Tuesday, July 12, 2011

သုမနာသုတ္တန် တရားတော်


၁၁.၂၂.၁၉၈၇


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ



သုမနာသုတ္တန် တရားတော်

ကောဇာသက္ကရာဇ် ၁၃၄၉-ခု၊ သာသနာ၂၅၃၁-ခုနှစ်၊ နတ်တော်လဆန်း ၂-ရက်နေ့၊ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာ ဦးသန်းအောင်-ဒေါ်ခင်နွဲ့ထွန်းမိသားစုတို့က မွှေးနေ့မင်္ဂလာ အလှူအဖြစ် သံဃာတော်အရှင်မြတ်တို့နှင့်တကွ ကလျာဏမိတ် ပရိသတ်တို့အား ဆွမ်း ခဲဖွယ် ဘောဇဉ် ကျွေးမွေးလှူဒါန်းခြင်း၊ နဝကမ္မ သံဃာ့ပူဇာ လှူဒါန်းခြင်းဆိုတဲ့ ကောင်းမှုကုသိုလ် သဘင်ပွဲနှင့် ပတ်သက်ပြီးတော့ သုမနာသုတ္တန်ဆိုတဲ့ သုတ္တန်တစ်ခု နာယူမှတ်သား ဗဟုသုတပွားရအောင်…။

ဗန္ဓုမ မင်းကြီး၏ ဗုဒ္ဓ ဓမ္မ သံဃ မစ္ဆရိယဖြစ်ပုံ...
လွန်ခဲ့သော ၉၁- ကပ္ပါထက် ဝိပဿီမြတ်စွာ သာသနာပွင့်ထွန်းတဲ့အချိန်မှာ ဝိပဿီဘုရား အမှူးပြုတဲ့ သံဃာတော်များကို ခမည်းတော် ဗန္ဓုမမင်းတရားက” ဝိပဿီဘုရားဆိုတာဟာ ငါ့ရဲ့ သားတော် ဝိပဿီမင်းသားတောထွက်၊ ရဟန်းပြု၊ ဒုက္ကရစရိယာကျင့်လို့ ဖြစ်လာတဲ့၊ ပွင့်လာတဲ့ဘုရား၊ ငါ့သားဘုရားမို့လို့ငါ့ဘုရား၊ ငါ့သားဖြစ်တဲ့ ဝိပဿီမြတ်စွာဘုရားမို့လို့တရားလည်း ငါ့တရား၊ ငါ့သားဖြစ်တဲ့ ဝိပဿီမြတ်စွာဘုရားရဲ့ တပည့်သာဝက သံဃာမို့လို့ သံဃာလည်းငါ့သံဃာ” လို့ သူကဘုရားရယ်၊ တရားရယ်၊ သံဃာရယ် ဒီရတနာသုံးပါးအပေါ်မှာ တော်တော်ပဲ မရက်မစက် မြတ်နိုးတနာရှိပြီးတော့ ဒီဘုရားနှင့်တကွ သံဃာများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ထိုင်ရေးအားလုံး ငါ့တာဝန်ရှိတယ်။

အဲဒီလို စဉ်းစားမိပြီးတော့ ဘုရားနှင့်တကွ သံဃာတော်များနေဖို့ ကျောင်းလည်းပဲ ဗန္ဓုမမင်းကပဲ ဆောက်ပေး၊ တစ်ဖန် နေ့စဉ် နေ့စဉ်လည်းပဲ ဘုရားအမှူးရှိတဲ့ သံဃာကို ဗန္ဓုမမင်းကြီးက နန်းတော်မှာပဲ ပင့်ပြီးတော့ ဆွမ်းပန်း ဆက်ကပ်၊ အို-ကျောင်းကဆင်းယင် နန်းတော်ရောက်၊ နန်းတော်ကလာယင်လည်းပဲ ကျောင်းတော်ရောက်၊ တိုင်းသူပြည်သားတွေဟာ ဘယ်သူမှ ဘာမျှ မပေးရ၊ မလှူရ၊ မတန်းရတော့ ရက်ပေါင်း၊ လပေါင်းတော်တော်လေး ညောင်းလာတယ်ဆိုလျှင် လှုပ်ရှားလာတယ်။

“ဘာလဲကွာ- ဗန္ဓုမမင်းတရားသာ ငရဲမီးပူတာမဟုတ်ဘူး၊ တို့လည်းပဲ ပူတာပဲ။ သူ ငရဲမီး ငြိမ်းချင်လွတ်ချင်သလို တို့လည်းပဲ လွတ်ချင်တာပဲ၊ ဒီတော့ကိုဘုရားအမှူးရှိတဲ့ သံဃာကို ပြုစုဖို့ရန် ငါတို့အရေးဆိုမယ်” ဆိုတဲ့အနေနဲ့ လူတွေဟာ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။

ခေါင်းဆောင်ရှိမှ အောင်မြင်မှုရ...
ဒီအတွင်းမှာ ဆင်ခြင်တတ်တဲ့ အမျိုးကောင်းသားတစ်ယောက်က- အနာယကာ ဝိနာဿန္တိ-တဲ့။


မိတ်ဆွေတို့...
အနာယကာ= ရှေ့သွားခေါင်းဆောင်မရှိတဲ့ ပုဂ္ဂိုလ်များသည်။
ဝိနဿန္တိ= ပျက်စီးတတ်ကုန်၏။
“ရှေ့က ခေါင်းဆောင်နာယကရှိမှ အလုပ်ဆိုတာ အောင်မြင်တာ၊ သည်တော့ တို့ရှေ့က ခေါင်းဆောင်နာယကတစ်ဦး ရွေးရအောင်” လို့ အားလုံး တိုင်ပင်ညှိနှိုင်းတဲ့အခါ ကျတော့ စစ်သေနာပတိကို မြင်ကြတယ်။ ဒါနဲ့ ဒီလူကြီးတွေ စစ်သေနာပတိထံ သွား။
“ကျွန်တော်တို့ရှေ့က မားမားမတ်မတ်ရပ်ပြီး ဝိပဿီဘုရားအမှူးပြုတဲ့ သံဃာကို ကျွန်တော်တို့ တိုင်းသူပြည်သား လူအများပါ ပြုစုခွင့်ရအောင် အရေးဆိုပေးပါ”

အဲဒီလိုဆိုတဲ့အခါ စစ်သေနာပတိပြုလုပ်တဲ့ ပုဂ္ဂိုလ်က...
“ကျွန်တော်လည်းအရေးဆိုချင်နေတာပဲ၊ ကျွန်တော်လည်း မလှူရ၊ မတန်းရဘူး၊ ကျွန်တော်လည်း လှူချင်တယ်၊ ဒီတော့ ကျွန်တော် ရှေ့ကနေပြီးတော့ ခေါင်းဆောင်နာယကအဖြစ်နဲ့ အရေးဆိုပေးပါ့မယ်၊ အောင်လာလို့ရှိယင် ပထမနေ့ ကျွန်တော် ဘုရားအမှူးရှိတဲ့သံဃာကို ပြုစုပါရစေ” လို့ အဲဒီလိုပြောတယ်။ အားလုံး သဘောတူပြီးတော့ စစ်သေနာပတိကိုရှေ့ကထား၊ တိုင်းသူပြည်သားတွေ ဗန္ဓုမမင်းတရားရဲ့ နန်းတော်မြေကွက်လပ်ထဲမှာ အကုန်သွားပြီးတော့ လူတွေစုကြ၊ စစ်သေနာပတိကအားလုံး လူတွေကို နန်းတော်ရင်ပြင်မှာ ထားခဲ့ပြီးတော့ သူတစ်ယောက်တည်း ဗန္ဓုမမင်းတရားက-

“ စစ်သေနာပတိ၊ လူတွေဘာလဲ အုံးအုံးကျက်ကျက်နဲ့”
“သူတို့ကဘုရားအမှုးရှိတဲ့သံဃာကို သူတို့လည်းပြုစုချင်လို့ အရေးဆိုဖို့ လာတာပါပဲ”
“ မပေးနိုင်ဘူး” လို့ပထမငြင်း။
“မပေးလို့မဖြစ်ပါဘူး အရင်ဘုရား၊ ပေးမှဖြစ်မှာ”
“မပေးလို့ပြော မရလို့ရှိယင် စစ်တပ်နဲ့နှိမ်မှာပေါ့”
စစ်တပ်နဲ့နှိမ်လို့မဖြစ်ဘူး၊ “ကျွန်တော်မျိုးကိုယ်တိုင်က တိုင်းသူပြည်သားတွေရှေ့က ဒီကိစ္စမှာ အရေးဆိုနေတာ”

စစ်သူကြီး ဆွမ်းကျွေးပွဲ...
ပြောဆိုတဲ့အရေး အောင်လာတော့ မူလ ကတိကဝတ်အတိုင်း နက်ဖြန်ခါ ဘုရားအမှုးရှိတဲ့ သံဃာကိုစစ်သေနာပတိအိမ်မှာ ပထမဆုံးဝတ်ကြီးဝတ်ငယ် ပြုစုဒါန်းခွင့်ရ၊ စစ်သေနာပတိ သူအိမ်ကနေပြီး ကျောင်းအရောက် စစ်ဗိုလ်စစ်သားတွေ အစောင့်ချထား သူတို့ကို ပြောထားတာကလည်း...

