Tuesday, July 12, 2011

ဘာရဒွါဇသုတ္တန် တရားတော်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

ဘာရဒွါဇသုတ္တန် တရားတော်
(သီလဝန္တသုတ္တန် အကျဉ်း ပါဝင်သည်။)

ဘုန်းကြီး ဟောမယ့်တရားရဲ့ သုတ်နာမည်က ဘာရဒွါဇသုတ် လို့ ခေါ်ပါတယ်။ သင်္ဂါယနာတင် မထေရ်မြတ်များက နိဒါန်းအနေဖြင့် တရားဦး စပျိုးပေးလိုက်တာက-
ဧကံ သမယံ အာယသ္မာ ပိဏ္ဍောလဘာရဒွါဇော ကောသမ္ဗိယံ ဝိဟရတိ ဃောသိတာရာမေ။
(သံ၊ ၂။ ၃၂၈)
တစ်ချိန်က ပိဏ္ဍောလ လို့ ခေါ်သော ဘာရဒွါဇမထေရ် ဘုန်းကြီးတို့ ဗုဒ္ဓဘာသာ လူတိုင်း လူတိုင်း နားလည်လွယ်အောင် ပြောရလို့ရှိယင် ရာဇဂြိုဟ် သေဋ္ဌေးရဲ့ စန္ဒကူးသပိတ်ကို ကောင်းကင်က တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ယူတော်မူတဲ့ ပိဏ္ဍောလဘာရဒွါဇ လို့ခေါ်သော မထေရ်သူမြတ် ကောသမ္ဗီပြည်ရဲ့ အနီး ဃောသိသာရုံ ဃောသိတသေဋ္ဌေး= ဃောသကသေဋ္ဌေး ဆောက်လုပ် လှူဒါန်းတဲ့ ဃောသိသာရုံ ခေါ်သော ကျောင်းတိုက်ကြီးမှာ သီတင်းသုံး နေထိုင်တော်မူတဲ့ အခိုက် ဖြစ်ပါတယ်။ ဒီကိုယ်တော်ကို ဘာပြုလို့ ပိဏ္ဍောလလို့ ခေါ်သတုံး၊ ဘာပြုလို့ ဘာရဒွါဇ ခေါ်သတုံးဆိုတဲ့ အကြောင်းဖော်ပြထားတယ်။ သူ့ရဲ့ မိဘ ဘိုးဘေး အစဉ်အဆက် အနွယ်က ဘာရဒွါဇ ပုဏ္ဏားရဲ့ အနွယ်မို့လို့ သူ့ကို ဘာရဒွါဇလို့ ခေါ်တယ်တဲ့။ ဒီအရှင်မြတ်ကို ပိဏ္ဍောလလို့ ခေါ်တာကတော့-

ပိဏ္ဍံ ဥလတိ ဂဝေသတီတိ ပိဏ္ဍောလော။
ယော= အကြင် အရှင်သည်။ ပိဏ္ဍံ= ဆွမ်းကို။ ဥလတိ-ဂဝေသတိ= ရှာမှီးတောင့်တ တတ်၏။ ဣတိ= ထို့ကြောင့်။ ပိဏ္ဍောလော= ပိဏ္ဍောလ မည်၏။ ဘာပြုလို့လဲ ဆိုတော့ သူ လူ့ဘဝတုန်းက အင်မတန် ဆင်းရဲနွမ်းပါးရှိတဲ့ ပုဏ္ဏားတစ်ယောက်ပါပဲတဲ့။ လူ့လောကမှာ စားရေး ဝတ်ရေး အင်မတန် ပင်ပန်းနွမ်းနယ်ရတဲ့အတွက် သာသနာဝင်ပြီးတော့ စားရေး ဝတ်ရေး ချမ်းသာရေးအတွက် ပထမပိုင်းမှာ ဝင်ပြီးတော့ လာလို့ သူ့ကို ပိဏ္ဍောလ။

မျှတရုံစားလျှင် အကျိုးသုံးပါး ရရှိပုံ...
သာသနာတော်ထဲ ရောက်လာတဲ့အခါကျတော့ ဆိုကြပါစို့။ ဒီ ပိဏ္ဍောလ ဘာရဒွါဇ ကိုယ်တော်မြတ်က အစား ဝမ်းမီး တေဇော ကောင်းတယ်တဲ့။ ကောင်းတဲ့အတွက် အစားအသောက် သူများထက် ပိုပြီးတော့ ဘုဉ်းပေးနိုင်တယ်။ (ဘုန်းကြီးတို့ ဗန်းမော် ဆရာတော်လိုပေါ့။) ဝမ်းမီးကောင်းတဲ့ သံဃာတော်များရှိတယ်။ အဲဒီလို ဝမ်းမီး ကောင်းလွန်းလို့ အစားကောင်းတဲ့အတွက် မြတ်စွာဘုရားက သူ့ကို ကွက်ပြီးတော့ သပိတ်အိတ်ကို သူ့ကို ခွင့်မပေးဘူးတဲ့။ ဒီ့ပြင် အရှင်သူမြတ်တွေသာ သပိတ်အိတ် ဆောင်ရတယ်၊ ရှင်ပိဏ္ဍောလကို မြတ်စွာဘုရားက ပထမပိုင်းမှာ သူ့ကို သပိတ်အိတ် ခွင့်မပေးဘူး။

ချစ်သားမှာတော့ သပိတ်အိတ် မလိုဘူးတဲ့။ သပိတ်အိတ် မဆောင်ရဘူး။ နို့ ဘယ့်နှယ်ဆောင်ရလဲ။ ဒီအတိုင်း သပိတ်ကို ပွေ့ပြီးတော့ သွားဆွမ်းခံ၊ ဆွမ်း ကိစ္စပြီးတော့ သပိတ်ကို ခုတင် ညောင်စောင်းရဲ့ အောက်မှာ ချစ်သား သွင်းတဲ့အခါမှာ အောက်က မြေကြီးကို သပိတ်နှုတ်ခမ်းနဲ့ တိုက်တိုက်ပြီးတော့ သွင်းရမယ်။ ထုတ်ယူတဲ့အခါမှာလဲ မြေကြီးနဲ့သပိတ်နှုတ်ခမ်းနဲ့ တိုက်ပြီးမှ ထုတ်ယူရမယ်။ ဒီလို မြတ်စွာဘုရားက အရှင်ပိဏ္ဍောလကို အမိန့်ပေးတယ်။

အဲဒီလို တိုက်ဖန်များ ပွတ်ဖန်များတော့ တော်တော်ကြာတော့ သပိတ်အနားက တဖြည်းဖြည်း ပွန်းပွန်း ပွန်းပွန်းပြီးတော့ လာလိုက်တာ တစ်ခွက်ချက်= တစ်ခွက်ဆံ့တဲ့အချိန် ရောက်လာတယ်။ အဲဒီတော့မှ မြတ်စွာဘုရားက သူ့သပိတ် အခြေအနေကြည့်ယင် တစ်ခွက်ချက် ဆွမ်း ဆံ့တဲ့ အခြေအနေရောက်တော့မှ “ဒါဖြင့် ချစ်သား သပိတ်အိတ် ဆောင်တော့” ဒီလို အမိန့်ရှိတယ်။ မြတ်စွာဘုရား လက်ထက်တုန်းက ဒီလိုပဲ ဝမ်းမီးကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။

ဆိုကြပါစို့။ ပသေနဒီ ကောသလ မင်းတရားကြီးဆိုယင် ဆန်တစ်စိတ်ချက် ဒေါဏပါကကုရံ= ဆန်တစ်စိတ်ချက်သော ထမင်းကို စားသုံးတယ်။ ပွဲတော် တစ်ခါတည်ယင် ဆန်တစိတ်နဲ့ ဆိတ်တစ်ကောင် ကုန်တယ်လို့ ဒီလိုဆိုတယ်။ ဒီတော့ စားပြီးတယ် ဆိုလို့ရှိယင်ပဲ ကောသလဟာ ပကတိ အနေနဲ့ မတည်နေနိုင်ဘူး။ စားတဲ့ နေရာရဲ့ အနီးအပါးမှာ ချက်ချင်း လှဲပြီးတော့ နေရတယ်။ လေယပ် ယပ်ပါ ခတ်နှိပ်ပြု ပေးရတယ်။ တစ်ရေး တမော အိပ်ပြီးမှ ဒီ့ပြင် မင်းကိစ္စများ စီမံနိုင်တယ်။

တစ်ချိန်က ဘုရားထံမှောက် ကောသလမင်းတရားရောက်တဲ့ အခါကျတော့ မအိပ်ရ မနေရသေးခင် မွန်းလွဲ ဘုရားထံမှောက် ရောက်လာတော့ ထောက်ရာ တည်ရာ မရ လှုပ်လှုပ်ရှားရှား ဖြစ်တော့မှ မြတ်စွာဘုရားက ဒီမင်းကြီးဟာတော့ အင်မတန် အစားတော့များနေပြီ၊ ဒီတော့ သူ့ကို အစားနည်းအောင် သူ့အတွက်ကိုတော့ တရားဟောမှ တော်မယ် ဆိုပြီးတော့-

မိဒ္ဓီ ယဒါ ဟောတိ မဟဂ္ဃသော စ-အစရှိသော အစားများလို့ရှိယင် ရောက်တတ်တဲ့ အပြစ်တွေ။ အဲဒီလို ဟောပြီးတော့ နောက်ဆုံး မြတ်စွာဘုရားက-

မနုဇဿ သဒါ သတီမတော၊ မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊ သဏိကံ ဇီရတိ အာယုပါလယံ။ (သံ၊ ၁။ ၈၂)
ဒီဂါထာ ဟောတယ်။

မဟာရာဇ-မြတ်သော မင်းကြီး။ သဒါ-နေ့ညဥ့် ဆက်ကာ ခပ်သိမ်းသော အခါကာလ၌။ သတိတော= သတိရှိသည် ဖြစ်၍။ လဒ္ဓဘောဇနေ= မိမိအတွက်သာ ရရှိအပ်သော အစာထမင်း၌။ မတ္တံ= အတိုင်းအရှည်ကို။ ဇာနတော= သိသော။ မနုဇဿ= လူဖြစ်သော။ အဿ= ထိုသူ၏ သန္တာန်၌။ ဝေဒနာ= ဆင်းရဲဒုက္ခ ဝေဒနာတို့သည်။ တနုကံ= နည်းပါးကုန်သည်။ ဘဝန္တိ= ဖြစ်ကုန်၏။ အာယု= အသက်သည်။ ပါလယံ-ပါလယန္တော= မိမိကိုယ်ဝယ် ရှည်မြင့်စွာ စောင့်ရှောက်သည် ဖြစ်၍။ သဏိကံ= ဖြည်းဖြည်းမှ။ ဇီရတိ= အိုမင်း ရင့်ရော်ရ၏။
မြတ်စွာဘုရားက သတိထားပြီးတော့ မိမိရတဲ့ အစာအာဟာရမှာ တိုင်းတိုင်းရှည်ရှည် စားသောက်ပါ။ အဲဒီလို စားသောက်တဲ့ ပုဂ္ဂိုလ်မှာ ဆိုလို့ရှိယင်တဲ့ အကျိုးသုံးပါးရတယ်။

(၁) ရောဂါဝေဒနာ နည်းပါးတယ်= တနုကဿ ဘဝန္တိဝေဒနာ။
(၂) သဏိကံဇီရတိ= နှေးနှေးမှ အိုတယ်တဲ့။ ရုတ်တရက် ချက်ချင်း ကျမသွားဘူး။
(၃) အာယုပါလယံ= တဲ့။ ဇီဝိတိနြေ္ဒ ဒီခန္ဓာကိုယ်ကို အချိန်ကြာကြာ စောင့်နိုင်တယ်တဲ့။ ဒီအကျိုးသုံးပါးရတယ်။

ဒီဂါထာကို မြတ်စွာဘုရား ရွတ်ပြီး ဟောကြားလိုက်တဲ့ အခါကျတော့ ကောသလမင်းကြီးက အင်မတန် နှစ်သက်ပြီးတော့ သူ့ရဲ့တူဖြစ်သော သုဒဿနလုလင်ကို-
“သုဒဿန၊ မင်း ဒီဂါထာကို ဘုရားဆီက သင်ခဲ့ပါကွယ်။ ငါ ပွဲတော်တည်တဲ့အခါ မင်း ဒီဂါထာကို ရွတ်ရွတ်ပေးပါ” လို့ ပြောတယ်။
ဒီတော့ သုဒဿနလုလင်က ဘုရားဆီက ဒီဂါထာ သင်ကြားပြီးလို့ နှုတ်တက်ရတော့မှ မြတ်စွာဘုရားက မှာလိုက်တယ်။
“သုဒဿန၊ ဒီဂါထာ ရွတ်လို့ရှိယင် ကောသလမင်းကြီး ပွဲတော်တည်စမှာလည်း မရွတ်နဲ့၊ ပွဲတော်တည်လို့ အလယ်မှာလည်း မရွတ်နဲ့၊ ဟို... ပြီးခါနီး နောက်ဆုံးထမင်းလုတ် ရောက်ခါနီးကျတော့မှ မင်းရွတ်။ ဘာပြုလို့လဲ။ ပွဲတော်တည်ဦးစ ရွတ်ယင်လည်းပဲ အဲဒီအသံကြားယင် ဒီတရားဂါထာရဲ့ အာနုဘော် ငါဘုရားရဲ့ မေတ္တာတေဇော် အာနုဘော်ကြောင့် ဒီမင်းတရားကြီးဟာ အစားကို အသံကြားတာနဲ့ ရပ်လိုက်လိမ့်မယ်။ ရပ်လိုက်လို့ရှိယင် သူ့ရဲ့ ဝမ်းမီးတေဇောက အင်မတန် အပြင်းအထန် လောင်ကျွမ်းပြီးတော့ သူ့ရဲ့ အသက်ကို ရန်ရှာသွားလိမ့်မယ်။ ဒါကြောင့် ပွဲတော်တည်ဦးမှာလည်း မရွတ်နဲ့။ ပွဲတော်တည်တဲ့ အလယ်မှာလည်း မရွတ်နဲ့၊ ပြီးခါနီး နောက်ဆုံး ထမင်းလုတ် တစ်လုတ်လိုတဲ့ အချိန်ကျတော့မှ ရွတ်ပေး။ ပြီးပြီဆိုတော့မှ အဲဒီထမင်းတစ်လုတ်စာ ဆန်ကို လျှော့၊

ပိဏ္ဍောလဘာရဒွါဇရဟန်း အစားလျှော့စားခြင်း...
အဲဒီလို နောက်တစ်နေ့ ပွဲတော်တည်တဲ့ အခါမှာလည်းပဲ နောက်ဆုံးထမင်းလုတ် တစ်လုတ်စာကျတော့မှ ဒီဂါထာရွတ်ပေး။ အဲဒီလို တစ်နေ့ တစ်နေ့ တစ်လုတ်စာ တစ်လုတ်စာ လျှော့ပြီးတော့ ရွတ်ရွတ်ပေးလို့ ဆန်တစ်ပြည့်ချက် ရောက်တဲ့ အချိန်အခါ ကျတော့မှ ငါဘုရား ပြန်ပြီးတော့ လျှောက်ထားဦးလို့ ပြောတယ်။ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ အတိုင်း သုဒဿနလုလင်က ပသေနဒီကောသလ မင်းတရားကြီး ပွဲတော်တည်တဲ့အခါ နောက်ဆုံးထမင်းလုတ် ရောက်တဲ့အချိန် ဒီဂါထာရွတ်။ ရွတ်တဲ့အချိန်မှာ တစ်ခါတည်း လက်ပါဆေးပြီးတော့ တန်လိုက်တယ်။ တော်လိုက်တယ်။ တစ်လုတ်စာ လျော့သွားတယ်။

အဲဒီ တစ်လုတ်စာ ဆန်စေ့ရေပြီးတော့ နောက်တစ်နေ့ လျှော့ပြီးတော့ ချက်တယ်။ အဲ-နောက်တစ်နေ့ ပွဲတော်မှာလည်းပဲ နောက်ဆုံး တစ်လုတ်စာလဲနီးရော အဲဒီဂါထာ ရွတ်လိုက်တယ်။ တစ်လုတ် လျော့သွားတယ်။ အဲဒီလို လျှော့လျှော့ပြီး တစ်နေ့ တစ်လုတ်စာ တစ်လုတ်စာ လျှော့လို့ တစ်ပြည်ရတဲ့အခါ၊ တစ်ပြည်စာ တစ်ပြည်ချက်ကျန်တဲ့ အချိန်ကျတော့မှ သုဒဿနက မြတ်စွာဘုရား ပြန်လျှောက်တယ်။ မင်းတရားကြီးဟာ တစ်ပြည်ချက်အစာကို ရောက်ပါပြီ ဘုရားလို့ လျှောက်တော့မှ“တော်ပြီ”တဲ့။
ပသေနဒီ ကောသလမင်းကြီးဟာ တေဇောအား အင်မတန် ကောင်းတဲ့ပုဂ္ဂိုလ်၊ တစ်ပြည်ချက်မှ မစားရယင် ခန္ဓာကိုယ် မျှတော့မှာ မဟုတ်ဘူး ဆိုပြီးတော့ အဲဒီမှ နောက် မရွတ်တော့နဲ့၊ မရွတ်နဲ့တော့လို့ မြတ်စွာဘုရားက သုဒဿနကို မိန့်ကြားတော်မူလိုက်တယ်။

