြောက်ရမလောက်၊ ပြန်လာတယ်။
အယျ အမှာကံ နိဝတ္ထံ ဌပေတွာ အညံ ကိဉ္စိ န ပဿာမိ ၊ သကလ ဂေဟံ တုစ္ဆံ။
အယျ= အရှင်သေဋ္ဌေးမင်း။ အမှာကံ= အကျွန်ုပ်တို့ နှစ်ဦးသား။ နိဝတ္ထဝတ္တ= ဝတ်ထားတဲ့အဝတ်ကို၊ ဌပေတွာ= ထား၍။
(တစ်အိမ်လုံး လိုက်ရှာတယ်၊ သေဋ္ဌေးကြီးနဲ့ ကျွန်မတို့ နှစ်ဦး ဝတ်ထားကြတဲ့ အဝတ်ပဲ ရှိတော့တယ်- တဲ့။ ဒီအဝတ်ကိုထား၍။)
အညံ= တစ်ပါးသော။ ကိဉ္စိ= တစ်စုံ တစ်ခုကိုမျှ။ န ပဿာမိ= မမြင်ရပါ။
လူတွေလည်း တစ်ယောက်မှ မမြင်ဘူး။ ပစ္စည်းတွေလည်း တစ်ခုမှ မမြင်ဘူး။ တစ်အိမ်လုံး လိုက်ရှာတဲ့အခါကျတော့ ကျုပ်တို့ ရှင်တို့မှာဝတ်ထားတဲ့ အဝတ်ပဲရှိတော့တယ်တဲ့။
သကလဂေဟံ= တစ်အိမ်လုံးသည်။ တုစ္ဆံ= အချည်းနှီး ဘာမှ ပစ္စည်းတွေ မရှိပါဘူးတဲ့။
အိမ်ကြီးဟာဖြင့် ဒီအတိုင်း ဟောင်းလောင်းကြီးဖြစ်နေပြီ။ ဘာမှ လုံးဝ ဘာမှ ရှာမတွေ့တဲ့အဖြစ်။ ဒီတော့ သေဋ္ဌေးက ဘယ့်နှယ်ပြောသလဲ။ ပြန်လာတော့။
ဘဒ္ဒေ န သက္ကာ ဒါနံ ပစ္ဆိန္ဒိတုံ။
ဘဒ္ဒေ= ရှင်မ သေဋ္ဌေးကတော်ကြီး။ မယံ= ငါသည်။ ဒါနံ= အလှူဒါနကို။
ပစ္ဆိန္ဒိတုံ= ဖြတ်တောက်၍ပစ်ခြင်းငှာ။ န သက္ကာ= မတတ်နိုင်။
သူ့ အလှူကိုတော့ သူဘလိုနည်းနဲ့မှ မဖြတ်တောက်နိုင်ဘူးဗျာ။
သကလနိဝေသနံ ဝိစိနိတွာ ကိဉ္စိ= တစ်စုံတစ်ခုကို။ ဥပဓာရေဟိ= စုံစမ်းပါ။
ရှာစမ်း၊ ကျုပ်အလှူကိုတော့ ကျုပ်ဘယ်လိုနည်းနဲ့မှ ဖြတ်တောက်မပစ်နိုင်ဘူး။ ဒါကြောင့် ကျုပ်တို့တစ်အိမ်လုံးကို နှံ့နှံ့စပ်စပ်၊ စေ့စေ့စပ်စပ် လိုက်ပြီး တစ်ခုခုကိုတွေ့လိုတွေ့ငြား မင်းတို့လိုက်ရှာစမ်းဗျာ၊ တစ်ခေါက်သွားရှာချေဦးဆိုတော့ သေဋ္ဌေးကတော်ကြီးက ထွက်လာတယ်။ သေဋ္ဌေးကြီးအနားက ထသွား၊ တစ်အိမ်လုံး လိုက်ရှာတယ်။
အဲဒီလို လိုက်ရှာတော့ ဟို တံခါးကြားထဲမှာ (သိကြားက ဒီ့ပြင်လူတွေနဲ့ ဒီ့ပြင်ပစ္စည်းတွေကွယ်ပြီးမှ ) ဟို နောက်ဆုံးလူတစ်ယောက်၊ မြက်ထမ်းသမား တစ်ယောက် ရောက်လာတော့ ဟာ တို့အိမ်ကြီး ဘာဖြစ်တာပါလိမ့်၊ လူတွေလည်း တစ်ယောက်မှ မရှိတော့ဘူး ဆိုပြီး ဘာဖြစ်တာမှန်း မသိဘူးဟဲ့ ဆိုပြီးတော့ အဲဒီ လူက သိကြားက မျက်နှာလွှဲသွားတဲ့ အခါကျတော့မှ သူ့ ပါလာတဲ့ တံစဉ်ကလေးရယ်၊ ထမ်းပိုးရယ်၊ မြက်ထုံးဖို့ရန် ကြိုးကလေးရယ် အဲဒါလေးကို တံခါးကြားပစ်ပြီးတော့ သူလည်း ကိုယ်လွတ်ပြေးတယ်။
အဲဒီ ပြေးတဲ့လူရဲ့ ကျန်နေတဲ့ တံစဉ်ရယ်၊ ထမ်းပိုးရယ်၊ မြက်ထုံးဖို့ ကြိုးရယ် ဒီသုံးခုက ဟို တံခါးကြားထဲ ကပ်နေလို့၊ ဒါ သိကြားမမြင်ပေလို့။ ဒါလည်းပြန်မစဉ်းစားလို့၊ ဒါလေးကျန်တယ်။ ဒါလေးကျန်တော့ သေဋ္ဌေးကတော်ကြီးက တံစဉ်ရယ်၊ ထမ်းပိုးရယ်၊ မြက်ချည်တဲ့ ကြိုးရယ်ဆိုတဲ့ ဒီသုံးမျိုးယူပြီးတော့-
သာမိ ဣဒံ ဌပေတွာ အညံ န ပဿမိ။
သာမိ= အရှင်သခင်မင်း။ ဣဒံ= ဤတံစဉ်ရယ်၊ ထမ်းပိုးရယ်၊ ကြိုးရယ် ဒီသုံးမျိုးကို။ ဌပေတွာ= ထား၍။ အညံ့= တပါးကိုဖြင့်။ န ပဿမိ= ဘာမှ မတွေ့ခဲ့ မမြင်ခဲ့ရပါ။
တစ်အိမ်လုံး လိုက်ရှာတာ ဟောဒီ တံဇဉ်လေးတစ်ချောင်းရယ်၊ ထမ်းပိုးလေးရယ်၊ မြက်ချည်ဖို့ရန် ကြိုးလေးရယ်၊ ဒါ ဒီသုံးမျိုးပဲ တွေ့ခဲ့တယ် ဆိုတော့ အေး- ကိုင်း ဒါဖြင့် အဲဒါပေးစမ်းဆို ပေးလိုက်တော့ ဝိသယှသေဋ္ဌေးက လက်ထဲ ဒါတွေထားပြီးတော့-
ဘဒ္ဒေ မယာ ဧတ္တကံ ကာလံ တိဏံ နာမ န လာယိတပုဗ္ဗံ။
ဘဒ္ဒေ= ရှင်မ သေဋ္ဌေးကတော်ကြီး။ မယာ= ငါသည်။ ဧတ္တကံ ကာလံ= ဤမျှကာလပတ်လုံး။ တိဏံ နာမ= မြက်မည်သည်ကို။ န လာယိတပုဗ္ဗံ= ရှေးကတစ်ကြိမ်တစ်ခါမျှ မရိတ်ခဲ့စဖူးပါ။
ရှင်မ သေဋ္ဌေးကတော်ကြီး၊ ကျုပ် ဒါလောက်ကြာအောင်လေ မွေးကတည်းက ခြေဖဝါး လက်ဖဝါး ခြေမွေး လက်မွေး မီးမလောင်ဘဲနဲ့ ကြီးပွားခဲ့ရတာ။ ဒါလောက်ကြာအောင် ကျုပ်ဟာ တစ်ခါမှ မြက်ကိုရိတ်ဖူးတယ်လို့ မရှိဘူးဗျား။
အဇ္ဖ္ဇ ပန တိဏံ လာယိတွာ အာဟရိတွာ ဝိက္ကိဏိတွာ ယထာနုစ္ဆဝိကံ ဒါနံ ဒဿာမိ။
(ဝိသယှ- တဲ့နော်- ) အဇ္ဖ္ဇ ပန= ယနေ့မှာတော့။ တိဏံ= မြက်ကို။ လာယိတွာ- လာယိဿာမိ= သွား၍ ကျုပ်ရိတ်မယ်၊ လာယိတွာ= ရိတ်ပြီးသကာလ။ အာဟရိတွာ- အာဟရိဿာမိ= ကြိုးကြိုးစားစား မြက်တွေကို ထမ်းခဲ့မယ်။ အာဟရိတွာ= ကြိုးကြိုးစားစား မြက်တွေကို ထမ်းလာပြီးသကာလ။ ဝိက္ကိဏိတွာ- ဝိက္ကိဏိဿာမိ= ရောင်းချမယ်။ ဝိက္ကိဏိတွာ- ရောင်းချပြီးတော့ (ရသမျှသော ဥစ္စာဖြင့်)။ ယထာနုစ္ဆဝိကံ ဒါနံ= သင့်လျော်လျောက်ပတ်တဲ့ ဒါနကို။ ဒဿာမိ= ပေးပေအံ့။
ဝိသယှက ဒီလိုကို နှုတ်မြွက်ပြီးတော့ ကြိမ်းပေတယ်။ တံစဉ်ရော ၊ ထမ်းပိုးရော၊ ကြိုးရော တစ်ခါတည်းယူသွားတယ်။ တောထဲမှာ မြက်ခင်းသွား မြက်ရိတ်တယ်၊ မြက်နှစ်ထုံး ထမ်းလာတယ်၊ ကြိုးကြိုးစားစား ထမ်းလာပြီး မြို့တံခါးရောက်လို့ မြက်ရောင်းတော့ စိတ် ထဲ ဘယ်လိုအောက်မေ့သလဲ။ အင်း- မြက်တော့နှစ်ထုံးပါတယ်။
