Tuesday, July 12, 2011

ဂဟဋ္ဌဝန္ဒနာသုတ္တန် တရားတော်


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက

အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု

မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်

ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

ဂဟဋ္ဌဝန္ဒနာသုတ္တန် တရားတော်

သိကြားမင်း၏ အပူဇော်ခံ ပုဂ္ဂိုလ်ဖြစ်အောင်လုပ်ရန်နှင့်
သောကငြိမ်း၍ ကျွတ်တမ်းဝင်နိုင်ကြရန် ရည်သန်ဟောကြားခြင်း။

သာသနာနှစ် ၂၅၁၀-ပြည့်၊ ကောဇာသက္ကရာဇ်၁၃၂၈-ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈-ရက် နေ့ည၊ မင်းကွန်း ဓမ္မနာဒတိုက် မဟာဗန္ဓုလဓမ္မာရုံ၌ မန္တလေးမြို့၊ မလွန်ရပ်၊ ကုန်သည် ဦးဝါပေါ-ဒေါ်မြရှင်တို့၏ ခြောက်ကြိမ်မြောက် နိဗဒ္ဓ သံဃဒါန ဆွမ်းအလှူပွဲ၌ ဟောကြားအပ်သော ဂဟဋ္ဌဝန္ဒနာ သုတ္တန်နှင့် သလ္လသုတ္တန် တရားတော်။

ဘုန်းကြီးဟောမယ့် သုတ္တန်ဟာ နှစ်သုတ်ဖြစ်ပါတယ်။ သက္ကသံယုတ်ကလာတဲ့ ဂဟဋ္ဌဝန္ဒနာသုတ်= လူတွေကို သိကြားမင်းက ရှိခိုးတဲ့သုတ်။ သုတ္တနိပါတ်ပါဠိတော်မှာလာတဲ့ သလ္လသုတ်= သားရဲ့သောက ပယ်ဖျောက်ပေးတဲ့သုတ်ပေါ့။

သုတ္တန်နှစ်ခု ဘုန်းကြီးဟောပါ့မယ်။

(ဘုန်းကြီး တရားဟောပြီး လို့ရှိယင် တရားနာပရိသတ် သူတော်စင်များကို စာရေးတံမဲ အလှူများလည်း လှူပါလိမ့်မယ်။ စာရေးတံမဲအလှူ လှူပြီးတဲ့အခါကျတော့ မိုးမိတ် ဂေါပကဥက္ကဋ္ဌကြီး ဘဘမိုးက တစ်နေ့က မိုးမိတ်ဘုရားပွဲမှာ ဒီတောင်ရိုးက သူတော်စင်တွေကို သူ ဆပ်က,သာ ပြလိုက်ရတယ်တဲ့ဗျ။ ရုပ်ရှင်မပြလိုက်ရဘူး။ အဲဒါကြောင့် သူ့စိတ်ထဲမှာ မကျေမချမ်းဖြစ်ပြီးတော့ ရုပ်ရှင်လည်းပဲ အဲဒီ စာရေးတံမဲအလှူပြီးတော့ သူတော်စင်တွေကို ရုပ်ရှင်လည်းပဲ ပြမလို့တဲ့။)

ဂဟဋ္ဌဝန္ဒနာသုတ္တန် တရားတော်

မိမိရဲ့စိတ်ကို သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း ဘုရားကိုယ်တော်မြတ် ကိန်းအောင်း မွေ့လျော်တော်မူနေတဲ့ ပုံကို မှန်းပြီးတော့ အာရုံပြုထား။

မဟာဗန္ဓုလ ဓမ္မာရုံ ဂန္ဓကုဋီ ကျောင်းဆောင်ထဲက ဘုရားကိုယ်တော်မြတ်ကြီး မှန်းပြီးတော့ စိတ်ထဲ အာရုံပြုထား။ မြတ်စွာဘုရားရဲ့ ရှေ့မှောက်မှာ ရဟန်းယောက်ျား ပရိသတ်၊ ရဟန်းမ ပရိသတ်၊ ဥပါသကာ ဒါယကာ ယောက်ျား ပရိသတ်၊ ဥပါသိကာ ဒါယိကာမ ပရိသတ်လို့ ပရိသတ်လေးပါး တရားနာမလို့ အသင့် ရှိနေတဲ့ အချိန်မှာ အင်မတန် တိတ်ဆိတ်နေတဲ့အထဲက မြတ်စွာဘုရားက-