အဇ္ဇ ယထာ အညော ကောစိ ဧကဘိက္ခမ္ပိ န ဒေတိ၊ ဧဝံ ရက္ခထ။
“ရဲဘော်တို့၊ ငါမှတစ်ပါး အခြားလူတစ်ဦးတစ်ယောက် ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် မင်းတို့စောင့်ရှောက်ရမယ်” သူအမိန့်က ဒီလိုပေးထားတယ်။

အဲဒိနေ့ညနှေ ဗန္ဓုမတီမင်းနေပြည်က ကွယ်လွန်သွားတဲ့ သဋ္ဌေးကြိးရဲ့ သမီးလေးက ဂဂါင်္မြစ်ဆိပ်က နေပြီးတော့ အဖော်အမျိုးသမီးတွေနဲ့ မိမိအိမ်ကိုပြန်လာတဲ့အခါ အိမ်ကသေဋ္ဌေးကြီးက သည်းစွာငိုကြွေးတယ်။
“အမေဘာပြုလို့ငိုတာလဲ”
“င့ါသမီး၊ ငါ့သမီးရဲ့အဖေမရှိလို့၊ ငါ့သမီးရဲ့အဖေရှိယင်နက်ဖြန် ဘုရားအမှူးပြုတဲ့ သံဃာတို့ကို အရင်လှူရမှာ၊ အခုတော့ သမီးအဖေမရှိတော့ ဘယ်ရက်ကပ်လှူရမယ် မသိဘူး၊ ဒါကြောင့်အမေငိုတာပါ” ဆိုတော့ သမီးလေးကဘာပြောလဲဆိုတော့-

အမ္မ မာ စိန္တယိ= “အမေ ဘာမှတွေးပြီးတော့ စိတ်ထဲမပူပါနဲ့”
အဟံ တထာ ကရိဿာမိ၊
ယထာ ဗုဒ္ဓပ္ပမုခေါ သံဃော အမှာကံ ပဌမံ ဘိက္ခံ ဘုဥ္ဇိဿတိ။

( အံ၊ ဋ္ဌ၊ ၃။ ၁၃။ )


“ဘုရား အမှူးရှိတဲ့ သံဃာ သမီးတို့ရဲ့ဆွမ်းကို အရင်ဆုံး ဘုန်းပေးအောင် သမီး စီမံပါမယ်”

အဲဒိလိုပြောပြီးတော့ မိမိရဲ့အဖော်ဖြစ်တဲ့ အမျိုးသမီးများကို ဗန္ဓုမတီ မင်းနေပြည်က ဈေးတွေအကုန်လွတ်ပြီးတော့ မြတ်လေးပန်းတွေ အကုန်လုံး အဝယ်ခိုင်းတယ်။ အဲဒီမြတ်လေးပန်းတွေ ဈေးတွေက အကုန်လုံး ညထမင်း စားပြီးပေါ့ ဆိုကတည်းကိုက သေဌေးသမီးနှင့်တကွ အမျိုးသမီးတွေဟာ မြတ်လေးပန်းကုံး တစ်ကုံးပြီးတစ်ကုံး၊ တစ်ကုံးပြီးတစ်ကုံး သူတို့ကုံးကြ၊ သန်းခေါင်ကျော်တော့ ရေမရောတဲ့ နို့ ဃနာဆွမ်းချက်၊ နေသားတကျ ဖြစ်ပြီးဆိုတော့မှ အဲဒီနို့ ဃနာဆွမ်းကို တစ်သိန်းတန်တဲ့ ရွှေခွက်ထဲထည့်၊ အပေါ်ကအဖုံးအုပ်၊ ကတ္တီပါကြိုးနဲ့ တုပ်ပြီးတော့ ဒီအပေါ်က မြတ်လေးပန်းကုံးတွေ အထပ်ထပ်ရစ်ပတ်၊ ဖြုန်းခနဲကြည့်လိုက်ယင် မြတ်လေးပန်းလုံးကြီးပဲ။ အဲဒီလို ထင်အောင်မြင်အောင် မြတ်လေးပန်းကုံးတွေ အထပ်ထပ်အုံပြီးတော့ အချိန်ကျပြီ ပြောပါတော့။ ငါးနာရီ ကျောင်းကတုံးမောင်းခေါက်တဲ့ အခါကျတော့ သူဌေးသမီးလေးက သူကိုယ်တိုင်ပဲ မြတ်လေးပန်းလုံးကြီးရွက်၊ ဘုရားအမှူးရှိတဲ့ သံဃာ ကြွလာမယ့် လမ်းကိုသွား လမ်းခင်းမယ်ကြံတော့ အဲဒိမှာနေတဲ့ စစ်ဗိုလ် စစ်သားက-

အမ္မ မာ ဣတော အာဂမာ။ “ သမီး၊ ဒီလမ်းက မသွားရဘူး "
အဲဒီလိုပြောတဲ့အခါ-


“ ဦးလေးတို့- ဦးကြီးတို့၊ ဘာပြုလို့ သမီးကို ဒီလမ်းက သွားခွင့်မပြုတာလဲ”
“စစ်သေနာပတိက သူမှတစ်ပါး အခြားလူတစ်ဦးတစ်ယောက် ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် မင်းတို့ စောင့်ရမယ်လို့ ပြောထားလို့ “ ဆိုတော့ ဒီသူဌေးသမီးလေးက ဘာပြောလဲ။
“ဦးကြီးတို့-ဦးလေးတို့၊ သမီးရဲ့လက်ထဲမှာ စားဖွယ် သောက်ဖွယ် ဘာများမြင်လို့တုံး" လို့ဆိုတော့-
“ မြတ်လေးပန်းလုံးပဲ ငါတို့မြင်တာပဲ “ ပြောတော့ဒီသူဌေးသမီးလေးက-
“ ဦးကြီးတို့-ဦးလေးတို့ရဲ့ စစ်သေနာကတိကြီးက ပန်းကလေးမှ ပူဇော်ခွင့်မပြုဘူးလား”

ဒီတော့ စစ်ဗိုလ် စစ်သားက-
“ တို့ကို စစ်သေနာပတိ အမိန့်ပေးထားတာက ခဲဖွယ်ဘောဇဉ် တစိုးတစိ မလှူနိုင်အောင် စောင့်ရမယ်ပြောတာ၊ အဲဒီ ပြောတဲ့အထဲမှာ ဆွမ်းမလှူနိင်အောင် စောင့်ရမယ်ပြောတာ၊ အဲဒီ ပြောတဲ့အထဲမှာ ပန်းမလှူနိုင်အောင် စောင့်ရမယ်ဆိုပြီး ပန်းမပါဘူး”

ဒီတော့ ပန်းကလေးမှ လှူဖို့ရန် ခွင့်မပေးဘူးလားဆိုတော့ စစ်ဗိုလ် စစ်သားတွေက-
ဒေတိ အမ္မ - “ပန်းလောက်တော့ကွယ် လှူဖို့ခွင့်ပေးတယ် သမီးလေး”
ဒီတော့ မင်းသမီးလေးက ငါ အောင်နိုင်ပြီ ဆိုပြီးတော့-

တေနဟိ အပေထ= ဒါဖြင့်ရင်လည်းပဲ ခဏဖယ်ပေးပါ၊ သမီး မြတ်လေးပန်းကုံး ဘုရားလှူချင်လို့ ဆိုပြီးတော့ ပြောပြောဆိုဆိုပဲ လမ်းထဲ ရောက်သွား၊ သူတို့ ပြောဆိုနေတုန်းပဲ ဝိပဿီဘုရား သံဃာတွေနဲ့ကြွလာ၊ သေဋ္ဌေးသမီးလေးက ဒူးတုပ်ပြီးတော့ မြတ်လေးပန်းလုံးကြီး မြှောက်ပြီးတော့-

မာလာဂုဠံ ဂဏှထ ဘဂဝါ။
“ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ မြတ်လေးပန်းကုံးကို အလှူခံတော်မူပါ”
အဲဒီလို လျှောက်တဲ့အခါ ဝိပဿီ မြတ်စွာဘုရားက ပင်ကိုပကတိ မံသစက္ခုခေါ်တဲ့ မျက်စိပေါ့၊ ပကတိမျက်စိနဲ့ပဲ မြတ်လေးပန်းကုံးကို ဖောက်ပြီးတော့ အထဲကရွှေခွက်ကြီးကို မြင်တယ်။ ဒီဘုရားအလောင်းကို ဝိပဿီလို့ နာမည်မှည့်တာကိုက သူက ထူးဆန်းတာက တစ်ယူဇနာအတွင်းမှာ အကုန်လုံး တံတိုင်းတွေ ဘာတွေ ခြားချင်ခြား၊ ဒါတွေအကုန်ဖောက်ပြီးတော့ ပကတိမျက်စိနဲ့ မြင်လို့ သူ့ကို ဝိပဿီလို့ နာမည်မှည့်ထားတာ။

အခု မြတ်လေးပန်းကုံးတွေ အထဲက ရွှေဖလားကို ပကတိ မျက်စိနဲ့ မြင်တာ ဖြစ်ပါတယ်။ အဘိညာဏ် မျက်စိနဲ့ မဟုတ်ဘူး။ အဲဒီမှာ မြတ်စွာဘုရားက ကိုယ်တော်ရဲ့ အနားကလိုက်ပါလာတဲ့ စစ်ဗိုလ်ကို-
“အဲဒီ မြတ်လေးပန်းကုံးကို ကပ္ပိယ အလှူခံလိုက်ပါ” ဆိုတော့ သေဋ္ဌေးသမီးလေးက စစ်ဗိုလ်ရဲ့ လက်ထဲ မြတ်လေးပန်းကုံးထည့်ပြီးတော့ ဆုတောင်းတယ်။

ဤမြတ်လေးပန်းကုံး လှူဒါန်းရတဲ့ ကောင်းမှုကြောင့် ဖြစ်လေရာရာ ဘဝ ဘဝမှာ ပင်ပင်ပန်းပန်း နွမ်းနွမ်းနယ်နယ် အသက်ရှင်တဲ့ကိုယ် မဖြစ်ပါရစေနဲ့၊ မပင်မပန်း မနွမ်းမနယ် ချမ်းချမ်းသာသာ ဘဝတိုင်း ဘဝတိုင်း ‘သုမနာ' ဆိုတဲ့အမည် ရှိရပါလို၏ ဆုသုံးကြိမ် တောင်းတယ်။

ဝိပဿီဘုရားကလည်းပဲ...
လမ်းမတ်တတ် ဆုကို “ဧဝံဟောတု” ဟု အကျဉ်းချုပ် ဆုပေးတယ်။

သေဌေးသမီးပြန်သွားပြီး ဘုရားအမှူးရှိတဲ့ သံဃာများ စစ်သေနာပတိအိမ်ရောက်လို့ အားလုံး နေသားတကျရှိတဲ့အခါ အိန္ဒိယ ထုံးတမ်းစဉ်လာအတိုင်း ပထမ ယာဂုကပ်၊ ယာဂုကပ်တော့ မြတ်စွာဘုရားက လက်မခံသေးဘူး၊ ခုနက စစ်ဗိုလ်ကို “လမ်းကနေပြီးတော ရေမရောတဲ့ နို့ဃနာဆွမ်း လှူလိုက်တယ်၊ ဒကာ ပါတယ်မဟုတ်လား၊ အဲဒါကပ်စမ်း” ဆိုတော့ အဲဒီတော့မှ စစ်ဗိုလ်က မြတ်လေးပန်းကုံး မဟုတ်ဘဲ ရေမရောတဲ့ နို့ဃနာဆွမ်းဆိုတာ သိတယ်။

