Tuesday, July 12, 2011

ရောဟိနီထေရီ ဂါထာ တရားတော်



တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

ရောဟိနီထေရီ ဂါထာ တရားတော်

လူတို့ထက် လွန်ကဲမွန်မြတ်သော
သံဃာတော်တို့၏ ဂုဏ်ပုဒ်များကို သိနားလည်စေရန် ရည်သန်ဟောကြားခြင်း
သာသနာတော် ၂၅၁၀-ပြည့်၊ ကောဇာသက္ကရာဇ် ၁၃၂၈-ခုနှစ်၊ တော်သလင်း လဆန်း ၈-ရက်နေ့၊ မန္တလေးမြို့ ကျောက်စိမ်းအလုပ်သမားများ ကောင်းမှု ကုသိုလ် ဓမ္မာရုံ၌ ဟောကြားအပ်သော ရောဟိနီထေရီဂါထာ တရားတော်။

ရောဟိနီထေရီဂါထာ တရားကို ဘုန်းကြီး ဟောပြပါမယ်။ အလျင်တစ်ပတ်တုန်းက ဘုန်းကြီး ပြောတာက ကုဋိကဏ္ဏသောဏ မထေရ်ရဲ့ အကြောင်းကို ဟောမယ်လို့ ဝန်ခံခဲ့တယ်။ သို့သော် ပြန်ပြီးစဉ်းစားလိုက်တဲ့အခါကျတော့ ကုဋိကဏ္ဏသောဏ မထေရ်ရဲ့ အကြောင်းအရာက ဘုန်းကြီးတို့ သာသနာဘက်မယ် ရဟန်းတော်များအတွက် အထူးသဖြင့် ကျေးဇူးများတာ ပါပါတယ်။

ဆိုကြပါစို့။ ကုဋိကဏ္ဏသောဏ မထေရ်ရဲ့ ထူးခြားချက် ပြောလို့ရှိယင် မြန်မာပြည်လို ဌာနမှာ ရဟန်းငါးပါးနဲ့ ရဟန်းခံနိုင်တဲ့ ကိစ္စမျိုး၊ ဝိနည်းကိစ္စမျိုးတွေ ကျေးဇူးများတယ်။ အဲဒီလို သံဃာတော်များအတွက် အမှတ်တရ ဖြစ်ထိုက်တဲ့ ပုဂ္ဂိုလ်၊ ဝိနည်း ကိစ္စအတွက် အမှတ်တရ ဖြစ်ထိုက်တာက များနေပါတယ်။

အဲဒါနဲ့ ဘုန်းကြီး စဉ်းစားကြည့်တယ်။ တို့ ဒကာ ဒကာမတွေနဲ့ ဘယ်တရား တော်မလဲ။ ဘုန်းကြီးစဉ်းစားတော့ (လျှောက်ရှာတယ် ဆိုပါစို့၊ ရှာတော့ အခု) ဟောဒီ ထေရီဂါထာ ဆိုတာ သွားတွေ့တယ်။ ဝေဖန်ရေးသမားတွေ ပေါများသော အချိန်အခါမှာ သာသနာတော်အတွက် ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော အမျိုးကောင်းသား၊ ဗုဒ္ဓဘာသာဝင် ဖြစ်ကြသော အမျိုးကောင်းသမီးများကို ဝေဖန်ရေး သမားများက မေးတတ်တယ်။

ဘုရား လက်ထက်တုန်းက မေးခဲ့တာ တစ်ခုရှိတယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် အနေနဲ့ ရဲရဲတောက် ဖြေကြားခဲ့တဲ့ အကြောင်း၊ အမျိုးသမီးလောက က ကြည့်လို့ရှိယင် “တို့အစ်မကြီးတစ်ယောက် ဗုဒ္ဓဘာသာဘက်က နေပြီးတော့ ဝေဖန်ရေးသမား ဖခင်အား ရဲရဲတောက် ဖြေကြားခဲ့တယ်” ဆိုတာ ဂုဏ်ယူစရာပ။ အမျိုးသာတွေ အနေနဲ့လည်းပဲ “တို့အစ်မကြီး တစ်ယောက် သာသနာမှာ ရဲရဲတောက် ဝေဖန်ရေးသမား ဖခင်ရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တယ်” ဂုဏ်ယူစရာပ။ အဲဒီ အမျိုးသမီးရဲ့ အကြောင်း အကျဉ်းချုပ် ပြောယင် လွန်ခဲ့တဲ့ ကိုးဆယ့်တစ်ကမ္ဘာထက်က ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူပါတယ်။ ဝိပဿီ မြတ်စွာဘုရား တစ်နေ့ ဗန္ဓုမတီ နေပြည်တော်အတွင်း ဆွမ်းခံ ကြွတော်မူတဲ့အခါ အမျိုးသမီး တစ်ယောက်သည် သဒ္ဓါကြည်ညိုစွာဖြင့် မြတ်စွာဘုရားရဲ့ ရွှေလက်တော်က သပိတ်အပြည့် မိမိမှာရှိတဲ့ မုန့်များကို လောင်းပြီးတော့ သာဟတ္ထိက သက္ကစ္စမြောက် လက်ရောက်ကြည်ဖြူ ကပ်လှူခဲ့တယ်။

ထူးထူးချွန်ချွန် လက်ညှိုး ညွှန်ပြစရာ ကောင်းတဲ့အနေနဲ့ ဤကုသိုလ်ကောင်းမှုသည် သူ့ရဲ့ အဓိကရ ကောင်းမှုကုသိုလ်တစ်ခုပဲတဲ့။ ယင်း အဓိကရ ကောင်းမှု ကုသိုလ်ကြောင့် ကိုးဆယ့်တစ်ကမ္ဘာ အပါယ်မလားဘဲနဲ့ လူ့ရပ် နတ်ရွာ စုန်ကာ ဆန်ကာနဲ့ လူချမ်းသာ နတ်ချမ်းသာ နှစ်ပါး ခံစားပြီးတဲ့နောက် ဤဘုရားသာသနာခေတ် ရောက်သကာလ ဝေသာလီပြည်မှာ မဟာဝိဘဝခေါ်သော ပုဏ္ဏာရဲ့သမီး “ရောဟိနီ” လို့ ခေါ်တဲ့ ပုဏ္ဏေးမကလေး တစ်ယောက် ဖြစ်လာတယ်။

သူတော်ကောင်းတို့၏ အလေ့အကျင့်
အဲဒီ ရောဟိနီခေါ်တဲ့ ပုဏ္ဏေးမ အမျိုးသမီးကလေးဟာ မြတ်စွာဘုရား ကိုယ်တော်မြတ် ဘုရားဖြစ်ပြီးလို့ ငါးဝါအရောက်မှာ ဝေသာလီပြည် မဟာဝုန် တော၌ ကြွရောက် ဝါကပ် သီတင်းသုံးတော်မူတဲ့အခါ ဝေသာလီ သာသနာ ထူး၍ ထိန်လင်းခဲ့တယ်။ ထွန်းပခဲ့တယ်။ အဲဒီ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူတဲ့ အချိန်တုန်းက ဗုဒ္ဓဘာသာတို့ရဲ့ အနေအစားကို မှန်းထားပြီးတော့ ကြည့်ရမယ်။

ပဿန္တာ ရူပဝိဘဝံ၊ သုဏန္တာ မဓုရံ ဂိရံ။
စရန္တိ သာဓူ သမ္ဗုဒ္ဓ-ကာလေ ကေဠိပရံမုခါ။
(အလင်္ကာ၊ ၉၉)
သမ္ဗုဒ္ဓကာလေ= မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ် ဟို-အချိန်ကာလ၌။ သာဓူ= နှလုံး ပျော့ပျောင်း ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည်။ ရူပဝိဘဝံ= သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏတော်ကြီး၊ ရှစ်ဆယ်သော အနုဗျဉ္ဇန လက္ခဏတော်ငယ်တို့နှင့် ပြည့်စုံလှစွာသော မြတ်စွာဘုရား၏ ရူပကာယ အသရေတော်ကို။ ပဿန္တာ= နေ့ နေ့ ည ည ဖူးမြင်ကြရကုန်သည်ဖြစ်၍ လည်းကောင်း။ မဓုရံ ဂိရံ= ချိုမြိန်ကောင်းမြတ်တဲ့ တရားစကားတော်ကို။ သုဏန္တာ= နေ့ရှိသမျှ သဒ္ဓါနားဖြင့် နာကြား ကြရကုန်သည်ဖြစ်၍ လည်းကောင်း။ ကေဠိပရံမုခါ= ပျော်ပွဲရွှင်ပွဲ မျက်နှာလွှဲကြကုန်လျက်။ စရန္တိ= လှည့်လည်ကျက်စား သွားလာ၍ နေကြလေကုန်၏။