"ဘိက္ခဝေါ" အင်မတန်တိတ်ဆိတ်တဲ့ အထဲကနေပြီးတော့ အက္ခရာသုံးလုံးရှိတဲ့ အာလုပ်ပုဒ်နဲ့ ဘုရားက-

ဘိက္ခဝေါ= ပရိသတ်လေးပါး ချစ်သား ချစ်သမီးတို့။
ဗြဟ္မာ့အသံနဲ့ သာသာယာယာ ခေါ်လိုက်တဲ့အခါကျတော့ ကောင်းကင်က မိုးချုန်းတဲ့ အခါမှာ ရွှေဥဒေါင်းတွေဟာ အချင်းချင်း အချိတ်အဆက်မရှိဘဲနဲ့ တစ်ပြိုင်နက်တည်း "ကေကာ ကေကာ" ဆိုတဲ့ အသံကို တညီတညွတ်တည်း ဝမ်းပန်းတသာ တွန်ကြ ကျူးကြ ရင့်ကြသလို-

မြတ်စွာဘုရားရဲ့
"ဘိက္ခဝေါ- ပရိသတ်လေးပါး ချစ်သား ချစ်သမီးတို့" ဆိုတဲ့ မဟာကရုဏာတော် ပြဋ္ဌာန်းပြီးတော့ ခေါ်လိုက်တဲ့ အသံတော်တည်းဟူသော မိုးချုန်းသံကို ကြားယင်ပဲ ယခင်ကပြောတဲ့ ပရိသတ်လေးပါးက "ဘဒ္ဒန္တေ"သုံးလုံးပဲ။ ဘန္တေ= ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား။ တေ= ရှင်ပင်ဘုရားအားဘဒ္ဒံ= ကောင်းခြင်းမင်္ဂလာသည်။ ဟောတု= ဖြစ်ပါစေဘုရား…။

အဲဒီလို ဘိက္ခဝေါ ဆိုတဲ့ ဘုရားရဲ့ခေါ်သံ၊ ဘဒ္ဒန္တေလို့ဆိုတဲ့ ပရိသတ်လေးပါးက စကားတုံ့ပြန်တဲ့ အသံလည်း တိတ်ကရော မြတ်စွာဘုရား ရွှေနှုတ်တော်က ထွက်ပြီတော့-

ဘူတပုဗ္ဗံ ဘိက္ခဝေ သက္ကော ဒေဝါနမိန္ဒော မာတလိံ သင်္ဂါဟကံ အာမန္တေသိ။

ဘိက္ခဝေ= ပရိသတ်လေးပါး ချစ်သားချစ်သမီးတို့။ ဘူတပုဗ္ဗံ= ရှေး၌ဖြစ်ဖူး အကြောင်းထူးကား။ ဒေဝါနမိန္ဒော= နတ်တို့ကို အစိုးရသော။ သက္ကော= သိကြားမင်းသည်။ မာတလိံ သင်္ဂါဟကံ= ရထားမှူးဖြစ်တဲ့ မာတလိနတ်သားကို။ အာမန္တေသိ= ခေါ်၍ စကားပြောကြားခဲ့ပြီ…။

တစ်ချိန်က ဖြစ်ခဲ့ဖူးတယ် ချစ်သားတို့။ သိကြားမင်းက မာတလိနတ်သား ခေါ်ပြီးတော့ ဤကဲ့သို့ ပြောကြားတယ်။ ဘယ်လိုပြောသလဲဆိုတော့-
ယောဇေဟိ သမ္မ မာတလိ သဟဿယုတ္တံ အာဇညရထံ ဥယျာနဘူမိံ
ဂစ္ဆာမ သုဘူမိံ ဒဿနာယ။
သမ္မ မာတလိ= အချင်း မာတလိ။ သဟဿယုတ္တံ= အာဇာနည်မြင်း အထောင်ကသော။ အာဇညရထံ= အာဇာနည်မြင်းရထားကို။ ယောဇေဟိ= ယှဉ်လော့၊ ကလော့။ သုဘူမိံ= ကောင်းသော မြေအပြင်ကို။ ဒဿနာယ= ရှုကြည့်ခြင်းငှာ။ ဥယျာနဘူမိံ= နန္ဒဝန်ဥယျာဉ်မြေသို့။ ဂစ္ဆာမ= သွားကြကုန်စို့။