မြတ်စွာဘုရားက အဲဒီလိုပြောတော့ စစ်သေနာပတိက-
နိသိန္နော ဘန္တေ ဘိက္ခု သံဃော။
“မြတ်စွာဘုရား၊ ရဟန်းသံဃာအားလုံး နေရာတကျ ဖြစ်ပါပြီ”

သံဃာက အဌသဌိသတ သဟဿ- ဆိုတော့ ရှစ်သန်းနဲ့ခြောက်သိန်းရှိတယ်၊ အဲဒီလို။ အဲဒီလိုများတဲ့ သံဃာတွေမို့လို့ သံဃာတွေအတွက် နေရာမကျသေးဘူးလို့ထင်ပြီးတော့ မြတ်စွာဘုရား လက်မခံတာဘဲ၊ သူကပ်တဲ့ ယာဂုကို လက်မခံတာဘဲ ဆိုပြီးတော့ သူကပြောတယ်။

နိသိန္နော ဘန္တေ ဘိက္ခု သံဃော။
“မြတ်စွာဘုရား၊ ရဟန်းသံဃာအားလုံး နေရာတကျ ရှိပါပြီ”

ဒီတော့ မြတ်စွာဘုရားက “လမ်းတုန်းက အမျိုးသမီးတစ်ယောက် လှူလိုက်တဲ့ နို့ဃနာဆွမ်း ပါတယ်မဟုတ်လား၊ သူက အယင်လှူတာ၊ သူ့ဟာကိုအားလုံး သံဃာတွေကို တစ်ဇွန်းစီထည့်ပေး” အဲဒီလို အမိန့်ရှိမှ စစ်ဗိုလ်လုပ်တဲ့သူကလည်း မြတ်လေးပန်းကုံးမဟုတ်၊ အထဲက ရွှေဖလားကို ဒီမှာမှ ကောင်းကောင်းကြီး ကြည့်ပြီးတော့ စစ်သေနာပတိကို မြတ်လေးပန်းကုံး ယူလာတဲ့ စစ်ဗိုလ်က-

သာမိ မာလာတိ မံ ဝတွာ မာတုဂါမော ဝဉ္စေသိ။ ( အံ၊ ဌ၊ ၃၊ ၁၄။ )

“အရှင်စစ်သေနာပတိ၊ အမျိုးသမီးဟာ တော်တော့်ကို လိမ္မာတဲ့ အမျိုးသမီးပဲ၊ မြတ်လေးပန်းကုံး ဆိုပြီးတော့ ကျွန်တော့်ကို တပတ်ရိုက် ပြောလိုက်တာ ဆွမ်းမှန်းမသိလို့ ယူခဲ့တယ်ပေါ့၊ အထဲက ရေမရောတဲ့ နို့ဃနာဆွမ်း မသိလို့ ယူခဲ့ပါတယ်” သူ့ အပြစ်လွတ်အောင်ပြောတယ်။

မြတ်စွာဘုရားက အဲဒီ ယာဂုကို တစ်ပါး တစ်ဇွန်းကျထည့်၊ ပထမ ထည့်ပေးလိုက် ဆိုလို့၊ တစ်ပါးတစ်ဇွန်းကျ ထည့်ပေးတဲ့အခါ အားလုံး သံဃာ ၈-သန်း ၆-သိန်း အာလုံးနှံ့တယ်။ ဘုရားရဲ့ တန်ခိုးကြောင့်။ အဲဒီက ပြီးတော့မှ စစ်သေနာပတိရဲ့ ယာဂုတို့၊ ခဲဖွယ်တို့၊ ဆွမ်းတို့ အစဉ်အတိုင်း ဆက်ကပ်ပြီးတဲ့အခါ အနုမောဒနာ တရားများ ဟောပြီးတော့ ဝိပဿီဘုရား ကျောင်းတော် ပြန်ကြွတယ်။

စစ်သူကြီးကတော်ဖြစ်...
ဒီတော့မှ စစ်သေနာပတိက အခုနက မြတ်လေးပန်းကုံးယူခဲ့တဲ့ စစ်ဗိုလ်ကို “ အဲဒီ မြတ်လေးပန်းကုံး ဆိုပြီးတော့ ရေမရောတဲ့ နို့ဃနာဆွမ်း လှူဒါန်းတဲ့ အမျိုးသမီးဟာ ဘယ်သူတုံးကွယ့် ရဲဘော်တို့" လို့ မေးတော့-
“အို--အရှင်စစ်သေနာပတိ၊ ဤဗန္ဓုမတီ မင်းနေပြည်က ကွယ်လွန်တဲ့ သေဌေးကြီးရဲ့ သမီးပေါ့၊ ကျွန်တော့်ကိုတောင် မြတ်လေးပန်းအိုး ဆိုပြီးတော့ တစ်ပတ်ရိုက်ထည့်လိုက်တာ ”
အဲဒီမှာ စစ်သေနာပတိက “ ရဲဘော် -တဲ့၊ ဒီလို အသိညာဏ်ပညာရှိတဲ့ အမျိုးသမီး အိမ်ထောင်ဦးစီး ဖြစ်ရလို့ရှိယင် ဒီအိမ်ထောင်ဦးစီး အမျိုးသားဟာ အပါယ်ဘေးလွတ်ပြီးတော့ နတ်ပြည်၊ လူ့ပြည် သုဂတိဘဝ သံသရာ ရောက်ဖို့ သေ ချာတယ်ကွယ့် ”
အဲဒီလို ပြောပြီးတော့ ဒီသေဌေးသမီးကို မိခင်သေဌေးကတော်ကြီးထံ ကျေကျေနပ်နပ်တောင်းပြီးတော့ စစ်သေနာပတိကတော် အဖြစ်နဲ့ ထိမ်းမြားတယ်။
ထို သေဌေးသမီးသည် စစ်သေနာပတိအိမ်က ရှိတဲ့စီးပွားဥစ္စာ၊ မိဘအိမ်က စီးပွားဥစ္စာ၊ နှစ်အိမ်က စီးပွားဥစ္စာကို မလစ်ဟင်းအောင် ထိန်းသိမ်းစောင့်ရှောက်၊ တစ်သက်လုံး ဒါန၊ သီလ ကောင်းမှုများ ပြုပြီးတော့ ထိုဘဝက စုတေ၊ နတ်ပြည်ရောက်၊ ရောက်တယ်ဆိုလို့ရှိယင် သူနေရတဲ့ ဗိမာန်မှာကောင်းကင်က မြတ်လေးပန်းတွေ မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်းကျ၊ အားလုံး နတ်ပြည်က။

အယံ အတ္တနာဝ အတ္တနော နာမံ ဂဟေတွာ အာဂတာ။
“ ဤနတ်သမီးဟာ သူ့နာမည်ကို မှည့်ပြီးလာတဲ့နတ်သမီးကိုး”
အဲဒီလိုပြောပြီး သူ့ကို သုမနာ နတ်သမီးလို့ ဒီလိုပဲ ခေါ်ကြတယ်။

ကောသလ မင်းကြီး သမီးဖြစ်...
နတ်သက်ကြွေ၊ လူ့ပြည်ရောက်လို့ သေဌေးသမီး ဖြစ်တဲ့ဘဝ မင်းသမီးလေးဖြစ်တဲ့ ဘဝမှာလည်းပဲ ထို့အတူပဲ။ သူရယ်လို့ မီးရှူးသန့်စင် ဖွားမြင်လိုက်တယ်ဆိုယင်ပဲ မြတ်လေးပန်းတွေ ကောင်းကင်ကနေပြီး မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်း တအံ့တဩပဲ အဲဒီလို မီးရှူးသန့်စင် ဖွားမြင်တယ်။ အားလုံးက ဖခင်ဖြစ်တဲ့ မင်း၊ ဖခင်ဖြစ်တဲ့ သေဌေးဟာ ငါ့သမီးဟာ အဓိကရ သူ့နာမည် သူမှည့်ပြီးတော့ လာတဲ့သမီးပဲ ဆိုပြီး သုမနာ သေဌေးသမီး၊ သုမနာ မင်းသမီး ဒီလိုပဲ နာမည်သုံးတာ။ ၉၁-ကမ္ဘာ အပါယ်လေးပါး မလားရောက်ဘဲ ဤဘုရား သာသနာကျတော့ ပေဿနဒီ ကောသလမင်းကြီးရဲ့ နန်းတော်မှာ လာပြီးတော့ မီးရှူးသန့်စင်ဖွားမြင်တယ်။


အဲဒီ သူငယ်မလေး ဖွားမြင်လိုက်တယ် ဆိုယင်ပဲ ကောသလမင်းကြီးရဲ့ နန်းတော်မှာ မြတ်လေးပန်းတွေ ကောင်းကင်က မိုးရွာချသလို ဖြိုးဖြိုးဖြုန်းဖြုန်း ကျလာလို့ သူ့ကို ကောသလမင်းကြီးက-
“ငါ့သမီး သူ့နာမည် သူမှည့်ပြီးလာတာ၊ ‘သုမနာ' လို့ အမည်တွင်စေ။ ငါ့သမီးသည် အဓိကရ သမီးဖြစ်တယ်။ တစ်ယောက်တည်း နေမှာမဟုတ်ဘူး၊ သူ့ရဲ့အဖော် ဖွားဘက်တော်များလည်းပဲ ပါလိမ့်မယ် ” ဆိုပြီးတော့-
“ဒီကနေ့ မီးရှူးသန့်စင် ဖွားမြင်တဲ့ သတို့သမီး ဘယ်လောက်ရှိတုံးဆိုတော့ အဲဒီမြို့တော်အတွင်းမှာပဲ ဒီကနေ့ မီးရှူးသန့်စင် ဖွားမြင်တဲ့ သတို့သမီးပေါင်း ငါးရာ။ ရှင်ဘုရင် ကောသလမင်းကြီးက ဒီသတို့သမီးငါးရာကို တော်ကောက်ပြီးတော့ အေး-ကိတ္တိမ မင်းသမီးများအနေနဲ့ မင်းသမီးရဲ့ အဆောင်အယောင်ဖြင့် အထိန်းတော်များ ပေးအပ်ပြီးတော့ တစ်လတစ်ကြိမ်၊ တစ်လတစ်ကြိမ် ငါ့သမီးလေး သုမနာနဲ့ ဒီသမီးတွေ ကိတ္တိမသမီးတွေ တွေ့ပေးရမယ်။ အဲဒီလို ဆိုပြီးတော့ တစ်ယောက်တစ်ယောက်ကို အထိန်းတော် တစ်ယောက်ကျစီပေးပြီး မင်းသမီးရဲ့ အဆောင်အယောင်ဖြင့် ကြီးပွားစေခဲ့တယ်။