ဘုရားလက်ထက်တုန်းက သူတော်ကောင်းတွေဟာ ကျောင်းတော်သွား၊ ဘုရားကိုယ်တော်မြတ်ရဲ့ ရူပကာယ အသရေတော်ကို ဖူးမြော်လိုက်၊ ရွှေနှုတ်တော် မြွက်ဟတဲ့ ချိုမြိန်စွာသော ဘုရားစကားကြားနာလိုက်၊ ဘုရားဖူးလိုက်၊ တရားနာလိုက်နဲ့ ဒီအလုပ်နှစ်ခုနဲ့ပဲ လောကီ ပျော်ရွှင်မှုကို မျက်နှာလွှဲပြီးတော့ ဘုရားဖူးမှု၊ တရားနာမှုဆိုတဲ့ သူတော်ကောင်း အလုပ်နှစ်ခုနဲ့ပဲ လှည့်လည်ကျက်စား ပျော်ပါးနေကြတယ်-တဲ့။ အဲဒီလို အလင်္ကာကျမ်းများမှာ ဆိုတဲ့အတိုင်း စောစောကပြောတဲ့ မဟာဝိဘဝပုဏ္ဏားရဲ့ သမီး ရောဟိနီဆိုတဲ့ အမျိုးသမီးလည်းပဲ ဝေသာလီပြည်သို့ ဘုရားကိုယ်တော်မြတ်ကြွရောက် ဝါကပ်သီတင်းသုံးတဲ့အခါ ဖြစ်တော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ရဲ့ ရူပကာယ အသရေတော်ကို ဖူးမြော်လိုက်၊ တရားတော်ကို ကြားနာလိုက်၊ သံဃာတော် အရှင်မြတ်တို့ကို ဖူးမြော်လိုက်၊ လှူလိုက်၊ တန်းလိုက်နဲ့ (ဘုရားဖူးလိုက်၊ တရားနာလိုက်၊ သံဃာတော် အရှင်မြတ်တို့ကို မိမိတတ်စွမ်းသမျှ ပြုစုလိုက်နဲ့) ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ ကုသိုလ်ကောင်းမှုနဲ့သာ အချိန်ကုန်စေ၍ တစ်နေ့တော့ သောတာပန် အရိယာမကလေး ဖြစ်တယ်။

အဲဒီ သောတပန် အရိယာမကလေး ဖြစ်ပြီးတော့ သောတာပန် ဖြစ်တယ်ဆိုလို့ရှိယင် ဘုန်းကြီးတို့ စာထဲမှာတော့ မလှူရယင် ဘယ်လိုနည်းနဲ့မှ မနေနိုင်ဘူး။ တစ်နည်းအားဖြင့် မိမိကိုယ်ကို အငတ်ခံ၍ ကိုပဲ မိမိ မစားဘဲနဲ့ လှူတယ်။ အဝတ်သင်္ကန်း နွမ်းနယ်တဲ့ ပုဂ္ဂိုလ်တွေ့ယင် မိမိမဝတ်ရယင် နေပါစေ၊ လှူပစ်တယ်။ နေရာထိုင်ခင်း ဆင်းရဲတဲ့ ပုဂ္ဂိုလ်မြတ် တွေ့လို့ရှိယင် မိမိမှာ နေရာမရှိယင် နေပါစေ၊ သောတာပန်ဆိုတာ ကိုယ့်ရှိတဲ့ နေရာပေမယ်လို့ ရက်ရက်ရောရော လှူဒါန်းတယ်။

ယနေ့ ဗုဒ္ဓဘာသာဝင်တွေ ဘုရား၊ တရားနဲ့ နှုတ်က မြွက်သလို အိပ်ရာထလည်းပဲ ဘုရား၊ ဘုရားနဲ့ နှုတ်က မြွက်သလို အိပ်ရာထလည်းပဲ ဘုရား၊ ဘုရားနဲ့ ဒီလို ဘုရားဂုဏ်ကိုပေါ့လေ၊ စိတ်က အာရုံပြုသလို ရောဟိနီ အမျိုးသမီးကလည်းပဲ အိပ်ရာဝင်တော့မယ် ဆိုယင် သမဏာ-သမဏာ-သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတော် မူတတ်တဲ့ အရှင်မြတ်တွေ၊ အဲဒီလို နှုတ်က ရဟန်းတော် အရှင်သူမြတ်တွေကို မှန်းမှန်းပြီးတော့ ဤကဲ့သို့ မြွက်ဆိုတယ်။ အိပ်ရာက နိုးတော့လည်းပဲ သမဏာ=ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ်တဲ့ ရဟန်းတော် အရှင်သူမြတ်တွေပါ တကား။ ရဟန်းတော် အရှင်သူမြတ်တွေကို အာရုံပြုပြီးတော့ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ ဆိုတဲ့ ရတနာသုံးပါး အာရုံနဲ့ အိပ်တယ်။ ရတနာသုံးပါး အာရုံနဲ့ နိုးတယ်။

မလိုလားသူအဖို့ တရားစကားသည် နားခါးသည်
သွားလေရာရာ အစည်းအဝေး စကားဝိုင်းဖွဲ့မိယင်လည်းပဲ ရဟန်းတော် အရှင်သူမြတ်တို့ရဲ့ သုပ္ပဋိပန္န၊ ဥဇုပ္ပဋိပန္န၊ ဉာယပ္ပဋိပန္န၊ သာမီစိပ္ပဋိပန္န၊ အာဟုနေယျ၊ ပါဟုနေယျ၊ ဒက္ခိနေယျ၊ အဉ္ဇလီကရဏီယ၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- ဆိုတဲ့ သံဃာတော်ရဲ့ အကြောင်းဂုဏ်လေးပါး၊ အကျိုးဂုဏ်ငါးပါးကလွဲလို့ ဒီပြင်စကားတွေ အင်မတန်နည်းပါးတယ်။ ဒီတော့ အိပ်ရာဝင်လည်း ‘သမဏာ’ အိပ်ရာထလည်း ‘သမဏာ’နဲ့ ရဟန်း သံဃာကို အာရုံပြုလွန်း အားကြီးတော့ ဝေဖန်ရေးသမား သူ့ရဲ့ဖခင် မဟာဝိဘဝ ပုဏ္ဏားက မေးတယ်။ စကားစတယ်။

ကနေ့ ဆိုကြပါစို့ရဲ့၊ ကနေ့ ဗုဒ္ဓဘာသာတို့အဖို့ရာ‘သမဏာ’ ဆိုတဲ့ စကားသည် အင်မတန်ကြားရခဲတဲ့ အသံတစ်ခု။ ဒီလို လေးလေးနက်နက်သိတဲ့ ပုဂ္ဂိုလ်များ အဖို့ရာမှာ သမဏာဆိုတဲ့ အသံကလေးကို ကြားလိုက်ရတာ စိတ်အေး၊ နှလုံးချမ်းမြေ့သော်လည်းပဲ သဒ္ဓါတရား ခေါင်းပါး၊ ပညာတရား နည်းပါးတဲ့ ပုဂ္ဂိုလ်များ အဖို့ကျတော့ ဒီအသံက နားခါးတယ်၊ နားကြားပြင်းကပ်စရား ဖြစ်ပါတယ်။ ဓမ္မကိစ္စမျိုး ပြောရလို့ရှိယင် သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ တရားကောင်း ငါးပါးရှိတယ်။

မသဒ္ဓါတဲ့ ပုဂ္ဂိုလ်ရဲ့ ရှေ့မှောက်မှာ သဒ္ဓါတရားနဲ့ ပတ်သက်သော တရားစကားသည် နားဆင်းရဲတဲ့စကား၊ နားကြားပြင်းကပ်တဲ့ စကား ဖြစ်ပါတယ်။ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေတဲ့ မုဋ္ဌသစ္စ ပုဂ္ဂိုလ်ရဲ့ ရှေ့မှာ သတိနဲ့ ပတ်သက်သော တရားစကားသည် နားကြား ပြင်းကပ်သောစကား ဖြစ်ပါတယ်။