ဧကော အမှာကံ ဘဝိဿတိ။
ဒီ မြက်နှစ်ထုံးသောဟာဖြင့် တစ်ထုံးဟာ တို့စား ဖို့ ဖြစ်ပစေ။
ဧကေန ဒါနံ ဒဿာမိ။
ကျန်တဲ့ တစ်ထုံးတော့ တို့ အလှူဒါနပေးမယ်။
အဲဒီလို ကြံပြီး မြက်နှစ်ထုံး ထမ်းလာတယ်။ မြို့တံခါးရောက်၊ ရောင်းလိုက်တော့ တစ်ထုံး တစ်ပဲ၊ နှစ်ထုံး နှစ်ပဲ ရတယ်။ တစ်ပဲဖိုးဝယ်ပြီး အလှူဒါန လုပ်လိုက်တော့ သူ့ပစ္စည်းအလှူက နည်းနည်း၊ ဒီအလှူခံပုဂ္ဂိုလ် တွေက၊ အများကြီးဆိုတော့-
သာမိ မယှမ္ပိ ဒေဟိ ၊ သာမိ မယှမ္ပိ ဒေဟိ။
အရှင်သေဋ္ဌေးမင်း၊ ကျွန်တော့်လည်း ပေးပါဦး ၊ အရှင်သေဋ္ဌေးမင်း၊ ကျွန်တော့်လည်း ပေးပါဦးနဲ့ ဟိုကလာ- ဒီကလာ ဝိုင်းဝိုင်းလည်နေတာပေါ့။
အေး- ဒါဖြင့် ကိုင်း တစ်ပဲဖိုးကတော့ ကုန်သွားပြီ။ အင်း သူတို့ဇနီးမောင်နှံ စားဖို့ဆိုတဲ့ တစ်ပဲဖိုးလေးကျန်။ ကိုင်း ဒါဖြင့် ငါမစားတော့ဘူးဆိုပြီးတော့ အဲဒီတစ်ပဲဖိုးလည်းပဲ တစ်ခါတည်း ဝယ်လှူလိုက်တယ်။ ဝယ်ပြီး ကျွေးလိုက်တယ်။
ဒါ့ကြောင့်-
အဒတွာ န ဘုဉ္ဇေယျုံ...
အဲဒါ ငါဘုရားလောက် အလှူရဲ့ အကျိုးကို သိလို့ရှိယင် လူတွေဟာ အပေးဘဲဖြင့် စားကို မစားဘူး။
အေး- နောက်ဆုံး ထမင်းလုတ်ကလေးတောင်မှ သူတစ်ပါး ပေးမှာပဲ။ အဲဒါ အဲဒီဘုရားလောင်းမို့လို့ အသက်ကို စွန့်ပြီးတော့ ကိုင်း- သူတစ်ပါးကို လှူလိုက်တာ။ အိမ်ရောက်တော့ သေဋ္ဌေးကတော်ကြီး ဒီအကြောင်းပြော၊ အေး- အေး- ကျေနပ်ပါတယ်၊ ပီတိနဲ့ နေတာပေါ့။ တစ်နေ့ နေ၊ နောက်တစ်နေ့လည်း ထိုနည်း၎င်း။ နောက်တစ်နေ့ လေးရက်- ငါးရက်- ခြောက်ရက် ရောက်အောင်ပေါ့လေ၊ ထိုနည်း၎င်းဆိုတော့ ခုနစ်ရက်မြောက် ရောက်တဲ့နေ့ကျတော့ အင်မတန် ပင်ပန်းတယ်။
နဂိုက အင်မတန် နူးညံ့တဲ့ သေဋ္ဌေးက မြက်ရိတ်သွားရတယ်ဆိုတော့ နဖူးကို နေကျောက်လိုက်တယ်ဆိုယင်ပဲ တစ်ခါတည်း နွမ်းခြောက်သွားတယ်။ ကြိုးစားပြီးတော့ ရိတ်သေးတယ်၊ မြက်ကလေး ရိတ်ပြီးတော့ အဲဒီမြက်ထုံးကလေးကို ထမ်းမယ်လို့ လုပ်ပြီးတော့ ကုန်းကနဲ ထလိုက်တော့- ပင်ပန်းလှပြီ မဟုတ်လား။ နဖူးကိုလည်း နေက ကျောက်တယ်၊ ပခုံးပေါ်ကလည်း မြက်ထုံးက ဖိထားတယ်ဆိုတော့ မခံနိုင်တော့ဘူး။ ဒီ အနားမှာ မူးခနဲ မိုက်ခနဲ ဖြစ်ပြီးတော့ မေ့တော့ မသွားဘူးနော်၊ ဒီအနားတွင်ပဲ မြက်ထုံးပေါ် မှောက်လျက်သားလဲပြီးတော့ မူးနေတယ်။ မေ့တာ တစ်ခြား မူးတာ တစ်ခြား။ မေ့ ဆိုတာ ဘယ်သူက ခေါ်လို မကြားဘူး၊ ဘာမှ ပြန်မပြောနိုင်ဘူး။
သိကြားကလည်း အခုနင်က ပြောသလိုပဲ သူနှောက်ယှက်ချင်တိုင်း နှောင့်ယှက်ပြီးတော့ အင်း တစ်ချက်တစ်ချက် ပြန်ပြီးတော့- ဟင်း- ဟိုမှာ ဝိသယှသေဋ္ဌေး မြက်ထုံးပေါ် မှောက်လျက်ကလေးပါလား ၊ ငါသွားပြီးတော့ သူ့ကို မသေအောင် ငါ ဆက်ပြီး ကြိုးစားဦးမှပဲလို့- ကောင်းကင်ကနေပြီး သိကြားမင်းကပြောပြီ။
အဒါသိ ဒါနာနိ ပုရေ ဝိသယှ၊
ဒဒတော စ တေ ခယဓမ္မော အဟောသိ။
ဣတော ပရံ စေ န ဒဒေယျ ဒါနံ၊
တိဋ္ဌေယျုံ တေ သံယမန္တဿ ဘောဂါ။
(ဇာ ၊ ဋ္ဌ ၊ ၃ ။ ၁၁၉ )
ဝိသယှ= ဝိသယှသေဋ္ဌေး။ တွံ= သင်သည်။ ပှုရေ= ရှေးအခါ၌။ ဒါနာနိ= အလှူတို့ကို။ အဒါသိ= ပေးခဲ့ပြီ မဟုတ်လား။ (ဟုတ်ပါတယ်၊ ဘာပြောချင်လို့လဲ။ မူးပေမယ်လို့ စကားတော့ ပြောနိုင်တယ်။) ဒဒတော= ပေးလှူသော။ တေ= သင်၏။ ခယဓမ္မော= ကုန်ခန်းခြင်း သဘောသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။
ပြန်စဉ်းစားစမ်းပါ။ ပေးလွန်းလို့ ခင်ဗျားမှာ စီးပွားဥစ္စာတွေ အကုန် ကုန်ပြီ မဟုတ်လား။
အလှူမပေးရန် သိကြားမင်း တားသော်လည်း မရ
ဣတော ပရံ= ဤယနေ့မှ နောက်၌။ ဒါနံ= အလှူဒါနကို။ စေ န ဒဒေယျ= အကယ်၍ မပေးသည်ဖြစ်အံ့။
တေ= သင်၏။ သံယမန္တဿ= အလှူမပေးဖို့ရန် ဆောက်တည်သည် ရှိသော်၊ (ဝါ) ဆောက်တည်သော။ တေ= သင်၏။ ဘောဂါ= စည်းစိမ် ဥစ္စာတို့သည်။ တိဋ္ဌေယျုံ= နောက်ထပ်တစ်ဖန် တည်ပြန် ကုန်လေရာ၏ ။
ခင်ဗျား နောက်ကို မလှူတော့ဘူးလို့သာ စိတ်ကို ဆောက်တည်လိုက်ပါ။ စိတ်ကို ဆောက်တည်လိုက်မယ် ဆိုလို့ရှိယင် ခင်ဗျား စီးပွားဥစ္စာတွေ နဂိုအတိုင်း ပြန်ပြီးတော့ ဖြစ်အောင် ကျုပ်လုပ်ပေးမယ်၊ ဒီလိုပြောတာ။ ကျုပ်ကို မလှူဘူးလို့ သာ ပဋိညာဉ်ပေးလိုက်။ ပဋိညာဉ်ပေးလိုက်လို့ရှိယင် ခင်ဗျား စီးပွားတွေ နဂို ပကတိ အတိုင်း ပြန်ပြီး ပြန်ပေး စောင်မ မလို့- လို့ဆိုတော့ ဝိသယှ သေဋ္ဌေးက မူးရာကနေပြီး-
ကောသိ တွံ= ခင်ဗျား ဘယ်သူလဲ။ တွံ= သင်သည်။ ကော= အဘယ်သူသည်။ အသိ= ဖြစ်သနည်း- လို့ မေးလိုက်တယ်။
သိကြားဖြစ်ရန် ကျင့်ဝတ် ၇ ပါး...