ထို့အတူပဲ...
အရှင် ပိဏ္ဍောလဘာရဒွါဇ အတွက်လည်းပဲ ပထမပိုင်းမှာ တေဇောအား ကောင်းလို့ အစား အင်မတန် သန်လွန်းတဲ့အတွက် သပိတ်အိတ် ခွင့်မပြုဘဲနဲ့ သပိတ်ကို ဒီအတိုင်း သပိတ်ချည်းထဲ ခုတင်ညောင်စောင်း အောက်ကို အသိမ်းခိုင်းတယ်။ အထုတ်ခိုင်းတယ်။ အထားခိုင်းတယ်။ သွင်းလိုက်၊ နှုတ်ခမ်းကို မြေကြီးနဲ့ တိုက်လိုက်၊ နည်းနည်းပွန်းလိုက်၊ ထုတ်လိုက်၊ ပွန်းလိုက်၊ သွင်းလိုက်၊ ပွန်းလိုက်၊ ထုတ်လိုက်၊ ပွန်းလိုက်။ နေ့ရှည်ရက်များ တော်တော်လေး များသွားတဲ့ အခါကျတော့ တစ်ခွက်ချက်ပင် ဖြစ်သွားတယ်။
အဲဒီကျတော့မှ မြတ်စွာဘုရားက “ချစ်သား၊ သပိတ်အိတ်ဆောင်လော့”၊ ဒီလို ပညတ်လိုက်တယ်။ ခွင့်ပြုလိုက်တယ်။ အဲဒီ သပိတ်အိတ် ဆောင်တော့ ဆိုလို့ တစ်ခွက်ချက် ဘုဉ်းပေးတဲ့ အချိန်က စပြီးတော့ ခန္ဓာကိုယ်လည်း အင်မတန် မျှမျှတတ ဖြစ်ပြီး ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်တဲ့အခါ ဒီအရှင်မြတ်သည် ရဟန္တာ ဖြစ်ပါတယ်တဲ့။

အဲဒီလို ရဟန္တာ ဖြစ်ပြီးတဲ့ နောက်တစ်နေ့မှာ ကောသမ္ဗီပြည် ဃောသိကသေဋ္ဌေး ဆောက်လုပ်တဲ့ ဃောသိတာရုံကျောင်း သီတင်းသုံးတော်မူတဲ့ အခိုက်ဖြစ်ပါတယ်။

နွေရာသီမှာ ကျောင်းတိုက်ထဲ နေရတာ အင်မတန် ပူပြင်းတဲ့အတွက် တစ်နေ့သ၌ ရှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဥဒေနမင်းတရား ပိုင်ဆိုင်သော ဂင်္ဂါမြစ်ကမ်းနားမှာ ရှိတဲ့ ဥဒါပါနခေါ်သော မင်္ဂလာဥယျာဉ်အတွင်း တစ်ခုသော သစ်ပင်ရင်းမှာ သွားပြီး နေ့သန့်နေတော်မူတယ်။ ဖလသမာပတ် ချမ်းသာဖြင့်။ သစ်ပင်ရင်း= ဝိဝေက ဆိတ်ငြိမ်ရာအရပ်မှာ ရာသီဥတုလည်း ကောင်းတယ်လေ ဆိုပြီး အဲဒီမှာ စမ္မခဏ် သရေပိုင်းလေးနဲ့ နေ့သန့်နေတော်မူတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

အရှင်ပိဏ္ဍောလအား ဥဒေနမင်းက ခါချဉ်ထုပ်ဖြင့် ပေါက်ရန် ကြံစည်ပြုလုပ်ခြင်း

အဲဒီနေ့မှာ ဥဒေနမင်းတရားသည် များစွာသော မင်းချင်းတွေ၊ အမှုထမ်းတွေ ခြံရံ၍ သေသောက်ပွဲကြီး ကျင်းပတာ ခုနစ်ရက်၊ ရှစ်ရက်။ “ကနေ့တော့ မင်္ဂလာ ဥယျာဉ်သွားပြီးတော့ တို့... ဥယျာဉ်တော် ကစားမယ်” ဆိုပြီး ထွက်လာတဲ့နေ့။ မင်္ဂလာဥယျာဉ် ရောက်တဲ့အခါ ကျတော့ ခုနစ်ရက် မြူးတူးပျော်ပါး သောက်စားပြီး အင်မတန် ပင်ပန်းထားတဲ့ မင်းတရားကြီးဟာ တစ်ဦးသော မောင်းမငယ်၏ ရင်ခွင်မှာ ခေါင်းချပြီးတော့ မင်္ဂလာကျောက်ဖျာပေါ်မှာ အိပ်စက်သွားတယ်။

ဘေးက တီးကြ မှုတ်ကြ ကကြ ခုန်ကြရမယ့် ရံရွေတော်တွေက “မင်းတရား အိပ်ပျော်သွားပြီ၊ ဒီတော့ တီဖို့ မှုတ်ဖို့ ကဖို့ ခုန်ဖို့ မလိုတော့ဘူး” ဆိုပြီးတော့ မင်္ဂလာဥယျာဉ်ထဲ လျှောက်ပြီး လှည့်ကြည့်ကြတယ်။ လှည့်ကြည့်တဲ့အခါ အရှင်ပိဏ္ဍောလ တွေ့တော့ အရှင်ပိဏ္ဍောလထံ သွားပြီးတော့ ရိုသေမြတ်နိုး ရှိခိုး၍ တစိုးတစိ ဩဝါဒ ရလိုရကြောင်းနဲ့ သွားပြီးတော့ တရားနာကြတော့ အရှင်ပိဏ္ဍောလက
“ဣဿာတရားများ မထားကြနဲ့၊ မစ္ဆရိယတရားများ မထားကြနဲ့” ဆိုပြီးတော့ အမျိုးသမီးများနဲ့ လိုက်လျောသော တရားစကား ဟောကြားတော်မူနေတဲ့ အချိန်ဖြစ်ပါတယ်။
အဲဒီလို မောင်းမမိဿံများ တရားနာနေတဲ့အချိန် ဥဒေန မင်းတရားကို တစ်ယောက်တည်း စောင့်ပြီးကျန်နေတဲ့ မောင်းမမိဿံက ငါ တစ်ယောက်တည်းရှိတော့တယ်၊ ဒီမိန်းမတွေကိုတော့ ဒုက္ခရောက်အောင် ငါလုပ်ဦးမှပဲဆိုတဲ့ အကြံနဲ့ မင်းတရား မနိုး နိုးအောင်လှုပ်ရှားတော့ ဥဒေနမင်းက နိုးတယ်။ ဘေးနားမှာ အခြွေအရံတွေ မမြင်တော့ “ဟိုမိန်းမတွေ ဘယ်သွားကုန်သလဲ” ဆိုတော့ “ဟောဟို သစ်ပင်ရင်း တစ်ခုမှာ ကိုယ်တော်တစ်ပါး သွားပြီးတော့ ဝန်းရံနေတယ်။ အရှင်ဘုရားရဲ့ လခရိက္ခာ စားပြီးတော့ ခစားတော့ ဟို ရဟန်းရဲ့အပါး သွားပြီး ခစားတယ်” လို့ ကတုံးကတိုက် စကားပြောတော့ ဥဒေန မင်းတရား ဒေါသအမျက် ခြောင်းခြောင်းထွက်ပြီး ဒီနေရာက ထသွားတယ်။ ပါးပျဉ်းထောင်တဲ့ မြွေဟောက်ကြီးလိုပ။ အင်မတန် ဒေါသကြီးပြီးတော့ သွားတယ်။

သွားရင်းကနေပြီး ဒီကိုယ်တော်တော့ သိရော့မယ်။ ဒီကိုယ်တော့်အပေါ် ခါချဉ်ထုပ်နဲ့ ငါပေါက်မယ် ဆိုသောအကြံဖြင့် ဥဒေန မင်းတရားက သော်ကပင် တစ်ခုမှာ စွဲနေတဲ့ ခါချဉ်ထုပ်ကြီး သွားပြီးတော့ အကိုင်းဆွဲတယ်။ ကိုင်းဆွဲပေမယ့် အကိုင်းကို သူက မချိုးနိုင်တော့ သူလိုချင်တာက ဒီခါချဉ်ထုပ်ကြီးကို အကိုင်းချိုးပြီး သူယူချင်တာ။ သူက အကိုင်းကို လှမ်းဆွဲတုန်းရှိသေးတယ်၊ ခါချင်ထုပ်ကြီးက ပြေပြီးတော့ သူ့ခေါင်းပေါ် ကျတယ်။
ခေါင်းပေါ်ကျတော့ သူ့ တစ်ကိုယ်လုံးပေါ့လေ။ ခါချဉ်ကောင်တွေကိုက်လို့၊ ဟိုက ခုနင်က ရှင်ပိဏ္ဍောလ အနားမှာ နေတဲ့ မောင်းမမိဿံတွေကလည်းပဲ ဥဒေနမင်းရဲ့ ဒေါသထွက်၍ လာပြီးနှိပ်စက်မယ့် အခြင်းအရာနဲ့ လုပ်တာ သိတော့ ဟိုအနားမှာ မနေတော့ဘူး။ မင်းတရားကြီးအနား အကူအညီပေးသလို လာပြီး ဝိုင်းဝန်းပွတ်သပ်ပေးသကဲ့သို့ လုပ်ပြီး၊ ဘယ် တကယ် ပွတ်သပ်ပေးတာ ဟုတ်မလဲ။ အောက်ကျတဲ့ ခါချဉ်တွေကို မင်းတရား အပေါ် တစ်ခါ ကောက်ကောက်တင်ကြတယ်။ ကောက်ကောက်တင်ရုံတင် ဘယ်ကမလဲ။ ဒီအမျိုးသမီးတွေက ပြောလိုက်တယ်။ ဘာပြောလဲဆိုတော့...

“ကိံ နာမေတံ”
ဧတံ= ဒီလိုဖြစ်တာ။ ကိံ နာမ= ဘယ်လိုဟာပါလိမ့်။
အညေ ရာဇာနော ပဗ္ဗဇိတေ ဒိသွာ ဝန္ဒန္တိ၊ ပဥှံ ပုစ္ဆန္တိ။
အညေ= တပါးကုန်သော။ ရာဇာနော= မင်းတို့သည်။ ပဗ္ဗဇိတေ= ရဟန်းတော် အရှင်မြတ်တို့ကို။ ဒိသွာ= ဖူးမြင်ရသည်ရှိသော်။ ပုစ္ဆန္တိ= မေးလျှောက်ကြကုန်၏။
အယံ ပန ရာဇာ ကိပိလ္လိကပုဋံ သီသေ ဘိန္ဒိတု- ကာမော ဇာတော။
အယံ ပန ရာဇာ= ဤ ငါတို့၏သခင် ဘုရင်ဥဒေနမင်းကတော့။ ကိပိလ္လိကပုဋံ= ခါချဉ်ထုပ်ကို။ သီသေ= မိမိဦးခေါင်း၌။ ဘိန္ဒိတုကာမော ဇာတော= ခွဲချဖို့ရန် အလိုရှိလတ်ပြီတကား… လို့...
အပျိုတော်များ ဝိုင်းပြီးတော့ လှောင်ကြတယ်။ ဒီပြင် မင်းတွေ မင်းတွေဆိုယင် ရဟန်းရှိရာ လာပြီး ရှိခိုးကြ၊ ပြဿနာများ မေးကြ။ တို့အရှင် ဥဒေန ဘုရင်မင်းတရားကတော့ ဟုတ်ပေါင်တော်၊ တကတည်း ရဟန်းတော်ရှိရာ လာရမယ့်အစား ခါချဉ်ထုပ်ကို ကိုယ့်ခေါင်းပေါ် ကိုယ်ဖြုတ်ချရတယ်လို့ ဝိုင်းပြီးတော့ လှောင်ကြတော့ မိမိရဲ့ အပြစ်ကို ဥဒေနမင်းကသိတော့ ဘယ့်နှယ်မှ မပြောဘူး။ မပြောဝံ့ဘဲ ဒီခါချဉ်ကိုပဲ မနည်းခါတွက်ချပြီးတော့ အရှက်ပြေပလေ၊ အရှင်ပိဏ္ဍောလ ဘာရဒွါဇဆီ ရောက်အောင်တော့ မသွားဘူး။ ကြည့်လိုက်တဲ့ အချိန်မှာပဲ အရှင်ပိဏ္ဍောလက မရှိဘူး။
“ငါနေလို့ရှိယင် ဒီရှင်ဘုရင် အင်မတန် စိတ်ဆိုးပြီးတော့ ငါ့လာပြီးတော့ အန္တရာယ်ပြုယင် အကုသိုလ်ဖြစ်ချေရဲ့”ဆိုပြီး အရှင်ပိဏ္ဍောလက တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ဇောတိကာရုံကျောင်း ပြန်သွားတယ်။ ဒီတော့မှ ဥယျာဉ်မှူးကို သူက မေးတယ်။

ဥဒေနမင်းနှင့် အရှင်ပိဏ္ဍောလ မထေရ် ပြဿနာမေး ဖြေခန်း...

“ကိံ ဧသ ပဗ္ဗဇိတော အညေသုပိ ဒိဝသေသု ဣမ အာဂစ္ဆတိ”
ဥယျာဉ်မှူး၊ ဘယ်နှယ်လဲတဲ့။ ဒီကိုယ်တော် အရှင်မြတ်ဟာ ဒီ့ပြင် ဒီ့ပြင် နေ့များမှာလည်းပဲ ငါရဲ့ ဒီမင်္ဂလာဥယျာဉ်ကို ကြွရောက်လာသလားလို့ မေးတယ်။
“အာမဒေဝ= ကြွရောက်လာပါတယ် အရှင်မင်းကြီး” လို့ ဥယျာဉ်မှူးက လျှောက်ကြားတဲ့ အခါကျတော့ ဥဒေနမင်းက ဘာပြောသလဲ ဆိုတော့-

ဣဓ တွံ အာဂတဒိဝသေ မယှံ အာရောစေယျာသိ။
ဣဓ= ဤဥယျာဉ်အတွင်းသို့။ တဿ= ထို ရဟန်းတော် အရှင်မြတ်၏။ အာဂတဒိဝသေ= လာသောနေ့၌။ တွံ= သင်သည်။ မယှံ= ငါ့အား။ အာရောစေယျာသိ= လာရောက် လျှောက်ထားရမယ်”လို့- အမိန့်တော်များ မှတ်ပြီး ရွှေနန်းတော် ပြန်သွားတယ်။ နှစ်ရက် သုံးရက်လောက်ရှိတော့ အရှင်ပိဏ္ဍောလဟာ ဒီဥယျာဉ်အတွင်း ကြွလာတော် မူပြန်ပါတယ်။
ဒီလိုပဲ သစ်ပင်ရင်းမှာ နေ့သန့် ဖလသမာပတ် ချမ်းသာဝင်စားပြီး နေတော်မူတဲ့အခါ ဥယျာဉ်မှူးကလည်းပဲ-

“မဟန္တော မေ အယံ ပဏ္ဏာကာရော”
ဤသတင်း ဤလက်ဆောင်ကား အင်မတန်ကြီးစွာသော လက်ဆောင် ဖြစ်တယ်။ ဒီ အရှင်မြတ် ရောက်လာတဲ့ အကြောင်း မင်းကြီးထံ သံတော်ဦးတင်မှ တော်မယ် ဆိုပြီးတော့ ဥဒေနမင်းတရားထံမှောက် သွားရောက်၍-
“လွန်ခဲ့တဲ့ သုံးရက်က အရှင်သူမြတ် ဥယျာဉ်တော်အတွင်း ရောက်ဆိုက်တော်မူနေပါသည် ဘုရား” လို့ လျှောက်ထားတော့ ဥဒေနမင်းတရားသည် ထိုနေ့အဖို့ရာ တူရိယာငါးပါး မပါဘဲနဲ့ အင်မတန် ထင်ရှားကျော်ဇောသော မှူးကြီးမတ်ရာ သေနာပတိ တကယ့် လူကြီးလူကောင်းပရိသတ် ခြံရံ၍ ဥပါဒါန မင်္ဂလာဥယျာဉ်တော်အတွင်း အရှင်ပိဏ္ဍောလ ရှိရာကို သွားတယ်။ ရောက်ပြီဆိုတော့မှ သမ္မောဒနီယကထာ ခေါ်တဲ့-

“အရှင်ဘုရား၊ ဥတုသပ္ပယ မျှတပါရဲ့လား။ ဣရိယာပထ ကျန်းခံ့ပါရဲ့လား” စသည်ဖြင့် ပဋိသန္တာရ စကားများ ပြောကြား၍ သင့်လျောက်ပတ်ရာက ထိုင်၊ ပြီးပြီဆိုတော့မှ ပြဿနာ သူ မေးတယ်။ ဘယ်လို မေးလိုက်သလဲလို့ ဆိုတော့-

ကော နုခေါ ဘော ဘာရဒွါဇ ဟေတု ကော ပစ္စယော၊ ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠ ကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာပိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ၊ အဒ္ဓါနဉ္စ အာပါဒေန္တိ။
(သံ၊ ၂။ ၃၂၈)

ဘော ဘာရဒွါ= အို အရှင်ဘုရား ဘာရဒွါဇ။ ယေန= အကြင်အကြောင်းကြောင့်။ ဒဟရာ= အသက်အရွယ် နုနယ်တော်မူကြကုန်သော။ သုသူ= လူငယ်သာ ဖြစ်ကြကုန်သော။ ပဌမေနဝယသာ= ပထမအရွယ်အားဖြင့်။ ဘဒြေနယောဗ္ဗနေန= ကောင်းမြတ်သော နုပျိုမှုနှင့်။ သမန္နာဂတာ= ပြည့်စုံကြကုန်သော။ ယေ ဣမေဘိက္ခူ= အကြင် ရဟန်းငယ်တို့သည်။ ကာမေသု= ဝတ္ထုအာရုံ ကာမဂုဏ်တို့၌။ အနိကီဠိတာဝိနော= မွေ့လျော်ပျော်ပါး ကစားကြပြီး မဟုတ်ကြကုန်ပါပဲလျက်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ ပရိသုဒ္ဓံ= စင်ကြယ်စွာ။ ပရိပုဏ္ဏံ= ပြည့်စုံစွာ။ ဗြဟ္မစရိယံ= မြတ်သောအကျင့်ကို။ စရန္တိ= ကျင့်ကြံကြပါကုန်၏။ အဒ္ဓါနဉ္စ= သာသနာတော် အစဉ်အဆက်ဆိုတဲ့ ပဝေဏီကိုလည်းပဲ။ အာပါဒေန္တိ= ပြည့်စုံစေကြပါကုန်၏။ ဘော ဘာရဒွါဇ= အို အရှင်ဘုရား ဘာရဒွါဇ။ သော ပစ္စယော သော ဟေတု= ထိုအကြောင်းကား။ ကော နုခေါ= အဘယ်ပါနည်း ဘုရား... လို့...