အချင်း မာတလိ၊ အာဇာနည်မြင်းတစ်ထောင် ကတဲ့ ဝေဇယန္တာ ရထားကြီးကို ယှဉ်လိုက်-က, လိုက်ပါ။ တို့ နန္ဒဝန်ဥယျာဉ်ကို သွားဖို့ရန်၊ နန္ဒဝန်ဥယျာဉ် သွားရောက်ပြီး သကာလ မင်္ဂလာရှိတဲ့ မြေအဝန်းကို ကြည့်ရှုဖို့ရန် အတွက် နန္ဒဝန်ဥယျာဉ် သွားကြစို့လို့ ဒီလိုပြောတယ်။

အဲဒီလိုပြောတဲ့အခါကျတော့ မာတလိရထားထိန်းက ဘာပြန်ပြောသလဲဆိုတော့-
ဧဝံ-သာဓု= ကောင်းပါပြီ။ တဝ= သင် သိကြားမင်းအား။ ဘဒ္ဒံ= ကောင်းခြင်းမင်္ဂလာသည်၊ ဟောတု= ဖြစ်ပါစေသား။
မာတလိက ပြန်ပြီးတော့ မင်္ဂလာနှုတ်ခွန်း ညွှန်းတဲ့စကား ပြောပြီးတော့ သိကြားမင်း ပြောတဲ့အတိုင်း ဝေဇယန္တာရထားကြီး နတ်မြင်းတစ်ထောင် ကပြီးတဲ့ အခါကျတော့ ဝေဇယန္တာ နန်းပြာဿဒ်ရဲ့ ရှေ့တော်မှောက်မှာ ရထားကြီး အသင့်ထားပြီးတော့-

ယုတ္တော ခေါ တေ မာရိသ သဟဿယုတ္တော အာဇာညရထော၊ ယဿ ဒါနိ ကာလံ မညသိ။
မာရိသ= ဒုက္ခခပ်သိမ်း ငြိမ်းပါပေသော အရှင် သိကြားမင်း။ တေ= အရှင် သိကြားမင်း အတွက်။ သဟဿယုတ္တော= အာဇာနည် မြင်းတစ်ထောင် က သော။ အာဇညရထော= အာဇာနည် ဝေဇယန္တာရထားကြီးကို။ ယုတ္တော= ယှဉ်အပ် က အပ်ပြီးပါပြီ။ တွံ= သင် သိကြားမင်းသည်။ ယဿဂမနဿ= အကြင် နန္ဒဝန်ဥယျာဉ်ကို သွားရောက်ခြင်၏။ ကာလံ= အချိန်ကာလကို။ မညသိ= စဉ်းစားတော်မူပါတော့။

သိကြားမင်း အရပ်ရှစ်မျက်နှာလှည့်၍ ရှိခိုးခြင်း
ဝေဇယန္တာရထားကြီးတော့ အသင့်ပြင်ပြီး က ပြီးပါပြီတဲ့။ အရှင်သိကြားမင်း နန္ဒဝန်ဥယျာဉ် သွားဖို့ပဲ စဉ်းစားတော်မူပါလို့ ဒီလို ပြန်ကြားလျှောက်ထားတဲ့ အခါကျတော့မှ သိကြားမင်း ဝေဇယန္တာနန်းပြာဿဒ်ထဲက ထွက်ပြီးတော့ ရထားမတက်ခင် အရှေ့ဘက်လှည့်ပြီးတော့ တရိုတသေ ရှိခိုးလိုက်။ အနောက်ဘက်လှည့်ပြီး ရှိခိုးလိုက်၊ တောင်ဘက်လှည့်ပြီး ရှိခိုးလိုက်၊ မြောက်ဖက်လှည့်ပြီး ရှိခိုးလိုက်၊ အထောင့်လေးရပ်ကိုလှည့်ပြီး ရိုရိုသေသေရှိခိုးတယ်။ ဣနြေ္ဒကြီးနဲ့ပ။ ပျာယီး ပျာယာ မရှိဘူး။ တရိုတသေ ဣနြေ္ဒရရ ရှိခိုးတော့ မာတလိ ရထားထိန်း နတ်သားက လျှောက်ထားတယ်၊

တံ နမဿန္တိ တေဝိဇ္ဇာ၊ သဗ္ဗေ ဘုမ္မာ စ ခတ္တိယာ။
စတ္တာရော စ မဟာရာဇာ၊ တိဒသာ စ ယသဿိနော။
အထကောနာမ သော ယက္ခော၊ ယံ တွံ သက္က နမဿသိ။