သက္ကောဟမသ္မိ= ကျွန်ုပ်ဟာ သိကြားမင်း ပဲလို့ ကောင်းကင်ကနေ ပြောတယ်။ မော့မကြည့်နိုင်ဘူး။ ဒီမြက်ထုံးပေါ် မှောက်လျက်သား မူးနေတာ ဘယ့်နှယ်လုပ် ကြည့်မလဲ။ သက္ကောဟမသ္မိ = ကျွန်ုပ်ဟာ သိကြားမင်းပဲလို့ ပြောတော့ ဒီမြက်ထုံးပေါ်က မှောက်လျက်သား မူးလျက်သားက ဘုရားလောင်းက ဘယ့်နှယ်ပြန်ပြောသလဲ…..။
သက္ကော နာမ သယံ ဒါနံ ဒတွာ သီလံ သမာဒိယိတွာ ဥပေါသထကမ္မံ ကတွာ သတ္တ ဝတ္တပဒါနိ ပူရေတွာ သက္ကတ္တံ ပတ္တော။
သက္ကော နာမ= သိကြားဆိုတာ။ သယံ= မိမိကိုယ်တိုင်။ ဒါနံဒတွာ= အလှူဒါန ပေးရတယ် မဟုတ်ဘူးလား။ ဒါနံဒတွာ= အလှူဒါနပေးပြီးတော့။ သီလံသမာဒိယိတွာ= သီလဆောက်တည်ပြီးတော့။ ဥပေါသထကမ္မံ ကတွာ= ရှစ်ရက် သီတင်း လပြည့် လကွယ်နေ့များမှာ ဥပုသ်သီတင်း စောင့်သုံးခြင်းအမှု ပြုပြီးတော့။ သတ္တ= ခုနစ်ပါးကုန်သော။ ဝတ္တပဒါနိ= ဝတ်အကျင့်တို့ကို။ ပူရေတွာ= ဖြည့်ကျင့်၍၊ (ဝါ) ဖြည့်ကျင့်မှ။ သက္ကတ္တံ = သိကြားအဖြစ်သို့ ။ ပတ္တော= ရောက်ခဲ့ပြီ။
သိကြားဆိုတာ အလှူလည်း ပေးရတယ်၊ သီလလည်း ဆောက်တည်ရတယ်၊ ဥပုသ်လည်း ကျင့်သုံးရတယ်။ အဲဒီအပြင် သိကြား ကျင့်ဝတ်၊ သိကြား ဖြစ်ဖို့ရန် ကျင့်ဝတ် ခုနစ်ပါးကိုလည်း ဖြည့်ကျင့်ပြီးမှ သိကြားအဖြစ်သို့ ရောက်ခဲ့တာလို့ ဆိုတော့ ဒီနေရာမှာ သိကြားဖြစ်ချင်တဲံ ပုဂ္ဂိုလ်များပေါ့လေ၊ သိကြား ကျင့်ဝတ်ကို နားလည်ဖို့ လိုတယ်နော်။ သိကြား ကျင့်ဝတ် ခုနစ်ပါး ဆိုတာက ဝ- တ- ပ- ဒ- သုတ် လို့ သက္ကသံယုတ် မှာ မြတ်စွာဘုရား ဟောထားတယ်။ သိကြား မဖြစ်ချင်လည်းပဲ ဒီတရားတွေက ကျင့်ရမယ့်တရားပဲ။
မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သိကြားကျင့်ဝတ် ခုနစ်ပါး ဘယ့်နှယ်ဟောသလဲ။
သက္ကဿ ဘိက္ခဝေ ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ သတ္တ ဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုံ။ ( သံ ၊ ၁ ။ ၂၃၀ )
ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့။ ဒေဝါနမိန္ဒဿ= နတ်တို့ကို အစိုးရသော။ သက္ကဿ= သိကြားမင်း အား။ ပုဗ္ဗေ= ရှေးအခါတုန်းက။ မနုဿဘူတဿ= လူဖြစ်စဉ်။ သတ္တ ဝတပဒါနိ= ဝတ်အကျင့် ခုနစ်ပါးတို့သည်၊ (ဝါ) ခုနစ်ပါးတို့ကို။ သမတ္တာနိ= ကောင်းစွာ ယူအပ်ကုန်သည်။ သမာဒိန္နာနိ= ကောင်းစွာ ဆောက်တည်အပ်ကုန်သည်။ အဟေသုံ= ဖြစ်ခဲ့လေကုန်ပြီ။
ဝတ်အကျင့် ခုနစ်ပါး လူ့ဘဝတုန်းက သိကြားဖြစ်မယ့် ပုဂ္ဂိုလ်ဟာ ဆောက်တည်ခဲ့ဘူးတယ်၊ ကျင့်ခဲ့ဘူးတယ်။
ယေသံ သမာဒိန္နတ္တာ သက္ကော သက္ကတ္တံ အဇ္ဈဂါ။
ယေသံ= အကြင် ဝတ်အကျင့် ခုနစ်ပါးတို့ကို။ သမာဒိန္နတ္တာ= ဆောက်တည်အပ်ဖူးသည်၏ အဖြစ်ကြောင့်။ သက္ကော= သိကြားမင်းသည်။ သက္ကတ္တံ= သိကြားအဖြစ်သို့။ အဇ္ဈဂါ= ရောက်ခဲ့ ရခဲ့လေပြီ။
ကတမာနိ သတ္တ ဝတပဒါနိ။ သိကြားဖြစ်ဖို့ရန် ကျင့်ဝတ် ခုနစ်ပါးက ဘယ်ဟာတွေလဲ လို့ ဆိုတော့ (ကျင့်ဝတ်ခုနစ်ပါးတို့သည် အဘယ်သည်တို့နည်းဟူမူကား လို့ ဆိုတော့) –
( ၁ ) ယာဝဇီဝံ မာတာပေတ္တိဘရော အဿံ။
အဟံ= ငါသည်။ ယာဝဇီဝံ= အသက်ထက်ဆုံး၊ မာတာပေတ္တိဘရော= မိခင် ဖခင်တို့ကို လုပ်ကျွေးမွေးပြု သူတော်ကောင်း တစ်ယောက်သည်၊ အဿံ= ဖြစ်ပေအံ့။
အဲဒီလို ဆောက်တည်တယ်၊ ဆောက်တည်တဲ့အတိုင်းလည်းပဲ မိဘကို တစ်သက်လုံး လုပ်ကျွေးခြင်းဟာ ဒါ သိကြားဖြစ်ဖို့ သူတော်ကောင်းဖြစ်ဖို့ ပထမအကျင့်ပဲ၊
( ၂ ) ယာဝဇီဝံ ကုလေ ဇေဋ္ဌာပစာယီ အဿံ။
ယာဝဇီဝံ= အသက်ထက်ဆုံး။ ကုလေ= အမျိုး၌၊ ဇေဋ္ဌာပစာယီ= အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တို့ကို ရိုသေလေ့ရှိသည်။ အဿံ= ဖြစ်ပေအံ့။
ငါ တစ်သက်လုံး ဇေဋ္ဌာပစာယတရား= ကြီးသူတို့အား ရိုသေတဲ့တရားကို ငါတစ်သက်လုံး လိုက်နာမယ်ဟဲ့လို့ အဲဒီလို ဆောက်တည်ပြီးတော့ ဆောက်တည်တဲ့အတိုင်းလည်း ကျင့်ရတယ်။
( ၃ ) ယာဝဇီဝံ သဏှဝါစော အဿံ။
အဟံ= ငါသည်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ သဏှဝါစော= နူးညံ့ပြေပြစ်သော စကားရှိသောသူသည်။ အဿံ= ဖြစ်ပေအံ့။
စိတ်ကလည်း ဆောက်တည်ရတဲ့၊ ဆောက်တည်တဲ့အတိုင်းလည်း နူးနူးညံ့ညံ့ ပြေပြေပြစ်ပြစ် ပြောရတယ်။ ကြမ်းကြမ်းတမ်းတမ်း ရုန့်ရုန့်ရင်းရင်း မပြောရဘူး ။
( ၄ ) ယာဝဇီဝံ အပိသုဏဝါစော အဿံ ။