ပါဠိလို စာသံ ပေသံ ပါဠိနယ်ပယ်က စကားဆိုတာ ရုတ်တရက် အရပ်သုံးစကားနဲ့ မတူဘူး။ သူစွဲလိုတဲ့ လျှောက်လိုတဲ့ စကား။ ဆိုကြပါစို့။ အရှင်ဘုရားတဲ့၊ အရှင်ဘုရားတို့ ဘုရားသာသနာမှာ ဦးဇင်းငယ်ကလေးတွေ ရှိတယ်၊ ရဟန်းငယ်ကလေးတွေ။ အဲဒီ ရဟန်းငယ် ကိုယ်တော်ကလေးတွေဟာ သူတို့ကြည့်လိုက်မယ်ဆိုယင် “ဒဟရာဘိက္ခူ”= ငယ်လည်းငယ်ကြတယ်၊ “သုသူ”တဲ့။
အင်မတန်နုနယ်တဲ့ အရွယ်လေးတွေ။ ကာဠကေသာ= ဆံတစ်ပင်မျှ မဖြူသေးဘူး၊ မည်းနက်သော ဆံပင် ရှိကြတယ်။ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေနဝယသာ= ပထမအရွယ်နဲ့ ပြည့်စုံတော်မူကြတဲ့ ဒီကိုယ်တော် ကလေးတွေ တစ်နည်းအားဖြင့် ငယ်ဖြူကိုယ်တော်လေးတွေဟာ-တဲ့။
အနိကီဠိတာဝိနော ကာမေသု= လူ့လောကမှာရှိတဲ့ ကာမဂုဏ်ကို သူတို့ မသုံးဆောင် မခံစားရဖူးပါဘဲလျက်။ ထားပါတော့... လူ့ပြည်လောကမှာရှိတဲ့ လူရဲ့ ဝတ္ထုအာရုံ ကာမဂုဏ်ကို သုံးဆောင်ခံစားပြီးမှ ငြီးငွေ့လို့ ရဟန်းဘောင်ရောက်တဲ့ ပုဂ္ဂိုလ်များကို မပြောလိုပါဘူးတဲ့။ အခု ကိုယ်တော်လေးတွေဟာ လူ့လောက အာရုံ ကာမဂုဏ်ကို မသုံးဆောင် မခံစားရ၊ ခံစားပြီးပုဂ္ဂိုလ်များ မဟုတ်ကြပါဘဲလျက်... တဲ့။ အသက်ထက်ဆုံး ဗြဟ္မစရိယခေါ်သော သီလ၊ သမာဓိ၊ ပညာ-ဒီ သိက္ခာသုံးပါးကို သူတို့ ဖြည့်ကျင့်တော် မူနိုင်ကြတယ်။

သာသနာ အစဉ်အဆက်ဆိုတဲ့ ပဝေဏီကို အစဉ်မပျက်အောင် စောင့်ရှောက်တော် မူကြတယ်။ ဘာကြောင့် သူတို့ စောင့်ရှောက်နိုင်တုံး။ တပည့်တော် စဉ်းစားကြည့်တယ်။ လူ့ပြည်ဟာ ကာမဘုံ၊ ကာမဘုံ ဆိုတာ ဝတ္ထုအာရုံ ကာမဂုဏ်ကို မှီဝဲ သုံးစွဲရတဲ့ ဘုံ၊ မမှီဝဲဘဲနဲ့သာဖြင့် အသက်ကိုပေါ့လေ၊ အဆုံးရောက်အောင် ကောင်းသော အကျင့်ကို ကျင့်မသွားနိုင်ဘူး။ သုံးစွဲပြီးသား ပုဂ္ဂိုလ်များမှ ငြီးငွေ့ပြီးတော့ သွားရိုးရှိတယ်။
အခုတော့ ဒီလို မသုံးစွဲဖူးပါဘဲလျက် ဒီကိုယ်တော်လေးတွေ အသက်ထက်ဆုံး သာသနာတော်မှာ ပျော်ပျော် ပိုက်ပိုက် မွေ့လျော် နှစ်ခြိုက် နေသွားနိုင်တာ ဘာ့ကြောင့်တုံး။ ကာမဘုံသား တစ်ယောက်က ကာမဘုံသားရဲ့ ဓမ္မတာကို မေးလိုက်တယ်။

ဒီတော့ အရှင်ပိဏ္ဍောလက ဘာဖြေလိုက်သလဲလို့ ဆိုတော့-
အမိအရွယ်၊ နှမအရွယ်၊ သမီးအရွယ်တို့၌
အမိစိတ်၊ နှမစိတ်၊ သမီးစိတ် ထားရန်...

ဝုတ္တံ ခေါ ဧတံ မဟာရာဇ တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန ဧထ တုမှေ ဘိက္ခဝေ မာတုမတ္တီသု မာတုစိတ္တံ ဥပဋ္ဌပေထ၊ ဘဂိနိမတ္တီသု ဘဂိနိစိတ္တံ ဥပဋ္ဌပေထ၊ မီတုမတ္တီသု မီတုစိတ္တံ ဥပဋ္ဌပေထာတိ။

မဟာရာဇာ= မြတ်သောမင်းကြီး၊ ဇာနတာ= သိတော်မူသော။ ပဿတာ= မြင်တော်မူသော။ အရဟတာ= ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေန= မဖောက်မပြန် ဉေယျဓမ် ငါးပါး ထိုတရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော။ တေနဘဂဝတာ= ထို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက။ သိတော်မူ၊ မြင်တော်မူ၊ ပူဇော်အထူး ခံတော်မူထိုက်တဲ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက-

ဧထ တုမှေ ဘိက္ခဝေ= ချစ်သားတို့ လာကြ။ မာတုမတ္တီသု-မာတုစိတ္တံ ဥပဋ္ဌပေထ-ချစ်သားတို့ဟာ လူ့ပြည်လောက ရှိကြတဲ့ အမိအရွယ် ရှိကြတဲ့ ပုဂ္ဂိုလ်များကို မွေးမိခင်ရင်းကဲ့သို့ စိတ်ထားကြရမယ်။ ဘဂိနိ မတ္တီသု-ဘဂိနိစိတ္တံ ဥပဋ္ဌပေထ= နှမအရွယ် အစ်မအရွယ်ရှိကြတဲ့ အမျိုးသမီးများရဲ့ အပေါ်မယ် “ဒါ ငါ့နှမပဲ၊ ဒါ ငါ့အစ်မကြီးပဲ” ဆိုတဲ့ ဒီလို အစ်မစိတ် နှမစိတ် ထားရမယ်တဲ့။ ကိုယ်က အင်မတန် အသက်အရွယ်ကြီးလို့ သမီးအရွယ်လောက် အမျိုးသမီးများကျတော့ မီတုမတ္တီသု-မီတုစိတ္တံ ဥပဋ္ဌပေထ= သမီးအရွယ် ရှိကြတဲ့ အမျိုးသမီးများကို မိမိရဲ့ သမီးနဲ့မခြား မေတ္တာစိတ် ထားရမယ်။ ဧတံ= ဤစကားကို။ ဝုတ္တံ ခေါ- ဝုတ္တံဧဝ= ဟောတော်မူ အပ်သည်သာလျင်တည်း။

မဟာရာဇ= မြတ်သောမင်းကြီး။ ယေန= အကြင်သို့ မြတ်စွာဘုရား ဟောကြားတော်မူတဲ့အတိုင်း။ အမိမျှသော အမျိုးသမီးတို့အပေါ်မှာ မိခင်စိတ်၊ သမီးအရွယ် အမျိုးသမီးတို့အပေါ်မှာ သမီးစိတ်၊ နှမအရွယ် အစ်မအရွယ် အမျိုးသမီးတို့အပေါ်မှာ နှမစိတ်၊ အစ်မစိတ် ထားနိုင်ကြသောကြောင့်။ ဣဓ= ဤ ဘုရားသာသနာတော်၌။ ဒဟရာ= အသက်အရွယ် ငယ်ကြကုန်သော။ သုသူ= နုပျိုကြကုန်သော။ ကာဠကေသာ= မည်းနက်သောဆံပင် ရှိကြကုန်သော။ ပဌမေနဝယသာ= ပထမအရွယ်အားဖြင့်။ ဘဒြေန ယောဗ္ဗနေန= ကောင်းမြတ်သောအရွယ်နှင့်။ သမန္နာဂတာ= ပြည့်စုံကြကုန်သော။ ဘိက္ခူ= ရဟန်းငယ်တို့သည်။ ကာမေသု= လူ့ဘုံလောက ကာမတရားတို့၌။ အနိကီဠိတာပိနော= မသုံးဆောင် မခံစား မပျော်ပါးဖူးကြကုန်ပဲလျက်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ ပရိပုဏ္ဏံ ပရိသုဒ္ဓံ= ထက်ဝန်းကျင် ပြည့်စုံအောင်၊ ထက်ဝန်းကျင် စင်ကြယ်အောင်။ ဗြဟ္မစရိယံ= သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို။ စရန္တိ= ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပေကုန်၏။ အဒ္ဓါနဉ္စ= သာသနာတော် ပဝေဏီ အစဉ်အဆက်ကိုလည်းပဲ။ အာပါဒေန္တိ= ပြည့်စုံစေနိုင်ကြကုန်ပေ၏။ အယံ ခေါ= ဤ သည်ပင်လျှင်။ ဟေတု= အကြောင်းတည်း။ အယံ= ဤသို့ အမိအရွယ်တို့ အပေါ်မှာ မိခင်စိတ်၊ သမီးအရွယ်တို့ အပေါ်မှာ သမီးစိတ်၊ အစ်မအရွယ် နှမအရွယ် အပေါ်၌ အစ်မ နှမဟူသော မေတ္တာစိတ်အား ထားနိုင်ခြင်းသည်ပင်လျှင်။ ပစ္စယော= အကြောင်းရင်းပါတည်း။

အဲဒီလို အရှင်ပိဏ္ဍောလက ပြန်ပြီးတော့ ဟောကြားတယ်။ “ဒကာတော်၊ ထားနိုင်မှာပေါ့။ နေနိုင်မှာပေါ့။ မြတ်စွာဘုရားက လက်နက်ကောင်းတစ်ခု ပေးထားတယ်။ ဘယ့်နှယ်လဲ။ ချစ်သားတို့၊ လာကြ။ သာသနာတော်ဆိုတာ ကုန်ရောင်း ကုန်သွယ်၊ ကုန်သည် လယ်လုပ် ဘာအလုပ်မှ ပရိယေသန အလုပ်မရှိဘူး။ မရှိတော့ နေ့စဉ် နေ့စဉ် ဒကာ ဒကာမလှူတဲ့ ဆွမ်းအလို့ငှာ မြို့ထဲရွာထဲ သွားရလိမ့်မယ်။ သွားတဲ့အခါ ဝိသဘာဂ အာရုံအနေနဲ့ အမျိုးသမီး အကြီး အငယ် အရွယ် အလတ် ဆိုတဲ့ အမျိုးသမီး အမျိုးမျိုးကို တွေ့ကြရလိမ့်မယ်။ တွေ့ကြရလို့ရှိယင် အမိအရွယ်ရှိတဲ့ အမျိုးသမီးများရဲ့ အပေါ်မှာ ဒါ ငါ့ရဲ့မိခင်ပဲလို့ ပစ္စုပ္ပန် ဤဘဝမှာ မိခင်မဟုတ်ရသော်လည်း အတိတ်ဘဝက အမိဟောင်းပဲ ဆိုတဲ့ မိခင်စိတ် မဖြစ် ဖြစ်အောင်၊ မရ ရအောင် ထားရမယ်။ နှမအရွယ် အစ်မအရွယ် ကျပြန်တော့လည်းပဲ ဒါတွေ ငါ့နှမလေးတွေ၊ ငါ့အစ်မကြီးတွေပဲလို့ ဒီလိုမေတ္တာစိတ် ထားရမယ်။ သမီးအရွယ် မြေးအရွယ်တွေကို ဒါ ငါ့သမီးလေးတွေ၊ ငါ့မြေးလေးတွေပဲ ဆိုတဲ့ မေတ္တာစိတ်ကို ထားရမယ်လို့ မြတ်စွာဘုရား ဒီလို ဩဝါဒစကား မိန့်ကြားထားတော်မူတယ်။

ထားတော်မူတဲ့ အတိုင်းလည်းပဲ ကိုယ်တော်မြတ်ရဲ့ တပည့်သား သာဝက ရဟန်းငယ်တွေဟာ အမိစိတ်၊ အစ်မစိတ်၊ နှမစိတ်၊ သမီးစိတ် ထားတော်မူကြသောကြောင့် သာသနာတော်မှာ အသက်ထက်ဆုံး လူ့ဘောင်လောက မလျှော့ကျဘဲနဲ့ ဗြဟ္မစရိယခေါ်သော သုံးပါးသိက္ခာ သာသနာကို အသက်ထက်ဆုံး ကျင့်သုံးတော်မူနိုင်ကြတယ်။ သာသနာအသက် ပဝေဏီ အစဉ် မပျက်အောင် စောင့်ရှောက်တော်မူနိုင်ကြတယ်။

ဒီလို အရှင်ပိဏ္ဍောလ ဘာရဒွါဇ မထေရ်က ဖြေကြားတယ်။ ဥဒေန မင်းတရားက ဒီစကားကို အကြွင်းမဲ့ အကုန်လုံး လက်မခံနိုင်ဘူး။ ဘာပြုလို့လဲ။
လောလံ ခေါ ဘော ဘာရဒွါဇ= အို အရှင်မြတ် ဘာရဒွါဇ။ စိတ္တံ= ပုထုဇဉ်တို့၏ စိတ်သည်။ ခေါ= စင်စစ်။ လောလံ= လျှပ်ပေါ် လော်လီတတ်ပါပေ၏။
ကိုယ်တော်ပြောတာ တရားတော့ ဟုတ်တယ်၊ ဒါပေမယ့်လို့ ပုထုဇဉ်ရဲ့ စိတ်ဟာ လျှပ်ပေါ် လော်လီတယ် ကိုယ်တော်။ ဘယ်လိုလော်လီတုံးဆိုတော့-

အပ္ပေကဒါ ဘော ဘာရဒွါဇ မာတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဘဂိနိမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ၊ မီတုမတ္တီသုပိ လောဘဓမ္မာ ဥပ္ပဇ္ဇန္တိ။
ဘော ဘာရဒွါဇ= အို-အရှင်ဘုရား ဘာရဒွါဇ။ အပ္ပေကဒါ= တခါတလေများ ပုထုဇဉ်တို့ရဲ့ သန္တာန်မှာ။ မာတုမတ္တီသုပိ= အမိအရွယ် ဖြစ်ကြတဲ့ အမျိုးသမီးတို့ အပေါ်၌လည်း။ လောဘဓမ္မာ= လောဘတရားတို့သည်။ ဥပ္ပဇ္ဇန္တိ= ဖြစ်ပေါ်တတ်ကုန်၏။ ဘဂိနိမတ္တီသုပိ= အစ်မအရွယ် နှမအရွယ်တို့ အပေါ်၌လည်း။ လောဘဓမ္မာ= လောဘတရားတို့သည်။ ဥပ္ပဇ္ဇန္တိ= ဖြစ်တတ်ကုန်၏။ မီတုမတ္တီသုပိ= သမီးအရွယ် အမျိုးသမီးတို့ အပေါ်ဝယ်လည်း။ လောဘဓမ္မာ= လောဘတရားတို့သည်။ ဥပ္ပဇ္ဇန္တိ= ဖြစ်ကြကုန်၏။