သက္ကာ= နတ်တို့သနင်း အို-သိကြားမင်း။ တံ= အရှင်သိကြားမင်းကို။ သဗ္ဗေ= ခပ်သိမ်းဥဿုံအလုံးစုံကုန်သော။ ဘုမ္မာ= မြေ၌တည်ကြကုန်သော။ တေဝိဇ္ဇာ= ဗေဒင်သုံးခန်း တတ်ကျွမ်းကြသည့် ပုဏ္ဏားတို့သည် လည်းကောင်း။ သဗ္ဗေ= ခပ်သိမ်းဥဿုံအလုံးစုံကုန်သော။ ခတ္တိယာစ= ခတ္တိယမျိုး သတိုးနွယ်ဝင် ဘုရင်မင်းတရားတို့သည် လည်းကောင်း။ စတ္တာရော စ မဟာရာဇာ= စတုမဟာရာဇ် နတ်မင်းကြီးတို့သည် လည်းကောင်း။ ယသဿိနော= များသော အခြံအရံ ရှိကြကုန်သော။ တိဒသာစ= တာဝတိံသာနတ်တို့သည်လည်းကောင်း။ နမဿန္တိ= ဝပ်တွားရိုကျိုး ရှိခိုးကြပါပေကုန်၏။ သက္ကာ= နတ်တို့သနင်း အို-သိကြားမင်း။ တွံ= သင် သိကြားမင်းသည်။ ယံ ယက္ခံ= အမှတ်မထင် အကြင်နတ်ကို။ နမဿသိ= ရိုသေမြတ်နိုးရှိခိုးဘိ၏။ သောယက္ခော= ထို အရှင်သိကြားမင်း ရှိခိုးတဲ့နတ်သည်။ ကောနာမ= အဘယ်အမည် ရှိပါသနည်း အရှင်သိကြားမင်း။
အရှင်သိကြားမင်း-တဲ့။ အရှင်သိကြားမင်း(ကို) လူ့ပြည်လောကဆိုယင် လောကသမုတိနတ် ခေါ်တဲံ ခတ္တိယနွယ်ဝင် ဘုရင်မင်းတရားကြီးတွေ၊ ဆရာကြီး၊ ဆရာကြီးလို့ အားလုံးက ဦးတည်ရတဲ့ ဗေဒင်သုံးခန်တတ်ကျွမ်း သိမြင်ကြတဲ့ ဆရာ ပုဏ္ဏား တွေ၊ လူ့ပြည်လောက က ဇာတ်မှာ အထက်တန်းနှစ်ဦး (ကို)ပြောလိုက်သဖြင့် နောက်မှာ အောက်တန်းကလို အမှတ်သင်္ကေတထားတဲ့ ကုန်သည်တွေ၊ ဆင်းရဲသားတွေလည်းပါရောပေါ့- ဥက္ကဋ္ဌနည်း ဆိုတော့။

အဲဒီ လူ့ပြည်လောကမှာရှိတဲ့ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသားဆိုတဲ့ အမျိုးလေးပါးတို့ကလည်းပဲ အရှင်သိကြားမင်းကို လူ့ပြည်ကနေပြီးတော့ ရိုသေမြတ်နိုး ရှိခိုးကြရပါတယ်။ စတုမဟာရာဇ် နတ်ပြည်မှာ ရှိကြတဲ့ ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရုပက္ခ၊ ကုဝေရ ဆိုတဲ့ နတ်မင်းကြီး လေးပါးတို့လည်း သင် သိကြားမင်းကို ရိုသေမြတ်နိုး ရှိခိုးကြရပါတယ်။ တာဝတိံသာနတ်ပြည်မှာ ရှိကြတဲ့ များစွာသော နတ်အပေါင်းတို့ကလည်း၊ အရှင်သိကြားမင်းကို ရိုသေမြတ်နိုး ရှိခိုးကြရပါတယ်။
အခုအချိန် သိကြားမင်းက အရပ်ရှစ်မျက်နှာ လှည့်ပြီးတော့ ရိုသေမြတ်နိုး အကြင်နတ်ကို ရှိခိုး၏။ အရှင်သိကြားမင်း ရှိခိုးတဲ့ ထိုနတ်က နာမည်ဘယ်လိုခေါ်ပါတုံးလို့ မာတလိနတ်သားက မေးတယ်။ အဲဒီလို မေးတဲ့အခါ သိကြားမင်းက ဘာပြန်ဖြေတုံးဆိုတော့-

မံ နမဿန္တိ တေဝိဇ္ဇာ၊ သဗ္ဗေ ဘုမ္မာ စ ခတ္တိယာ။
စတ္တာရော စ မဟာရာဇာ၊ တိဒသာ စ ယသဿိနော။