ပျံ့လွင့်ပြီးတော့ အုတ်ခဲရိုက်ထားတဲ့ပြာလို လွင့်ပါးနေတဲ့ ဥဒ္ဓစ္စသမားရဲ့ အထံမှာဆိုလို့ ရှိယင် သမာဓိနဲ့ ပတ်သက်သော တရားစကားသည်နားကြားပြင်းကပ်တဲ့ စကား ဖြစ်ပါတယ်။ ပညာမရှိတဲ့ လူမိုက်ရဲ့ မျက်မှောက်မှာ ပညာနဲ့ ပက်သက်သော တရားစကားသည် နားကြားပြင်းကပ်တဲ့ စကားဖြစ်ပါတယ်။

အဲဒီတော့ ဖခင် မဟာဝိဘဝ ပုဏ္ဏားက သဒွါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ၊ ဗိုလ်ငါးပါး အားနည်းသူဆိုတော့ ဗိုလ်ငါးပါးအားကြီးတဲ့ သမီးကနေပြီး အိပ်ရာဝင်လည်း သမဏာ၊ အိပ်ရာထလည်း သမဏာ၊ စကားပြောယင်လည်းပဲ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတော်မူတတ်တဲ့ ရဟန်းတော်အရှင်မြတ်တွေ ပါတကားဆိုတဲ့ ဒီရဟန်းတော်ရဲ့ ဂုဏ်ကို သူ ဒီလိုရွတ်ရတာ အင်မတန်အရသာရှိ၊ အင်မတန်ချိုမြိန်ပြီးတော့ သမီးက ရွတ်ဖန်များတော့ ဝေဖန်ရေးသမား တစ်နည်းအားဖြင့် ဣနြေ္ဒငါးပါး နုံ့နှေးသော ဖခင်က နားဆင်းရဲတဲ့စကား နားကြားပြင်းကပ်တဲ့စကား ဖြစ်တော့ သမီးကို သူက ဘာပြောသလ်ဆိုတော့-

သမဏာတိ ဘောတိ သုပိ၊
သမဏာတိ ပဗုဇ္ဈသိ။
သမဏာနေဝ ကိတ္တေသိ၊
သမဏီ နူနု ဘဝိဿသိ။

ဘောတိ= ချစ်သမီး ရောဟိနီ။ တွံ= သင်ချစ်သမီးသည်။ သမဏာတိ= သမဏာဟူ၍။ သုပိ= နှုတ်က ရွတ်ကာ အိပ်စက်ပါ၏။ သမီး၊ အိပ်မယ်ကြံယင်လည်းပဲ သမီး မြွက်ကြားရတယ်။ သမဏာ= ကိလေသာ ခပ်သိမ်း ငြိမ်းအေးစေတတ်တဲ့ ရဟန်းတော် အရှင်မြတ်တွေပါ တကား။ ဒီလို ဥဒါန်းကျူးကျူးပြီးမှ သမီးအိပ်တယ်။ ဘောတိ= ချစ်သမီး ရောဟိနီ။ တွံ=သင်ချစ်သမီးသည်။ သမဏာတိ= သမဏာ၊ သမဏာဟူ၍။ ပဗုဇ္ဈသိ= နှုတ်ကမြွက်ကာ နိုးကြားပါ၏။
သမီး အိပ်ရာက နိုးယင်လည်းပဲ-
သမဏာ=ကိလေသာခပ်သိမ်းငြိမ်းအေးစေတော်မူတတ်တဲ့ ရဟန်းတော် အရှင်မြတ်တွေပါတကား၊ သူအိပ်ရာက ပထမဆုံး မင်္ဂလာရှိတဲ့ အသံကလေး ပြောပြီးတော့ ထတယ်။ ဘောတိ= ချစ်သမီး ရောဟိနီ။ တွံ= သင်ချစ်သမီးသည်။ သမဏာနေဝ-သမဏာနိ ဧဝ= ရဟန်းတော်တို့၏ သီလ၊ သမာဓိ၊ ပညာ ကျေးဇူးဂုဏ်ကိုသာလျှင်။ ကိတ္တေသိ= ပြောကြာ၍ နေဘိ၏။ တွံ= သင်ချစ်သမီးသည်။ သမဏိ= မကြာမြင့်မီ ရဟန်းမကလေးသည်။ ဘဝိဿသိ နူနု= ဖြစ်လေယောင်တကား။

သမီးရယ်၊ အိပ်ရာဝင်လည်း သမဏာ၊ အိပ်ရာထလည်း သမဏာ၊ စကားပြောလည်းပဲ သမီးက သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ်တဲ့ ရဟန်းတော် အရှင်မြတ်တို့ပါတကား….လို့ ရဟန်းတွေရဲ့ ဂုဏ်ကျေးဇူးကိုပဲ သမီး စကားပြောတယ်။ သမီးကြည့်ရတာ မကြာခင်များ ဘိက္ခုနီမကလေး ဖြစ်သွားမလားသမီးရယ်…။ သရော်တော်တော် လှောင်တောင်တောင်လိုပေါ့။ သမီး ဒါလောက်တောင် ရဟန်းတွေကို စိတ်က အာရုံစွဲယင် မကြာခင် သမီး ဘိက္ခုနီမကလေး၊ ရဟန်းမကလေးများ ဖြစ်သွားမလား... တဲ့။

သမဏီ နူနု ဘဝိဿသိ။
တွံ= သင်ချစ်သမီးသည်။ သမဏီ= မကြာမြင့်မီ ဘိက္ခုနီမကလေးသည်။ ဘဝိဿသိနူနု= ဖြစ်လိမ့်ယောင်တကား။

ဝိပုလံ အန္နဉ္စ ပါနဉ္စ၊
သမဏာနံ ပဝေစ္ဆသိ။
ရောဟိနီ ဒါနိ ပုစ္ဆာမိ၊
ကေန တေ သမဏာ ပိယာ။

ရောဟိနီ= ချစ်သမီး ရောဟိနီ။ တွံ= သင်ချစ်သမီးသည်။ ဝိပုလံ= ပြန့်ပြောများမြတ်စွာသော။ အန္နဉ္စ= စားဖွယ်ကိုလည်းကောင်း။ ပါနဉ္စ= သောက်ဖွယ်ကိုလည်းကောင်း။ သမဏာနံ= ဦးပြည်းခေါ် မှန်းရှင်ရဟန်းတို့အား။ ပဝေစ္ဆသိ= သဒ္ဓါရှေ့ရှူ ပေးလှူဘိ၏။

သံဃာကို မကြည်ညိုသူ၏ အယူအဆ
သမီးကြည့်ရတာ ကနေ့ ဝေဖန်ရေးသမား သာသနာ မကြည်ညိုတဲ့ ပုဂ္ဂိုလ်များအလိုတော့ ဦးပြည်းခေါ်မှန်း ရှင်ရဟန်းတို့ကိုသာ သမီးဟာ စားဖွယ်တွေ သောက်ဖွယ်တွေ မြောက်မြောက်မြားမြား သမီး လှူနေ တန်းနေတယ်-တဲ့။

ရောဟိနီ= ချစ်သမီး ရောဟိနီ။ ဒါနီ= နေ့ရှည်ရက်ကြာ ငါ ဖခင်မခံသာတဲ့ဤ ယခုအခါ၌။ (ရှေ့ရက်များက တကတည်း အိပ် သမဏာ၊ နေ့ သမဏာ၊ စကားပြော သမဏာ၊ ကြာတော့ နားကဆင်းရဲတယ်။ နားမခံသာတဲ့ ယခုအခါ၌) တံ= သင် ချစ်သမီးကို ပုစ္ဆာမိ= သိလိုရေးမို့ ငါမေးလို၏။ ကေန= အဘယ်သို့ လှူဒါန်းတဲ့ အကြောင်းကြောင့်။ တေ= သင်ချစ်သမီးသည်။ သမဏာ= ဣသိခေါ်မှန်း ရှင်ရဟန်းတို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် ကြည်ညိုနှစ်သက်အပ်ပါသနည်း။