ရထားအစီးငါးရာရ အမျိုးသမီးသုံးယောက်...
အသက် ခုနစ်နှစ်၊ ရှစ်နှစ် ဂေါရီအရွယ် ရောက်တဲ့အခါကျတော့ ငါ့သမီးတို့ အရွယ်ရောက်လာပြီ၊ ဒီလို သူတို့ကို အဆောင်အယောင် အခမ်းအနား ပေးသောအားဖြင့် ရထားအစီးငါးရာ သုမနာမင်းသမီးရယ်လို့ ခရီးထွက်ယင် ရထားအစီးငါးရာ၊ ဒီအပေါ် နောက်ကမင်းသမီးငါးရာ ပါတယ်။ အေး အဲဒီလိုနဲ့ခရီးထွက်၊ ဘုရားလက်ထက်တုန်းက အမျိုးသမီး နယ်ပယ်မှာ အခုလို အဆောင်အယောင် ရထား အစီးငါးရာရတဲ့ အမျိုးသမီးဟာ သုံးယောက်ရှိတယ်။ တစ်ယောက်က ဗိမ္ဗိသာရမင်းရဲ့သမီး စုန္ဒီမင်းသမီး၊ တစ်ယောက်က အခု ကောသလမင်းကြီးရဲ့ သမီး သုမနာမင်းသမီး၊ ဟိုတစ်ယောက်က မေဏ္ဍကသေဌေးရဲ့ မြေး ဓနဉ္စယသေဌေးရဲ့ သမီး၊ နောင်တစ်ချိန်မှာ ပုပ္ဖာရုံကျောင်းအမလို့ ထင်ရှားတဲ့ ဝိသာခါ။ အဲဒီတုန်းက ဘုရားလက်ထက်တုန်းက ဒီရထား အစီးငါးရာ အဆောင်အယောင်ပါတဲ့ အမျိုးသမီးဟာ သုံးဦးရှိတယ်။

ကောသလမင်းကြီးရဲ့ သမီးတော် ယခုပြောတဲ့ သုမနာ၊ ပြီးတော့ ဗိမ္ဗိသာရမင်းကြီးရဲ့ သမီးတော်စုန္ဒီ၊ ဓနဉ္စယ သေဌေးရဲ့ သမီး ဝိသာခါတို့ သုံးယောက်ပဲ ဒီလိုကြီးပြင်းလာကြတာ။ အဲဒီလို အဆောင်အယောင် ရတာ သုံးယောက်ပဲ။ ဒီလိုနေရာက သူတို့ ၉-နှစ်၊ ၁၀-နှစ် သမီး ရောက်တဲ့အခါ အနာထပိဏ်သေဌေးရဲ့ ဇေတဝန် ကျောင်းတော်ကို ဘုရားအမှူးရှိသော သံဃာအား လှူဖို့ရန် မြတ်စွာဘုရားကို ဟို.. ရာဇဂြိုဟ်က ပင့်ခဲ့ပြီးတော့ လမ်းမှာ တစ်ယူဇနာ တစ်ယူဇနာမှာ ခေတ္တ စံကျောင်းဆောင်တွေ ဆောက်ပြီးတော့ ဘုရားအမှူးရှိတဲ့ သံဃာဟာ ထို စံကျောင်းဆောင်တွေမှာ တည်းခိုပြီးတော့ ဇေတဝန်ကျောင်း အလှူခံဖို့ ကြွလာ။

နေ့စဉ် နေ့စဉ် မြင်းစေကျော်တွေနဲ့ သတင်းပို့ ၊ ဘယ်ရောက်ပြီ၊ ဘုရားအမှူးရှိတဲ့ သံဃာ ဘယ်ရောက်ပြီ။ အဲဒီလိုပို့လို့ နက်ဖြန် ဘုရားအမှူးရှိတဲ့ သံဃာ သာဝတ္ထိပြည် ရောက်တော့မယ်ဆိုတော့ အနာထပိဏ်သေဌေးက ပေဿနဒီ ကောသလမင်းကြီးထံ သွား၊ သမီးတော် သုမနာမင်းသမီးကို အဆောင်အယောင် မင်းသမီးငါးရာနဲ့ ဘုရားပင့်ဖို့ရာ အတွက် ခွင့်ပေးပါဆိုတော့ ကောသလမင်းကြီးကလည်း “သေဌေးကြိုက်သလိုပဲ စီမံပါ” ကျေကျေနပ်နပ်ပဲ ခွင့်ပေး။ အဲဒီမှာ သုမနာမင်းသမီး အမှူးပြုတဲ့ မင်းသမီး ငါးရာ၊ ပြီးတော့ သာဝတ္ထိပြည်တွင်းက သေဌေးသမီးငါးရာ၊ ပြီးတော့ သေဌေးကတော်ငါးရာ၊ အခြံအရံဖြစ်တဲ့ သေဌေးငါးရာ၊ အားလုံး ပရိသတ်နှစ်ထောင်နဲ့ သာဝတ္ထိပြည် နယ်စပ်က ဘုရားအမှူးရှိတဲ့ သံဃာ ကြွအလာကို သွားစောင့်။

နေ့အချိန်လောက်ရောက်တော့ သာဝတ္ထိပြည်နယ်စပ်ရောက်ပြီ။ လမ်းမတ်တတ် မြတ်စွာဘုရား ရောက်တယ်ဆိုယင် ဝတ်ပြုကြတော့ မတ်တတ်တရားဟောလို့ ထိုနှစ်ထောင်သော ပုဂ္ဂိုလ်များဟာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါက်ပြီးတော့ သောတာပန် အရိယာအဖြစ် ရောက်ကုန်ကြတယ်။ မြတ်စွာဘုရားသည် သားတော် သမီးတော် အရိယာနှစ်ထောင် ခြံရံပြီးတော့ ရဟန်းတော်ပေါင်း နှစ်သောင်းနဲ့ သာဝတ္ထိကိုရောက်တော့ ဇေတဝန်ကျောင်းကို အလှူခံတယ်။ ထိုအချိန်က စပြီးတော့ သုမနာ မင်းသမီးဟာ သောတာပန်အရိယာဖြစ်ပြီးတော့ မြတ်စွာဘုရားဟာ သူ့ရဲ့ဓမ္မခမည်းတော်၊ ကောသလမင်းကြီးသည် လောက ဖခမည်းတော်၊ သည်အနေနဲ့ ကျောင်းတော် မပြတ် မပြတ် သွားတယ်။

ဒါနပြုတဲ့ရဟန်းနှင့် မပြုတဲ့ရဟန်း...
အဲဒီလို နေရင်းထိုင်ရင်းနဲ့ တစ်နေ့ အကြောင်းထူးတစ်ခု ဖြစ်လာတယ်။ ဘယ်လိုလဲဆိုတော့ သူကလည်းပဲ အတိတ်က အကြောင်းနဲ့ လာခဲ့တယ်။ ကဿပမြတ်စွာဘုရားသာသနာမှာ သူငယ်ချင်းရဟန်းနှစ်ပါး ရှိကြတယ်။ တစ်ပါးက သာရဏီယဒါနဝတ် ဖြည့်ကျင့်တယ်။ တစ်ပါးက ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်တယ်။

သာရဏီယဒါနဝတ် ဆိုတာဟာ အရုဏ်တက်တယ်ဆိုယင် မြို့ထဲ ရွာထဲ တစ်ပါးတည်းဆွမ်းခံ၊ အဲဒီ သပိတ်ထဲမှာ ဆွမ်းပြည့်ပြည့်စုံစုံ ရတယ်ဆိုယင်၊ ကျောင်းပြန်၊ သံဃာ့ထေရ်ကြီးက စပြီးတော့ ဆွမ်းအလှူခံပါ ဘုရား၊ အဲဒီလို မိမိရတဲ့ ဆွမ်းကို အဲဒီလို သီတင်းသုံးဖော်တို့အား လှူပြီးတော့ ဒီ ဝိနည်းသဘောက၊ သာသနာသဘောက ရဟန်းတော်အဖြစ်နဲ့ အဲဒီဆွမ်းကို ပင်ပန်းကြီးစွာခံပြီးတော့ လှူတဲ့ပုဂ္ဂိုလ်ဟာ သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ပုဂ္ဂိုလ်၊ အားလုံးသိရတယ်။

သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိယင် သူက လှူသော်လည်းပဲ အကုန်လုံး အလှူမခံရဘူး၊ နှစ်လုတ် သုံးလုတ်စာလောက် အလှူခံပြီးပြီးဆိုယင်ပဲ အောက်ကိုဆက်ပြီးတော့ လှူပါတော့လို့ အဲဒီ နှစ်လုပ် သုံးလုပ်ပဲ အလှူခံရတယ်။ အဲဒီလို တစ်ပါး တစ်ပါး ဆွမ်းနှစ်လုတ် သုံးလုတ်စာ လှူလိုက် လောင်းလိုက်လို့ သပိတ်ထဲပါတဲ့ ဆွမ်းဟာ ကုန်သွားယင် အချိန်ရှိသေးယင် မြို့ထဲပြန်ပြီး ဆွမ်းခံ၊ အချိန်မရှိတော့ဘူးဆိုယင် မိမိလည်း မစားဘဲနဲ့ တစ်နေ့လုံး ဒီဆွမ်းကို ငါသာရဏီယ ဒါနဝတ် ဖြည့်ရပြီလို့ ပီတိသောမနဿကို အစားသဖွယ် သဘောထားပြီးတော့ ရဟန်းတရားများကို ပွားများ၊ ကြိုးကုတ် အားထုတ်။ အဲဒီပုဂ္ဂိုလ်ကို သာရဏီယဒါနဝတ် ဖြည့်တဲ့ ပုဂ္ဂိုလ်ရယ်လို့ သာသနာက အသိအမှတ်ပြုရတယ်။