မာတလိ= အချင်း မာတလိ။ မံ= နတ်တို့သနင်း ငါသိကြားမင်းကို။ ဘုမ္မာ= အောက်လူ့ပြေ(ပြည်) မြေအရပ်၌ နေကြကုန်သော။ သဗ္ဗေ= ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ တေဝိဇ္ဇာ စ= ဗေဒင်သုံးခန်းတတ်ကျွမ်း သိမြင် အရှင် ပုဏ္ဏားတို့သည် လည်းကောင်း။ ခတ္တိယာစ= ခတ္တိယနွယ်ဝင် ဘုရင် မင်းတရားတို့သည် လည်းကောင်း။ သဗ္ဗေ= ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော။ စတ္တာရောစမဟာရာဇာ= ဓတရဋ္ဌ၊ ဝိရုဋ္ဌက၊ ဝိရူပက္ခ၊ ကုဝေရအား လေးထွေပြားတဲ့ စတုမဟာရာဇ် နတ်မင်းတို့သည် လည်းကောင်း။ ယသဿိနော= များသော အခြံအရံ ရှိကြကုန်သော။ တိဒသာစ= တာဝတိံသာ နတ်တို့သည်လည်းကောင်း။ နမဿန္တိ= ရိုသေမြတ်နိုး ရှိခိုးကြသည် မှန်ပေ၏။

အမောင်မာတလိပြောတဲ့ အတိုင်းလူ့ပြည်လောက က မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ဆင်းရဲသားဆိုတဲ့ အမျိုးလေးပါး လူအများတို့ကလည်း ငါ့ကိုရှိခိုးကြတာ အမှန်ပဲ။ စတုမဟာရာဇ် နတ်မင်းကြီး လေးပါးတို့က ငါ့ကို ရှိခိုးကြတာလည်း အမှန်ပဲ။
တာဝတိံသာ နတ်တို့ကလည်း ငါ့ကိုရှိခိုးကြတာ အမှန်ပဲတဲ့။
သိကြားမင်းက ရှိခိုးသော ရဟန်း ရှင်လူများ

အဟဉ္စ သီလသမ္ပန္နေ၊ စိရရတ္တသမာဟိတေ။
သမ္မာ ပဗ္ဗဇိတေ ဝန္ဒေ၊ ဗြဟ္မစရိယပရာယနေ။

မာတလိ= အချင်း ရထားထိန်းမာတလိ။ အဟဉ္စ= နတ်တို့သနင်း ငါ သိကြားမင်းကတော့။ သီလ သမ္ပန္နေ= စတုပါရိ သုဒ္ဓိသီလ လွှလွှဖြူလွင် စင်ကြယ်တော် မူကြပေကုန်သော။ စိရရတ္တသမာဟိတေ စ နေ့စဉ်ရက်လျား ဥပစာရ အပ္ပနာအား နှစ်ပါးသော သမာဓိဖြင့် တည်ကြည်ခြင်း ရှိတော်မူကြကုန်သော။ ဗြဟ္မစရိယပရာယနေ= သုံးပါး သိက္ခာ သာသနာတည်းဟူသော မြတ်သော အကျင့်လျှင် လည်းလျောင်းရာ ရှိကြကုန်သော။ သမ္မာပဗ္ဗဇိတေ= ကောင်းစွာ လူ့ဘောင်မှ ထွက်မြောက် ရဟန်း အဖြစ်သို့ ရောက်တော်မူကြတဲ့ အရှင်ကောင်း အရှင်မြတ်တို့ကို။ ဝန္ဒေ-ဝန္ဒာမိ= ရိုသေမြတ်နိုး ငါ ရှိခိုးပါ၏။

အခု အရပ်ရှစ်မျက်နှာလှည့်ပြီး တရိုတသေ ငါရှိခိုးတာ သီလသမ္ပန္န= စတုပါရိသုဒ္ဓိသီလနဲ့ ပြည့်စုံတော်မူကြ၍ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိအား သမာဓိနှစ်ပါးနှင့် ပြည့်စုံတော်မူကြပြီးလျှင် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာတည်းဟူသော သုံးပါးသိက္ခာ သာသနာတော်တည်းဟူသော မြတ်သောအကျင့်လျှင် လည်းလျောင်းရာရှိတော်မူကြတဲ့ ရဟန်းတော်သခင် အရှင်သူမြတ်တို့ကို သဒ္ဓါရိုကျိုး ငါရှိခိုးခြင်းပါပဲ။ ဒါတင်ပဲ လားလို့ ဆိုတော့-