အတ္ထိနုခေါ ဘော ဘာရဒွါဇ အညောစ ဟေတု အညောစ ပစ္စယော၊ ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန၊ သမန္နာ ဂတာ ပဌမေနဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ၊ အဒ္ဓါနဉ္စ အာပါဒေန္တိ။
ဘော ဘာရဒွါဇ= အို- အရှင်ဘုရား ဘာရဒွါဇံ။ ယေန= အကြင် ဟေတု ပစ္စယ ကြောင်းနှစ်ဝကြောင့်။ ဣဓ= ဤဘုရား သာသနာတော်၌။ ဒဟရာ= အသက်အရွယ် ငယ်ကြကုန်သော။ သုသူ= နုနယ်ပျိုမျစ်ကြကုန်သော။ ကာဠကေသာ= မည်းနက်သော ဆံပင် ရှိတော်မူကြကုန်သော။ ပဌမေန ဝယသာ= ပထမ အရွယ်အားဖြင့်။ ဘဒြေန ယောဗ္ဗနေန= ကောင်းမြတ်သော အရွယ်နှင့်။ သမန္နာဂတာ= ဖြည့်စုံကြကုန်သော။ ဘိက္ခူ= ရဟန်းတော်တို့သည်။ ဓယန= အကြင် အကြောင်းကြောင့်။ အနိကီဠိတာ- ဝိနော ကာမေသု= ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ မခံစား မပျော်ပါးခဲ့ကြရဖူးပါကုန်လျက်။ ယာဝဇီဝံ= အသက်ထက်ဆုံး။ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ= အပြည့်အစုံ ထက်ဝန်းကျင် စင်ကြယ်အောင် ဗြဟ္မစရိယ ခေါ်တဲ့ သုံးပါးသိက္ခာ သာသနာကို ကျင့်ကြံကြိုးကုတ် အားထုတ်တော် မူနိုင်ကြပေကုန်၏။ အဒ္ဓါနဉ္စ အာပါဒေန္တိ= သာသနာ အစဉ်အဆက်ကိုလည်းပဲ မပျောက်မပျက်အောင် စွမ်းဆောင်တော် မူကြလေကုန်၏။ အညောစ= ဆိုခဲ့ပြီးသည့် အကြောင်းမှတပါးလည်း ဖြစ်သော။ သော ဟေတု သော ပစ္စယော= ထိုအကြောင်းသည်။ အတ္ထိ ခေါ ပန= ရှိပါသေးသလော။

သုံးဆယ့်နှစ်ကောဋ္ဌာသာရှိ ယောက်ျား မိန်းမ မရှိ...
ကိုယ်တော်၊ ဒီအကြောင်းနဲ့တော့ အကုန်လုံးလောက် မဖြစ်သေးဘူး ကိုယ်တော်။ ဘာပြုလို့တုံး။ ဟို... အမိအရွယ်ပေါ်မှာ မိခင်စိတ်၊ အစ်မ နှမအရွယ်ပေါ်မှာ အစ်မ နှမစိတ်၊ သမီးအရွယ် မြေးအရွယ်ပေါ်မှာ သမီးစိတ်၊ မြေးစိတ် ထားနိုင်တယ်ဆိုတာ ပုဂ္ဂိုလ်တိုင်း ထားလို့မဖြစ်ဘူး၊ ပုထုဇဉ်စိတ်ဆိုတာ တခါတလေ လျှပ်ပေါ်လော်လီလာတဲ့ အခါကျတော့ အသက်အရွယ်ကြီးသော ငယ်သော ရွယ်သော လတ်သော မဟုတ်ဘူး၊ လောဘတရားများ ဖြစ်ပွားတတ်တယ်။ ဒီတော့ ဒီ့အပြင်များ သာသနာတော်မှာ ရဟန်းငယ်ကလေးတွေ အသက်ထက်ဆုံး သိက္ခာသုံးပါးကို ရိုမြေကျ ကျင့်ကြံသွားနိုင်တဲ့ အခြားအကြောင်းများ ရှိသေးသလား အရှင်ဘုရား၊ ရှိယင် ပြောပါ ဆိုတော့ အရှင်ပိဏ္ဍောလက ဒုတိယ ကြောင်း အနေနဲ့ ပြောတယ်။
ဝုတ္တံ ခေါ ဧတံ မဟာရာဇ တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန။
မဟာရာဇာကြီး... သိတော်မူ မြင်တော်မူ ပူဇော်အထူး ခံတော်မူထိုက်တဲ့ သဗ္ဗညုတဉာဏ်ရှင် ထို ဘုရားသခင် ကိုယ်တော်မြတ်ကြီး (အခု ပြောမယ့် စကား) ဟောထားတာရှိတယ်။ ဘယ်လိုလဲလို့ ဆိုတော့-
ဧထ တုမှေ ဘိက္ခဝေ= ချစ်သားတို့ လာကြ။
ဣမ မေဝ ကာယံ ဥဒ္ဓံပါဒတလာအဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခထ။
ဟို... ခြေဖဝါး အပြင်မှ အထက်ဆံဖျားမှ အောက် ပတ်ဝန်းကျင် အရေတို့ဖြင့် ပိုင်းခြားအပ်တဲ့ အထူးထူး အပြားပြားသော ဆံပင် မွေးညင်း အစရှိတဲ့ စက်ဆုပ်ဖွယ် မစင်ကြယ်တဲ့ အရာဝတ္ထုတို့ဖြင့် ပြည့်၍နေသော ဤခန္ဓာကိုယ်ကြီးကို ချစ်သားတို့ ဝစ္စဝေက္ခဏာတင် ဆင်ခြင်ပြီးတော့ ကြည့်ရမယ်။ ပဋိကူလမနသိကာရ ခေါ်တယ်။

ဘယ်လိုဆင်ခြင်ရမတုံး ဆိုတော့-
အတ္ထိ ဣမသ္မိံ ကာယေ၊
ကေသာ, လောမာ, နခါ, ဒန္တာ, တစော၊
မံသံ, နှာရု, အဋ္ဌိ, အဋ္ဌိမိဉ္ဇံ, ဝက္ကံ၊
ဟဒယံ, ယကနံ, ကိ လောမကံ, ပိဟကံ, ပပ္ဖာသံ၊
အန္တံ, အန္တဂုဏံ, ဥဒရိယံ, ကရီသံ,
ပိတ္တံ, သေမှံ, ပုဗ္ဗော, လောဟိတံ, သေဒေါ, မေဒေါ၊
အဿု, ဝသာ, ခေဠော, သိင်္ဃာဏိကာ, လသိကာ, မုတ္တန္တိ။

ဪ….ငါရဲ့ ဒီ တလံမျှလောက်သော ကိုယ်မှာ ဆံပင် တည်းဟူသော ကောဋ္ဌာသတွေ ရှိတယ်။ မွေးညင်း တည်းဟူသော ကောဋ္ဌာသတွေ ရှိတယ်။ ခြေသည်း လက်သည်းဆိုတဲ့ ကောဋ္ဌာသတွေသာ ရှိပါတကား။ အရေထူ အရေပါးဆိုတဲ့ ကောဋ္ဌာသတွေသာ ရှိပါတကား။ အပေါ်ယံကြောက ဒီတစပဉ္စက ခေါ်တဲ့ ကောဋ္ဌာသ ငါးပါးပဲ ရှိတယ်။ ဒီကောဋ္ဌာသငါးပါးက လွဲလို့ အပေါ်ယံ ဘာမှမရှိဘူး။
ဟင်….အတွင်းထဲ ကြည့်ဦးမလား။ အတွင်းထဲလျှောက်ပြီးတော့ ကြည့်လိုက်တဲ့အခါ- မံသံ= (ကွက်ပြီး ကြည့်ယင်) အသားတစ် အသားတုံးတွေ ရှိတယ်။ နှာရု= အကြောတွေ၊ အဋ္ဌိ= အရိုးတွေ၊ အဋ္ဌိမိဉ္ဇံ= ရိုးတွင်းခြင်ဆီတွေ၊ ဝက္ကံ= အညှို့တို့၊ ဟဒယံ= နှလုံးတို့၊ ယကနံ= အသည်း၊ ကိလောမကံ= အမြှေးတို့၊ ပိဟကံ= အဖျဉ်းတို့၊ ပပ္ဖာသံ= အဆုတ်တို့ ဆိုတဲ့ ကောဋ္ဌာသတွေ ရှိပါကလား။
ဒီအတွင်းကို လိုက်ပြီးတော့ ကြည့်လို့ရှိယင် အန္တံ= အူမကြီးတွေ၊ အန္တဂုဏံ= အူသိမ်တွေ၊ ဥဒရိယံ= အစာသစ်တွေ၊ ဟို-ခွေးအန်ဖတ်တွေလို နေတဲ့ အစာသစ်အိမ်ထဲမှာ အင်မတန် ရွံရှာစက်ဆုပ်ဖွယ်ရှိတဲ့ အစာသစ်တွေ ရှိပါကလား။ ဟင်… ကရီသံ= အဲဒီအောက်နား ကြည့်လိုက်တော့ အစာဟောင်းတွေ။ ခေါင်းထဲ ကြည့်လိုက်ဦးမလား လို့ ဆိုတော့ အုန်းသီးပုပ်ကြီးထဲက အုန်းသီးဆံထဲ အုန်းရည်တွေ ရောထွေးပြီး သကာလ စက်ဆုပ်ဖွယ်ရာ ဖြစ်နေသလို ဦးနှောက်တွေ၊ ထုတ်များကြည့်လိုက်ယင် အင်မတန် ရွှံစရာကောင်းတယ်။ တစ်ခုစီကြည့်။ ဒါတင်ပဲလားလို့ ဆိုတော့-

ပိတ္တံ= သည်းခြေ၊ သေမှံ= သလိပ်၊ ပုဗ္ဗော= ပြည်တွေ၊ လောဟိတံ= သွေးတွေ၊ သေဒေါ= ချွေးတွေ၊ မေဒေါ= အဆီခဲတွေ၊ အဿု= မျက်ရည်၊ ဝသာ= ဆီကြည်၊ ခေဋ္ဌော= တံတွေး၊ သိင်္ဃာဏိကာ= နှပ်၊ လသိကာ= အစေး၊ မုတ္တံ= ကျင်ငယ်။

အဲဒီလို သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသတွေက ငါရဲ့ တစ်လံမျှလောက်သော ကိုယ်မှာ ရှိပါတကားလို့ ဒွတ္တိံသာကာရ ပဋိကူလမနသိကာရကို သင်ချစ်သားတို့ အမြဲတမ်း နှလုံးသွင်းရမယ်။ ဟောဒီလို အမိန့်ရှိတယ်။ အဲဒီလို ဟောကြားထားတဲ့ တရားတစ်ခု ရှိတယ်။ အဲဒီတရား ရှိတဲ့အတွက် ငါရဲ့ တစ်လံမျှလောက်သောကိုယ်မှာ အပေါ်ယံကြောက ဆံပင်၊ မွှေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ အရေပါး ဆိုတဲ့ ကောဋ္ဌာသတွေသာ ရှိသလို ကောဋ္ဌာသကလွဲလို့ရှိယင် ငါဆိုတာ ဘာမှမရှိသလို အပြင်အပ ဗဟိဒ္ဓ လောကမှာလည်းပဲ အပေါ်ယံကြောက ဒီကောဋ္ဌာသတွေပဲ ရှိတယ်။ ကောဋ္ဌာသတွေ လွှတ်၍ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ ဘာမှ မရှိပါတကား... ဒီလို ကြည့်တယ်။ ဒီလို ဆင်ခြင်ရမယ်။ အဲဒီလို ဆင်ခြင်တဲ့အတွက်...

အယမ္ပိ ခေါ မဟာရာဇ ဟေတု အယံ ပစ္စယော၊ ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေနဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ၊ အဒ္ဓါနဉ္စ အာပါဒေန္တိ။
မဟာရာဇာကြီး… အခုပြောခဲ့တဲ့ အကြောင်း၊ ဒါတာ အကြောင်းတစ်ခုပဲ။ သုံးဆယ့်နှစ်ကောဋ္ဌာသရဲ့ အပေါ်မှာ ဒွတ္တိံသာကာရကမ္မဌာန်း စီးဖြန်း နှလုံးသွင်းတော်မူကြသောကြောင့် ဤဘုရားသာသနာတွင် အစဉ် ရောက်ဆိုက်နေကြတဲ့ ရဟန်းငယ် အရှင်သူမြတ်များဟာ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို မသုံးဆောင် မခံစားရဖူးပဲ အသက်ထက်ဆုံး သီလ သမာဓိ ပညာ သုံးပါးသိက္ခာဆိုတဲ့ ဗြဟ္မစရိယကို ကျင့်သုံးသွားနိုင်တယ်တဲ့။ အရိုးမြေကျသည်ထိအောင် သိက္ခာသုံးပါး ကျင့်တရား ပွားများကြိုးကုတ် အားထုတ်သွားနိုင်တဲ့။ သာသနာအဓွန့် အစဉ်မပျက် ပဝေဏီဆက်အောင်လည်း စောင့်ရှောက်သွားတော်မူနိုင်ကြတယ်လို့ ဒုတိယဖြေတာ။ အဲဒီ ဒုတိယ အဖြေကိုလည်းပဲ ဥဒေန မင်းတရားသည် ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းအတွက် လက်မခံနိုင်ဘူး။ ကွန့်ပြီးတော့၊ ညွှန့်ပြီးတော့ သူ... သူ့စိတ်ထဲ ရှိတာ ရိုးရိုးလျှောက်တယ်။

ယေ တေ ဘော ဘာရဒွါဇ ဘိက္ခူ ဘာဝိတကာယာ ဘာဝိတသီလာ ဘာဝိတစိတ္တာ ဘာဝိတ ပညာ၊ တေသံ တံ သူကရံဟောတိ။
ဘော ဘာရဒွါဇ= အို- အရှင်ဘုရား ဘာရဒွါဇ။ ယေ တေ ဘိက္ခူ= အကြင်ရဟန်းတော် အရှင်သူမြတ်တို့သည်။ ဘာဝိတကာယာ= ပွားများအပ်ပြီးသော ပဉ္စဒွါရကာယ ရှိတော်မူကြကုန်၏။ ဘာဝိတသီလာ= ပွားအပ်ပြီးသော သီလရှိကြကုန်၏။ ဘာဝိတစိတ္တာ= ပွားအပ်ပြီးသော သမာဓိ။ ဘာဝိတပညာ= ပွားအပ်ပြီးသော ပညာရှိတော်မူကြပေကုန်၏။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတဲ့ ပဉ္စဒွါရကာယရဲ့ အပေါ်မှာ ယဉ်ကျေးသိမ်မွေ့အောင် သာသနာအလုပ် အားထုတ်ပြီးသား ပုဂ္ဂိုလ် အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်၊ သီလဘာဝနာ သမာဓိဘာဝနာ ပညာဘာဝနာကို အားထုတ်ဖူး အားထုတ်ပြီးတဲ့ ပုဂ္ဂိုလ်များအဖို့ ဒီ ဒွတ္တိံသာကာရ ကြည့်ပြီးတော့ စက်ဆုပ်ဖွယ် ရွံရှာဖွယ်လို့ နှလုံးသွင်းဖို့ရန် လွယ်ကူပါတယ် အရှင်ဘုရား... တဲ့။

ယေ စ ခေါ တေ ဘော ဘာရဒွါဇ ဘိက္ခူ အဘာဝိတကာယာ အဘာဝိတသီလာ အဘာဝိတစိတ္တာ အဘာဝိတပညာ၊ တေသံ တံ ဒုက္ကရံ ဟောတိ။
အို- အရှင်ဘုရား ဘာရဒွါဇ။ အကြင်ကိုယ်တော် ကလေးများမှာတော့ ပဉ္စဒွါရိက ကာယဘာဝနာကိုလည်း မပွားရသေးဘူး။ သီလဘာဝနာ၊ သမာဓိဘာဝနာ၊ ပညာဘာဝနာကိုလည်းပဲ လုံလုံလောက်လောက် မပွားရသေးဘူးဆိုယင် အဲဒီ ကိုယ်တော်လေးများ အဖို့ ကိုယ်တော်ပြောသလို ဒွတ္တိံသာကာရ ကြည့်ပြီးတော့ လောကပေါ်မှာ အာရုံတွေကို မသုံးဆောင်ချင်ဘဲ အသက်ထက်ဆုံး သုံးပါးသိက္ခာ သာသနာ ကျင့်သုံးနိုင်ဖို့ရန် မလွယ်ဘူး ကိုယ်တော်…။

ဆိုကြပါစို့ရဲ့...
ဘာဝနာလေးပါး ပွားပြီးတဲ့ပုဂ္ဂိုလ်များမှာ လောကကြီး တစ်ခုလုံးကို ပဋိကူလ စက်ဆုပ်ဖွယ်ပဲလို့ ကြည့်ဖို့ လွယ်ကူသော်လည်းပဲ ဒီဘာဝနာလေးပါး ကာယဘာဝနာ၊ သီလဘာဝနာ၊ စိတ္တဘာဝနာ၊ ပညာဘာဝနာ ဆိုတဲ့ ဒီဘာဝနာလေးပါး မပွားရသေးတဲ့ ကိုယ်တော်ကလေးများအဖို့ ဒွတ္တိံသာကာရကိုပဲ စက်ဆုပ်ရွံရှာဖွယ်အနေနဲ့ ကြည့်နေတုန်းကိုပဲ၊ အသုဘအနေနဲ့ ကြည့်နေတုန်း သုဘ ထင်တတ်တယ် ကိုယ်တော်…။
ဒါကို-
အပေကဒါ ဘော ဘာရဒွါဇ အသုဘတော မနသိကရိဿာမီတိ သုဘတောဝ အာဂစ္ဆတိ။
ဘော ဘာရဒွါဇ= အို-အရှင်ဘုရား ဘာရဒွါဇ။ (ပုထုဇဉ်တို့ရဲ့ စိတ်ဆိုတာ) အပေကဒါ= တစ်ခါတလေများ။ အသုဘတော မနသိကရိဿမီတီ= ငါအသုဘအနေနဲ့ နှလုံးသွင်းမဟဲ့လို့ အောက်မေ့ရင်းက။ သုဘတောဝ= တင့်တယ်တဲ့ သုဘအနေ အားဖြင့်သာလျှင်။ အာဂစ္ဆတိ= အာရုံတွေ ထင်၍ ထင်၍ လာတတ်ပါသည် ဘုရား…။
ကိုယ်တော်... အဲဒီ အာရုံတစ်ခု(ကို) ကြည့်၊ ကြည့်လိုက်တဲ့အခါမှာ ဒီအာရုံကို အသုဘထင်အောင် ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ အရေပါး၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို့ စသည်ဖြင့် အဲဒီလို ကြည့်ပေမယ်လို့ အသုဘဖြစ်အောင် ဆိုပြီး ကြည့်ပေမယ့်လို့ ကြည့်ရင်း ကြည့်ရင်း တော်တော်ကြာ သုဘထင်တတ်တယ်။
ပုထုဇဉ်တို့ရဲ့ စိတ်ဟာ ဝိပ္ပလ္လာသ မကင်းသေးတော့ အသုဘအနေနဲ့ ငါ နှလုံးသွင်းပါသော် ကောလို့ သွင်းနေရင်းက သုဘထင်တတ်တယ် ကိုယ်တော်…။ ဒါကြောင့် ဒီအလုပ်လည်းပဲ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း လုပ်သကောလို့ မပြည့်စုံနိုင်ဘူး။ ဒါကြောင့် ဒီအကြောင်းကို တပည့်တော် အပြည့်အစုံ လက်မခံနိုင်သေးဘူး။