ဘာ့ကြောင့် သမီးဟာ မျက်မြင်အားဖြင့် ချစ်စရာ ခင်စရာ ကြည်ညိုစရား နှစ်သက်စရာ မရှိတဲ့ ဦးပြည်းရဟန်းတွေကို သမီး ကြည်ညိုနေရတုံး။ ဘာကြောင့် သမီးဟာ ရဟန်းတွေကို ချစ်ခင်နေရ၊ နှစ်သက်ကြည်ညိုနေရသတုံး။

ဖခင်က ဘာပြောချင်လို့တုံး။ ဖခင်ပြောတဲ့ အသံက ရဟန်းတွေအပေါ် သာသနာတော်မှာ မကြည်ညိုတဲ့ မွဲတဲတဲအသံ ရှိပါတယ်။ ဖခင်ပြောချင်သမျှ ပြည့်စုံအောင်လည်း ပြောစမ်းပါအုံးဆိုတော့-

အကမ္မကာမာ အလသာ၊
ပရဒတ္တုပဇီဝိနော။
အာသံသုကာ သာဒုကာမာ၊
ကေန တေ သမဏာ ပိယာ။
ရောဟိနီ= ချစ်သမီး ရောဟိနီ။ တေ= သင်ချစ်သမီး၏ ပိယာ= ချစ်ခင်လေးမြတ် နှစ်သက် ကြည်ညိုအပ်ကုန်သော။ တေ- ထိုရဟန်းတို့သည်။ အကမ္မကာမာ= အလုပ်ကို ဘယ်လိုနည်းနဲ့မှ မလုပ်လိုကြကုန်။

လူဘုံ လူ့လောကဆိုတာ အလုပ်လုပ်မှ စားရ ဝတ်ရ ချမ်းချမ်းသာသာ နေရတယ်မဟုတ်လား သမီး။ သမီးမြတ်နိုးတဲ့ ရဟန်းတွေကို ကြည့်ရတာ ဘယ်တော့မှ အလုပ်လုပ်တယ် မရှိဘူး။ လယ်ထွန်ခြင်း၊ ယာလုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ နွားမွေးခြင်း၊ လူ့လောကမှာရှိတဲ့ အလုပ် ဘာအလုပ်မှ မလုပ်ဘူး။ အလုပ်လက်မဲ့ ပုဂ္ဂိုလ်တွေ။ အကမ္မကာမာ ဆိုတာ အလုပ်မလုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ။ အမြဲတစေ ပျင်းရိ၍ နေကြတဲ့ ပုဂ္ဂိုလ်တို့ပါပေ။ စားလည်း လေးလေးကန်ကန်၊ သွားလည်း လေးလေးကန်ကန်၊ ထိုင်လည်း လေးလေးကန်ကန်၊ ထလည်း လေးလေးကန်ကန် ဘယ်နေရာမှ လုံ့လဝီရိယ မရှိတဲ့ ပုဂ္ဂိုလ်တွေ။ အင်မတန် ပျင်းရိတဲ့ပုဂ္ဂိုလ်။

မှန်တာပေါ့နော်။ ဒီ သဒ္ဓါတရား ခေါင်းပါးတဲ့ ပုဂ္ဂိုလ်ရဲ့ မျက်စိနဲ့ ကြည့်လို့ရှိယင် ရဟန်းတော်တွေရဲ့ သွားမှု၊ လာမှု၊ ရပ်မှု၊ ထိုင်မှု၊ နေမှု ပြုပြင်သမျှ အမူအရာ အလုံးစုံတွေဟာ နုံ့တိနုံ့နှေးတဲ့ အပျင်းထူတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလို ထင်စရာ ရှိပါတယ်။ အဲဒီလို ထင်တဲ့ အတိုင်း အင်း= ဒီ ဝေဖန်ရေးသမား သဒ္ဓါတရား ခေါင်းပါးသော ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ သမီးကို ဖခင် ဝိဘဝပုဏ္ဏားက ပြောတယ်။ သမီး ကြည်ညိုတယ်ဆိုတဲ့ ဒီကိုယ်တော်တွေဟာ အင်မတန် ပျင်းတဲ့ ပုဂ္ဂိုလ်တွေ။ ဘာမှ အလုပ်မလုပ်ဘူး။

ပရဒတ္တူပဇီဝိနော= သူတစ်ပါး ပေးကမ်းအပ်တဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး ပြည့်စုံကာ အသက်မွေးမှုရှိတဲ့ ပုဂ္ဂိုလ်တွေ၊ လက်ဝေခံ စားတယ်။ အေက်ကျ နောက်ကျ ဘာမှ အလုပ်ကယ်လို့ မရှိဘဲနဲ့ သူတစ်ပါးပေးမှ စားရ ဝတ်ရ နေရတဲ့ ပုဂ္ဂိုလ်တွေ-တဲ့။

အာသံသုကာ= လိုလားတောင့်တတဲ့ လောဘကြီးတဲ့ ပုဂ္ဂိုလ်တွေ။ သာဒုကာမာ= ချိုမြိန်ကောင်းမြတ်တဲ့ ပစ္စည်းလေးရပ်ကိုမှ အလိုရှိကြတဲ့ ပုဂ္ဂိုလ်တွေ။ အထ= ထိုသို့ဖြစ်ပါလျက်။ ကေန= အဘယ်သို့ ထူးဆန်းတဲ့ အကြောင်းကြောင့်။ တေ= သင်ချစ်သမီးသည်။ သမဏာ= ဣသိခေါ်မှန်း ထိုရဟန်းတို့ကို။ ပိယာ= ချစ်ခင်လေးမြတ် နှစ်သက် ကြည်ညိုအပ်ပါသနည်း ချစ်သမီး…။

သမီး၊ လောကမှာ ကြည့်လိုက်ယင် ဒီရဟန်းတွေလောက် အလုပ်မလုပ်ချင်တဲ့ ပုဂ္ဂိုလ် မရှိဘူး။ ပျင်းရိတဲ့ ပုဂ္ဂိုလ်၊ သူတကာ ပေးတာ ကျွေးတာကို လက်ဝေခံ စားနေတဲ့ ပုဂ္ဂိုလ်၊ ရိုင်းရိုင်းပြောလို့ရှိယင် သူများအပေါ် ခေါင်းပုံဖြတ်နေတဲ့ ပုဂ္ဂိုလ်၊ ဒီလိုပြောချင်တယ်။

အာသံသုကာ= အင်မတန် လောဘတရား အလိုရှိတဲ့ ပုဂ္ဂိုလ်တွေ။ သာဒုကာမာ= တောင်းခံစားရတဲ့ ပုဂ္ဂိုလ်၊ မျှတရောင့်ရဲမှု မရှိဘဲနဲ့ ကောင်းတာကို ဝတ်ချင်တယ်၊ ကောင်းတာကို စားချင်တယ်၊ ကောင်းတာကို လိုချင်တယ်။ သူ့အနေနဲ့ကတော့ ဒီရဟန်းသံဃာတော်တွေအား ဗုဒ္ဓဘာသာဝင် သူတော်စင်တွေက ကောင်းတဲ့အစာကို ကျွေးခြင်း၊ ပေးခြင်း၊ ကောင်းသောအဝတ်ပေးခြင်း၊ ကောင်းသောကျောင်း အိပ်ရာနေရာ ပေးတာ လှူတာကို တယ်ပြီးတော့ သဒ္ဓါတရား မရှိတော့ မရှိသလို၊ အဲ- အလုပ်ကဖြင့် ဘာမှ မရှိဘဲနဲ့ သမီးရဲ့ ရဟန်းတွေဟာ ကောင်းတာကိုမှ လိုချင်တယ်။

ဒီလိုဖြစ်ပါလျက် သမီးကများ ဒီကိုယ်တော်တွေကို ဘာကြောင့် ဒါလောက်သဒ္ဓါရှေးရှူ ကြည်ညိုလေးမြတ် နှစ်သက်၍ နေရသလဲ၊ မေးတယ်။ အေး- ဝေဖန်ရေးသမား တစ်ယောက် အနေနဲ့တော့ ဒါ မေးစရာပေါ့။