ယေဂဟဋ္ဌာ ပုညကရာ၊ သီလဝန္တော ဥပါသကာ။
ဓမ္မေန ဒါရံ ပေါသေန္တိ ၊ တေ နမဿာမိ မာတလိ။

မာတလိ= အချင်းရထားထိန်းမာတလိနတ်သား။ ဓယဂဟဋ္ဌာ= အကြင် လူဝတ်ကြောင်တို့သည်။ ပုညကရာ= သင်္ကန်း ဆွမ်း ကျောင်း ဆေးတည်းဟူသော ပစ္စည်းလေးပါး အလှူဒါန အစရှိသော ကုသိုလ်ကောင်းမှု (ကို) လုပ်ကြပေကုန်၏ သီလဝန္တော= ငါးပါးသီလ ရှစ်ပါးသီလနှင့် ပြည့်စုံကြပေကုန်၏။ ဥပါသကာ= ရတနာသုံးရပ် (ကို) ဆည်းကပ်ကြပေကုန်၏။ ဓမ္မေန= တရားသဖြင့်။ ဒါရံ= သား မယားကို။ ပေါသေန္တိ= ပြုစုလုပ်ကျွေးမွေးမြူကြပေကုန်၏။ တေ= ထိုသရဏဂုံသီလ တည်ရှိကြ၍ တရားသဖြင့် ပစ္စည်းဥစ္စာတို့ကို သမ္မာအာဇီဝဖြင့် ရှာမှီး၍ သား မယားတို့အား မွေးကျွေးတဲ့ လူ သူတော်ကောင်းများကို။ အဟံ= နတ်တို့သနင်း ငါသိကြားမင်းသည်။ နမဿာမိ= သဒ္ဓါရိုကျိုး ရှိခိုးဦးညွတ်ပါ၏…. လို့-

ငါရှိခိုးတာဟာ(တစ်) သီလ၊ သမာဓိ၊ ပညာဆိုတဲံ သုံးပါးသိက္ခာ သာသနာတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နေတော်မူကြတဲ့ ရဟန်းတော် သခင် အရှင် သူမြတ်တွေကိုလည်း ရှိခိုးတယ်။
(နှစ်) လူ့ပြည်လောကမှာရှိကြတဲ့ သရဏဂုံသီလ သမ္မာအာဇီဝနဲ့ သားမယားကို ကျွေးမွေးပြုစုကြတဲ့ လူသူတော်ကောင်းတွေကိုလည်း ငါ ရှိခိုးတယ်။
ဒီတော့ ဗုဒ္ဓဘာသာတွေအနေနဲ့ စဉ်းစားကြည့်စမ်း၊ ငယ်စဉ်တောင်ကျေး ကလေးကစပြီး သရဏဂုံဆိုတာတည်ခဲ့ကြ။ အင်း… တစ်ခါအရွယ်ရောက်လို့ သီလမှန်းသိတတ်တဲ့ အချိန်မှာ ငါးပါးသီလ စောင့်ထိန်းကြ။

အဲ- လူ့ဘောင် လောကမှာ တစ်အိုး တစ်အိမ်ရယ်လို့ အိုးသီး အိမ်သီး ထူထောင်ရတဲ့ အချိန်က စပြီးတော့ မိစ္ဆာအာဇီဝဖြစ်တဲ့ ပါဏာတိပါတဖြင့် အသက်မွေးမှု၊ အဒိန္နာဒါနဖြင့် အသက်မွေးမှု အစရှိသော ဒုစရိုက်နဲ့ အသက်မွေးမှု၊ မိစ္ဆာဇီဝနဲ့ အသက်မွေးမှုကို တို့ကိုးကွယ်တဲ့ ဘုရားကိုယ်တော်မြတ် နှစ်သက်တော်မမူဘူး။
တို့ကိုးကွယ်တဲ့ ဘုရား ကိုယ်တော်မြတ်က သမ္မာအာဇီဝ ဒုစရိုက်မှ ရှောင်ပြီးသကာလ ကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း၊ နွားမွေးခြင်း အစရှိတဲ့ သမ္မာအာဇီဝ အသက်မွေးမှုဖြင့် အသက်မွေးတာကို တို့ဘုရား နှစ်သက်တော်မူတယ်။ ဒါကဲ့သို့သော ဗုဒ္ဓဘာသာဝင် သူတော်စင်တယောက် ဘုရားစက်ဆုပ်တဲံ အသက်မွေးမှုမျိုး= ဗုဒ္ဓ ပဋိကုဋ္ဌ မိစ္ဆာဇီဝ အသက်မွေးမှုမျိုးနဲ့တော့ ငါ အသက်မမွေးဘူး။ ဘုရား ချီးမွမ်းတော်မူတဲ့၊ နှစ်သက်တော်မူတဲ့ သမ္မာအာဇီဝနဲ့ ဒုစရိုက်မှု ( ကို ) ရှောင်ပြီးတော့ ကုန်သွယ်ခြင်း၊ လယ်လုပ်ခြင်း အစရှိသော တရားသော အသက်မွေးမှုဖြင့် အသက်မွေးပြီး သား မယားကို တရားသဖြင့် ငါ ပြုစုလုပ်ကျွေးမည် ဆိုပြီး လာခဲ့ကြ။
အဲဒီလို လာခဲ့တဲ့လူတွေကို သိကြားမင်းကိုယ်တိုင်က ရှိခိုးရတယ်။ ဒီတော့-