ဣနြေ္ဒ ၆-ပါးကို လုံခြုံအောင် စောင့်စည်းခြင်း...
အတ္ထိ နု ခေါ ဘော ဘာရဒွါဇ အညော ခေါ ဟေတု အညော စ ပစ္စယော။
သည့်ပြင် အကြောင်းများ ရှိပါသလား... တဲ့။
ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ ပဌမေန ဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ၊ အဒ္ဓါနဉ္စ အာပါဒေန္တိ။
အခြားတစ်ပါးသော အကြင် အကြောင်းကြောင့် ဤသာသနာတော်မှာ ရဟန်းငယ်ကလေးများ အသက်ထက်ဆုံး ဗြဟ္မစရိယ အကျင့်ကို ကျင့်သုံးနိုင်ဖို့ရန် အခြားအကြောင်းတစ်ပါးများ ရှိယင် မိန့်ကြားပါအုံးဘုရားလို့ လျှောက်တယ်။ ဒီတော့ အရှင်ပိဏ္ဍောလဘာရဒွါဇက ဘာပြန်မိန့်ကြားတုံး ဆိုတော့-
ဝုတ္တံ ခေါ ဧတံ မဟာရာဇ တေန ဘဂဝတော ဇာနတာ ပဿတာ အရဟတာ သမ္မာသမ္ဗုဒ္ဓေန။
ဝုတ္တံ ခေါ ဧတံ မဟာရာဇ= ဥဒေနမင်းတရား-တဲ့။ အခုပြောမယ့်အတိုင်း ဘုရားဟောထားတာ ရှိတယ်။ ဘယ်လိုတုံး။
ဧထ တုမှေ ဘိက္ခဝေ= ချစ်သားတို့ လာကြ။
ဣန္ဒြိယေသု ဂုတ္တဒွါရာ ဝိဟရထ။
ဣန္ဒြိယေသု= မျက်စိ နား နှာ လျာ ကိုယ် စိတ် တည်းဟူသော ဣနြေ္ဒခြောက်ပါးတို့၌။
ဂုတ္တဒွါရာ= ပြည့်စုံလုံလောက်သော စောင့်ရှောက် ထိန်းသိမ်းအပ်သော တံခါးရှိကုန်သည် ဖြစ်၍။ ဝိဟရထ= နေကြကုန်။

ဘယ်လို စောင့်ရှောက်ရမလဲ...
စက္ခုန ရူပံ ဒိသွာ မာ နိမိတ္တဂ္ဂါဟိနော အဟုဝတ္ထ မာနုဗျဉ္စနဂ္ဂါဟိနော။
စက္ခုနာ= မျက်စိဖြင့်။ ရူပံဒိသွာ= ကောင်းကောင်းဆိုးဆိုး အာရုံအဆင်းအမျိုးမျိုးကို မြင်ရလို့ရှိယင်။ မာ နိမိတ္တဂ္ဂါဟိနော= မိန်းမ ယောက်ျား ချစ်အပ်သောသူ၊ မုန်းအပ်သောသူ အစရှိတဲ့ ဣဋ္ဌနိမိတ်၊ အနိဋ္ဌနိမိတ်၊ သုဘနိမိတ်၊ အသုဘနိမိတ်ကို မယူကြကုန်သည်။ အဟုဝတ္ထ= ဖြစကြကုန်လော့။ မာနုဗျဉ္စနဂ္ဂါဟိနော အဟုဝတ္ထ= လက်ကလေး၊ ခြေကလေး၊ မျက်နှာကလေး၊ နားရွက်ကလေး၊ နဖူးကလေးက တင့်တယ်တယ် စသည်ဖြင့် လက် ခြေ အင်္ဂါအသေးစိတ်တို့ အပေါ်မှာ အနုဗျဉ္စနဂ္ဂါဟစိတ် သိပ်မရှိကြကုန်နဲ့။

ယတွာဒိကရဏမေနံ စက္ခုန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ။
အကြင်သို့သော မျက်စိနဲ့ ရူပါရုံ ပေါင်းဆုံမိမှုဟူသော အကြောင်းကြောင့် မျက်စိ တည်းဟူသော ဣနြေ္ဒကို မစောင့်စည်းဘဲနေတဲ့ ပုဂ္ဂိုလ်ကို မျက်စိဣနြေ္ဒ မစောင့်စည်းလို့ရှိယင် ကိုယ်သဘောကျတဲ့ ရူပါရုံကို မြင်ယင် အဘိဇ္ဈာဆိုတဲ့ လောဘဖြစ်တတ်တယ်။ ကိုယ် သဘောမကျတဲ့ ရူပါရုံကို မြင်လို့ရှိယင် ဒေါမနဿ ဖြစ်တတ်တယ်။ အဲဒီလို မဖြစ်အောင်... တဲ့။

တဿ သံဝရာယ ပဋိပဇ္ဇထ၊ ရက္ခထ စက္ခန္ဒြိယံ၊ စက္ခုနြ္ဒိယေ သံဝရံ အာပဇ္ဇထ။
တဿ သံဝရာယ ပဋိပဇ္ဇထ= အဲဒီလို မဖြစ်အောင်စောင့်စည်းကြ၊ ကျင့်ကြ။ စက္ခုနြ္ဒိယံ= စက္ခုနြေ္ဒကို။ ရက္ခထ= စောင့်ရှောက်ကြ။ စက္ခုနြ္ဒိယေ= စက္ခုနြေ္ဒရဲ့အပေါ်မှာ။ သံဝရံ အာပဇ္ဇထ= ချစ်သားတို့ သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးများ ခန့်ပြီးတော့ လောဘ ဒေါသ မဖြစ်အောင် စောင့်စည်းကြလို့ မြတ်စွာဘုရား ဟောထားတယ်။
ထို့အတူ...
သောတေနသဒ္ဒံသုတွာ= နားနဲ့ အသံကြားတဲ့အခါ။ ဃာနေနဂန္ဓံ ဃာယိတွာ= နှာခေါင်းဖြင့် ဂန္ဓာရံကို နမ်းရှုတဲ့အခါ။ ဇိဝှါယ ရသံ သာယိတွာ= လျှာဖြင့် အရသာကို လျက်မိ စားမိတဲ့အခါ။ ကာယေန ဖောဋ္ဌဗ္ဗံ ဖုသိတွာ= ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိတဲ့အခါ။ မနသာ ဓမ္မံ ဝိညာယ= စိတ်ဖြင့် ဓမ္မာရုံ အမျိုးမျိုး အဖုံဖုံ သိရတဲ့အခါမှာ။ မာနိမိတ္တဂ္ဂါဟိနော အဟုဝတ္ထ= မိန်းမ ယောက်ျားပုဂ္ဂိုလ် သတ္တဝါဆိုတဲ့ နိမိတ်ကို မယူကြနဲ့။ မာနုဗျဉ္ဇနဂ္ဂါဟိနော အဟုဝတ္ထ= လက် ခြေ အစရှိတဲ့ အင်္ဂါကြီးငယ်ကို တင့်တယ်တယ်၊ ဖွယ်ရာတယ် စသည်ဖြင့် စွဲယူမှု မပြုကြကုန်နဲ့။

ယတွာဓိကရဏ နမေနံ မနိန္ဒြိယံ အသံဝုတံ ဝိဟရန္တံ အဘိဇ္ဈာဒေါမနဿာ ပါပကာ အကုသလာ ဓမ္မာ အနွာဿဝေယျုံ၊ တဿ သံဝရာယ ပဋိပဇ္ဇထ၊ ရက္ခထ မနိန္ဒြိယံ။
အကယ်၍ မနိနြေ္ဒနဲ့ ဓမ္မာရုံ ပေါင်းဆုံမိတဲ့အခါ ဒီ မနိနြေ္ဒ တည်းဟူသော တံခါးကို မစောင့်စည်း မပိတ်ဆို့လို့ရှိယင် ကောင်းတဲ့ဓမ္မာရုံ မြင်လို့ရှိယင် လောဘ အဘိဇ္ဈာ ဖြစ်တတ်တယ်။ အဲဒီ ဒေါသ လောဘ မဖြစ်အောင် မနိနြေ္ဒကို စောင့်စည်းကြလို့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ဟောထားတာ ရှိတယ်။
အယမ္ပိ ခေါ မဟာရာဇ ဟေတု၊ အယံ ပစ္စယော ယေနိမေ ဒဟရာ ဘိက္ခူ သုသူ ကာဠကေသာ ဘဒြေန ယောဗ္ဗနေန သမန္နာဂတာ မဌမေနဝယသာ အနိကီဠိတာဝိနော ကာမေသု ယာဝဇီဝံ ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရန္တိ၊ အဒ္ဓါနဉ္စ အာပါဒေန္တိ။
ဥဒေန မဟာရာဇ၊ အခုပြောခဲ့တာ အကြောင်းရင်းပဲတဲ့။ မြတ်စွာဘုရားက ဣနြေ္ဒခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို ချစ်သားတို့ သတိ တည်းဟူသော တံခါးဗိုလ် တံခါးမှူးများ ခန့်ထားပြီးတော့ တံခါးခြောက်ပေါက်က ဝင်၍ လောဘတည်းဟူသော ကိလေသာ ခိုးသူတွေ၊ ဒေါသ တည်းဟူသော ကိလေသာ ခိုးသူတွေ၊ မျက်စိ, နား, နှာ,လျှာ, ကိုယ်, စိတ် ဆိုတဲ့ တံခါးကြီး ခြောက်ပေါက်က ဝင်ရောက်ပြီး ချစ်သားတို့ သန္တာန်မှာရှိတဲ့ ရဟန်းတရား တည်းဟူသော ရတနာတွေကို လုယက်တိုက်ဖျက် ဖျက်ဆီးမသွားအောင် သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူး ခန့်ပြီး ဒီဣနြေ္ဒခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို ချစ်သားတို့ စောင့်ရှောက်ရမယ်။ အဲဒီလို ဟောကြား ပညတ်ထားတယ်။
ဟောကြား ပညတ်တဲ့ အတိုင်းလည်းပဲ ကိုယ်တော်မြတ်ရဲ့ သာဝကတွေ အထူးသဖြင့် ရဟန်းငယ်တွေဟာ ဣနြေ္ဒခြောက်ပါး တံခါးကြီး ခြောက်ပေါက်ကို သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးခန့်၍ လုံခြုံအောင် စောင့်ရှောက်တော် မူကြတဲ့အတွက် ဒကာတော်တို့လို လူ့ပြည်လောကက ဝတ္ထုအာရုံ ကာမဂုဏ်တွေကို ခံစားကြဖူးသူတွေ မဟုတ်ဘဲလျက် အသက်ထက်ဆုံး စင်ကြယ်အောင်၊ ပြည့်စုံအောင်၊ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာသုံးပါး အကျင့်တရား ပွားများ အားထုတ်သွားနိုင်ခြင်း ဖြစ်တယ်-တဲ့။
သာသနာ အဓွန့်အနွယ် ပဝေဏီ အစဉ်အဆက် မပျက်အောင် စောင့်ရှောက်သွားတော် မူနိုင်ကြတယ်။ အဲဒီလို သုံးချက်ဟောတယ်။

ဥဒေန မင်းတရား တတိယ အချက်၌ သဘောကျ လက်ခံခြင်း...
ပထမ အချက်က အရှင်ပိဏ္ဍောလ ဘာဖြေသလဲ။ မြတ်စွာဘုရားက အမျိုးသမီးတွေရဲ့ အပေါ်မှာ အမိအရွယ် အမျိုးသမီးတွေ အပေါ်မှာ မိခင်တည်းဟူသော မေတ္တာနှင့် ယှဉ်တွဲစိတ်ထား၊ သမီးအရွယ်၊ နှမအရွယ်၊ အစ်မအရွယ် အမျိုးသမီးတွေရဲ့ အပေါ်မှာ နှမ၊ အစ်မ၊ သမီး ဟူသော အမှတ်နဲ့ ယှဉ်တဲ့ မေတ္တာစိတ်ထားရမယ်။ အဲဒီလို ဟောကြားတဲ့အတိုင်း မေတ္တာစိတ်ထားလို့ အသက်ထက်ဆုံး သာသနာမှာ ကျင့်သုံးသွား နိုင်တာပေါ့လို့ ဒီလိုဖြေတာ။

ဒီအဖြေကို အကြွင်းမဲ့ လက်မခံနိုင်လို့ အို... ကိုယ်တော် စိတ်ဆိုတာ အင်မတန် လျှပ်ပေါ် လော်လီတာ၊ တစ်ခါတစ်လေများ အမိအရွယ်ပေမယ့် စိတ်က ဟင်-သမီးအရွယ်၊ မြေးအရွယ်ပေမယ့် လောဘ ဖြစ်တတ်တယ်။ အစ်မအရွယ်၊ နှမအရွယ်ပေမယ့် အစ်မ၊ နှမစိတ် မထားနိုင်ဘဲနဲ့ လောဘစိတ်များ ဖြစ်တတ်တယ် ကိုယ်တော်၊ ဒီ့ပြင်အကြောင်းများ ရှိသေးသလား ရှိတယ်။ ဘာလဲဆိုတော့ ဒွတ္တိံ သာကာရကို နှလုံးသွင်းဖို့ ဘုရားဟောထားတယ်။
အဲဒီလို မြတ်စွာဘုရား ဟောကြားထားတဲ့ အတိုင်းနှလုံးသွင်းခြင်း တည်းဟူသော အကြောင်းကြောင့် ကိုယ်တော်ငယ် ကလေးတွေဟာတဲ့ လူ့လောကီ အာရုံ ကာမဂုဏ်တွေကို မသုံးဆောင် မခံစားသေးဘဲလျက် ဥဒေနမင်း ထင်တာက လူ့လောကီ ကာမဂုဏ်တွေ သုံးဆောင်ပြီးမှ ငြီးငွေ့စက်ဆုပ်ပြီးတော့မှ အသက်ထက်ဆုံး အကျင့် ကျင့်နိုင်တာကို သူ အင်မတန် အံ့ဩတယ်။

အေး... ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်း နှလုံးသွင်း ကျင့်သုံးတော် မူကြသောကြောင့် အသက်ထက်ဆုံး ငယ်ဖြူကိုယ်တော်ကလေးတွေဟာ သာသနာမှာ ကျင့်သုံးသွားနိုင်တယ်။ သာသနာ ပဝေဏီ အစဉ်အဆက် မပျက်အောင် စောင့်ရှောက်သွားနိုင်တယ် ဆိုတော့- ဒါကလည်း ကိုယ်တော်တဲ့၊ ကာယဘာဝနာ၊ သီလဘာဝနာ၊ သမာဓိဘာဝနာ၊ ပညာဘာဝနာ ဆိုတဲ့ ဒီဘာဝနာ လေးပါး ပွားများပြီး ပုဂ္ဂိုလ်များမှ လွယ်ကူတာနော်။ မပွားများရသေးတဲ့ ပုဂ္ဂိုလ်ဆိုယင် အဲဒီလိုဒွတ္တိံသာကာရ ပဋိကူလကမ္မဋ္ဌာန်း စီးကို မစီးဖြန်းနိုင်ဘူး ကိုယ်တော်။ ပုထုဇဉ်စိတ်ဆိုတာ တစ်ခါတစ်လေများ ဒီအာရုံတစ်ခုကို ငါ အသုဘ ထင်အောင် ရှုပါသကောလို့ ရှုနေရင်းက ဟောဒီ အာရုံကို သုဘလို့ ထင်ထင်လာတတ်တယ် ကိုယ်တော်။
ဒါ အင်မတန်မှ မှန်တဲ့စကားတွေ။ လူ့လောက ကစောဒကတက်စရာ စကားတွေ၊ ဘုန်းကြီးတို့ ဒီကနေ့ ဆိုကြပါစို့။ ရှေ့ပိုင်းမှာ ဟို- အသိဉာဏ်ပေးပြီးတော့ ဟောနေတာပါ။
အဲဒီလိုဖြစ်တော့ ကိုယ်တော် ဒီ့ပြင် အကြောင်းတစ်ပါးများ မရှိဘူးလားတဲ့။ ကိုယ်တော်လေးတွေ အသက်ထက်ဆုံး သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မြတ်သောအကျင့် ကျင့်သုံးသွားနိုင်တဲ့ အခြားအကြောင်းများ ရှိဖူးသလားဆိုတော့ ရှိတယ်။ ဘာလဲ။ မြတ်စွာဘုရားက ဣန္ဒြိယသံဝရသီလ ဟောထားတယ်။