အဟံ= ငါသည်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ အပိသုဏဝါစော= တစ်ယောက်နဲ့တစ်ယောက်အချစ်တုံးအောင် ကုန်းတိုက်စကား ပြောကြားခြင်းမှ လုံးဝရှောင်ကြဉ်တဲ့ ပုဂ္ဂိုလ်သည်။ အဿံ= ဖြစ်ပေအံ့။ လို့ ဒီလို ဆောက်တည်ပြီးတော့ ဆောက်တည်တဲ့ အတိုင်းလည်းပဲ ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်း ။
( ၅ ) ယာဝဇီဝံ ဝိဂတမလမစ္ဆေရေန စေတသာ အဂါရံ အဇ္ဈာဝသေယျံ ။
ယာဝဇီဝံ = အသက်ထက်ဆုံး ။ ဝိဂတမလမစ္ဆေရေန = မစ္ဆရိယတည်းဟူသော အညစ်အကြးမှ ကင်းဝေးသော ။ စေတသာ = စိတ်ဖြင့် ။ အဂါရံ= မိမိအိမ်ကို ။ အဇ္ဈာဝသေယျံ = စိုးအုပ်၍နေပေအံ့။
မစ္ဆရိယဆိုတဲ့ အညစ်အကြေး လုံးဝ မလုံးထွေးစေဘဲနဲ့ ငါဟယ ငါ့အိမ်ကို ငါစိုးအုပ်ပြီးတော့ နေပေအံ့ ၊ မစ္ဆရိယ မရှိရုံဘဲလားဆိုတော့-
မုတ္တစာဂေါ ပယတပါဏိ ဝေါဿဂ္ဂရတော ယာစယောဂေါ ဒါနသံဝိဘာဂရတော။
မုတ္တစာဂေါ= လွတ်လွတ် စွန့်ကြဲလေ့ရှိသည်ဖြစ်၍။ ပယတပါဏိ= လှူဖို့တန်းဖို့ရန် ခဏ ခဏ လက်ကို ဆေးကြောရကား ဖြူစင်သောလက် ရှိသည်ဖြစ်၍။ ဝေါဿဂ္ဂရတော= ပေးရ စွန့်ရ ကြဲရ ပေးရ ကမ်းရတာ၌ နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်သည်ဖြစ်၍။ ယာစယောဂေါ= အလှူခံပုဂ္ဂိုလ်တို့က တောင်းခြင်းငှာ ထိုက်သော ပုဂ္ဂိုလ်ဖြစ်၍။ ဒါနသံဝိတာဂရတော= ပေးရခြင်း ဝေဖန်ရခြင်း၌ နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်သည်ဖြစ်၍။ အဇ္ဈာဝသေယျံ= နေပေအံ့လို့- ဒီ အလှူဒကာရဲ့ အင်္ဂါငါးပါးရှိတယ်။
( က ) မုတ္တစာဂ= လွတ်လွတ်ကြီး စွန့်ရတယ်။ သူ့ဆီက ဘာလေးများ မျှော်ခေါ်ချက် မရှိရဘူး။
( ခ ) ပယတပါဏီ= တဲ့။ ရှေးတုန်းက သူတော်ကောင်းတွေဟာလေ လှူမယ် တန်းမယ်ဆိုလို့ရှိယင် မိမိလက်ကလေး ဆေးလိုက်သေးတယ်။ ဆေးပြီးမှ လှူတယ် ၊ တန်းတယ်၊ ပေးတယ်၊ ကမ်းတယ်။ အဲဒီလိုဆေးရသဖြင့် အခါခပ်သိမ်း စိုစွတ်သောလက်၊ အခါခပ်သိမ်း ဖြူစင်သောလက်ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်။ အလှူ့ဒကာရဲ့ အင်္ဂါလေ။
( ဂ ) ဝေါဿဂ္ဂရတော= သူ့ကို စွန့်လိုက်ရ ပေးလိုက်ရယင် အင်မတန် နှစ်ခြိုက်၊ အင်မတန် ဝမ်းမြောက်၊ အင်မတန် မွေ့လျော်ပျော်ပိုက်ရတယ်။
( ဃ ) ယာစယောဂေါ= အလှူခံပုဂ္ဂိုလ်တို့ တောင်းခံခြင်းငှာ ထိုက်တန်တယ်ဆိုတာက မတောင်းဝံ့အောင် မျက်နှာကြီး တင်းပြီးတော့ မထားဘဲနဲ့ မျက်နှာမြင်ရင်ကို တောင်းချင်အောင်ပေါ့လေ- တောင်းဝံ့အောင် မျက်နှာထားခြင်း ဒါမျိုးကို ယာစယောဂဂုဏ်လို့ ခေါ်တယ်။ မျက်နှာ အောင့်သိုးကြီးထားပြီးတော့ မတောင်းဝံ့အောင် ဒီလိုမနေရဘူး။
( င ) ဒါနသံဝိဘာဂရတော= ပေးရခြင်း ဝေဖန်ရခြင်း ဤနှစ်သင်း၌ နှစ်သက်မွေ့လျော် ပျော်ပိုက်ရမယ်။ ဒါဆို အလှူ့ဒကာရဲ့ အင်္ဂါငါးပါး ။ အဲဒီလို ပြည့်စုံပြီးတော့ ငါတစ်သက်လုံး နေလိုပါ၏ ဆိုတဲ့ အတိုင်းပဲ၊ ဒီအတိုင်းပဲ ကျင့်တယ်၊ အဲဒါ ငါးခုမြောက်အကျင့်ပဲ။
( ၆ ) ယာဝဇီဝံ သစ္စဝါစော အဿံ။
အဟံ= ငါသည်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ သစ္စဝါစော= မှန်ကန်သော စကားရှိသောသူသည်။ အဿံ= ဖြစ်ရပါလို၏။
ဟောဒီလို ဆောက်တည်တယ်။
( ၇ ) ယာဝဇီဝံ အက္ကောဓနော အဿံ။
အဟံ= ငါသည်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ အက္ကောဓနော= အမျက်မထွက်သူသည်။ အဿံ= ဖြစ်ရပါလို၏။ ဒီလိုဆောက်တည်တယ်။
သစေပိ မေ ကောဓော ဥပ္ပဇ္ဇေယျ၊ ခိပ္ပမေဝ နံ ပဋိဝိနေယျံ။
ကောဓော= အမျက်ဒေါသသည်။ မေ= ငါ့အား။ သစေ ဥပ္ပဇ္ဇေယျ= အကယ်၍ မတော်တဆ ဖြစ်ချင်ဖြစ်ပစေအုံးတော့ (ဖြစ်လာလျှင်လည်းပဲ။) ခိပ္ပမေဝ= လျင်မြန်စွာသာလျှင်။ နံ= ထိုအမျက်ကို။ ပဋိဝိနေယျံ= ပယ်ဖျောက်ပေအံ့။ ဣတိ= ဤသို့ နှလုံးပိုက်၍ သိရမယ်။ ၇- ပါးရှိသွားပြီ။
(က) မိဘကို ပြုစု လုပ်ကျွေးခြင်း တစ်ပါး။
(ခ) ဝုဍ္ဎာပစာယနတရား သက်ကြီးရွယ်ရင့်သူကို ရိုသေခြင်း၊ ဒါကတစ်ပါး။
( ဂ ) ပြေပြေပြစ်ပြစ် စကားပြောဆိုခြင်း၊ ဒါကတစ်ပါး။
(ဃ) အပိသုဏဝါစာ= ကုန်းတိုက်စကား မပြောကြားခြင်း၊ ဒါကတစ်ပါး။
( င ) ပြီးတော့- မစ္ဆရိယကင်းတဲ့စိတ်ဖြင့် အလှူအတန်း ပေးကမ်းရက်ရောခြင်း၊
ဒါက တစ်ပါး။ ငါးခု ရှိသွားပြီ။
( စ ) မှန်ကန်သောစကား ပြောကြားခြင်း၊ ဒါက တစ်ပါး။