ယေဂဟဋ္ဌာပုညကရာ= အကြင်လူဝတ်ကြောင်သည် ကုသိုလ်ကောင်းမှု ( ကို ) ပြုလုပ်ကြကုန်၏။ သီလဝန္တော= ငါးပါး၊ ရှစ်ပါး သီလရှိကြကုန်၏။ ဥပါသကာ= ရတနာသုံးရပ် ( ကို ) ဆည်းကပ်ကြကုန်၏။

ဓမ္မေန= တရားသဖြင့်။ ဒါရံ= သားမယားကို။ ပေါသေန္တိ= ပြုစုလုပ်ကျွေး မွေးမြူကြကုန်၏။ တေ= ထို သရဏဂုံ သီလ တည်ရှိကြ၍ သမ္မာအာဇီဝဖြင့် အသက်မွေးကြတဲ့ လူဝတ်ကြောင်တို့ကို။ နမဿာမိ= နတ်တို့သနင်း ငါသိကြားမင်း ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ပါ၏…..
လို့ ဆိုတော့ မိမိတို့ရဲ့ဘဝ ဘယ်လောက် ဝမ်းမြောက်စရာ ကောင်းသလဲ။ သိကြားမင်း ကိုယ်တိုင်က အရိုအသေ အပြုခံရတဲ့ဘဝ။ ဒါကြောင့် တို့ မိဘဘိုးဘွား ဆရာသမားများက သာသနာ ယဉ်ကျေးမှု ပွဲသဘင်တစ်ခု စတော့မယ်ဆိုယင် သိကြားရှိခိုးခံရတဲံ ဘဝကိုပေါ့လေ၊ တစ်ဆင့်ထက်တစ်ဆင့် ရောက်အောင် ဆိုပြီးတော့ သရဏဂုံသီလက စပြီးတော့ သာသနာ့ယဉ်ကျေးမှုနဲ့ သဘင်များ စခဲ့ကြတယ်။

အဲဒီလို သိကြားမင်းက ပြောတဲ့အခါကျတော့ မာတလိနတ်သားက ဘာပြန်ပြောသလဲ။

သေဋ္ဌာဟိ ကိရလောကသ္မိံ၊ ယေ တွံ သက္က နမဿသိ။
အဟမ္ပိ တေ နမဿာမိ၊ ယေ နမဿသိ ဝါသဝ။

သက္က= နတ်တို့သနင်း အရှင်သိကြားမင်း။ တွံ= အရှင်သိကြားမင်းသည်။ ယေ= အကြင်ရဟန်း သူတော်ကောင်း၊ လူသူတော်ကောင်းတို့ကို။ နံမဿသိ= ရိုသေမြတ်နိုး ရှိခိုးတော်မူပါပေ၏။

တေ= ထိုအရှင်သိကြားမင်း ဝပ်စင်းရိုကျိုး ရှိခိုးတဲ့ ရဟန်းတော်သခင် လူသူတော်စင်တို့သည်။ လောကသ္မိံ= လောက၌။ သေဋ္ဌောဟိ- သေဋ္ဌာဧဝ= နတ်တို့သနင်း အို-အရှင်သိကြားမင်း။ အဟမ္ပိ= အကျွန်ုပ်သည်လည်း။ ယေ= အကြင် ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းတို့ကို။ တွံ= အရှင်သိကြားမင်းသည်။ နမဿသိ= ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ပါ၏။ အဟမ္ပိ= အကျွန်ုပ်မာတလိနတ်သားလည်းပဲ။ တေ= ထို အရှင်သိကြားမင်း ဝပ်စင်းရိုကျိး ရှိခိုးဦးညွတ်တဲ့ ရဟန်းသူတော်ကောင်း၊ လူသူတော်ကောင်းတို့ကို။ နမဿာမိ= ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ပါ၏… လို့ မာတလိနတ်သားလည်းပဲ သိကြားနောက်က အတူလိုက်ပြီးတော့ အရပ်လေးမျက်နှာ အထောင့်အရပ်ဆိုတဲ့ အရပ်ရှစ်မျက်နှာကို လှည့်ပြီးတော့ လူ့ပြည်က ရှိတဲ့ရဟန်းတော်တွေကို ရိုသေမြတ်နိုး ရှိခိုးကြတယ်။
အဲဒီလို ရှိခိုးပြီးတဲ့နောက်မှ သိကြားမင်း ဝေဇယန္တာ ရထားကြီးစီးပြီးတော့ နန္ဒဝန်ဥယျာဉ်သွားတဲ့အကြောင်းကို-