ချစ်သားတို့ လာကြ၊ ဣနြေ္ဒခြောက်ပါး တံခါးကြီး ခြောက်ပေါက်မှာ လုံခြုံအောင် ပိတ်ဆို့ထားတဲ့ တံခါးရှိကြတဲ့ သားတော်ကောင်းများ ဖြစ်ကြစေ၊ မျက်စိနဲ့ အဆင်းကို မြင်ယင်၊ နားနဲ့ အသံကိုကြာယင်၊ နှာခေါင်းနဲ့ အနံ့ကို ရှူရယင်၊ လျှာနဲ့ အရသာကို လျက်ရ စားရယင်၊ ကိုယ်နဲ့ ဖောဋ္ဌဗ္ဗာရုံကို တွေ့ရ ထိရယင်၊ စိတ်နဲ့ ဓမ္မာရုံကို သိရလို့ရှိယင် အဲဒီ မြင်အပ် ကြားအပ် နမ်အပ် လျက်အပ် ထိအပ် သိအပ်ဆိုသော ဒီအာရုံခြောက်ပါးရဲ့ အပေါ်မှာ ယောက်ျားပဲ မိန်းမပဲ ဆိုတဲ့ နိမိတ္တတရားများ မယူမှားမိကြစေနဲ့။ လက်ကလေးက တင့်တယ်တယ်၊ ခြေထောက်ကလေးက တင့်တယ်တယ်၊ မျက်လုံးလေးက တင့်တယ်တယ်၊ နှာခေါင်းလေးက၊ နဖူးကလေးက၊ ဆံပင်လေးက တင့်တယ်တယ် စသည်ဖြင့် အင်္ဂါအစိတ်အပိုင်း၊ အင်္ဂါအမည်တွေကို လိုက်ယူပြီးတော့ ငါမစွဲစေနဲ့။ အနုဗျဉ္ဇနဂ္ဂါဟီ မမှတ်နဲ့၊ မမြင်နဲ့။

နှစ်သက်တဲ့ အာရုံကိုမြင်ယင် လောဘအဘိဇ္ဈာ ဖြစ်တတ်တယ်။ အဲဒီလို မဖြစ်အောင် စက္ခုနြေ္ဒမှာ စောင့်စည်းကြ။ သောတိနြေ္ဒမှာ၊ ဃာနိနြေ္ဒမှာ၊ ဇီဝိနြေ္ဒမှာ၊ ကာယိနြေ္ဒမှာ၊ မနိနြေ္ဒမှာ စောင့်စည်းကြ။
ဣနြေ္ဒခြောက်ပါး တံခါးကြီးခြောက်ပေါက်မှာ သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးများ ခန့်အပ်ပြီးတော့ အဲဒီ တံခါးခြောက်ပေါက်က ဝင်ရောက်၍ ခန္ဓာကိုယ်အတွင်း မိမိတို့ ကာလလျားစွာ စုဆောင်းထားတဲ့ ရဟန်းတရား၊ သူတော်တရား တည်းဟူသော လောကုတ္တရာ ရတနာတွေ၊ လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော အကုသိုလ်ခိုးသား လူပျက်များရဲ့ အလုအယက် မခံရအောင် သတိကို အစောင့် တံခါးဗိုလ်ခန့်ထား ဆင်ခြင်ကြ.. လို့... အဲဒီလို ပညတ်ချက်၊ ဟောကြာချက်ရှိလို့ ဟောကြားချက်အတိုင်း သတိတည်းဟူသော တံခါးဗိုလ် ခန့်ထား၍ တံခါးကြီး ခြောက်ပေါက် လုံခြုံအောင် စောင့်ရှောက်ကြတဲ့ ဣန္ဒြိယ သံဝရသီလကြောင့် အသက်ထက်ဆုံး ဒီကိုယ်တော်ကလေးများဟာ သိက္ခာသုံးပါးကို ကျင့်သုံးသွားနိုင်ပါတယ်။ တတိယအဖြေ။
အဲဒီ တတိယအဖြေကျတော့ ဥဒေနမင်းတရား အကြွင်းမဲ့ ထောက်ခံတယ်။ အေး-ဘာဖြစ်လို့ ဒီကိုယ်တော်လေးများဘက်က ကြည့်မယ်ဆိုယင် တို့တစ်သက်လုံး ဗြဟ္မစရိယကို ကျင့်သုံးနိုင်ဖို့ အကောင်းဆုံး အကြောင်းဟာ ဘာလဲလို့ ဒါစဉ်းစားတယ်။ စဉ်းစားလို့ရှိယင် ဣန္ဒြိယသံဝရသီလ- ဣနြေ္ဒခြောက်ပါး တံခါးကြီးခြောက်ပေါက်မှာ သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးခန့်၍ အကုသိုလ်ခိုးသားတို့ မဝင်ရောက်အောင် စောင့်ရှောက်ခြင်းဟာ ဒါအကြောင်းရင်းပဲ။
ဣန္ဒြိယသံဝရသီလကို လုံလုံခြုံခြုံ ပိတ်ဆို့ စောင့်စည်းထားလို့ ရှိယင် ကိုယ်တော်လေးတွေ တစ်သက်လုံး ဗြဟ္မစရိယကို ကျင့်သုံးနိုင်တယ်။ ဒီအဓိပ္ပာယ်လည်း ထွက်တယ်။ အဲဒီထွက်တော့ ဒီအချက်ကို ဥဒေနမင်းတရားသည် အကြွင်းမဲ့ လက်ခံတယ်။

အစ္ဆရိယံ ဘော ဘာရဒွါဇ၊ အဗ္ဘုတံ ဘော ဘာရဒွါဇ။
အို- အရှင်ဘုရား ဘာရဒွါဇ၊ လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွ။
ယာဝ သုဘာသိတံ စိဒံ ဘော ဘာရဒွါဇ တေန ဘဂဝတာ ဇာနတာ ပဿတာ အရဟတာ သမ္မာ သမ္ဗုဒ္ဓေန။
ဘုရားကိုယ်တော်မြတ်ကြီး ဤကဲ့သို့ ဣနြေ္ဒခြောက်ပါး တံခါးကြီး ခြောက်ပေါက်မှ အကုသိုလ် ခိုးသားတို့ မဝင်ရောက်အောင် စောင့်ရှောက်ရမယ်လို့ ဟောကြား...

အတိဝိယ မံ တသိံ္မသမယေ လောဘဓမ္မာ ပရိသဟန္တိ။
ဘန္တေ= အရှင်ဘုရား။ တသ္မိံ သမယေ= ထိုသို့ ဣနြေ္ဒခြောက်ပါး တံခါးကြီးခြောက်ပေါက်ကို ပေါက်လွှတ်ထားပြီး ရွှေနန်းတော်အတွင်း ဝင်သွားတဲ့ အခါကာလ၌။ မေ= တပည့်တော်၏ သန္တာန်၌။ အတိဝိယ= အလွန်လျှင်။ လောဘဓမ္မာ= လောဘတရားတို့သည်။ ပရိသဟန္တိ= လွှမ်းမိုးနှိပ်စက်ကြပါသည် ဘုရား…။

ဣနြေ္ဒကို ပေါက်လွှတ်ထားပြီး တပည့်တော် ရွှေနန်းတော်ထဲ ဝင်သွားယင် အဲဒီအခါမှာဖြင့် လောဘတွေ အဆင်းမြင်လိုက်၊ တပ်မက်လိုက်၊ အသံကြားလိုက်၊ တပ်မက်လိုက်၊ အနံ့ရှူလိုက်၊ တပ်မက်လိုက်၊ အရသာစားမိလိုက်၊ တပ်မက်လိုက်၊ အတွေ့အထိ တွေ့ထိလိုက်၊ တပ်မက်လိုက်၊စိတ်ကူးနဲ့လျှောက်ပြီး ရွှေနန်းတော် အာရုံပြုလိုက်၊ တပ်မက်လိုက်၊ လောဘတွေဟာ တစ်မျိုးပြီးတစ်မျိုး ကိုယ်တော် ဆီးမနိုင် တားမရ၊ အတိဝိယ= အလွန်လျှင်။ ပရိသဟန္တိ= တပည့်တော်ကို လွှမ်းမိုး နှိပ်စက်ကြပါသည် ဘုရား။

ဥဒေနမင်း သရဏဂုံတည်သူ ဥပါသကာဖြစ်ခြင်း

ယသ္မိံ စ ခွာဟံ တော ဘာရဒွါဇ သမယေ ရက္ခိတေန စိတ္တေန ဥပဋ္ဌိတာယ သတိယာ သံဝုတေဟိ ဣနြ္ဒိယေဟိ အန္တေပုရံ ပဝိဿာမိ။ န မံ တထာ တသ္မိံ သမယေ လောဘဓမ္မာ ပရိသဟန္တိ။

အရှင်ဘုရား ဘာရဒွါဇ၊ အကြင်အခါ တပည့်တော် ရွှေနန်းတော် အဆောင်ကူးတဲ့အခါ ကာယကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ ဝစီကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ မနောကံမှုကလည်း ထိန်းထိန်းသိမ်းသိမ်း၊ သတိ(ကို) ထားပြီးတော့ ဣနြေ္ဒကြီးကြီးနဲ့ တပည့်တော် ရာဇဣနြေ္ဒနဲ့ ရွှေနန်းတော် ဝင်သွားယင် အဲဒီအခါ တပည့်တော်ရဲ့ ကိုယ်ခန္ဓာသန္တာန်အတွင်းမှာ လောဘတရားတွေ မထိန်းမသိမ်းဘဲ သွားတုန်းကလောက် မလွှမ်းမိုးဘူး၊ မနှိပ်စက်ဘူး ကိုယ်တော်။

ဒါကြောင့် ဣန္ဒြိယသံဝရသီလသည် ရဟန်းတော်ငယ်များအား အသက်ထက်ဆုံး သာသနာတော်မှာ ပျော်ပျော်ပိုက်ပိုက် သိက္ခာ သုံးပါးကို ကျင့်သုံး နိုင်ကြောင်း မှန်တယ် ကိုယ်တော်၊ မှန်တယ်။ ဧသေဝ ဟေတု။ ဧဝကြီးနဲ့နော် ဆုံးဆုံးဖြတ်ဖြတ်ကို ပြောတာ။ ဒီမှာ အကြွင်းမဲ့ သူ လက်ခံတယ်၊ အကြွင်းမဲ့ ထောက်ခံတယ်၊ အကြွင်းမဲ့ ကောင်းချီးပေးတယ်၊ အကြွင်းမဲ့ ဒီအချက်ကို လက်ခံပြီးတော့ ဒီအချက်နဲ့ပဲ သရဏဂုံ တည်သွားတယ်။

အဘိက္ကန္တံ ဘော ဘာရဒွါဇ၊
အဘိက္ကန္တံ ဘော ဘာရဒွါဇ။
အရှင်ဘုရား ဘာရဒွါဇ၊ အင်မတန် နှစ်သက်ဖွယ်ကောင်း၊ အင်မတန် အားရဖွယ် ကောင်းပါတယ် ဘုရား-တဲ့။

သေယျထာပိ ဘော ဘာရဒွါဇ နိက္ကုဇ္ဇိတံ ဝါ ဥကၠဳေဇၨယ်။
ပဋိစၧႏၷံ ဝါဝိဝေရယ်၊ မူဠႆ ဝါ မဂၢံ အာစိကၡယ်။

ဥပမာ ပြောရယင် မှောက်ထားတဲ့ ပစ္စည်းလေး လှန်ပြလိုက်သလို တစ်စုံတစ်ခု ဖုံးအုပ်ထားတဲ့ ပစ္စည်းကို အဖုံးလှပ်ပြလိုက်သလို၊ မျက်စိလည် လမ်းမှားနေတဲ့ ယောက်ျားတစ်ယောက်ကို လက်ကိုဆွဲပြီး သင်သွားရမှာ ဒီလမ်းပဲလို့ လမ်းမှန်ကို ပြလိုက်သလို...
အန္ဓကာရေ ဝါ တေလပဇ္ဇေတံ ဓာရေယျ “စက္ခုမန္တော ရူပါနိ ဒက္ခန္တီ” တိ။
မျက်စိအမြင် ကောင်းတဲ့ပုဂ္ဂိုလ်သည် အဆင်းအမြင်ကို မြင်ကြစေဟဲ့ လို့ အမိုက်မှောင်ထဲမှာ လျှပ်စစ် လျှပ်စီး မီးကြီး ထွန်းညှိထားသလို...

ဧဝ မေဝံ ဘောတာ ဘာရဒွါဇေန အနေကပရိယာယေန ဓမ္မော ပကာသိတော။
ဤနည်းအတူ အရှင်ဘုရား ဘာရဒွါဇဟာ တပည့်တော်ကို များစွာသော အကြောင်းသုံးချက်နဲ့ နားမလည် နားလည်အောင်၊ မကျေနပ် ကျေနပ်အောင် အကြောင်းသုံးချက်ဖြင့် လှည့်၍ တပည့်တော် တရားထင်ရှားအောင် ပြတော်မူပါပေစွ။

ဧသာဟံ ဘော ဘာရဒွါဇ တံ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ။
ဘော ဘာရဒွါဇ= အို- အရှင်ဘုရား ဘာရဒွါဇ။ ဧသာဟံ= ထို တပည့်တော် ဥဒေန မင်းတရားသည်။ တံ ဘဂဝန္တံ= ထို ဘုန်းတော်သခင် ရှင်ပင်ဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ= တရားတော်ကိုလည်းကောင်း။ ဘိက္ခုသံဃဉ္စ= ရဟန်းသံဃာကို လည်းကောင်း။ သရဏံ= ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဂစ္ဆာမိ= ဆည်းကပ်ပါ၏။ ဥပါသကံ မံ ဘဝံ ဘာရဒွါဇော ဓာရေတု အဇ္ဇတဂ္ဂေ= ယနေ့ကအစပြု၍။ မံ= တပည့်တော်ကို။ ဘဝံ ဘာရဒွါဇော= အရှင်ဘုရား ဘာရဒွါဇသည်။ သရဏံဂတံ ဥပါသကံ= သရဏဂုံတည်သူ ဥပါသကာ ဒါယကာတစ်ယောက်ဟူ၍။ ဓာရေတု= မှတ်တော်မူစေချင်ပါသည် ဘုရား။

သရဏဂုံများ ဒီနေရာမှာ ခံပြီးတော့ ဒီအချိန်က စပြီးတော့ ဥဒေန မင်းတရား ဗုဒ္ဓဘာသာ ဖြစ်သွားတယ်။ နောက်ကို ဥဒေနမင်းတရား ဘယ်တရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်သလဲ။ ကိုယ်တော်ကလေးတွေ သာသနာမှာ ပျော်ပိုက်ဖို့ရာ တရားအကြောင်း သုံးပါးနဲ့ ဗုဒ္ဓဘာသာ ဖြစ်တယ်လို့ သိကြ။

ခန္ဓာငါးပါး ဓမ္မလင်္ကာ...
ဒါ- ဘုန်းကြီးတို့ ပြည်သူ့ လက်ရုံး ဓမ္မာရုံမှာ ဘုန်းကြီးတို့ ဒကာများ အသိဉာဏ်ပွားအောင် အသိဉာဏ်ကလေးတစ်ခု ပေးပါတယ်။ ဒါက သိဖို့ပဲ။ သို့သော် ဘုန်းကြီး အရင်ဥပုသ်ကလေ၊ အရင်တစ်ပတ်က ပြောခဲ့တယ်။ ဘာလဲ။ တို့-သီလရယ်၊ သမာဓိရယ်၊ ပညာရယ်၊ အလုပ်သုံးမျိုး ရှိတယ်။ ပညာအလုပ်မှာ ဆိုလို့ရှိယင် ဟို ပဉ္စဂ္ဂပုဏ္ဏားကြီးဝတ္ထုက နေပြီးတော့ ခန္ဓာငါးပါးနဲ့-

ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်သဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှု၍၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား….
လို့ ခန္ဓာငါးပါးကို ခေါင်းကလေးသာ ပြောင်းပြောင်းပြီးတော့-
ဝေဒနာမည် ၊ ခန္ဓာသည်လည်း….
သညာတွင်မည် ၊ ခန္ဓာသည်လည်း….
သင်္ခါရမည် ၊ ခန္ဓာသည်လည်း….
ဝိညာဉ်ခြောက်မည် ၊ ခန္ဓာသည်လည်း ၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား...
ဆိုတဲ့ လင်္ကာငါးပိုဒ်ထဲ ဘုန်းကြီး ဟို အရင်တစ်ပတ်တုန်းက ဒီ ပြည်သူ့ လက်ရုံး ဓမ္မာရုံမှာ တရားနိဂုံး သိမ်းခဲ့တယ်။