နှစ်သက်၍ နေရသလဲ၊ မေးတယ်။ အေး- ဝေဖန်ရေးသမား တစ်ယောက် အနေနဲ့တော့ ဒါ မေးစရာပေါ့။

ကနေ့တော့ ဗုဒ္ဓဘာသာဝင် သူတော်စင် ဖြစ်ကြတဲ့ အမျိုးကောင်းသား တစ်ယောက်၊ အမျိုးကောင်းသမီး တစ်ယောက်ကို သဒ္ဓါတရား ခေါင်းပါးတဲ့၊ ဟုတ်လား။ အင်း- အယူတစ်ပါးက ပုဂ္ဂိုလ်တွေက “ဘာပြုလို့ ခင်ဗျားတို့ ဒီကိုယ်တော်တွေ ဆွေမတော် မျိုးမတော် ဒါလောက်တောင် ခင်ဗျားတို့ ချစ်ခင်ကြည်ညို လေးမြတ် နှစ်သက်၍ နေရသလဲ” လို့များ မေးယင် ဖြေတတ်အောင်ပေါ့လေ။ ယထာဘူတကျအောင် ဖြေတတ်အောင်။
သံဃာတော်များကို ကြည်ညိုခြင်းအကြောင်း
အခု ရောဟိနီ ဆိုတဲ့ သောတာပန်တည်တဲ့ အရိယာမကလေးက၊ သမီးကလေးက ဘာပြန်ဖြေသလဲဆိုတော့-

စိရဿံ ဝတ မံ တာတ၊ သမဏာနံ ပရိပုစ္ဆသိ။
တေသံ တေ ကိတ္တယိဿာမိ၊ ပညာသီလပရက္ကမံ။
တာတ= မွေးသဖခင် ကျေးဇူးရှင်။ စိရဿံ= အချိန်မြင့်ကြာ အခါရင့်ညောင်းကြာမှ။ တွံ= သင်ဖခင်သည်။ မံ= သမီးကို။ သမဏာနံ= ကိလေသာ ခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော်အရှင်မြတ်တို့၏။ သာသနံ= အကြောင်းအရာကို။ ပရိပုစ္ဆသိ= မေးမြန်းဘိ၏။

ဖခင်၊ မေးဖို့ရန် အချိန်ဟာ အင်မတန်ကို လွန်ခဲ့ပါပြီ။ အချိန် အင်မတန်ကြာမှ ဖခင်က သမီးကို ရဟန်းတော်များရဲ့ အကြောင်းကို အခုမှ အပြစ်တင်ရတယ်။ အပြစ်တင်တောင် နှောင်းနေတယ်။

တေသံ တေ ကိတ္တယိဿာမိ၊ ပညာသီလပရက္ကမံ။
တာတ= မွေးသဖခင် ကျေးဇူးရှင်။ ဒါနိ-ဣဒါနိ= သိလိုရေးနဲ့ မေးမြန်းဘိရာ ဤယခုအခါ၌။ အဟံ= ရောဟိနီခေါ်တဲ့ အကျွန်ုပ် သမီးတော်သည်။ တေ= မွေးသဖခင် ကျေးဇူးရှင်အား။ တေသံ= ထိုကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော်အရှင်မြတ်တို့၏။ ပညာသီလပရက္ကမံ= ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ် အလုံးစုံကို။ ကိတ္တယိဿာမိ= သမီးသိသလောက် ပြောကြားပါပေအံ့။

သမီး သိသလောက် ရဟန်းတော် သခင် အရှင်သူမြတ်တို့ရဲ့ ကြည်ညိုဖွယ် ကောင်းတဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ဆိုတဲ့ သိက္ခာသုံးပါး ဂုဏ်ကျေးဇူးများကို သမီးသိသလောက် ဖခင်အားပြန်ကြား ပြောဆိုပါ့မယ်။

ပြောစမ်းပါ သမီးရယ်-လို့ ဆိုပြီးတော့ ဖခင်က ပြောတယ်။ အကမ္မကာမာ-တဲ့။ သမီးရဲ့ ကိုယ်တော်တွေ အလုပ်မလုပ်ချင်ဘူး။ လယ်မထွန်ချင်ဘူး၊ ယာမလုပ်ချင်ဘူး၊ ကုန်မရောင်းချင်ဘူး၊ ခါးချိုးပြီးတော့ ဘာအလုပ်ကမှ မလုပ်ချင်ဘူးလို့ ဖခင်က ပြောတယ်။ အလုပ်လက်မဲ့တွေပါလို့ ပြောတယ်။ မဟုတ်ပါဘူး။

အချိန်ပြည့် အလုပ်လုပ်ကြသော ရဟန်းတော်များ
ကမ္မကာမာ အနလသာ၊
ကမ္မသေဋ္ဌဿ ကာရကာ။
ရာဂံ ဒေါသံ ပဇဟန္တိ၊
တေန မေ သမဏာ ပိယာ။ ။
တာတ= မွေးသဖခင် ကျေးဇူးရှင်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော်အရှင်မြတ်တို့သည်။ ကမ္မကာမာ= အလုပ်ကို တကယ်အလိုရှိတော် မူကြပါပေကုန်၏…။
ဖခင်-တဲ့။ လူ့ပြည်လောက က လောဘတွေ ဒေါသတွေ ရှေ့သွားပြုပြီး လုပ်တဲ့ အလုပ်တွေသာ ဖခင်က မြင်တယ်။ သဒ္ဓါ ပညာတရား ရှေးရှူသော ရဟန်းတော် အရှင်သူမြတ်ကို သူလုပ်တဲ့ အလုပ်ကိုတော့ ဖခင် မမြင်ဘူး။ ရဟန်းတော်သခင် အရှင်သူမြတ်တွေ အလုပ်ကို တကယ်လိုလိုလားလား အလုပ် လုပ်ကြပါတယ်။ တစ်နေ့တွင် နှစ်ဆယ့်လေးနာရီ ရှိတဲ့ အနက်က နာရီပြည့် အလုပ်လုပ်တယ်ဆိုတဲ့ အရှင်မြတ်ဟာ နာရီနှစ်ဆယ်တိတိ အလုပ်လုပ်တယ်။

ဘုန်းကြီးတို့ စရဏ တစ်ဆယ့်ငါးပါးမှာ ဇာဂရိယာနုယောဂ-လို့ ပါတယ်။ တကယ့် ဇာဂရိယာနုယောဂ အောင်အောင်မြောက်မြောက် အလုပ်လုပ်တော့မယ် ဆိုလို့ရှိယင်-

ဒိဝသံ စင်္ကမေ န နိသဇ္ဇာယ အာဝရဏီ ယေဟိ ဓမ္မေဟိ စိတ္တံ ဝိသောမေတိ-တဲ့။
တစ်နေ့လုံးလုံး အိပ်ချိန်မရှိရဘူး စင်္ကြံသွားခြင်း၊ ညောင်းယင် ထိုင်ခြင်း။ ဒါပဲ၊ မအိပ်ရဘူး။ စင်္ကြံ သွားခြင်း၊ ထိုင်ခြင်း၊ ဣရိယာပုတ် နှစ်ပါးဖြင့် ဈာန် မဂ်ဖိုလ်ကို ပိတ်ဆို့တတ်သော နီဝရဏ အကုသိုလ် တရားတို့မှ မိမိတို့ရဲ့ စိတ်ကို စင်ကြယ်အောင် ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်ကြတယ်။ ညဦးယံပိုင်း ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်ကြတယ်။ မိုးသောက်ယံပိုင်းမှာ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်ကြတယ်။

တစ်ညကို သုံးပုံ ပုံယင် တစ်ပုံတည်း အလယ်ပိုင်းမှာ ကျိန်းစက်တော်မူကြတယ်။ ရူပကာယ ပင်ပန်းနွမ်းနယ်တဲ့ အတွက် နောက်ရက် နောက်လမှာ အလုပ် မလုပ်နိုင်မှာ စိုးလို့ အလုပ် လုပ်ဖြစ်ရုံကလေး လေးနာရီလောက် ကျိန်းစက်တော် မူကြတယ်။ စရဏတရား မသိလို့ ရဟန်းတော် အရှင်သူမြတ်တွေမှာ အလုပ် မရှိဘူး ပြောနေတာ။ ရဟန်းတော် အရှင်သူမြတ်တွေရဲ့ အလုပ်သည် နှစ်မျိုးရှိတယ်။
ဂန္ထအလုပ်၊ ဝိပဿနာအလုပ်။ ကျမ်းဂန်ပို့ချခြင်းဆိုတဲ့ ဂန္ထအလုပ်ကလည်း နံနက် နံနက်မိုလို့၊ နေ့ နေ့မိုလို့၊ ညနေ ညနေမိုလို့၊ ည-ညမိုလို့၊ နေ့ နေ့ ည ည မအားရအောင် အလုပ်ကို လုပ်နေတာပါ။