ဣဒံ ဝတွာန မဃဝါ၊ ဒေဝရာဇာ သုဇမ္ပတိ။
စတုဒ္ဒိသာ နုမသိတွာ၊ ပမုခေါ ရထ’ မာရုဟိ၊

ဘိက္ခဝေ- ပရိသတ်လေးပါး ချစ်သား ချစ်သမီးတို့။ ဣဒံ= ဖော်ပြအပ်ငြား ဤစကားကို။ ဝတွာန= ပြောဆိုပြီး၍။ ဒေဝရာဇာ= နတ်တို့သနင်းဖြစ်သော။ သုဇမ္ပတိ= သူဇံနတ်သမီး၏ အရှင်ဖြစ်ပေသော။ မဃဝါ= လူ့ပြည်လောက ဝေါဟာရဖြင့် မာဃအမည်တွင်ပေသော။ သက္ကော= နတ်တို့သနင်း သိကြားမင်းသည်။ ( စတုဒ္ဒိသာ= အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့ကို။ ) နမသိတွာ= ရိုသေမြတ်နိုး ရှိခိုးဦးညွတ်ပြီးတော့။ ပမုခေါ= နတ်တို့၏ ဦးစီးအမှူးအကြီးဖြစ်ပေသော အရှင်သိကြားမင်းသည်။ ရထံ= ဝေဇယန္တာရထားထက်သို့။ အာရုဟိ= တက်စီးကာ နန္ဒဝန်ဥယျာဉ်သို့ သွားရောက်လေပြီ။

လူ့ပြည်လောက သရဏဂုံသီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်များ အားရအောင် မိမိတို့ရဲ့ ဘဝတန်ဖိုးသိအောင် မြတ်စွာဘုရားက ဂဟဋ္ဌ ဝန္ဒနာသုတ္တန်လို့အမည်ရှိတဲ့ ဒီသုတ္တန်ကို သက္ကသံယုတ်မှာ ဟောကြားထားခဲံတယ်။
ဒါက ဘာလဲဆိုတော့ တရားပွဲတစ်ခု စတော့မယ်၊ သာသနာ ယဉ်ကျေးမှုပွဲတစ်ခု စတော့မယ်ဆိုယင် ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအရ သရဏဂုံသီလ အစက "တည်" လိုက်ရတာဟာဖြင့် ဂဟဋ္ဌ ဝန္ဒနာသုတ္တန် အရတို့တစ်တွေ သိကြားမင်းရဲ့ ဦးထိပ်ပေါ် ရောက်သွားတဲ့ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါပကောလို့ စိတ်ထဲ အားရဝမ်းသာရှိအောင် ဂဟဋ္ဌ ဝန္ဒနာသုတ္တန်ကို ဘုန်းကြီး ထုတ်ဖော် ဟောပြပါတယ်။ တင်ပြပါတယ်။ ဒီသုတ္တန်ထောက်ပြီးတော့ မိမိတို့ စောင့်ထိန်းထားတဲ့ သရဏဂုံ၊ မိမိတို့ စောင့်ထိန်းထားတဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလများ မကျိုးမပေါက် မကျား မပြောက်ရအောင် သိကြားမင်းရဲ့ အရိုအသေ အမြတ်နိုး ရှိခိုးကို အမြဲတစေ ခံရအောင် စောင့်ရှောက်နိုင်ကြပါစေ။ ဂဟဋ္ဌ ဝန္ဒနာသုတ္တန် ဤမှာပဲ ရပ်ခဲ့ကြစို့။



သာဓု... သာဓု... သာဓု...။

ဂဟဋ္ဌဝန္ဒနာသုတ္တန် တရားတော် ပြီးပြီ။

သလ္လသုတ္တန် ဆက်သွားကြည့်ရအောင်။

0 comments:

Post a Comment