ဘုန်းကြီးတို့ တရားဟောတဲ့ ပုဂ္ဂိုလ်တွေရဲ့“ကထိက သဏ္ဍိတိ” ဆိုတဲ့ တရားအစဉ်က-

အာဒိမွိသီလံ ဒေႆယ်= (အံ၊ ႒၊ ၂။ ၁၆၈) အစပိုင်းမှာ သီလကို ဟောရတယ်။ သီလရဲ့ အကြောင်းနည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် နားလည်တဲ့လူ ဆိုယင်ပေါ့လေ၊ နည်းနည်းနဲ့ ကျဉ်းကျဉ်းပဲ ပြောရတယ်။
မဇ္စျေ မဂ္ဂံ ဝိဘာဝယေ= အလယ်ခေါင်ကျပြီ ဆိုလို့ရှိယင်ပေါ့လေ၊ မဂ်ဖိုလ် နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ထင်အောင် ပြောရတယ်။
ပရိယောသာနမှိ နိဗ္ဗာနံ= အဆုံးကျတော့ အဲဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်လို့ရှိယင် နိဗ္ဗာန်ရမယ် ဆိုတဲ့အကြောင်း အကျဉ်းချုပ်ဖြစ်ဖြစ်၊ အကျယ်တဝင့်ဖြစ်ဖြစ် ပြောရတယ်။
ဒီတော့ ဘာလဲ၊ ဘုန်းကြီးတို့မှာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ သီလရှိပြီ၊ အလယ်ခေါင် “မဇ္စျေ မဂ္ဂံ ဝိဘာဝယေ” အရ သမာဓိ၊ ပညာဆိုတဲ့ ဒီ ဘာဝနာ တရားနှစ်ပါး ပွားဖို့အတွက် တရားကိုလည်း စိတ်ပါ လက်ပါ သမာဓိရှိရှိနဲ့ နာရတယ်။ ပညာဘာဝနာအတွက် ဘုန်းကြီး ခန္ဓာကမ္မဋ္ဌာန်းဖြင့် အရင်တစ်ပတ်က ပြောခဲ့တဲ့အကြောင်းကို ပြန်ပြီးတော့ ပြောပါတယ်။

သီလဝန္တသုတ္တန် တရားတော်
တစ်ချိန်က အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာ ကောဋ္ဌိက ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သီတင်းသုံးကြတယ်။ ဒီလို ညနေချမ်း အချိန်မှာ အရှင်မဟာကောဋ္ဌိကက အရှင်သာရိပုတ္တရာဆီ ရောက်လာတယ်။ ရောက်ပြီးတော့ ပဋိသန္တာရစကားများ ပြောပြီးတယ် ဆိုယင်ပဲ အရှင်မဟာကောဋ္ဌိကက အရှင်သာရိပုတ္တရာကို မေးတယ်။

သီလဝတာဝုသော သာရိပုတ္တ ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသောမနသိကာတဗ္ဗာ။

ငါ့ရှင် သာရိပုတ္တရာ၊ သီလနဲ့ ပြည့်စုံသော သံသရာဘေး ထောက်တွေးမြော်မြင် သူတော်စင် ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်တရားတွေကို ယောနိသော မနသိကာရဖြင့် နှလုံးသွင်း ပွားများ အားထုတ်ရမတုံး။ သီလဆောက်တည်ပြီးယင် သီလရှိတဲ့ ပုဂ္ဂိုလ်သည် ဘယ်တရားတွေကို နှလုံးသွင်း ပွားများရမတုံးလို့ မေးတယ်။

သီလဝန္တသူတော်ကောင်းများ အားထုတ်ရမည့်တရား...

ထိုအခါ အရှင်သာရိပုတ္တရာက ဘာပြန်ဖြေသလဲ။
သီလဝတာဝုသော ကောဋ္ဌိက ဘိက္ခုနာ ပဉ္စုပါဒါ နက္ခန္ဓာ အနိစ္စတော ဒုက္ခတော ရောဂတော ဂဏ္ဍတော သလ္လတော အဃတော အာဗာဓတော ပရတော ပလောကတော သုညတာ အနတ္တတော ယောနိသောမနသိကာတဗ္ဗာ။
ငါ့ရှင် ကောဋ္ဌိက-တဲ့၊ သီလနဲ့ ပြည့်စုံပြီးတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး၊ မြတ်စွာဘုရားရဲ့သားတော် သမီးတော် သူတော်စင် ပုဂ္ဂိုလ်တစ်ယောက်ဟာ ဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှလုံးသွင်းရမယ်...တဲ့။

အဲဒီမှာ-

အရှင်သာရိပုတ္တရာကြီးက ဟို... ဘုန်းကြီးတို့ ဒကာတို့ ဘုန်းကြီးတို့ တရားနာပရိသတ်တွေ လုပ်ငန်းရဲ့ မှန်ကန်တဲ့ အကြောင်းကိုပေါ့လေ၊ ထောက်ခံပြီးတော့ သီလဝန္တသုတ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်မှာ ရှိတယ်။
အေး-သီလရှိပြီးယင် အဲဒီ သီလရှိတဲ့ ပုဂ္ဂိုလ်သည် ဥပါဒါနက္ခန္ဓာ ငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ နှလုံးသွင်းရမယ်-တဲ့။ အဲဒီလို နှလုံးသွင်းလို့ရှိယင် ဘယ်အကျိုး ရမတုံးဆိုတော့-
ဌာနံ ခေါ ပနေတံ အာဝုသော ဝိဇ္ဇတိ၊ ယံ သီလဝါ ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ယောနိသောမနသိကရောန္တော သောတာပတ္တိဖလံ သစ္ဆိကရေယျ။
ငါ့ရှင်၊ သီလရှိပြီးတဲ့နောက် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ နှလုံးသွင်းခိုင်းတာ အကြောင်းရှိတယ်။ ဘာ့ကြောင့်လဲ။ အဲဒီလို နှလုံးသွင်းလို့ရှိယင် သီလရှိတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို ရနိုင်တယ်တဲ့။ အဲဒီလို ရနိုင်သောကြောင့် သီလရှိပြီးယင် ခန္ဓာကမ္မဋ္ဌာန် စီးဖြန်ကြ။ ရပ်မနေနဲ့။ ရှေ့ကိုဆက်ပြီးတော့ အလုပ်လုပ်ကြရမယ်။
ဟင်း- ဟိုမတော့ တကယ့် အရိယာသူတော်မြတ်ကြီးတွေ တရားဟောကြတယ်၊ ပြောကြတယ် ဆိုတာက အရဟတ္တဖိုလ်ပေါက်မှ တော်တာကိုး။

သောတာပန်ပုဂ္ဂိုလ်များ
ဆက်လက်အားထုတ်ရမည့် တရား

ဆက်ပြီးတော့ အရှင် မဟာကောဋ္ဌိက က မေးပြန်တယ်။
သောတာပန္နေန ပနာဝုသော သာရိပုတ္တ ဘိက္ခုနာ ကတမေ ဓမ္မာ ယောနိသောမနသိကာတဗ္ဗာ။
ငါ့ရှင် သာရိပုတ္တရာ၊ ဆက်ပြီး မေးလက်စ မေးပါရစေ။ သောတပန် ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်တရားတွေကို ယောနိသောမနသိကာရဖြင့် နှလုံးသွင်းရမလဲ။ မေးတော့လည်းပဲ အရှင်သာရိပုတ္တရာက ဒါပဲ ထပ်ပြောတယ်။
သောတာပန္နေနပိ ခေါ အာဝုသော ကောဋ္ဌိက ဘိက္ခုနာ ဣမေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စတော ဒုက္ခတော အနတ္တတော ယောနိသောမနသိကာတဗ္ဗာ။
ငါ့ရှင် ကောဋ္ဌိက၊ သောတာပန် ဖြစ်ပြီးတဲ့ ကိုယ်တော်၊ သောတာပန် ဖြစ်ပြီးတဲ့ သူတော်စင် အဲဒီပုဂ္ဂိုလ်လည်းပဲ ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှလုံးသွင်းရမယ်။ အဲဒီလို နှလုံးသွင်းတော့ ဘာအကျိုးရမတုံးလို့ ဆိုတော့-
ဌာနံ ခေါ ပနေတံ အာဝုသော ဝိဇ္ဇတိ၊ ယံ သောတာပန္နော ဘိက္ခု ဣမေ ပဉ္စုပါဒါနက္ခန္ဓေ အနိစ္စတော ဒုက္ခတော အနတ္တတော ယောနိသောမနသိကရောန္တော သကဒါဂါမိဖလံ သစ္ဆိကရေယျ။

သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်သည် ဒီဥပါဒါနက္ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ အမှန် ယောနိသောမနသိကာရနဲ့ နှလုံးသွင်းယင်ဖြင့် သကာဒါဂါမိဖိုလ်ကို ရောက်နိုင်တယ်။

သကဒါဂါမ်, အနာဂါမ် အားထုတ်ရမည့် တရား
သကဒါဂါမ် ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ကကော ဘယ်တရားကို နှလုံးသွင်းရမတုံးလို့ မေးပြန်တော့လည်း သကဒါဂါမ် ပုဂ္ဂိုလ်လည်း ဒီခန္ဓာငါးပါး ကမ္မဋ္ဌာန်းကိုပဲ စီးဖြန်းရမယ်။ စီးဖြန်းယင် အနာဂါမိဖိုလ် ရောက်ရမယ်။ ကိုင်း ဒါလောက်ဆို လူပါးတွေ။

အနာဂါမ်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်ကော ဘယ်တရားကို နှလုံးသွင်းရမတုံးလို့ အရှင်ကောဋ္ဌိက က မေးတဲ့အခါမှာလည်း အရှင်သာရိပုတ္တရာက အနာဂါမ် ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်သည်လည်းပဲ ဥပါဒါနက္ခန္ဓာငါးပါး ဒီ ရုပ်နာမ် တရားကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှလုံးသွင်းရမယ်။ အဲဒီလို နှလုံးသွင်းလို့ ရှိယင် အနာဂါမ် ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ရောက်ဖို့ သေချာတယ်။ ဒီလို နှလုံးသွင်းမှ အရဟတ္တဖိုလ် ရောက်မှာ။

ရဟန္တာပုဂ္ဂိုလ် နှလုံးသွင်း အားထုတ်ရမည့် တရား
ဟင်... အရဟတ္တဖိုလ်ရောက်လို့ ရဟန္တာဖြစ်တဲ့ ဘဝမယ်ကော၊ အဲဒီ ရဟန္တာ ဖြစ်ပြီးတော့ကော ဘယ်တရားကို နှလုံးသွင်းရမလဲ၊ ဒီတရားပဲ နှလုံးသွင်းရမယ်။ ဒါဖြင့် အရဟတ္တဖိုလ် ပေါက်ပြီးတဲ့ ရဟန္တာဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်မှာ ဒီတရား နှလုံးသွင်းလို့ ရှေ့အထက် တက်စရာ ဘယ်မဂ် ဘယ်ဖိုလ် ရှိသေးသလဲ။ ဘယ်မဂ် ဘယ်ဖိုလ်မှ မရှိဘူး။ မရှိယင် နှလုံးမသွင်းကြပါစေနဲ့။ အကျိုး မရှိယင်၊ ဟာ-မဟုတ်ဘူး။

ဘုန်းကြီးတို့... ဒီ အရိယဖိုလ်ဆိုတဲ့ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဆိုတဲ့ လောကုတ္တရာဖိုလ် လေးပါးဟာ သောတာပတ္တိဖိုလ်သည် သောတာပန်ပုဂ္ဂိုလ်ရဲ့ ဘူမိ၊ သကဒါဂါမိဖိုလ်သည် သကဒါဂါမ်ပုဂ္ဂိုလ်ရဲ့ အရိယဘူမိ၊ အနာဂါမိဖိုလ်သည် အနာဂါမ်ပုဂ္ဂိုလ်ရဲ့ အရိယဘူမိ၊ အရဟတ္တဖိုလ်သည် ရဟန္တာပုဂ္ဂိုလ်ရဲ့ အရိယဘူမိ လို့- မထမ အရိယဘူမိ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ အရိယဘူမိလို့ အဲဒီလို ဖိုလ်များကို အသီးသီး ဘူမိနဲ့ တပ်ပြီးတော့ ဟောထားတယ်။ အရိယဘူမိ။ ဘာပြောလိုတာလဲ။ ဆိုကြပါစို့။ အရိယမဂ်သို့ ရောက်ပြီးသော သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ပုဂ္ဂိုလ်တွေဟာ လူ့ပြည် လောကမှာ ဘယ်အာရုံ၊ ဘယ်ကာမဂုဏ်မှ ပျော်စရာ မရှိတော့ဘူး။ မရှိတော့ ဒီဘုံသုံးပါးထဲမှာ တွယ်စရာ မရှိတော့ သူတို့အဖို့ ဒီခန္ဓာကြီးအား မြန်မြန်ကြီး စွန့်ပစ်လိုက်ချင်တယ်။

ခန္ဓာကြီး ဇာတ်သိမ်း ငြိမ်းတော့မှာ သိတယ်။ ဆိုကြပါစို့။ ဒီ မိမိလက်ထဲမှာ ရှိနေတဲ့ ဒီ ပစ္စည်းတွေက ရေကြောက်ရတယ်၊ မီးကြောက်ရတယ်၊ မင်းကြောက်ရတယ်၊ ခိုးသူ ကြောက်ရတယ်၊ အမွေခံဆိုး ရန်သူမျိုး ငါးပါးကို ကြောက်နေရတဲ့ ဒီပစ္စည်းကြီးကို လုံးဝ စွန့်ပစ်လိုက်ရလို့ရှိယင် အကြွင်းမဲ့ ငြိမ်းတော့မှာမို့ ဒုက္ခတွေ အကုန် ငြိမ်းမယ်ဆိုတာ သူတို့က သိတယ်။ မြန်မြန်ကို စွန့်ပစ်ချင်တယ်။ စွန့်ပစ်ရအောင် အသက်တမ်း မပြည့်ခင်၊ မသေခင်ကြားထဲမှာ သေပြလိုက်ပါတော့လား ဆိုတော့ အရိယာဆိုတာ အဲဒီလိုလည်း လုပ်ရိုးထုံးစံ မရှိဘူး။ မရှိတော့ လောကကြီးထဲမှာ သူတို့ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်စရာ မရှိ၊ မရှိတော့ ဘာလုပ်ရမလဲ။

သောတာပန် ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ် ဝင်စားရတယ်။
သကဒါဂါမ် ပုဂ္ဂိုလ်က သကဒါဂါမိဖိုလ် ဝင်စားရတယ်။
အနာဂါမ် ပုဂ္ဂိုလ်က အနာဂါမိဖိုလ် ဝင်စားရတယ်။
ရဟန္တာ ပုဂ္ဂိုလ်က အရဟတ္တဖိုလ် ဝင်စားရတယ်။

သောတာပန် ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ် ဝင်စားချင်တယ်။ မိမိ မိမိတို့၏ ဖိုလ်ကို အရိယာ ပုဂ္ဂိုလ်တို့ ဝင်စားချင်တယ်။ ဝင်စားချင်ပေမယ့် မိမိ ဟဒယဝတ္ထု ပေါ်မှာ ဖိုလ်စိတ်တွေဖြစ်လာတာ မဟုတ်ဘူးတဲ့။ ဝင်စားချင်ယင် အဲဒီ ကိုယ့်ဟဒယ ဝတ္ထုပေါ်မှာ ဖိုလ်စိတ်တွေ တစ်စိတ်ပြီး တစ်စိတ်၊ တစ်စိတ်ပြီး တစ်စိတ်ပေါ့လေ၊ တစ်နာရီ၊ နှစ်နာရီ၊ တစ်ရက်၊ နှစ်ရက် စသည် အစဉ်မပျက် ဖြစ်နေအောင် လုပ်တာကို၊ ဖြစ်နေတာကို ဖလသမာပတ် ဝင်စားတယ် ခေါ်တယ်။

ရဟန္တာများ၏ ဖလသမာပတ်ချမ်းသာ...
အဲဒီလို ဖိုလ်စိတ်ချည်းပဲ တခြားစိတ် မရောဘဲနဲ့ အစဉ်မပြတ် ဖြစ်နေအောင် အလုပ်လုပ်ရသေးတယ်။ ဘယ်လိုလုပ်ရတုံး။ သောတာပန်ပုဂ္ဂိုလ်က သောတာပတ္တိဖိုလ်သို့ ရောက်လိုတဲ့စိတ် နှလုံးသွင်း၊ သကဒါဂါမ် ပုဂ္ဂိုလ်က မိမိရဲ့ ဖိုလ်စိတ်တွေ မိမိဟဒယဝတ္ထုပေါ် မပြတ်ဖြစ်စေလိုတဲ့ နှလုံးသွင်း၊ အနာဂါမ်ပုဂ္ဂိုလ်က မိမိဖိုလ်ကို၊ ရဟန္တာပုဂ္ဂိုလ်က အရဟတ္တဖိုလ်ဆိုတဲ့ မိမိရဲ့ဖိုလ် ဟဒယဝတ္ထုပေါ်မှာ အစဉ်မပြတ် တစ်နာရီ၊ နှစ်နာရီ၊ တစ်ရက်၊ နှစ်ရက် စသည် ဖြစ်စေလိုတဲ့ တောင့်တချက် ရည်ရွယ်ချက် ရှေ့ထားပြီးတော့ ခန္ဓာငါးပါးကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှလုံးသွင်းရမယ်။

အဲဒီလို နှလုံးသွင်းတော့ ဘာဖြစ်သလဲ။ ရဟန္တာ ပုဂ္ဂိုလ်မှာ အထက်တက်ပြီး အလုပ်လုပ်စရာ မရှိပါဘူး။ ဒါပေမယ့် ပရိနိဗ္ဗာန်မစံခင် ကြားကာလ ဖလသမာပတ် ဝင်စားဖို့ရန် ဒိဋ္ဌဓမ္မသုခဝိဟာရ... တဲ့၊ မျက်မှောက်ဘဝ၊ ရှိနေတဲ့ ပစ္စုပ္ပန်ဘဝမှာ ချမ်းချမ်းသာသာ နေဖို့ရန် အတွက် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပါတယ်။ စီးဖြန်းတော ဘယ်ရောက်သွားလဲ၊ ဖလသမာပတ် ရောက်တယ်။