ဝိပဿနာဓုရ ဝါသဓုရ ခေါ်တဲ့ ဝိပဿနာလုပ်ငန်း ကြိုးပမ်းတော်မူတဲ့ ဘက်ကလည်းပဲ နေ့ နေ့ ည ည ကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်ပြီးတော့ နေတာပါ။ ဖခင်တို့ လူ့လောကပြောတဲ့ အလုပ်ဆိုတာက- ဟုတ်လား။ နံနက် ဘယ်နှစ်နာရီက ဘယ်နှစ်နာရီ၊ မောင်းခေါက်တယ်ဆိုယင်နား၊ နေ့လယ် ဘယ်နှစ်နာရီ နား၊ ညနေ ဘယ်နှစ်နာရီက မောင်းခေါက်တယ်ဆိုယင် နားတယ်။ မပြီးပြီး ပြီးပြီးနားတာပဲ။ ဒါလည်း ကနေ့ အဖို့ရာမှာပေါ့လေ၊ လူလောက အလုပ်ဆိုတာ ခုနစ်နာရီ၊ ရှစ်နာရီ ရှိပါတယ်။
သာသနာအလုပ်က နာရီနှစ်ဆယ်တိုင်အောင် အလုပ်လုပ်တော်မူကြပါတယ်။

အနလသာ= ဘယ်တော့မှ ပျင်းရိလို့ မနေကြတဲ့ ပုဂ္ဂိုလ်တို့ပါ။
ဖခင်က အပျင်းထူတဲ့ ပုဂ္ဂိုလ်တွေတဲ့။ နုံ့နုံ့ နှေးနှေး၊ သွားတာ လာတာ စားတာက ပစ္စဝေက္ခဏာနဲ့ သွားရတာ။ သမ္ပဇဉ်နဲ့ လှမ်းရတာ။ ဉာဏ်ပညာနည်းပါးတဲ့လူရဲ့ မျက်စိနဲ့ကြည့်တော့ ဟာ- သွားပုံက နုံ့နုံ့ နှေးနှေး၊ စာပုံက နုံ့နုံ့ နှေးနှေး၊ ထိုင်လည်းပဲ နုံ့နုံ့ နှေးနှေး၊ နေရာတကာ နုံ့နုံ့ နှေးနှေး၊ အင်မတန် အပျင်းထူတဲ့ ပုဂ္ဂိုလ်တွေလို့ ဒီလိုမြင်နေတာ။

သမီးက အဲဒါ အပျင်းထူတာ မဟုတ်ဘူး-တဲ့။ သတိသမ္ပဇဉ်နဲ့ သွားတယ်၊ သတိသမ္ပဇဉ်နဲ့ ထိုင်တယ်၊ သတိသမ္ပဇဉ်နဲ့ ပြောတယ်။ စကားပြောယင်လည်း မမှားအောင် သတိသမ္ပဇဉ် ရှေ့သွားပြုပြီး ပြောတယ်။ ဣရိယာပုတ်လေးပါး ပြုပြုသမျှ အမှုခပ်သိမ်း ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဆိုတဲ့ အမှုသုံးမျိုးလုံးမှာ သတိသမ္ပဇဉ် ရှေ့သွားပြုပြီးတော့ ပြောနေတာ ဖြစ်တော့ အပျင်းထူတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး-တဲ့။

သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်သူမြတ်တို့သည်။ ကမ္မကာမာ= တကယ်ပင် အလုပ်ကို ပြုလုပ်နေကြတဲ့ ပုဂ္ဂိုလ်တို့ပါပေ။ အနလသာ= တကယ်ပင် ပျင်းရိခြင်း ကင်းတော်မူကြတဲ့ ပုဂ္ဂိုလ်တို့ပါပေ။ ကမ္မသေဋ္ဌဿ= အမြတ်ဆုံးသော သမထဝိပဿနာ ဘာဝနာအလုပ်ကို။ ကာရကာ= နေ့စဉ်ကြိုးကုတ် ပြုလုပ်တော် မူကြပါပေကုန်၏…။

လောကမှာ အမြတ်ဆုံးခေါ်တဲ့ သမထအလုပ်၊ ဝိပဿနာဘာဝနာ အလုပ်ကောင်းတွေ နေ့နေ့ညည ကြိုးကုတ်ပြုလုပ်တော်မူနေကြတာ-လို့ ဖခင်မသိလို့ ပြောတယ်။

ဖခင်က ပြောတာက “အာသံသုကာ သာဒုကာမာ= ဒီကိုယ်တော်တွေက အမြဲတစေ တောင့်တနေတယ်” လို့ ဖခင်က ထင်တယ်။ မဟုတ်ပါဘူး။ အရှင်မြတ်တွေလုပ်တဲ့ အလုပ်က သမထဘာဝနာ၊ ဝိပဿနာဘာဝနာ အလုပ်က လောဘ ဒေါသကိုပယ်ရန် အလုပ်ဖြစ်တဲ့အတွက် ဘာမှ တောင့်တမှု လောဘတဏှာ မရှိပါဘူးတဲ့။

ကမ္မသေဋ္ဌဿ= အမြတ်ဆုံးသော သမထဝိပဿနာ ဘာဝနာအလုပ်ကို။ ကာရကာ= နေ့စဉ်ကြိုးကုတ် အားထုတ်တော်မူကြကုန်သည် ဖြစ်၍။ ရာဂဉ္စ= တပ်မက်မှု ရာဂတရားကို လည်းကောင်း။ ဒေါသဉ္စ= ပြစ်မှားမှု ဒေါသတရားကို လည်းကောင်း။ ပဇဟန္တိ= အကြွင်းမဲ့ ပယ်ဖျောက်တော်မူနိုင်ကြပါပေကုန်၏။ တေန= ထိုသို့သော အကြောင်းကြောင့်။ မေ= သမီးတော် အကျွန်ုပ်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်မြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် ကြည်ညိုနှစ်သက်အပ်ပါကုန်၏။

အကြောင်းအကျိုးနဲ့ပေါ့လေ၊ လုံလုံလောက်လောက်၊ အင်း- တစ်မျိုးပြောရယင် ဖခင်-တဲ့၊ သမထဝိပဿနာ ဘာဝနာဆိုတဲ့ အလွန်မွန်မြတ်တဲ့ အလုပ်ကို ကြိုးကုတ် အားထုတ်တော်မူကြတဲ့ အတွက် လောဘကိုလည်း ပယ်တော်မူကြတယ်၊ ဒေါသကိုလည်း ပယ်တော်မူကြတယ်။ လောဘ၊ ဒေါသ၊ မောဟပယ်ကြောင်း ထိုအကြောင်းကြောင့် သမီးတော်ဟာဖြင့် ရဟန်တော် အရှင်သူမြတ်တွေကို မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် အမြဲတစေ ကြည်ညို နှစ်သက်၍ နေအပ်ပါတယ်။ ဒါပြောတာ။

အလုပ်တကာတို့တွင် မြတ်သောအလုပ်
တီဏိ ပါပဿ မှုလာနိ၊
ဓုနန္တိ သုစိကာရိနော။
သဗ္ဗံ ပါပံ ပဟီနေသံ၊
တေန မေ သမဏာ ပိယာ။
တာတ= မွေးသဖခင် ကျေးဇူးရှင်။ ပါပဿ= ဒုစရိုက်စု မကောင်းမှု၏။ တီဏိမူလာနိ= အကြောင်းရင်းမူလ လောဘ၊ ဒေါသ၊ မောဟ သုံးပါးတို့ကို။ သုစိကာရိနော= စင်ကြယ်သော အမှုကို ပြုတော်မူကြကုန်သည် ဖြစ်၍။ တေ= ထို ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်မြတ်တို့သည်။ ဓုနန္တိ= နေ့ရှိသမျှ ကိုယ်မှ ခါတွက်ကြပါကုန်၏…။