ထိုကိုယ်တော်ရဲ့ သူငယ်ချင်း ရင်းနှီးတဲ့ ကိုယ်တော်ကတော့လည်းပဲ သူကို ဘတ္တဂ္ဂဝတ် ဖြည့်တဲ့ကိုယ်တော်လို့ခေါ်တယ်။ ဘတ္တဂ္ဂဝတ်ဆိုတာ ဆွမ်းစားကျောင်း၌ ဆွမ်းအလှူခံယင် မိမိသပိတ်ထဲမှာ မျှရုံပဲ အလှူခံရတယ်။ မျှရုံအလှူခံပြီး မိမိထေရ်စဉ်အလျောက် ရောက်တဲ့နေရာမှာ သွားစားရတယ်။ ထို့အတူပဲ အဲဒီပုဂ္ဂိုလ်က ဒီဆွမ်းစားကျောင်း ဆွမ်းအလှူမရှိယင်လည်း မြို့ထဲသွား ဆွမ်းခံ၊ ရွာထဲသွား ဆွမ်းခံ၊ မိမိမျှတရုံရရင် ကျောင်းပြန်၊ မိမိမျှတရုံ ဆွမ်းကိုစားပြီး သပိတ်ဆေးကျောပြီးတော့ ရဟန်းတရားနဲ့ နေတယ်။

အဲဒီလိုနေတဲ့ သူငယ်ချင်းနှစ်ပါး ဒါနကောင်းမှုပြုတဲ့ သူငယ်ချင်းက ဒီလို ဘတ္တဂ္ဂဝတ် ခေါ်တဲ့ ဆွမ်းစားကျောင်းမှာကျင့်တဲ့ ဝတ်အကျင့်မျိုးကို ကျင့်တဲ့ သူငယ်ချင်း သူ့ကိုပြောတယ်။

“ကိုယ်တော်……ကိုယ်တော်တို့၊ တပည့်တော်တို့ ဒီဘဝ အရဟတ္တဖိုလ်ပေါက်လို့ သံသရာဝဋ်က ကျွတ်လွတ်ယင် တော်၏၊ အရဟတ္တဖိုလ်ပေါက် မရောက်သေးယင် ဘဝသံသရာခရီး သွားရလိမ့်မယ်၊
ဘဝခရီးသွားယင် ဒါန ကောင်းမှုကုသိုလ် မပါယင် ရိက္ခာမပါဘဲနဲ့ ခရီးသွားခဲ့ယင် ဒုက္ခရောက်သလို ဒါနကောင်းမှုကုသိုလ်မပါဘဲ သံသရာခရီးသွားယင် ဒုက္ခရောက်တတ်တယ်။ အဲဒီတော့ ကိုယ်အကြောင်း ညီညွတ်သလောက် လှူပေါ့ သာရဏီယ ဒါနဝတ်သမားက သူက လှူခဲ့ပြီးတော့ သူငယ်ချင်းကိုလည်းပဲ လှူစေချင်တယ်။

သူ့ သူငယ်ချင်း ဘတ္တဂ္ဂဝတ်သမားကလည်းပဲ လှူဖို့ ပေးဖို့ ကမ်းဖို့စိတ်ကို မရှိဘူး။ အဲဒီတော့ ဘာပြောလဲ။
“သူငယ်ချင်းတဲ့၊ သာရဏီယ ဒါနဝတ် ဖြည့်တယ် ဖြည့်တယ် ဆိုပြီးတော့ ဒကာ ဒကာမများ သဒ္ဓါသဖြင့် လှူဒါန်းတဲ့ သဒ္ဓါဒေယျဆွမ်းများကို ဖရိုဖရဲကြဲအောင် ပြုလုပ်တာမျိုး ဖြစ်ပြီးတော့ သဒ္ဓါဒေယျဝိနိပါတ ဒုက္ကဋ်အာပတ်များ သင့်နေပါဦးမယ် ကိုယ်တော်၊ တပည့်တော်မလှူချင်ဘူး။
အမှန်တော့ သဒ္ဓါဒေယျဝိနိပါတ ဒုက္ကဋ်အာပတ် ဆိုတာ ဒကာ ဒကာမတို့က လှူတဲ့ဆွမ်းကို သဒ္ဓါဒေယျဆွမ်း၊ အဲဒီ သဒ္ဓါဒေယျကို ရဟန်း ယောက်ျား၊ ရဟန်းမိန်းမ၊ သာမဏေယောက်ျား၊ သာမဏေမိန်းမ၊ သိက္ခမာန်=သတင်းသုံးဖော် ငါးဦး၊ အမိရယ်၊ အဖရယ်၊ ပြီးတော့ သူတစ်ပါးအထံမှာ မှီခိုကပ်ရပ်နေရတဲ့ ဆင်းရဲသားရယ်၊ အဲဒီရှစ်မျိုးကို လှူနိုင်တယ်၊ ပေးနိုင်တယ်။ ဒကာ ဒကာမလှူတဲ့ဆွမ်း၊ အဲဒီရှစ်မျိုးကလွဲခဲ့ယင် ပေးမယ့်ပုဂ္ဂိုလ်ကို လောကွတ်ချော်ပြီးတော့ ထမင်းစားပါဆိုလို့ အဲဒီလိုပြောယင် သဒ္ဓါဒေယျ ဝိနိပါတဒုက္ကဋ်အာပတ် သင့်တယ်လို့ ဝိနည်းက ရှိတယ်။
အခု ကိုယ်တော်က မလှူချင်တဲ့ ကိုယ်တော်ဆိုတော့ ဝါးလုံးသိမ်းရိုက်ပြီး ကိုယ်တော်၊ သာရဏီယဒါနဝတ်ပြုတယ် ပြုတယ်နဲ့ ဒကာ ဒကာမတွေ သဒ္ဓါသဖြင့် လှူအပ်တဲ့ သဒ္ဓါဒေယျဆွမ်းကို ဖရိုဖရဲကြဲအောင် ပြုလုပ်တဲ့ အတွက် သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ် အာပတ်များ သင့်နေဦးမယ်ကိုယ်တော်၊ တပည့်တော် မလှူချင်ဘူး သူကလည်း မလှူချင်တော့ပြော၊ အဲဒီပြောတော့ တစ်ယောက်တစ်ယောက် ပြောလို့မရတော့ သာရဏီယဒါနဝတ်သမားက-

“ မလှူချင်လည်းပဲ နေပေါ့ ကိုယ်တော်၊ တစ်ပါးတစ်ပါး မေတ္တာမပျက်ကြစတမ်း” ဆိုပြီးတော့ အတူတကွ တစ်သက်လုံးနေ၊ ထိုဘဝနဲ့ စုတေလို့ နတ်ပြည် သွားဖြစ်၊ သူတို့ကို သမဏနတ်သားလို့ ခေါ်တယ်။

မင်းသားနှင့် အထိန်းတော်သား...
ကဿပမြတ်စွာဘုရား သာသနာက နေပြီးတော့ ယခုဂေါတမဗုဒ္ဓ ပွင့်ထွန်းတော်မူလာတဲ့ အချိန်ကျအောင် အန္တရကပ် တစ်ကပ်သာသာ အဲဒီမှာ သူတို့နှစ်ယောက် တစ်ယောက်က ပေဿနဒီကောသလမင်းကြီးရဲ့ နန်းတော်မှာ မင်းသားလေး လာဖြစ်၊ သာရဏီယဒါနဝတ် ဖြည့်ကျင့်တဲ့ ရဟန်းက မင်းသား၊ ကောသလမင်းကြီးရဲ့ သားတော်လေး လာဖြစ်ရတယ်။ တစ်ခါ ဘတ္တဂ္ဂဝတ် ဖြည့်ကျင့်တဲ့ သမဏနတ်သားက နန်းတော်မှာပဲ အထိန်းတော်တစ်ယောက်ရဲ့သား လာဖြစ်၊ တစ်နေ့တည်း မီးရှူးသန့်စင် ဖွားမြင်တဲ့ သူတို့နှစ်ယောက် ပါရမီ ဖြည့်ကျင့်ဘက် နေလိမ့်မယ်ဆိုပြီးတော့ နှစ်ယောက်စလုံးကိုပဲ ကင်ပွန်းတပ်တဲ့ မင်္ဂလာပွဲ ပေါင်းပြီးတော့ လုပ်မယ်ဆိုပြီး ကောသလမင်းကြီးရဲ့ နန်းတော်မှာ နက်ဖြန်ခါ ဒီကလေးနှစ်ယောက်ကို ကင်ပွန်းတပ်မယ် ဆိုပြီးတော့ မောင်းမမိဿံတွေ ကလေးနှစ်ယောက် အခန်းထဲမှာထားပြီး၊ ပြင်ဘက်ထွက်ပြီးတော့ ဝေယျာဝစ္စများ ပြုလုပ်နေတဲ့အချိန် မင်းသားလေးကနေ ပလ္လင်ပေါ် အောက်က ပိုးဖဲကတ္တီပါများခင်းလို့ အပေါ်က ထီးဖြူအုပ်လျက်၊ အဲဒီအထက်က မျက်နှာကြက်မှာ အဲဒီဥစ္စာတွေ ခုနစ်ရက်သားလေး ခေါင်းလေး လှုပ်တုပ် လှုပ်တုပ်နဲ့ မျက်စိ မှိတ်တုတ် ဟိုကြည့်ဒီကြည့်နဲ့ကြည့်ရင်းက အပေါ်က ထီးဖြူတော်နဲ့ မျက်နှာကြက်ကိုမြင်ရတော့-

“ဪ…..ငါ နန်းတော်တစ်ခုမှာ လာပြီးတော့မင်းသား လာဖြစ်တာပဲ ”

အောက်ကို လှမ်းကြည့်လိုက်တော့ ပိုးဖဲကတ္တီပါ ဒီအောက်က ပလ္လင်တော်နဲ့ ယခုလို လူလာဖြစ်အောင်၊ ဘယ်ကောင်းမှုက ကျေးဇူးပြုတာလဲ ဒီကလေးက စဉ်းစားတယ်။

ဇာတိဿရဥာဏ် ရပြီးတော့ ကဿပမြတ်စွာ သာသနာခေတ်တုန်းက သာရဏီယဒါနဝတ် ဖြည့်ကျင့်ခဲ့လို့ ယခုလို မင်းမျိုး လူလာဖြစ်တာသိ၊ ဒါ အသိဉာဏ်မဟုတ်ဘူး၊ ဇာတိဿရဉာဏ်နဲ့ သိတယ်။

အဲဒီတုန်းက ငါပြောတယ်၊ ဒါနကောင်းမှု ပြုပါ သဒ္ဓါဒေယျဝိနိပါက ဒုက္ကဋ်အာပတ်နဲ့ ဆင်ခြေပေးပြီးတော့ မလှူမတန်းခဲ့တဲ့ ငါ့သူငယ်ချင်း ဘယ်နေပါလိမ့်။

အဲဒီလို စဉ်းစားလိုက်တော့ သူ့ဘေးနားမှာ ရှေးကလည်း ဒါနမပါတဲ့ သမဏနတ်သားဘဝက လာတဲ့ကလေးက အထိန်းတော်ရဲ့သားကလေး ဖြစ်ပြီး ကွပ်ပျစ်ခုံ ကွပ်ပျစ်ပေါ် အဝတ်ကြမ်းလေး ခင်းပြီးတော့ သူ့ကိုသိပ်ထားတာ တွေ့တယ်။

အဲဒီမှာတင် မင်းသားကလေးက ဘာပြောလဲ...