အဲဒီ ဖလသမာပတ်ရောက်ယင် ဒိဋ္ဌဓမ္မသုခဝိဟာရ ဖြစ်ပါတယ်။ အဲဒါကြောင့် ရဟန္တာဖြစ်ပြီးလည်း ဘယ်တရား နှလုံးသွင်းရမလဲ။ ဟာ... ခန္တာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ နှလုံးသွင်းရမယ်။ နှလုံးသွင်းလို့ ဘာအကျိုးထူးရမလဲ။ အရဟတ္တဖလသမာပတ်ရောက်၍ မျက်မှောက်ဘဝ၌ ချမ်းချမ်းသာသာ နေရခြင်းအကျိုး ရှိပါတယ်တဲ့။

ဒိဋ္ဌဓမ္မသုခဝိဟာရာဃ စေဝ သံဝတ္တန္တိ သတိ သမ္ပဇညာယ စာတိ။
လို့ သတိသမ္ပဇဉ်လည်းပဲ ကောင်းတယ်တဲ့နော်။ ဒီသုတ်ကို ဘုန်းကြီးတို့ စာထဲက သီလဝန္တသုတ်လို့ ခေါ်တယ်။* အဲဒီ သီလဝန္တသုတ်ကပါတဲ့ သဘောကို ပြန်ပြီး စဉ်းစားကြည့်။ ဘုန်းကြီးတို့ အလျင်တစ်ပတ်က တုန်းကလေ- အင်း…..ခန္ဓာငါးပါးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့ နှလုံးသွင်းခိုင်းလိုက်တယ်။ ဒီတော့တရားပွဲရဲ့ အလယ်ပိုင်းမှာ “မဇ္စျေ မဂ္ဂံ ဝိဘာဝယေ” အရ မဂ်ဖိုလ် နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အရိယအဋ္ဌင်္ဂိကမဂ်ဆိုတာ အဲဒီလို ဝိပဿနာအလုပ် လုပ်နေယင် အဲဒီမှာ ရှိတဲ့ အသိဉာဏ်သည် သမ္မာဒိဋ္ဌိ၊ အဲဒီ ဝိပဿနာအလုပ်နဲ့ ပတ်သက်တဲ့ အကြံအစည်သည် သမာသင်္ကပ္ပ၊ အဲဒီ ဝိပဿနာအလုပ်နဲ့ ပတ်သက်ပြီး ပြောကြ ဆိုကြ= သမ္မာဝါစာ၊ ပြုသမျှ သမ္မာကမ္မန္တ၊ ဝိပဿနာဉာဏ်ကို အရင်းပြုပြီးတော့ အသက်မွေးမှုလုပ်ယင် သမ္မာအာဇီဝ၊ လုံ့လကြိုးကုတ် အားထုတ်ခြင်းက သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဆိုတဲ့ အဋ္ဌင်္ဂမဂ်တွေ အလဲလိုက် အလှယ်လိုက်ဖြစ်တာ။ ဒါ မဂ္ဂ၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက် မြတ်သောပဋိပတ်လမ်းစဉ် ဖြစ်တယ်... တဲ့။

ဖြစ်တဲ့အတိုင်း ဘုန်းကြီးထပ်ပြီးတော့ “မဇ္စျေ မဂ္ဂံ ဝိဘာဝယေ” အရ ဒီခန္ဓာကမ္မဋ္ဌာန်းသည် လောကုတ္တရာ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်သို့ ဖြောင့်ဖြောင့် သွားနိုင်ကြောင်း အရှင်မဟာကောဋ္ဌိကက မေးလို့ အရှင်သာရိပုတ္တရာက ရှင်းရှင်းလင်းလင်း ဟောကြား ထားတော်မူတဲ့အကြောင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လုပ်အားရှိအောင်ပေါ့လေ၊ ဘုန်းကြီးညွှန်ပြ၍ အားတက်စေပါတယ်။ အားတက်စေတဲ့အတိုင်းလည်းပဲ နှလုံးသွင်းကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဲဒီတော့ သုတ္တန်နှစ်ခု ပြီးသွားပြီ။ ဘုန်းကြီးဟောတာ ဟော-အခုပြောတာ သီလဝန္တသုတ္တန်၊ စောစောက ပြောတာ ဘာရဒွါဇသုတ္တန်၊ အဲဒီသုတ္တန်နှစ်ပါး ကြားနာရခြင်းက သမာဓိဘာဝနာ။ ပညာဘာဝနာ အနေနဲ့မို့ ကြေလဲသွားအောင်ပေါ့လေ။ ခန္ဓာငါးပါးကမ္မာဋ္ဌာန်းကို ဘုန်းကြီးတို့ စီးဖြန်းပြီး ပြီးလည်း ပြီးရော ဘုန်းကြီး နိဗ္ဗာန်ကို ဆုတောင်းပေးမယ် “ပရိယောသာနေ နိဗ္ဗာနံ” အရနော်။

အားလုံးလိုက်ပြီးတော့ ငါးပုဒ်ဆိုကြရအောင်။ မိမိရဲ့ အသံကို မိမိဉာဏ်က လိုက်ပြီးတော့ နှလုံးသွင်းကြပါဘိ။

ခန္ဓာငါးပါး သံဝေဂ ဓမ္မလင်္ကာများ...
ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊မတည်ထဘဲ။ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တ ပါတကား။

[ အားလုံး လိုက်ဆိုကြပါသည်။ ]

ဝေဒနာမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား။

သညာတွင်မည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား။

သင်္ခါရမည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား။

ဝိညာဏ်ခြောက်မည်၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား။

[ ဟောစဉ် တရားတော်များ (ပထမတွဲ) စာမျက်နှာ ၁၀၉-တွင် ဆပဉ္ဖကဓမ္မဝိပဿနာကိုပွားများပုံ ဓမ္မလင်္ကာများဖြင့် ရှင်းလင်း ဟောခဲ့ပြီ။]

ဟောဒါ ခန္ဓာကမ္မဋ္ဌာန်းကို ဘုန်းကြီးတို့ မြန်မာလို ပီပီသသ စီးဖြန်းတာဟာ ကိုယ်တော့်ဟာ ဒီ-တယ်လွယ်ပါလား၊ နောက်ကဟာက ဘာမှမထူးဘူး၊ ဘုန်းကြီးတို့ ပါဠိမှာလည်း မထူးဘူး။ ဘာလဲဆိုယင် ရူပံ-အဲဒါလေးပဲ၊ ဝေဒနာ-သညာ-သင်္ခါရာ-ဝိညာဏ၊ ဒီရှေ့ ခေါင်းကလေး ငါးပုဒ်ပဲ ထူးတယ်။

ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ။
ဝေဒနာ အနိစ္စာ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ။
သညာ အနိစ္စာ ဒုက္ခံ အနတ္တာ၊ နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ။
သင်္ခါရာ အနိစ္စာ ဒုက္ခာ အနတ္တာ၊ နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ။
ဝိညာဏံ အနိစ္စံ ဒုက္ခံ အနတ္တံ၊ နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ။

ဘုန်းကြီးတို့ ပါဠိနယ်ပယ်မှာကိုပဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ နေတံ မမ၊ နေသောဟ မသ္မိ၊ န မေသော အတ္တာ ချည်းပဲ နောက်ကသိမ်းရတယ်။ အဲဒါကြောင့် ဟော-မြန်မာဘာသာမှာလည်းပဲပေါ့လေ။ အင်း... “မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏” ဒီလိုပျက်သောကြောင့် အနိစ္စလို့ ပြောချင်တာ။ “ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏” ဒီလို ဆင်းရဲသောကြောင့် ဒုက္ခ(ကို) သဘောကျအောင် ဖြိုပေးတာ။ “ခိုင်မြဲကျောမာ၊ နှစ်မပါဘူး” ခိုင်ပါတယ်၊ မာကျောတယ်ဆိုတဲ့ အနှစ်သာရ၊ ခိုင်တယ်ဆိုတဲ့ အနှစ်သာရ၊ မြဲတယ်ဆိုတဲ့ အနှစ်သာရ၊ မာကျောတယ်ဆိုတဲ့ အနှစ်သာရ ဘိတ်မရှိလို့ အနတ္တပဲလို့ အဲဒီလို သဘောကျအောင် ရှေ့က ဖြိုပြီးတော့ ပေးထားတာ၊ အဲဒီ ငါးပုဒ်ကိုပေါ့လေ၊ နှလုံးသွင်းထားကြပါ။ ဒီငါးပုဒ်ရယင် အင်မတန်လွယ်တယ်။

အာယတန ၁၂-ပါး ဓမ္မသံ ဝေဂ လင်္ကာများ....
ကိုယ်တော်…. ၊ ဉာဏ်အလယ်အလတ် ပုဂ္ဂိုလ်မို့လို့ အာယတန ကမ္မဋ္ဌာန်း စီးဖြန်းချင်ယင် လွယ်သားပဲ။ မျက်စိရယ်၊ နားရယ်၊ နှာရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ စိတ်ရယ် ဆိုတဲ့ အတွင်း အာယတန ခြောက်ပါးရှိတယ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ် ဆိုတာ၊ ဒါတွေဟာ ရုပ်တရားတွေ။ အကြည်ရုပ်တွေ၊ စိတ်ဆိုတာက ဝိညာဏ်= နာမ်တရား။

ပြီးတော့ အပြင် အာယတန အနေနဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့၊ အထိ၊ ဓမ္မ လို့ခေါ်တဲ့ ရုပ်နာမ်တရားတွေ။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ ဆိုတဲ့ အာရုံခြောက်ပါး၊ ဆိုကြပါစို့။
အဲဒီလို အတွင်းအာယတန ခြောက်ပါး၊ အပြင် အာယတနခြောက်ပါး ဒီ တစ်ဆယ့်နှစ်ပါးနဲ့ နှလုံးသွင်းယင်လည်း အင်မတန်လွယ်တယ်။ ဒီအပိုဒ်ကို ရထားယင်။ ဘယ့်နှယ်လဲ၊ ခေါင်းကလေး တပ်ပေးလိုက်။

မျက်စိတွင်မည်၊ ရုပ်အကြည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
နားဟုတွင်မည်၊ ရုပ်အကြည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
နှာခေါင်းတွင်မည်၊ ရုပ်အကြည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
လျှာဟုတွင်မည်၊ ရုပ်အကြည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
ကိုယ်ဟုတွင်မည်၊ ရုပ်အကြည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
မနောတွင်မည်၊ ရုပ်အကြည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…
ခဏဖြစ်လျက်၊ ခဏပျက်၏။
ဟိုကျတော့ လျှာကတစ်ခါတည်း တောက်လျှောက်သွားလိမ့်မယ်။ ဒါ အဇ္ဈတ္တိကာယတနခြောက်ပါးပြီးရော။

တစ်ခါအပြင်အာယတနဗဟိဒ္ဓ- အပြင် အာယတနခြောက်ပါး။ ရူပါယတန၊ သဒ္ဓါယတန၊ ဂန္ဓာယတန၊ ရသာယတန၊ ဖောဋ္ဌဗ္ဗာယတန၊ ဓမ္မာယတန ဆိုတဲ့ ဒီ-ပါဋ္ဌိလို ခေါ်တဲ့ ဒီခြောက်ပါးသော အပြင် အာယတနတွေအတွက် ဘုန်းကြီးတို့ မြန်မာလိုဆိုလို့ရှိယင်- အဆင်းရယ်၊ အသံရယ်၊ အနံ့ရယ်၊ အရသာရယ်၊ အတွေ့အထိရယ်၊ ပြီးတော့ ဓမ္မသဘော ရုပ်နာမ်တရားပါပဲ။

အဲဒီ ခြောက်မျိုးကိုလည်းပဲ-
အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…..
အသံတွင်မည်၊ ရုပ်ထိုဤလည်း….
အနံ့တွင်မည်၊ ရုပ်ထိုဤလည်း….
အရသာတွင်မည်၊ ရုပ်ထိုဤလည်း….
အတွေ့တွင်မည်၊ ရုပ်ထိုဤလည်း….
ဓမ္မတွင်မည်၊ ရုပ်နာမ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်၊ ဒုက္ခ အနတ္တပါတကား…လို့-
အဲဒီလို စီးဖြန်းရမယ်၊ “အဆင်းတွင်မည်၊ ရုပ်ထိုဤလည်း” ဒါက ဟော-ရူပဓာတ်။ ပြီးတော့-
စက္ခု၌မှီ၊ ဝိညာဏ်သည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ…သွားရော။ ဒါ စက္ခုဝိညာဏဓာတ်။ ပြီးရော။

ထို့အတူ ဒုတိယ သောတပဉ္ဇကထဲက ပထမသုံးပုဒ်၊ ဃာနပဉ္ဇကထဲက ပထမသုံးပုဒ်၊ ဇိဝှါပဉ္ဇကထဲက ပထမသုံးပုဒ်၊ ကာယပဥ္ဖကထဲက ပထမသုံးပုဒ်၊ မနောပဉ္ဇက ပထမသုံးပုဒ်ကို သုံးပုဒ်ဆီ ထုတ်နုတ်ပြီးတော့ ရွတ်ပွားပြီး ကြည့်ယင် အဲဒီပုဂ္ဂိုလ်ဟာ ဓာတ် တစ်ဆယ့်ရှစ်ပါး၊ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းနေတာလို့ ခေါ်ပါတယ်။ ကြိုက်သလို၊ နှစ်သက်သလို အားထုတ်နိုင်တယ်။ တော်လောက်ပြီ-တဲ့။

ဒေသနာနိဂုံး...
ဤသို့လျှင် သီလဝန္တသုတ္တန်၊ ဘာရဒွါဇသုတ္တန် နှစ်ပါးကို ကြားနာရခြင်း= ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံစေတနာ၊ သရဏဂုံသီလ ဆောက်တည်ရခြင်း= သီလမယ ကောင်းမှုကုသိုလ်ကံစေတနာ၊ မိမိတို့ ဉာဏ်အမြင် မီကြသမျှ ဤသီလဝန္တသုတ္တန်၌ လာရှိသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မမြဲသော အခြင်းအရာ၊ ဆင်းရဲတဲ့ အခြင်းအရာ၊ မစိုးမပိုင်တဲ့ အခြင်းအရာ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အခြင်းအရာတို့ကို ပညာဉာဏ်အားရှိသမျှ ပွားများကြိုးကုတ် အားထုတ်ရတဲ့ ဘာဝနာ ကောင်းမှု ကုသိုလ်ကံစေတနာ၊ ဓမ္မပူဇာ ဖြစ်စိမ့်သောငှာ ဓမ္မဓရဖြစ်သော အရှင်မြတ်အား လေးရပ်သော ပစ္စည်းတို့ကို သဒ္ဓါပြဋ္ဌာန်း လှူဒါန်းရခြင်းတည်းဟူသော ဓမ္မပူဇာမင်္ဂလာ ကောင်းမှု ကုသိုလ်စေတနာ၊ ဤသို့ စသည်များမြတ် ပေါင်းအပ်တဲ့ ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် သီလဝန္တသုတ္တန်၌ လာရှိသည့်အတိုင်း ခန္ဓာငါးပါးတို့၏ အနိစ္စ အခြင်းအရာ။ ဒုက္ခ အခြင်းအရာ၊ အနတ္တ အခြင်းအရာတို့ကို အသင့်အာဖြင့် နှလုံးသွင်း ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

အသင့်အားဖြင့် နှလုံးသွင်း ပွားများကြိုးကုတ်အားထုတ်ကြသဖြင့် ပုထုဇဉ် သီလဝန္တပုဂ္ဂိုလ်၏ အဖြစ်မှသည် သောတာပန်ပုဂ္ဂိုလ်၏အဖြစ်သို့ လည်းကောင်း၊ သောတာပန်ပုဂ္ဂိုလ်၏ အဖြစ်မှသည် သကဒါဂါမ်ပုဂ္ဂိုလ်၏ အဖြစ်သို့ လည်းကောင်း၊ သကဒါဂါမ်ပုဂ္ဂိုလ်၏ အဖြစ်မှသည် အနာဂါမ်ပုဂ္ဂိုလ်၏ အဖြစ်သို့ လည်းကောင်း၊ အနာဂါမ်ပုဂ္ဂိုလ်၏ အဖြစ်မှသည် အရဟတ္တဖိုလ်၌ တည်သော ရဟန္တာသခင် အရှင်မြတ်၏ အဖြစ်သို့ လည်းကောင်း၊ အစဉ်သဖြင့် ဆိုက်ရောက်နိုင်ကြပါစေကုန် သတည်း။ အရဟတ္တဖိုလ် ပေါက်ဆိုက်ရောက်ရသော ရဟန္တာအဖြစ် ရောက်ရှိကြရသော ထိုနောက်ဆုံးဘဝဝယ် ပရိနိဗ္ဗာန်စုတိ၏ အခြားမဲ့ နောက်ကာလ၌ တစ်စုံတစ်ခုသော ဘဝ၊ ဂတိ၊ ယောနိ၊ ဝိညာဏဋ္ဌိတိမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခ သစ္စာတရားတို့ တစ်ဖန်မဖြစ်သော ချုပ်ခြင်း ငြိမ်းခြင်း၊ အနုပ္ပါဒနိရောဓ အနုပါဒါပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ကိုယ်စီ စံရစေကုန် သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ်တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာမီးတောက် မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း။


သာဓု... သာဓု... သာဓု...
ဘာရဒွါဇသုတ္တန်တရားတော် ပြီးပြီ။

0 comments:

Post a Comment