ဖခင်၊ ရဟန်းတော် အရှင်သူမြတ်တွေဟာ ပါပမူလ= မကောင်းမှု အကုသိုလ်ရဲ့ အကြောင်းရင်းမူလ ဖြစ်တဲ့ လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်ဆိုတဲ့ ဒီအကုသိုလ် မူလသုံးပါးကို သုစိကမ္မ= စင်ကြယ်သော ကာယကံမှု ဝစီကံမှု မနောကံမှု ပြုတော်မူကြခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟတွေကို အမြဲတစေ ကိုယ်မှ ခါတွက်တဲ့ အလုပ်ကို လုပ်တော်မူကြတာ။ ဖခင်ပြောတဲ့ အလုပ်တွေက လောဘကြီးဖို့၊ ဒေါသကြီးဖို့၊ မောဟကြီးဖို့ အလုပ်ကို လုပ်နေတာ။ ဝေဖန်ရေးသမား မျက်စိနဲ့ကြည့်တော့ လောဘ၊ ဒေါသ၊ မောဟတိုးဖို့ အလုပ်လုပ်မှ အလုပ်လုပ်တယ် ထင်တာ။

အရိယာ မျက်စိနဲ့ ကြည့်လိုက်တဲ့ အခါကျတော့ လောဘ၊ ဒေါသ၊ မောဟကို ပယ်စွန့်ဖို့ အလုပ်ကို လုပ်တာမှ မြတ်သောအလုပ်။ အဲဒီအလုပ် လုပ်တဲ့အတွက်- ဟုတ်လား။ ဒီ အရှင်မြတ်တွေဟာ ပါပမူလဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ် မူလသုံးပါးကို ကိုယ်မှ ခါထွက် အမြဲတစေ ပယ်ရှားတဲ့ အလုပ်ကို လုပ်နေတယ်-တဲ့။ ယင်းသို့ အလုပ်ကို လုပ်နေတဲ့အတွက်...

နေသံ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့၏။ သဗ္ဗံပါပံ= ကြွင်းမဲ့ဥဿုံ အလုံးစုံသော မကောင်းမှု အကုသိုလ်ကို။ ပဟီနံ= သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန် ဖြတ်တောက်အပ်လေပြီ။

အဲဒီလို အလုပ်ကို တွင်တွင်ကြီး လုပ်တဲ့ အတွက် အကုသိုလ် တစ်ဆယ့်နှစ်ပါး တရားအစုကိုဖြင့် အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်တော်မူနေကြပါတယ်။

တေန= ထိုသို့သော အကြောင်းကြောင့်။ မေ= ရောဟိနီ မည်တွင်ခေါ် သမီးတော် အကျွန်ုပ်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် ကြည်ညိုနှစ်သက်အပ်ပါကုန်၏။

ကံသုံးပါး စင်ကြယ်ခြင်း
ဖခင်၊ ကာယကံကလည်း စင်ကြယ်တဲ့အမှု၊ ဝစီကံကလည်းစင်ကြယ်တဲ့အမှု၊ မနောကံကလည်း စင်ကြယ်တဲ့အမှု ပြုတော် မူကြလို့ လောဘရော၊ ဒေါသရော၊ မောဟရော၊ လောဘ၊ ဒေါသ၊ မောဟသုံးပါး ခေါင်းဆောင်တဲ့ အလုံးစုံသော အကုသိုလ် ဟူသမျှတွေကို သမုစ္ဆေဒပဟာန်နဲ့ အကြွင်းမဲ့ ပယ်လှန်ပြီး ဖြစ်တော်မူကြသောကြောင့် ကြည်ညိုထိုက်လို့ ရဟန်းတော်အရှင်သူမြတ်တွေကို သမီးတော် ကြည်ညိုနေတယ်။

ဒါပဲလား သမီးရယ် ဆိုတော့-
ကာယကမ္မံ သုစိ နေသံ၊
ဝစီကမ္မဉ္စ တာဒိသံ။
မနောကမ္မံ သုစိ နေသံ၊
တေန မေ သမဏာ ပိယာ။

တာတ= မွေးဖသခင် ကျေးဇူးရှင်။ နေသံ= ထို ရဟန်းတော်သခင် အရှင်သူမြတ်တို့၏။ ကာယကမ္မံ= ပြုပြုသမျှဥဿုံကာယကံ အလုံးစုံသည်။ သုစိ= အကုသိုလ် အညစ်အကြေး ခပ်သိမ်းကုန် စင်ကြယ်၍ နေပါပေ၏…။

အရှင်သူမြတ်တွေ ကာယကံမှု ပြုလုပ်တဲ့နေရာ ပါဏာတိပါတ ဒုစရိုက်လည်း မပါဘူး။ အဒိန္နဒါန် ဒုစရိုက်လည်း မပါဘူး။ ကာမေသုမိစ္ဆာစာရ ဒုစရိုက်လည်း မပါဘဲနဲ့ ကာယကံမှု ပြုပြုသမျှ ကာယဒုစရိုက်သုံးပါးမှ စင်ကြယ်တဲ့ အမှုတွေ ဖြစ်နေပါတယ်။

နေသံ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့၏။ ဝစီကမ္မဉ္စ= နှုတ်ဝယ်အိန့်၍ မိန့်ခြွေပြုလေသမျှ လေးပါးသော ဝစီကံအမှုလည်းပဲ။ တာဒိသံ= ထိုသို့အကုသိုလ် အညစ်အကြေး ကင်းဝေးစင်ကြယ်၍ နေပါ၏။

နှုတ်က မြွက်ဆိုပြောတဲ့ အခါမှာလည်းပဲ မုသာဝါဒ မပါဘူး၊ သုပိဏဝါစာ မပါဘူး၊ ဖရုသဝါစာ မပါဘူး၊ သမ္ဖပ္ပလာပ မပါဘူး၊ အညစ်အကြေးလေးမျိုးမှ ကင်းဝေး စင်ကြယ်၍ နေပါတယ်။

နေသံ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့၏။ မနောကမ္မံ= စိတ်တော်က ကြံကြံသမျှ မနောကံ အမှုကိစ္စအဝဝတို့သည်။ သုစိ= အမြဲတစေ စင်ကြယ်၍သာနေပါပေ၏။ စိတ်ကလည်းပဲ ဝိဟိံသာဝိတက်= သူတစ်ပါးညှဉ်းပန်းနှိပ်စက်ဖို့ ဘယ်တော့မှ မကြံဘူး၊ ဗျာပါဒဝိတက်= သူတစ်ဖက်သား ပျက်ပြားအောင်လုပ်ဖို့ ဘယ်တော့မှ မကြံဘူး။ ကာမဝိတက်= လောဘ တိုးပွားဖို့ အကြံ ဘယ်တော့မှ အကြံဘူး။ ဘယ်နေရာ ကြံတုံး။ နေက္ခမ္မဝိတက်= ဪ-အာရုံငါးပါး ဒုက္ခစက်ထဲက ဘယ်လိုများ လွတ်မြောက်ရပါ့မလဲ၊ ဒီလို နေက္ခမ္မဝိတက် ကြံတယ်။ အဗျာပါဒဝိတက်= သတ္တဝါတွေချမ်းသာအောင် ဘယ်လိုများ ရွက်ဆောင်ရပါ့မယ်။ အဲဒီလို မေတ္တာနှင့် ယှဉ်တဲ့ ဝိတက်၊ ကရုဏာနဲ့ယှဉ်တဲ့ ဝိတက်= အဝိဟိံသာဝိတက်၊ မနောကံ စိတ်အစဉ်ကလည်းပဲ နေက္ခမ္မ၊အဗျာပါဒ၊ အဝိဟိံသာဆိုတဲ့ သမ္မာဝိတက်သုံးပါးနဲ့ ပတ်သက်တဲ့ အကြံကိုသာ ကြံနေတဲ့အတွက် အမြဲတစေ မနောကံကလည်း စင်ကြယ်၍နေပါပေတယ်…။

တေန= ထိုကာယကံစင်ကြယ်၊ ဝစီကံစင်ကြယ်၊ မနောကံစင်ကြယ်၊ သုံးပါးစုံ စင်ကြယ်ခြင်းတည်းဟူသော အကြောင်းကြောင့်။ မေ= ရောဟိနီတွင်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက် ကြည်ညိုအပ်ပါကုန်၏… လို့ တတိယ ဖြေကြားပါတယ်။ ဒါတင်ပဲလားလို့ ဆိုတော့-