(ဆ) အမျက်ဒေါသ မဖြစ်ရအောင် ကိုယ်က အမျက်ဒေါသကို ဖိနှိပ်လွှမ်းမိုးထားခြင်း၊ ဒါက တစ်ပါး။
သက္ကဿ ဘိက္ခဝေ ဒေဝါနမိန္ဒဿ ပုဗ္ဗေ မနုဿဘူတဿ ဣမာနိ သတ္တဝတပဒါနိ သမတ္တာနိ သမာဒိန္နာနိ အဟေသုန္တိ။ တွမ္ပိ တံ သမာဒိန္နတ္တာ သက္ကော သက္ကတံ္တ အဇ္ဈဂါ။
ချစ်သားတို့... သိကြားမင်းဟာ သိကြားမဖြစ်ခင် ရှေးအခါ လူဖြစ်စဉ် အခါကာလတုန်းက ဤယခု ပြောခဲ့တဲ့ ဝတ်အကျင့် ခုနစ်ပါး ကျင့်ကြံခြင်းဟူသော အကြောင်းကြောင့် သိကြားအဖြစ်ကို ရတာလို့ ဟောဒီလို ဟောထားခဲ့တယ်။ ဝတပဒသုတ္တန် ရှိတယ်။ အဲဒီသုတ္တန်ကလာတဲ့ ဝတ်အကျင့် ခုနစ်ပါး ရည်စူးပြီးတော့- အခု ဝိသယှသေဋ္ဌေး အလှူရှင်ကြီးက ဘယ့်နှယ်ပြောသလဲလို့ ဆိုတော့-
သတ္တ ဝတပဒါနိ ပူရေတွာ သက္ကတ္တံ ပတ္တော။
သိကြားဆိုတာ သိကြားဖြစ်ဖို့ရန် ဝတ်အကျင့် ခုနစ်ခါ ဖြည့်ပြီးမှ သိကြားအဖြစ်ရောက်တာ မဟုတ်လား။ ခင်ဗျား သိကြားလဲဆိုသေးရဲ့။
တွံ ပန အတ္တနော ဣဿရိယကာရဏံ ဒါနံ ဝါရေသိ။
တွံ ပန= သိကြား ဆိုတဲ့ ခင်ဗျားကတော့။ အတ္တနော= မိမိ၏။ ဣဿရိယကာရဏံ= အစိုးရခြင်း၏ အကြောင်းရင်းဖြစ်တဲ့။ ဒါနံ= အလှူဒါနကို။ ဝါရေသိ= တားမြစ်နေပါကလား။
ခင်ဗျား သိကြားမှဟုတ်ကဲ့လား၊ သိကြားဖြစ်ကြောင်းကောင်းမှုတွေပြုလို့ ခင်ဗျားကိုယ်တိုင် အခု သိကြားဖြစ်တာ ၊ အဲဒီသိကြားဖြစ်ကြောင်းဝတ်အကျင့် ခုနစ်ပါးမှာ ဒါနကောင်းမှုတစ်ပါး ပါတယ်။ ခင်ဗျား သိကြား ဖြစ်ဖို့ရန် အကြောင်း ခင်ဗျား သိကြားဘဝ ပို့လိုက်တဲ့ အကြောင်း ခုနစ်ပါးထဲက တစ်ပါး အပါအဝင် ဖြစ်တဲ့ ဒါနကိုများ ခင်ဗျားလို လူက တားမြစ်ရတာ အံ့သြတယ်၊ ဒီလို ပြောတယ်။
အနရိယံ ဝတ ကရောသိ...
တွံ= သင်သည်။ အနရိယံ= အရိယာ ပုဂ္ဂိုလ်တို့ စက်ဆုပ်ရွံရှာဖွယ် အမှုကို။ ကရောသိ= ပြုခဲ့လေပြီ။
ခင်ဗျား အရိယာ သူတော်ကောင်းတွေ စက်ဆုပ်ရွံရှာ မုန်းတီးတဲ့ အလုပ်ကြီးကို ခင်ဗျား ပြုလုပ်မိပြီ၊ အဲဒီလိုဆိုပြီး ကျုပ်ကိုတော့ဖြင့် တုန်လှုပ် ချောက်ချားလိမ့်မယ်လို့ မထင်နဲ့။
အနရိယံ မရိယေန သဟဿနေတ္တ၊
သုဒုဂ္ဂတေနာပိ အကိစ္စမာဟု။
သဟဿနေတ္တံ= မျက်စိအမြင်တစ်ထောင် ဆောင်ပါစေသော သိကြားမင်း။ အရိယေန= ဖြူစင်သော စိတ်နှလုံးရှိသော ငါကဲ့သို့သူတော်စင်သည်။ သုဒုတေနာပိ= အလွန်အမင်း ဆင်းရဲခြင်းသို့ ရောက်သော်လည်းပဲ။ အနရိယံ= အရိယာတို့ စက်ဆုပ်တဲ့ မစ္ဆရိယအစရှိတဲ့ မောင့်အလုပ်မျိုးကိုဖြင့်။ အကိစ္စံ= မပြုအပ်- မပြုကောင်းဟူ၍။ အာဟု= မိန့်ဆိုကြကုန်ပြီ။
ဘုရား အစရှိတဲ့ အရိယာ သူတော်ကောင်းတွေ။ နှလုံးစိတ်ဝမ်း ဖြူစင်တဲ့ သူတော်စင် တစ်ယောက်ဟာ ဖြင့် ရှေးရှေး အရိယာ သူတော်စင်တွေ စက်ဆုပ်တဲ့ အင်း- အလှူမပေးလို့ရှိယင်တော့ မစ္ဆရိယတွေ ဒါမ ဝင်ရ မှာပ။ ကောင်းမှုကုသိုလ်ရဲ့ ဆန့်ကျင်ဘက် အကုသိုလ်မှုတွေကို မပြုကောင်းဘူး။ ဘယ်လောက် ဆင်းရဲ ဆင်းရဲ ဆိုပြီးတော့ ရှေးအရိယာ သူတော်ကောင်းတွေ ဟောထားတာရှိတယ်။ ဘယ့်နှယ်လုပ်မလဲ။ ဘုရားလောင်းကတော့ ဒီ အတိတ်သံသရာတစ်ခွင် ပြန်စဉ်းစားလိုက်ယင် အဲဒီတရားတွေဟာ သူကြားခဲ့ဖူးတဲ့ တရားတွေဟာ ဉာဏ်ထဲမှာ မြင်နေတယ်။ အဲဒါကြောင့် ရှေးရှေး ဘုရားပစ္စေကဗုဒ္ဓါ အရိယာ သူတော်ကောင်းတွေ ဒီအကြောင်း ဟောထားတာ ရှိတယ်တဲ့။
မာ ဝေါ ဓနံ တံ အဟု ဒေဝရာဇ၊ ယံ ဘောဂဟေတု ဝိဇဟေမု သဒ္ဓံ။
ဒေဝရာဇ= နတ်တို့သနင်း သိကြားမင်း။ ယံ ဘောဂဟေတု= အကြင် စီးပွားဥစ္စာ ဟူသော အကြောင်းကြောင့်။ သဒ္ဓံ= ငါရဲ့ လှူလို တန်းလို ပေးလို ကမ်းလိုတဲ့ သဒ္ဓါတရားကို။ မယာ= ငါတို့သည်။ ဝိဇဟေမု= ကျင့်ကုန်လေရာ၏။ တံ ဓနံ= ထိုငါရဲ့ သဒ္ဓါတရားကို စွန့်လှူမှ ရမယ့်ဥစ္စာသည်။ မာ အဟု= မဖြစ်ပါစေနဲ့။
မလိုချင်ဘူး၊ ကိုယ်ရဲ့ သဒ္ဓါတရားကို စွန့်မှ ခင်ဗျားပြောတဲ့ ငွေတွေ ရွှေတွေ ရမယ်ဆိုယင် အဲဒါတွေ ကျုပ်မလိုချင်ဘူး။ မဖြစ်ပါစေနဲ့တော့။ မရှိချင် နေပါစေ။
ယေန ဧကော ရထော ယာတိ၊
ယာတိ တေန ပရော ရထော။
ပေါရာဏံ နိဟိတံ ဝတ္ထံ၊
ဝတ္တတညေဝ ဝါသဝ။
ဝါသဝ= ဝါသဝမည်လျှင်း အို သိကြားမင်း၊ (လောကဥပမာ ပြောမယ်နော်- တဲ့) ယေန= အကြင် ခရီးဖြင့်။ ဧကော ရထော- ရထားကြီး တစ်စင်းသည်။ ယာတိ- သွား၏။ တေန= ထို ပထမရထားသွားတဲ့ လမ်းခရီးဖြင့်။ ပရော= နောက်ကလာတဲ့ ရထားတစ်စင်းလည်းပဲ။ ယာတိ= လိုက်ပါ၍ သွား၏။
ဘာလဲ...?