အမ္မ တွံ မမ ဝစနံ မာကာသိ။

“ မိတ်ဆွေ၊ မင်းက ငါ့စကားမှ နားမှမထောင်ဘဲကိုး “ လို့ ပြောတယ်။

အဲဒီတော့ အောက်က သူကလည်းပဲ ဇာတိဿရဉာဏ်နဲ့ အို- သူက လွန်ခဲ့တဲ့ဘဝ ကဿပမြတ်စွာဘုရား သာသနာမှာ သူက ဘတ္တဂ္ဂဝတ်သမားဖြစ် ဒီမင်းသားလေးက အဲဒီတုန်းက သာရဏီယ ဒါနဝတ်သမားဖြစ်ခဲ့တာ။ သူကလည်းပဲ ဇာတိဿရဉာဏ်နဲ့ ရပြီးတော့သိတယ်။ “ မင်း ငါပြောတဲ့အတိုင်း မလုပ်ဘဲကိုး “ လို့ဆိုလိုက်တော့ အောက်က လူကနေပြီး မလျှော့ဘူး။ အစအဆုံး အထက်အောက်-

“မင်းစကား နားမထောင်လို့ ဘာဖြစ်လဲ" တဲ့ မာမာပဲ။မင်းသားလေးက ပြောတယ်။

“မင်းကွာ၊ အခုလည်း မာမာဆိုတော့ ကဿပမြတ်စွာဘုရား သာသနာမှာ အတူတကွ ရဟန်း ဖြစ်တုန်းက ငါ မင်းကိုပြောတော့ သဒ္ဓါဒေယျ ဝိနိပါတ ပြောပြီးတော့ မင်းရှောင်ခဲ့တယ်။ ငါ ဒါနပြုဖို့ တိုက်တွန်းတုန်းက။ အဲဒီတော့ မင်း အခုကျတော့ ငါ့လို ဒါနမပါတဲ့အတွက် လူဖြစ်တာတောင် အထိန်းတော်ရဲ့သားလေး ဖြစ်နေ၊ ယခုလို ဆင်းဆင်းရဲရဲ ဖြစ်ရတာပေါ့။ ငါ့မယ် ဒါန ကောင်းမှုကြောင့် ဟော ပလ္လင်ပေါ်မှာ ပိုးဖဲကတ္တီပါတွေခင်း၊ အပေါ်ကဖုံမကျအောင် ထီးဖြူအုပ်၊ မျက်နှာကြက်မိုး၊ မင်း ငါ ပြောတုန်းက ဒါနကောင်းမှု မပြုခဲ့တဲ့ မင်း အထိန်းတော်သားလေးဖြစ်ပြီးတော့ နေ ရတယ်။ မင်း ဒါတောင် မလျှော့သေးဘူး ဆိုတော့ အထိန်းတော်သားလေးက မလျှော့ဘူး။ ထပ်ပြီးတော့-

“သူငယ်ချင်း၊ မင်းက မင်းသားဖြစ်ပကောလို့ စိတ်ထဲမှာ မင်းက စိတ်ကြီး မဝင်သင့်ပါဘူး" တဲ့။

အဘိဓမ္မာသဘော ပြောယင် မင်းရဲ့ ပလ္လင်ကော ငါ့ရဲ့ကွပ်ပျစ်ကော၊ မင်းရဲ့ပလ္လင်ပေါ်မှာခင်းတဲ့ ပိုးဖဲကတ္တီပါကော၊ ငါ့ကွပ်ပျစ်ပေါ်မှာခင်းတဲ့ အဝတ်ရောဟာ အဘိဓမ္မာသဘောနဲ့ ပြောယင် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်၊ဝဏ္ဍ၊ ဂန္ဓ၊ ရသ၊ ဩဇာ=အဝိနိဗ္ဘောဂ ရုပ်ရှစ်ပါးပါပဲ…..တဲ့။ လောကဝေါဟာရမှာက ပလ္လင်တဲ့၊ ကွပ်ပျစ်တဲ့၊ အရေအဆင်း အနိမ့်အမြင့် ဖြစ်ကြတယ်။ ပရမတ္ထ မျက်စိနဲ့ကြည့်ယင် ဘာမှ မခဲယဉ်းဘူး၊ မင့် ပလ္လင်ရော ငါ့ကွပ်ပျစ်ရော၊ မင်းရဲ့ပိုးဖဲကတ္တီပါရော၊ ငါ့ရဲ့စောင်ကြမ်းကလေးရော အတူတူပါပဲကွယ်…. တဲ့။ အဌကလာပ်ရုပ် ဒါပါပဲ၊ အဲဒီလိုပြောတယ်။

နတ်ဖြစ်လည်းထူး...
ဒီကလေးနှစ်ယောက် စကားသံစကတည်းက ဟိုဘက်အခန်းထဲက သုမနာ မင်းသမီးလေးက-
“ ဟဲ့... ဟိုဘက်က ငါ့မောင်လေးတွေ စကားပြောတယ်၊ ဘယ်သူမှ အထဲမှာမရှိဘူး၊ ဝေယျာဝစ္စလုပ်နေကြတဲ့အချိန်"

အဲဒါနဲ့ သုမနာ မင်းသမီးလေးက သူတို့နှစ်ယောက်ပြောတဲ့ တံခါးပေါက်လာပြီး အသံမပေးဘဲ သူတို့ပြောတာကို နားထောင်တယ်။ “ဪ….သူတို့ သမဏ နတ်သားဘဝက လာကြတာပဲကိုး “သူတို့စကား သိပြီး အကြောင်းအကျိုး မြတ်စွာဘုရား သွားလျှောက်ဆိုပြီးတော့ သူမနာ မင်းသမီး ရထားအစီးငါးရာနဲ့ သာဝတ္ထိပြည်ကထွက်ပြီး ဇေတဝန်ကျောင်းတော်သွား၊ ရထားနဲ့ သွားနိုင်သလောက် သွားပြီး ရထားက ဆင်း မင်းသမီး ငါးရာနဲ့၊ အေး-ဓမ္မသာလာ ဓမ္မာရုံ အတွင်းမှာရှိတဲ့ ဘုရားဆီသွား၊ ရိုသေမြတ်နိုး လက်အုပ်မိုး ရှိခိုး၍အပြစ်ခြောက်ပါး လွတ်ရာ အရပ်၌ ထိုင်နေပြီးတော့ လျှောက်တယ်။

ဣဓဿု ဘန္တေ ဘဂဝတော ဒွေ သာဝကာ သမသဒ္ဓါ သမသီလာ သမပညာ။
(အံ၊ ၂ ။ ၂၇)
“မြတ်စွာဘုရား…..တဲ့၊ ဤ လောကမှာ သဒ္ဓါတရားလည်း တူတယ်၊ အကျင့်သီလ အသိဉာဏ်ပညာလည်းတူတယ် ဆိုတဲ့ မြတ်စွာဘုရားရဲ့ တပည့်သားနှစ်ယောက် ရှိတယ်ဆိုပါစို့"

ဧကော ဒါယကော ဧကော အဒါယကော။
“သူတို့နှစ်ယောက်မှာ သူက သဒ္ဓါတရား၊ သူကအသိဉာဏ်ပညာတရားရှိတာချင်း အတူပဲထား၊ ထူးခြားချက်ကတော့- ဧကော ဒါယကော ဧကော အဒါယကော= တစ်ယောက်က ဒါနကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်၊ တစ်ယောက်က ဒါနကောင်းမှု မပြုခဲ့တဲ့ပုဂ္ဂိုလ် ဆိုကြပါစို့ ဘုရား…”

တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇေယျုံ။
သေလို့ လူ့ဘဝကိုယ်ခန္ဓာ ပျက်ကြွေ၊ နတ်ပြည်မှာ သွားဖြစ်ကြမယ် ဆိုပါစို့။

ဒေဝဘူတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော၊ သယာ နာနာကရဏံ။
“မြတ်စွာဘုရား၊ အဲဒီလို နတ်ပြည်ရောက်တဲ့ ထိုထိုနှစ်ယောက် ထူးခြားချက်၊ကွဲပြားချက် ရှိမလား။ ဒါနကောင်းမှု ပါခဲ့တဲ့နတ်၊ ဒါနကောင်းမှုကုသိုလ် မပါခဲ့တဲ့ နတ် ထူးခြားချက်ရှိသလား" လို့ မေး။

မြတ်စွာဘုရားကဖြေတယ်...