ကျုပ်ရှေ့ကသွားကြတဲ့ ရထားကြီးတွေနဲ့တူသော ကဿပမြတ်စွာဘုရားတို့၊ ကောဏဂုံ မြတ်စွာဘုရားတို့၊ ကကုသန်မြတ်စွာဘုရားတို့ နောက်ပြန်ရေမယ်ဆိုယင် အဲဒီလို သွားလို့ရှိယင် ဟို- ဒီပင်္ကရာ မြတ်စွာဘုရားထိအောင် လှမ်းပြီးတော့ မျှော်ကြည့်လိုက်စမ်း၊ ဒီ ဘုရားတည်းဟူသော ခရီးသည်တွေကို တင်ပြီးတော့ နိဗ္ဗာန်တည်းဟူသော ဘေးမဲ့မြို့ကြီးကို ဒီလမ်းက သွားကြတယ်။
ဘယ်လမ်းလဲ...?။
ဒါနပါရမီလမ်း၊ သီလပါရမီလမ်း၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဆိုတဲ့ ဒီပါရမီလမ်းကြောင်းကြီးတွေထဲက နေပြီးတော့ နှစ်ကျိပ်လေးဆူသော မြတ်စွာဘုရားတည်း ဟူသော ရထားကြီးတွေဟာ ဝေနေယျကြာ သတ္တဝါတွေတည်းဟူသော ခရီးသည်တွေ တင်ပြီးတော့ နိဗ္ဗာန် ဘေးမဲ့မြို့ကြီးကို လှလှကြီး သွားကြပြီ။ သွားကြတဲ့အတိုင်း ကျုပ်လည်းပဲ အဲဒီလမ်းကြီးက ဒါနပါရမီ လမ်းကြီးကနေပြီးတော့ နိဗ္ဗာန်မြို့ကို သွားမလို့ ။
ကျွန်ုပ်တည်းဟူသော ရထားကြီးပေါ်မှာ ဝေနေယျ သတ္တဝါတွေဟူသော ခရီးသည်တွေ တင်ပြီးတော့ နိဗ္ဗာန်မြို့ကြီး သွားမှာပေါ့၊ ခင်ဗျား ဘယ်လောက်တားတား မရပါဘူး။
ဝါသဝ= ဝါသဝ မည်လျှင်း အို- သိကြားမင်း။ ပေါရာဏံ= ရှေးက ဖြစ်ခဲ့ဖူးသော။ နိဟိတံ= အကျွန်ုပ်နှင့် တကွ ရှေးရှေးဘုရားအလျာ သူတော်စွာတို့သည် ကောင်းစွာချထားခဲ့သော။ ဝတ္တံ= ဒါနဝတ်ကိုဖြင့်။ ဝတ္တတညေဝ... လည်စေ ဖြစ်စေအံ့သည်သာ။
သိကြားမင်း လက်လျှော့ပြီး... အလှူကို ချီးကျူး တိုက်တွန်းခြင်း...
ဘယ်လိုနည်းနဲ့မှ ခင်ဗျား ပြောလို့ မရဘူးတဲ့။ ရှေးရှေး ဘုရားအလောင်း သူတော်ကောင်းတွေ ချမှတ်ခဲ့တဲ့ ဒါန ဝတ်ကိုသာဖြင့် ကျုပ် ဖြစ်စေမှာ အမှန်ပဲ။ ဘယ်လိုပဲ ခင်ဗျား တားပေမယ့် ကျုပ် လှူမှာပဲ။
ယဒိ ဟေဿတိ ဒဿာမ၊
အသန္တေ ကိံ ဒဒါမသေ။
ဧဝံ ဘူတာပိ ဒဿာမ၊
မာ ဒါနံ ပမဒမှသေ။
ယဒိ ဟေဿတိ- ငါ့လက်ထဲမှာ ရွှေ ငွေရယ်လို့ အကယ်၍ ဖြစ်ပေါ် လာငြားအံ့။ ဒဿာမ= ငါတို့စားဖို့တောင် မထား၊ ရက်ရက်ကြီး ငါကား ပေးလှူလိုက်ပါပေတော့အံ့။
ကျုပ်လက်ထဲမှာ ရွှေလေး ငွေလေးများ တစ်ပဲသားရှိစမ်းပါစေ၊ ရှိပစေ၊ စားဖို့တောင်မထားဘူး၊ ချက်ချင်းလှူလိုက်မှာ။
အသန္တေ= ယခုလို ဒီလက်ထဲမှာ ငွေတစ်ပဲမှ မရှိတဲ့ ဒီလိုအခါမျိုးမှာ။ ကိံ ဒဒါမသေ= အဘယ်မှာလျှင်ပေးခြင်းငှာ စွမ်းနိုင်ကုန်အံ့နည်း။ (အခုလိုအခါတော့ ပေးမဖြစ်ဘူးပေါ့) ဧဝံ ဘူတာပိ= ဤမျှလောက် မြက်ထမ်းသမားဘဝသို့ ရောက်ရကုန်သော်လည်းပဲ။ မယံ= ငါတို့သည်။ ဒဿာမ- ငါ့လက်ထဲမှာ ငွေရှိပါစေ၊ ဧကန် ပေးအံ့ကုန်သည်သာ။ ဒါနံ= အလှူဒါနကို။ မာ ပမဒမှသေ= ဘယ်လိုနည်းနဲ့မှ မေ့လျော့၍ပစ်မယ့်လူစား မဟုတ်ပါဘူး အရှင်သိကြားလို့-
မြက်ထမ်းပေါ်က ဝမ်းလျားမှောက်ရင်း မူးရင်းကနေပြီးတော့ ပြန်ပြီး သုံးဂါထာ ရွတ်ပေးတယ်။ ဘုရားလည်း ပါသပေါ့။ အဲဒီလိုလည်း ရွတ်ပေးတော့ သိကြားက မေးတယ်။
ကိမတ္ထာယ ဒါနံ ဒဒါသိ။
ဝိသယှ သေဋ္ဌေးမင်း… ဘယ်အကျိုးငှာ အလှူဒါနကို ခင်ဗျားပေးနေတာလဲ? ဒါလောက်ကြီး။ မဟာဒါနကြီးပေးနေတာလဲလို့ ဆိုတော့ ဘုရားအလောင်းကမူးရင်း မြက်ထုံးပေါ်က ဝမ်းလျားမှောက်ရင်းက ဘယ့်နှယ်ပြောသလဲ...?။
နေဝ သက္ကတ္တံ န ဗြဟ္မတ္တံ ပတ္ထယမာနော ၊
သဗ္ဗညုတံ ပတ္ထေန္တော ပနာဟံ ဒဒါမိ။
အဟံ= ငါသည်။ သက္ကတ္တံ= သိကြား အဖြစ်ကို။ ပတ္ထယမာနော= တောင့်တသည်ဖြစ်၍။ န ဒဒါမိ- ပေးသည် မဟုတ်ပါ။ ပန- စင်စစ်သော်ကား။ သဗ္ဗညုတံ= သဗ္ဗညုတ ရွှေဥာဏ်တော်ကို။ ပတ္ထေန္တော= တောင့်တလင့်ဆို ငါအလိုရှိသည်ဖြစ်၍။ ဒဒါမိ= ပေးလှူပါ၏… လို့...