သိယာ သုမနေ- “ထူးခြားချက်ရှိနိုင်တယ်"

ယော သော သုမနေ ဒါယကော၊ သောအမုံ အဒါယကံ ဒေဝဘူတော သမာနော ပဉ္စဟိ ဌာနေဟိ အဓိဂဏှာတိ ဒိဗ္ဗေန အာယုနာ ဒိဗ္ဗေန ဝဏ္ဏေန ဒိဗ္ဗေန သုခေန ဒိဗ္ဗေန ယသေန ဒိဗ္ဗေန အာဓိပတေယျေန။

“အို- ချစ်သမီး သုမနာ၊ ဒီ နတ်ဖြစ်ကြတဲ့အခါမှာလည်းပဲ ဒါနကောင်းမှုကုသိုလ် ပါခဲ့တဲ့နတ်နဲ့ ဒါနကောင်းမှုကုသိုလ် မပါတဲ့ နတ်တို့ရဲ့ ထူးခြားချက်ရှိတယ်။ ဘယ်လိုလဲ။ ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် နတ်သက်လည်းပိုပြီးတော့ရှည်တယ်၊ ပြီးတော့ နတ်အဆင်းအားဖြင့်လည်း ပိုပြီး လှပတယ်။ အခြွေအရံ ပရိသတ်အနေလည်းပဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်သားက ဒါန ကောင်းမှုကုသိုလ် မပါတဲ့ နတ်သားထက်အေး- အခြွေအရံ ပရိသတ် ပေါများပြီးတော့ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ နတ်က သုခဝေဒနာ ချမ်းချမ်းသာသာ ခံစားရတဲ့ နေရာမှာလည်းပဲ ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် သာလွန်မြင့်တယ်၊ တင့်တယ်၊ လွှမ်းမိုးနိုင်တယ်။ တစ်ဖန် ဒါန ကောင်းမှုကုသိုလ်ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ထက် နတ်တို့ရဲ့ ရာထူးဂုဏ်သိန် မြင့်မားတယ်။ ချစ်သမီး သုမနာ၊ အခုပြောခဲ့တဲ့အတိုင်း ဒါန ကောင်းမှုကုသိုလ် ပါတဲ့နတ်က ဒါန ကောင်းမှုကုသိုလ် မပါတဲ့နတ်ကို ငါးဌာတို့ဖြင့် သာလွန်ပြီးတော့ တင့်တယ်၊ လွှမ်းမိုးနိုင်တယ် ချစ်သမီး……။

လူဖြစ်လည်း ထူး...
သုမနာ မင်းသမီးက-
သစေ ပန တေ ဘန္တေတတော စုတာ ဣတ္ထတ္တံ အာဂစ္ဆန္တိ၊ မနုဿဘူတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော သိယာ နာနာကရဏံ။
( အံ၊ ၂ ၊ ၂၇။)

“မြတ်စွာဘုရား-တဲ့၊ သူတို့နှစ်ယောက်နတ်သက်ကြွေ လူ့ပြည်မှာ လာဖြစ်ကြတဲ့ အခါမှာလည်းပဲ ဒါနကောင်းမှုကုသိုလ်ပါတဲ့လူနဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူ ထူးခြားချက် ရှိသလား။
မြတ်စွာဘုရားက- သိယာ သုမနာ- “ရှိတယ် ချစ်သမီး သုမနာ"

ဒါနကောင်းမှုကုသိုလ်ပါတဲ့လူက ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူထက် လူ့ ဘဝ အသက်ရှည်ပြီးတော့ သာလွန်မြင့်တယ်၊ လွှမ်းမိုးနိုင်တယ်။ စည်းစိမ်မှာလည်း ပိုပြီးမြင့်မားတယ်။ ဒါနကောင်းမှုကုသိုလ်ပါတဲ့လူက ဒါန ကောင်းမှုကုသိုလ် မပါတဲ့လူထက် ရာထူးဂုဏ်သိန် မြင့်မားတယ်။ ဤနည်းအားဖြင့် ငါးဌာန သာလွန်မြင့်တယ်၊ ဒါန ကောင်းမှုကုသိုလ် ပါတဲ့လူက တင့်တယ်။

ရဟန်းဖြစ်လည်းထူး...
ဒီတော့ သုမနာမင်းသမီးက ဆက်လျှောက်တယ်။

သစေ ပန တေ ဘန္တေ ဥဘော အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇ္ဇန္တိ၊ ပဗ္ဗဇိတာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော သိယာ နာနာကရဏံ။
(အံ၊ ၂ ၊ ၂၇။ )

“မြတ်စွာဘုရား၊ သူတို့နှစ်ယောက် သာသနာ့ဝန်ထမ်း ရဟန်းပြုကြတဲ့အခါမှာလဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းနဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ရဟန်း ထူးခြားချက် ရှိပါသလား။

မြတ်စွာဘုရားက...

သိယာ သုမနေ။ “ရှိတယ် ချစ်သမီး သုမနာ"

ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းက ဒါနကောင်းမှုကုသိုလ်မပါတဲ့ ရဟန်းကို ငါးဌာန တိုဖြင့်သာလွန်မြင့်တယ်၊ တင့်တယ် လွှမ်းမိုးနိုင်တယ်။ ဒါန ကုသိုလ်ပါတဲ့ ရဟန်းကျတော့ ဒကာ ဒကာမတွေက သင်္ကန်းလှူဦးတော့၊ “တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့ သင်္ကန်းဝက်ရုံ သုံးဆောင်တော်မူပါ ဘုရား။"

အဲဒီလို တောင်းပန်ခံရပြီးမှ ဒကာ ဒကာမလှူတဲ့ သင်္ကန်းကို ဝတ်ရတယ်။ ဆွမ်းလှူတဲ့ အခါလည်းပဲ ဒီအတိုင်းပဲ။

“တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့ လှူတဲ့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပါဘုရား"လို့ အဲဒီလို အများအားဖြင့် အတောင်းပန် ခံရပြီးမှ ဒကာ ဒကာမ လှူတဲ့ဆွမ်းကို စားရတယ်။ ဆေးပစ္စည်းလှူဦးတော့၊ “တပည့်တော်တို့ ချီးမြှောက်သဖြင့် တပည့်တော်တို့လှူတဲ့ ဆေးပစ္စည်းကို မှီဝဲသုံးဆောင်တော်မူပါဘုရား" လို့ တောင်းပန်ခံရပြီးမှ ဆေးပစ္စည်းကို သုံးဆောင်ရတယ်။

သတင်းသုံးဖော် သံဃာတော်ချင်းလည်းပဲ ဒါန ကောင်မှုကုသိုလ်ပါတဲ့ ရဟန်းကျတော့ သတင်းသုံးဖော် သံဃာတော်တွေက နှစ်သက်ဖွယ်သော ကာယကံ၊ ဝစီကံ၊ မနောကံ အမှုပြုကြ၊ ပြောကြ၊ ကြံစည်ကြတဲ့အပြင် သတင်းသုံးဖော် သံဃာတော်ချင်း သင်္ကန်း၊ ထီး၊ ဖိနပ်၊ အသုံးအဆောင် ပေးကြတဲ့ အခါမှာလည်းပဲ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းကျတော့ သတင်သုံးဖော်ချင်းကလည်းပဲ မွန်မြတ်တဲ့ အသုံးအဆောင်ကို ပေးတယ်တဲ့။ အဲဒီလို ငါးဌာန သာလွန်မြင့်တယ်၊ တင့်တယ်၊ လွှမ်းမိုးနိုင်တယ်။

အရဟတ္တဖိုလ်ချင်း မထူး...
ဒီတော့မှ သုမနာမင်းသမီးက ဆက်ပြီးတော့-

သစေ ပန တေ ဘန္တေ ဥဘော အရဟတ္တံ ပါပုဏန္တိ၊
အရဟတ္တပတ္တာနံ ပန နေသံ ဘန္တေ သိယာ ဝိသေသော၊ သိယာ နာနာကရဏံ။

“ မြတ်စွာဘုရား၊ အဲဒီ ဒါနကောင်းမှုကုသိုလ်ပါတဲ့ ရဟန်း၊ ဒါနကောင်းမှု ကုသိုလ် မပါတဲ့ ရဟန်း၊ ရဟန်းတရားပွားများကြိုးကုတ် အားထုတ်လို့ အရဟတ္တဖိုလ် ရောက်ကြယင်လည်း ဒီကိုယ်တော်နှစ်ပါး ထူးခြားချက်ရှိသလား။

မြတ်စွာဘုရားက ထူးခြားချက်ရှိတဲ့ နေရာမှာ ထူးခြားချက်ရှိတယ်ဆိုတာ ဟောတယ်။ အရဟတ္တဖိုလ်ချင်းတော့ မထူးဘူး။ ဒါန ကောင်းမှုကုသိုလ်ပါတဲ့ ရဟန်းရတဲ့ အရဟတ္တဖိုလ်ကလည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ဆင်းရဲတဲ့ ရဟန်းက အရဟတ္တဖိုလ်ရောက်ယင်လည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ ဆင်းရဲတဲ့ ရဟန်းက အရဟတ္တဖိုလ်ရောက်ယင်လည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်၊ အဲဒီလို တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်ကြတာချင်း အတူတူဖြစ်လို့-

ဧတ္ထ ခေါ ပနေသာဟံ သုမနေ န ကိဉ္စိ နာနာကရဏံ ဝဒါမိ၊
ယဒိဒံ ဝိမုတ္တိယာ ဝိမုတ္တိံ။
(အံ၊ ၂ ။ ၂၈ )
“ချစ်သမီး သုမနာ၊ ယခုလို အရဟတ္တဖိုလ်ရောက်ကြတဲ့အခါကျတော့ ဒါန ကောင်းမှုကုသိုလ် ပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်နဲ့ ဒါန ကောင်းမှုကုသိုလ် မပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်ဟာ အရဟတ္တဖိုလ်ချင်းတော့ ထူးခြားချက် မရှိဘူး။ ဒါန ကောင်းမှုကုသိုလ် ပါတဲ့ ရဟန်းရဲ့ အရဟတ္တဖိုလ်ကလည်း တစ်ထောင့်ငါးရာ ကိလေသာမှ လွတ်တာပဲ။ အရဟတ္တဖိုလ်ချင်းတော့ မထူးခြားဘူး။
အဲဒီလို ပြန်ဟောတယ်၊ သာသနာရဲ့ သဘောကအကျင့် ကျင့်ယင်လည်းပဲ အရဟတ္တဖိုလ်ရောက်ယင် ဆုံးတယ်၊ ပြဿနာစကား၊ အမေးအဖြေ စကား ပြောယင်လည်းပဲ အရဟတ္တဖိုလ်ရောက်ယင် ဒါ သာသနာက ဆုံးတယ်။

ဘုရား ချီးမွမ်း...
တရားသဘော ဆုံးပြီဖြစ်လို့ သုမနာ မင်းသမီလေးက ဝမ်းမြောက်နုမော် သာဓုခေါ်သော အနေနဲ့-
အစ္ဆရိယံ ဘန္တေ၊ အဗ္ဘုတံ ဘန္တေ၊ ယာဝဉ္စိဒံ ဘန္တေ အလမေဝ ဒါနာနိ ဒါတုံ၊ အလံ ပုညာနိ ကာတုံ၊ ယတြ ဟိ နာမ ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ၊ မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ- လို့...