အဲဒီလို ပြောတယ်။ ခင်ဗျား သိကြား စည်းစိမ်ကို လိုချင်လို့ တောင့်တလို့ ကျုပ်လှူတာ မဟုတ်ဘူး။ ဗြဟ္မာမင်းစည်းစိမ်ကို လိုချင်တောင့်တလို့ လှူတာ မဟုတ်ဘူး။ ကျုပ်လိုချင်တာကသဗ္ဗညုတ ရွှေဥာဏ်တော်ကို တောင့်တလင့်ဆို အလိုရှိပြီးတော့ လှူတာပါ။ ဘယ်အချိန်ကများ တောင့်တခဲ့သလဲ။
ကိံ မေ ဧကေန တိဏ္ဏေန ၊
ပုရိသေန ထာမဒဿိနာ။
သဗ္ဗညုတံ ပါပုဏိတွာ ၊
သံတာရေဿံ သဒေဝကေ။
သုမေဓာဘဝတည်းကိုက ကျုပ် တစ်ကိုယ်ကောင်းကြံယင် နိဗ္ဗာန်ကို ဝင်သွားနိုင်လျက်ကနဲ့ ငါလို ကိုယ်စွမ်းသတ္တိကို မြင်တဲ့ ယောက်ျားကောင်း တစ်ယောက်ဟာ တစ်ကိုယ်ကောင်း ကြံပြီးတော့ ဒီပင်္ကရာဘုရား သာသနာအတွင်းမှာ နိဗ္ဗာန်ကို ကူးသွားလို့ ဘာအကျိုးရှိမလဲ၊ တစ်ကိုယ်ကောင်းကြံလို့ ငါလို လူစွမ်းကောင်းက အကျိုးမရှိနိုင်ဘူး။
သဗ္ဗညုတံ ပါပုဏိတွာ= သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်၍။ သဒေဝကေ= နတ်ဗြဟ္မာနှင့်တကွသော သတ္တလောက ရှိသမျှ နတ် လူ အပေါင်းတို့ကို။ သံတာရေဿံ= နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ရောက်အောင် ထုတ်ဆောင်ကယ်တင်ပေအံ့... လို့...။
အဲဒီတုန်းကတည်းကိုက သဗ္ဗညုတရွှေဉာဏ်ကြီး ရှာလာတယ်။ သဗ္ဗညုတဉာဏ် ရဖို့အတွက် ဒါနပါရမီ မျိုးစေ့ကို သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ ဆိုတဲ့ ပါရမီမျိုးစေ့တွေ သဗ္ဗညုတဉာဏ်ကြီး ဝယ်ချင်လွန်းလို့ အဖိုးတွေကို ရှာပြီးတော့ လာခဲ့တာ။ ခင်ဗျား သိကြားမင်းစည်းစိမ်ကို လိုချင်လို့ ကျုပ် ဒါန အဖိုး ရှာတာ မဟုတ်ပါဘူးလို့ ပြောတော့ သိကြားကလည်းပဲ စောစောက သူထင်တာက သိကြားစည်းစိမ် လိုချင်လို့ သိကြားစည်းစိမ် တောင့်တပြီးတော့ သူ ကောင်းမှုပြုပါကလား ထင်တာ၊ သူအထင်မှားပြီ။ အခုလိုဖြေလိုက်တော့ သူ့ အထင်နဲ့ တခြားစီဖြစ်တော့ ဪ... သူ ငါရဲ့ သိကြားစည်းစိမ် တောင့်တလင့်ဆို အလိုရှိတာ မဟုတ်ပါတကား- လို့ စိတ်ထဲ သက်သာရာ ရတယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ ကောင်းကင်က ဆင်း၊ အလောင်းတော်ရဲ့ ကျောက်ကုန်းလေးကိုသပ်၊ လက်နဲ့သပ်လိုက်တော့ နတ်ရဲ့ အတွေ့အထိနဲ့ တွေ့မိ ထိမိတယ်ဆိုတော့ ဖြုန်းခနဲဆို အမှုးတွေ ပြေပြီးတော့ လန်းလန်းဆန်းဆန်းဖြစ်တယ်။ နတ်ရေစင်များ ဖျန်းသလိုပေါ့နော်။
အခုတော့ နတ်က ကျောက်ကုန်းလေးကို သွားပြီးတော့ သပ်လိုက်တော့၊ သပ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း တစ်ခါတည်း လန်းလန်းဆန်းဆန်း၊ ဪ- အားအင်တွေဟာ အလိုလို ရောက်လာတယ်။ နတ်တန်ခိုးပေါ့။ အဲဒီလိုရောက်ရုံတင်မကဘူး၊ သူ့အိမ်မှာလည်းပဲ သူ့ရဲ့ ပစ္စည်းတွေ နဂိုအတိုင်း ပြန်ပြီးတော့တန်ခိုးနဲ့ ကွယ်ထားတာတွေကို ပင်ကိုအတိုင်း ပြန်ပြီးတော့ ထားတယ်။
သိကြားက ဘုရားအလောင်း ဝိသယှ သေဋ္ဌေးကို ဘယ့်နှယ်ပြောသလဲ။
မဟာသေဋ္ဌိ တွံ ဣတော ပဋ္ဌာယ ဒိဝသေ ဒိဝသေ ဒွါဒသသဟဿာနိ ဝိဿဇ္ဇေန္တော ဒါနံ ဒဒါဟိ။
မဟာသေဋ္ဌိ= အို ဝိသယှ သေဋ္ဌေးကြီး။ တွံ= သင်သည်။ ဣတော ပဋ္ဌာယ= ယနေ့ကစ၍။ ဒိဝသေ ဒိဝသေ= နေ့တိုင်း နေ့တိုင်း။ ဒွါဒသ သတသဟဿာနိ= တစ်ဆယ့်နှစ်သိန်း (၁၂ - သိန်း) တို့ကို။ ဝိဿဇ္ဇေန္တော= စွန့်သည်ဖြစ်၍။ ဒါနံ= အလှူဒါနကို၊ ဒဒါတိ= ပေးတော်မူပါတော့...လို့-
ဟိုတုန်းက တစ်နေ့မှာ ခြောက်သိန်း ခြောက်သိန်းလှူရတာ၊ အခု တစ်ဆတိုးပြီးတော့ မဏ္ဍပ်တစ်ခုမှာနှစ်သိန်း နှစ်သိန်း ခြောက်ခုဆိုတော့ တစ်ဆယ့်နှစ်သိန်း၊ တစ်ဆယ့်နှစ်သိန်း၊ တစ်နေ့တစ်နေ့လျှင် နေ့တိုင်းနေ့တိုင်း တစ်ဆယ့်နှစ်သိန်း၊ တစ်ဆယ့်နှစ်သိန်း၊ စွန့်ပြီးတော့ အလှူကြီးကို အသက်ထက်ဆုံး လှူရစ်ပါတော့လို့ အဲဒီလို ပြောပြီးတော့ သေဋ္ဌေးရဲ့အိမ်မှာ မရေနိုင် မတွက်နိုင်အောင် အသစ်ဖြစ်သော စီးပွား ဥစ္စာတွေကို ဆောင်နှင်းပြီးတော့ ကိုင်း- သေဋ္ဌေးမင်း၊ အိမ်ပြန်ပေတော့၊ ကျွန်ုပ်လည်းပဲ နတ်ပြည်သို့ ပြန်တော့မယ်။ ခရီး ခွဲကြတယ်။
ဘုရားအလောင်းဖြစ်တဲ့ ဝိသယှ သေဋ္ဌေးလည်းပဲ၊ အဲဒီအချိန်ကစပြီးတော့ တစ်နေ့လျှင် တစ်ဆယ့်နှစ်သိန်း၊ တစ်ဆယ့်နှစ်သိန်း အလှူဒါနပြု၍ စုတိပြတ်ကြွေ သေလွန်တဲ့ ကာလဝယ် ကောင်းမှုကုသိုလ်ကံအားလျော်စွာ နတ်ပြည်သို့ လားရတယ်။ သေဋ္ဌေးကတော်ကြီးလည်း...