“မြတ်စွာဘုရား၊ အံ့ချီးဖွယ် ကောင်းပါပေရဲ့။ ဒါန ကောင်းမှုပြုဖို့ အင်မတန် တော်တယ်။ ဒါန ကောင်းမှုပြုဖို့ အင်မတန် တော်တယ်။ ဒါန ကောင်းမှုကုသိုလ် ပါပြီဆိုယင် နတ်မှာလည်းပဲ အေး- သာလွန်မြင့်တယ်၊ တင့်တယ်၊ လူ့ဘဝမှာလည်း သာလွန်မြင့်တယ်၊ ရဟန်းဘဝမှာလည်းပဲ သာလွန်မြင့်တယ်၊ တင့်တယ်။ ဒါန ကောင်းမှုကုသိုလ်ပြုဖို့ အင်မတန်တော်တယ်ဘုရား" လို့ လျှောက်တယ်။
မြတ်စွာဘုရားက ဆိတ်ဆိတ်နေသဖြင့် လက်ခံလိုက်ယင် ကိုယ်တိုင်လက်ခံရာ ရောက်တာပဲ။ သို့သော် ကိုယ်တော့် ကိုယ်တိုင်ကိုက ဒါန ကောင်းမှုကုသိုလ် ပြုလိုတယ်။ နှုတ်က မြွက်ပြီးတော့ ချီးမွမ်းချင်လို့-

ဧဝ မေတံ သုမနေ၊ ဧဝ မေတံ သုမနေ။
“ချစ်သမီး သုမနာ၊ ယခုပြောတဲ့စကား၊ သင် ချစ်သမီး ပြောတဲ့အတိုင်း အမှန်ပဲ၊ အမှန်ပဲ။
အလံ ဟိ သုမနေ ဒါနာနိ ဒါတုံ၊ အလံ ပုညာနိ ကာတုံ။
ချစ်သမီး၊ ဒါန ကောင်းမှုကုသိုလ်များ လှူဖို့တန်းဖို့၊ ပြုဖို့များ အင်မတန် သင့်လျော်တယ်။

ဒေဝဘူတဿာပိ ဥပကာရာနိ ပုညာနိ၊
မနုဿဘူတဿာပိ ဥပကာရာနိ ပုညာနိ၊
ပဗ္ဗဇ္ဇိတဿာပိ ဥပကာရာနိ ပုညာနိ။
“နတ်ဖြစ်လည်းပဲ ဒါန ကောင်းမှုကုသိုလ်များသည်အင်မတန် အကျိုးကြီးပါတယ်၊ အကျိုးပေးပါတယ်။ လူဖြစ်ဖြစ်၊ ရဟန်းဖြစ်ဖြစ် ဒါန ကောင်းမှုကုသိုလ်ဟာ အေး-ကျေးဇူးကြီးကြတယ်" တဲ့။ အဲဒီလို နှုတ်က မြွက်ပြီးတော့ ဒါန ကောင်းမှုကုသိုလ်ကို ချီးမွမ်းတော်မူတယ်။

ငါတို့သည် ယခုနှစ် မြတ်စွာဘုရား ချီးမွမ်းအပ်သော ဒါန၊ ချီးမွမ်းအပ်သော သီလများ လှူရ၊ တန်းရ၊ ပေးရ၊ ကမ်းရ၊ သီလများ ဆောက်တည်ခံယူ ကျင့်သုံးရပြီးလို့စိတ်ထဲမှာ ဘုရားချီးမွမ်းအပ်သော ဒါန သီလကောင်းမှုကို ပြုရတဲ့အတွက် ဘုရားတိုင်း ဘုရားတိုင်း ချီးမွမ်းအပ်သော မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်အားဖြင့် ကိုးပါးသော လောကုတ္တရာ တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် လျင်မြန်ထုတ်ချောက် မျက်မှောက်ပြုရပါလိုကုန်၏… လို့... ယခုလို ဆုမွန်ကောင်း တောင်းရအောင်…။ ဆွမ်းဒါယကာ ဒါယိကာမများ ရေစက်ခွက်ကို ကိုင်ကြပါ။ ကုသိုလ်ပွား လိုက်ဆိုကြ။
( ရေစက်ချပြီး သာဓု ခေါ်ကြသည်။ )
သာဓု သာဓု သာဓု။

ကုသိုလ်ပြု...
ဘန္တေ=လောဘ ငြိမ်းကြောင်း၊ ဒေါသ ငြိမ်းကြောင်း၊ မောဟငြိမ်းကြောင်း၊ ကောင်းမွန်သော ပဋိပတ်ကို ကျင့်ကြံပွားများ ဟောကြားကြပါသော ဆရာတော် သံဃာတော် အရှင်တို့ဘုရား……။တပည့်တော်များ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာနေ ဦးသန်းအောင်+ဒေါ်ခင်နွဲ့ထွန်း မိသားစုတို့သည် ဥစ္စာစီးပွား၏ အနှစ်သာရ ဒါနကောင်းမှု ပြုလိုကြသဖြင့် ပုပ္ဗ၊ မုဉ္စ၊ ပရ သုံးဖြာ စေတနာခန်း ပြဌာန်းကြ၍ မိမိတို့၏ ကာယ ဉာဏ ဗလနှစ်ပါး အရင်းထား၍...
တရားသဖြင့် ရှာဖွေရ ရှိအပ်သော ဓမ္မိယလဒ္ဓ ဥစ္စာတို့ကို အာသာမဖက် ရက်ရက်ရဲရဲ စွန့်ကြဲကြ၍ ထိုဓမ္မိယဥစ္စာတို့ဖြင့် မွန်မြတ်သော ဆွမ်း ခဲဖွယ်ဘောဇဉ်စသော ဒေယျဓမ္မဒါနဝတ္ထုတို့ကို ပြောင်းလွှဲစီမံကြ၍ ဒါနပရိကံ လျင်မြန်ဥဿုံ ပြီးပြည့်စုံသော ဤယခုနေ့နံနက်အခါ မွေးနေ့မင်္ဂလာ အလှူဒါန ပြုလိုကြသဖြင့် ကလျာဏမိတ် ပရိသတ်တို့နှင့်တကွ သံဃာတော် အရှင်မြတ်တို့ကို မိမိတို့၏နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ကြ၍ ရှေးဦးစွာ နေရာအလှူ ပေးလှူကြပြီးလျှင် မွန်မြတ်သော ယာဂုဆွမ်း၊ မွန်မြတ်သော ခဲဖွယ်ဆွမ်း၊ မွန်မြတ်သော ဘောဇဉ်ဆွမ်း တို့ကို လှူဒါန်းကော်ရော် ပူဇော်ပါကုန်၏၊ ဧည့်ခံပါကုန်၏။ ဘောဇနဒါန ပြုကြပြီးလျှင် အခြံအရံ ပရိဝါရ ကုသိုလ်တရား ဖြစ်ပါစေရန် သရဏဂုံ သုံးပါးနှင့်တကွ ငါးပါးသော ဂရုဓမ္မနိစ္စသီလကို ဆောက်တည်ခံယူ ကျင့်သုံးပါကုန်၏။ သရဏဂုံသီလ ဆောက်တည်ကြပြီးလျှင် ပရိတ်တရား နာကြားပြီးသော ယခုအခါ သက္ကစ္စဒါန ဖြစ်ရန် ဤရေစက်ကို ချသွန်း၍ တပည့်တော်များသည် ကလျာဏမိတ် ပရိသတ်တို့အား မွန်မြတ်သော ဆွမ်း ခဲဖွယ် ဘောဇဉ် အလှူ ကြည်ဖြူရွှင်လန်း လှူဒါန်းပါကုန်၏ ၊ ထိုမျှဖြင့်လည်းမရောင့်ရဲကြသဖြင့် ဓမ္မပူဇာ၊ သံဃာ့ပူဇာဖြစ်စေရန်မွန်မြတ်သော လှူဖွယ် တန်းဖွယ် အသွယ်သွယ်တို့ကို တရားတော်အား ပူဇော်သောအားဖြင့် လည်းကောင်း၊ သံဃာအား ပူဇော်သောအား ဖြင့်လည်းကောင်း အသီးအသီး သာဟတ္ထိက သက္ကစ္စမြောက် လက်ရောက်ကြည်ဖြူ ကပ်လှူပါကုန်၏။

ဆု တောင်း...
တပည့်တော်များသည် ဤနေ့ ယခု ပြုရသော ဒါန ကောင်းမှု၊ သရဏဂုံ သီလ ကောင်းမှု၊ ဓမ္မဿဝနဘာဝနာကောင်းမှု၊ ကောင်းမှုသုံးပါး အနှစ်တရားတို့ကြောင့် မြတ်စွာဘုရား သာသနာ၏ အနှစ်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်မြတ်ကို အရဟတ္တဖိုလ်ပေါက် လျင်မြန်ထုတ်ချောက် ရရောက်သည့်ကိုယ်၊ မျက်မှောက်ပြုရသည့်ကိုယ် ဧကန်စင်စစ် ဖြစ်ပါလိုကုန်၏။

အမျှဝေ...
ဤ ကုသိုလ် အရပ်ရပ်၏ အဖို့ဘာဂကို အမိ အဖ၊ အဘိုးအဘွား၊ ကလျာဏမိတ် ပရိသတ်တို့အား လည်းကောင်း၊ ကိုယ်စောင့်နတ်များ၊ တိုက်စောင့်နတ်များ၊ မြို့စောင့်နတ်များ၊ သကြားနတ်မင်း၊ ယမမင်း၊ စတုလောကပါလ နတ်မင်းတို့နှင့်တကွ မိုးနတ်သားများ၊ လေနတ်သားများ၊ သမ္မုတိနတ် လူမင်းတို့အား လည်းကောင်း၊ မိဟောင်း ဖဟောင်း၊ ဆွေဟောင်း မျိုးဟောင်း အပေါင်းတို့အား လည်းကောင်း၊ ထိုမှ ကြွင်းသော ဘုံသုံးပါး၌ ထင်ရှားရှိသော သတ္တဝါတို့အား လည်းကောင်း၊ ဤကောင်းမှုကုသိုလ် အစုကို အမျှပေးပါကုန်၏၊ အမျှပေးပါကုန်၏။ မိဘ ဘိုးဘွား အမှုးထား၍ များပြားလှစွာ သတ္တဝါတို့သည် အကျွန်ုပ်တို့နှင့် အညီအမျှ ဤ ကောင်းမှုအစုရ၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သတည်း...။


သာဓု... သာဓု... သာဓု...။





သုမနာသုတ္တန် တရားတော် ပြီးပြီ။

0 comments:

Post a Comment