ဇာတ်တော်ကဆုံးတော့မှ အဋ္ဌကထာက နိဂုံးဘယ်လိုအုပ်ပြတုံးဆိုတော့-
သတ္ထာ= လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည်၊ ဣမံ ဓမ္မဒေသနံ= ဤဝိသယှဇာတက ဓမ္မဒေသနာကို၊ အာဟရိတွာ= အကျယ်တဝင့် ဖွင့်ပြထုတ်ဆောင်တော်မူ၍ ဇာတကံ= ဇာတ်တော်ကို။ သမောဓာနေသိ- ပေါင်း၍ ပြတော်မူ၏။
ဇာတ်တော် ချုံးပြီးတော့ ပြလိုက်တယ်။ ဘယ်လို ပြတုံးဆိုတော့-
တဒါ= ထိုစဉ်ကာလက။ သေဋ္ဌိဘရိယာ= သေဋ္ဌေးကတော်ကြီးသည်။ ဣဒါနိ= ယခုအခါ၌။ ရာဟုလမာတာ= ရာဟုလာမယ်တော် ယသောဓရာ မိဖုရားသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။
တရားနာခံ ပြန်ကြည့်စမ်းပါ၊ အနာထပိဏ် သေဋ္ဌေးကြီးကို-
မဟာဂဟပတိ= ဇေတဝန် ကျောင်းတကာ အနာထပိဏ် သေဋ္ဌေးကြီး။ တဒါ= ထိုစဉ်ကာလက။ သေဋ္ဌိဘရိယာ= သေဋ္ဌေးကတော်ကြီးသည်။ ဣဒါနိ= ယခုအခါ၌။ ၌။ ရာဟုလမာတာ= ရာဟုလာမယ်တော် ယသောဓရာ မိဖုရားသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။ ဝိသယှ အမည်ရှိသော။ သေဋ္ဌိပန= သေဋ္ဌေးကြီးကား။ ဣဒါနိ= ယခုအခါ၌။ အဟမေဝ= လူသုံးပါးတို့၏ ဆရာ ငါဘုရားသည်ပင်လျှင်။ အဟောသိ= ဖြစ်ခဲ့လေပြီ။ ဣတိ= ဤသို့။ ဇာတကံ= ဇာတ်တော်ကို။ သမောဓာနေသိ= ပေါင်းရုံး၍ ပြတော်မူပြီ။
နောက်ပြန် စဉ်းစားကြည့်ကြစမ်း။ ဝိသယှ ဇာတ်လဲ ပြီးပြီ။
သိကြားဖြစ်ကြောင်း အကျင့်ခုနစ်ပါးပြခဲ့တဲ့ ဝတပဒ သုတ္တန်ကိုလည်းပဲ စုဏ္ဏိယတော့ ကြားပြီးပြီ။ ဂါထာဆုံးအောင် ရွတ်နေပြန်တော့ ရှည်သွားဦးမယ်။ ကိုင်း... ဂါထာ ပါဋ္ဌိရွတ်မှ သိပ်စုံတော့မှာဆိုတော့ အဲဒီဟာ လည်းပဲ ကျန်တဲ့ ကြွေးကလေး ဆပ်လိုက်ကြဦးစို့။
မာတာပေတ္တိဘရံ ဇန္တုံ၊ ကုလေ ဇေဋ္ဌာပစာယိနံ။
သဏှံ သခိလသမ္ဘာသံ၊ ပေသုဏေယျပ္ပဟာယိနံ။
မစ္ဆေရဝိနယေ ယုတ္တံ၊ သဗ္ဗံ ကောဓာဘိဘုံ နရံ။
တံ ဝေ ဒေဝါ တာဝတိံသာ၊ အာဟု "သပ္ပုရိသော" ဣတိ။
တရားတော် နိဂုံး...
အဲဒါ ဝတပဒသုတ္တန် နောက်ဆုံးက ဂါထာ နှစ်ပုဒ်ပါပဲ။ အကျဉ်းကြိုက်တဲ့ သံခိတ္တရုစိ ပုဂ္ဂိုလ်များအတွက် ဟောလို့ ပြန်ပြီးတော့ စဉ်းစားလို့ရှိယင် ဝိသယှဇာတ်က ဓမ္မဒေသနာ- နောက်ပြန်။ ဝတပဒသုတ္တန် ဓမ္မဒေသနာ ဟိုက ဒါနသုတ္တန် ဓမ္မဒေသနာ၊ ခုဇ္ဇုတ္တရာရှင်မ သီတင်းသည်ကြီးဟောတဲ့ သုတ္တန် ဓမ္မဒေသနာ၊ အာယာစမာနသုတ္တန် ဓမ္မဒေသနာ၊ မြတ်စွာဘုရားဟောတဲ့ ပရိသတ် လေးပါးအတွက် ဟောတဲ့ သုတ္တန်ဒေသနာ၊ ဒီလေးဖြာသော တရား ဒေသနာ တို့ကို ကြားနာရခြင်း ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံစေတနာ၊ သရဏဂုံ သီလတို့ကို ဆောက်တည်ရခြင်း သီလမယ ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဓမ္မပူဇာ ဖြစ်ပါစေခြင်း အလို့ငှာ ဓမ္မဓရ ဖြစ်တော်မူသော အရှင်သူမြတ်နှင့်တကွ ဓမ္မပဋိဂ္ဂါဟက ဖြစ်ကြပါပေသော သူတော်စင်တို့အား ရည်မှန်းရာရာ ဒေယျဓမ္မ ဒါတဗ္ဗဝတ္ထုတို့ဖြင့် သဒ္ဓါကော်ရော် ပူဇော်လှူဒါန်းရခြင်းတည်းဟူသော ဓမ္မပူဇာမင်္ဂလာ ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဣန္ဒာရာမ ကျောင်းတိုက်အတွင်း ပထမဝါပတ်လုံး သီတင်းသုံးတော်မူပြီးကြတဲ့ သံဃာတော်အရှင်မြတ်တို့၊ ငါးရပ်သော ကထိန်၏ အာနိသင်ကို ရ၍ ချမ်းချမ်းသာသာ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေခြင်း အလို့ငှာ အရန်နှင့်တကွ ကထိန်သင်္ကန်း၊ ကထိန်ဆွမ်း လှူဒါန်းရခြင်းတည်းဟူသော ကောင်းမှုကုသိုလ်ကံ စေတနာ-
ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ဤ ဝိသယှဇာတ် တရားဒေသနာတော်မြတ်၌ ဇာတ်တော်ဝင် ဖြစ်တော်မှုကြတဲ့ ယသောဓရ ထေရီ၏ အလောင်းဖြစ်သော သေဋ္ဌေးကတော်၊ မြတ်စွာဘုရားရဲ့ အလောင်းဖြစ်သော ဝိသယှ သေဋ္ဌေးမင်းတို့ ယခုအခါ ရောက်ကြ စံကြရာဖြစ်သော နိဗ္ဗာန်ပရမတ်ကို လေးပါးသော မဂ်ဥာဏ်၊ လေးပါးသော ဖိုလ်ဥာဏ်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် မပင်မပန်း ချမ်းသာသော အကျင့်ပဋိပတ်၊ လျင်မြန်သော အသိဉာဏ်တို့ဖြင့် ဆိုက်ရောက် မျက်မှောက်ပြုနိုင်ကြသည့်ကိုယ် ဖြစ်ပါစေကုန်သတည်း။ အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက် မျက်မှောက်ပြုရသည့် နောက်ဆုံးဘဝဝယ် ပရိနိဗ္ဗာန စုတိစိတ်ရဲ့ အခြားမဲ့ဖြစ်သော နောက်ကာလ၌ တစ်စုံတစ်ခုသော ဘဝ ဂတိ ယောနိ ဝိညာဏဋ္ဌိတိ သတ္တာဝါသမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာ ငါးပါး- ဒုက္ခသစ္စာ တရားတည်း ဟူသော မီးတောက်ကြီးတို့ ဆီနှင့်တကွ ဆီမီးစာတည်းဟူသော အကြောင်းနှစ်ပါးတို့ ချုပ်သဖြင့် ငြိမ်းသဖြင့် မီးတောက်တည်းဟူသော အကျိုးတရား မဖြစ်သော ချုပ်ခြင်း ငြိမ်းခြင်းဖြင့် ချုပ်ငြိမ်းသည့်ပမာ အဝိဇ္ဇာ တဏှာတည်းဟူသော သံသရာဝဋ်ဒုက္ခ၏ အကြောင်းရင်းနှစ်ပါးတို့ ချုပ်ငြိမ်းကြသဖြင့် ရုပ်နာမ်နှစ်ဖြာ ခန္ဓာ ငါးပါး- ဒုက္ခသစ္စာ တရားတည်းဟူသော သံသရာ မီးတောက်ကြီးတွေ မဖြစ်ဘဲ ချုပ်ငြိမ်းခြင်း၊ အနုပ္ပါဒါနိရောဓ ၊ အနုပါဒါ ပရိနိဗ္ဗာန် ကိုယ်စီစံကြရသဖြင့် ကမ္မဝဋ် ၊ ကိလေသဝဋ် ၊ ဝိပါကဝဋ်တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက် မီးပုံကြီး ကိုယ်စီ ကိုယ်ငှ ငြိမ်းကြပါစေကုန်သတည်း...။
သာဓု... သာဓု... သာဓု...
ဝိသယှဇာတ် တရားတော် ပြီးပြီ ။
0 comments:
Post a Comment