အတွင်းအပြင် ညစ်ကြေးကင်းစင်
ဝိမလာ သင်္ခမုတ္တာဝ၊
သုဒ္ဓါ သန္တရဗာဟိရာ။
ပုဏ္ဏာ သုက္ကာန ဓမ္မာနံ၊
တေန မေ သမဏာ ပိယာ။
တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့သည်။ သင်္ခမုတ္တာဝ= ပွတ်သစ်စ ခရုသင်း၊ ခုံးသစ်စ ပုလဲနှင့်တူကုန်သည်ဖြစ်၍။ ဝိမလာ= ရာဂါ ဒေါသ မောဟ ယစ်မူး အညစ်အကြေးမှ ကင်းဝေးတော် မူကြပေကုန်၏…။

အရှင်သူမြတ်တွေသဏ္ဍာန် ကြည့်လိုက်လို့ရှိယင် ပျွတ်သစ်စ ခရုသင်း ခုံးသစ်စ ပုလဲနဲ့ တူသောကြောင့် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အညစ်အကြေး ကင်းဝေးတော်မူကြပါပေကုန်၏။ သန္တရဗာဟိရာ= အတွင်းရော အပရော နှစ်ဌာနစလုံးပင်။ သုဒ္ဓါ= အကုသိုလ်ဟူ၍ မြူမျှမထင် စင်ကြယ်နေကြပါပေကုန်၏။

အတွင်းအပြင် သန္တာန်နှစ်ရပ်စလုံး ထို အရှင်သူမြတ်တွေမှာ စင်ကြယ်လျက် ရှိတယ်-တဲ့။ အတွင်းက အာသယဓာတ်၊ အာသယဆိုတာ ဘာလုပ်လိုက်မယ်၊ ညာလုပ်လိုက်မယ်ဆိုတဲ့ အလိုအာသယဓာတ်ကလည်းပဲ ဒုစရိုက်မှုကို ပြုဖို့ဆိုတဲ့ အာသယဓာတ် မရှိဘူး။ သုစရိုက်မှု ကောင်းသောအမှုကို ပြုဖို့ပဲ အာသယဓာတ် ရှိတယ်။ အဲဒီ အတွင်းအာသယဓာတ် ကောင်းတော့ စင်ကြယ်တဲ့လူ။ အပြင်မှာ ရောက်လာတဲ့ အလုပ်ကိုလည်းပဲ ကောင်းသော အလုပ်ကိုပဲ ပြုလုပ်တယ်။ ကာယကံ ကလည်းကောင်းသောအမှုကိုပဲ ပြုတယ်။ ဝစီကံလည်းပဲ ကောင်းသော အပြောအဆိုကိုပဲ ပြောတယ်။ အေး- အပြင်မှာ- အပြင်မှာ။ အဲဒီလို အပြင်မှာ ထွက်ပေါ်လာတဲ့ ကာယပယောဂ၊ ဝစီပယောဂ၊ ဒီ ပယောဂလည်းပဲ စင်ကြယ်နေတယ်-တဲ့။ ဒါ ဘာပြုလို့တုံးဆိုတော့ လောဘ၊ ဒေါသ၊ မောဟ ယစ်မူး အညစ်အကြေး ကင်းဝေးတော်မူကြတဲ့အတွက် အတွင်းအာသယဓာတ်ကလည်း စင်ကြယ်၊ အပြင် ပယောဂ လုံ့လ ဝီရိယလုပ်ငန်းကလည်း စင်ကြယ်၍ နေပါတယ်။ အတွင်းစင်ကြယ်၊ အပြင်စင်ကြယ် နှစ်ပါးဖြင့် စင်ကြယ်၍ နေတဲ့အတွက်-

ပုဏ္ဏာ သုက္ကာန ဓမ္မာနံ= ကောင်းမှုကုသိုလ်တရားတို့နှင့် နေ့ရှိသမျှ ကုံလုံပြည့်စုံ၍ နေပါပေကုန်၏။တေန= ထိုကောင်းမှုကုသိုလ်နှင့် နေ့ရှိသမျှ ကုံလုံ ပြည့်စုံ၍နေခြင်း ဟူသော အကြောင်းကြောင့်။ မေ= ရောဟိနီမည်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်မြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက်ကြည်ညိုအပ်ပါ၏…။

ဖခင်-တဲ့၊ ကိုယ်တော်တွေကြည့်စမ်း….၊ အပေါ်ယံက ပယောဂခေါ်တဲ့ ကာယဂယောဂ၊ ဝစီပယောဂ ဆိုတဲ့ ပြုသမျှ လုံ့လတွေ၊ နှုတ်နဲ့ပြောတဲ့ လုံ့လတွေ အမြဲစင်ကြယ်တယ်။ အကုသိုလ်မှု တစ်ခုမှ မပါဘူး။ ဒါ ဘာပြုလို့တုံးဆိုတော့ အတွင်းက အာသယခေါ်တဲ့ ဓာတ်ခံတွေက စင်ကြယ်နေလို့ အပေါ်ယံအပြင်မှာရှိတဲ့ အခုပြောတဲ့ အမှုတွေဟာ စင်ကြယ်တယ်။ အတွင်းအပ နှစ်ဋ္ဌာန စင်ကြယ်တဲ့အတွက် ထိုကိုယ်တော် အရှင်မြတ်တွေမှာ ဖြူစင်တဲ့ စတုဘူမက ကုသိုလ်တရားတွေနဲ့ပြည့်တယ်။ အဲဒီလို ပြည့်နေတဲ့အတွက် ရဟန်းတော် အရှင်သူမြတ်တွေကို သမီးတော် ချစ်ခင်လေးမြတ် နှစ်သက် ကြည်ညို အပ်ပါတယ်-တဲ့။ ဒါတင်ပဲလား သမီးရယ် ဆိုတော့-

ဗဟုဿုတာ ဓမ္မရော၊
အရိယာ ဓမ္မ ဇီဝိနော။
အတ္ထံ ဓမ္မဉ္စ ဒေသေန္တိ၊
တေန မေ သမဏာ ပိယာ။
တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့သည်။

ဗဟုဿုတာ= အာဂမ, အဓိဂမ နှစ်ဋ္ဌာန၌ပင် သုတများဖြင့် ကြွယ်ဝတော်မူကြပါပေကုန်၏…။
ဆယ်ပါးသော တရားတော်၌ ဗဟုသုတများခြင်း
ယီးတီးယားတား မထင်နဲ့ ဖခင်၊ ဤရဟန်းတော် အရှင်သူမြတ်တွေဆိုတာ အာဂမ ဗဟုသုတ ခေါ်တဲ့ သုတ်, ဝိနည်း, အဘိဓမ္မာ ဘုရားစကားတော် တည်းဟူသော အာဂမနဲ့ စပ်၍လည်းပဲ ဗဟုသုတ အင်မတန် ပွားများကြတယ်။ အဓိဂမခေါ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်နဲ့ စပ်၍လည်းပဲ အင်မတန် ဗဟုသုတ များတော်မူကြတယ်။ ဖခင်ကို မေးမယ်။
သုတ္တန်, ဝိနည်း, အဘိဓမ္မာဆိုတာ ဖခင်သိရဲ့လား။ သုတ္တန်မှာ ဘာတွေဟောထားတယ်၊ ဝိနည်းမှာ ဘာတွေ၊ အဘိဓမ္မာမှာ ဘာတွေ သိရဲ့လား။ ဘာမှ မသိဘူး။ အာဂမ ဗဟုသုတ ဖခင် ဘယ်လိုမှ မသိဘူး။ အာဂမ ဗဟုသုတမှ မသိဘဲနဲ့ ဖခင်မှာ အာဂမ ဗဟုသုတဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရားနဲ့ ပတ်သက်သော ဗဟုသုတကော ဖခင်မှာ ရှိရဲ့လား။ ဘာမှ မရှိဘူး။ အေး- ရဟန်းတော်တွေသွားပြီးတော့ အထင်မသေးနဲ့။ အဲဒီ ရဟန်းတော်သခင် အရှင်သူမြတ်တွေမှာ မြတ်စွာဘုရားဟောကြားတဲ့ ပိဋကတ်တော် ဗုဒ္ဓဝစန တည်းဟူသော အာဂမဗဟုသုတ ပြည့်ဝတော်မူကြတယ်။ အဲဒီ ပိဋကတ်တော်ကို အခြေခံပြီး ကျင့်ကြံကြိုးကုတ် အားထုတ်သင်ကြား ဆည်းပူးတယ်။ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာတရား ကိုးပါး၊ အဓိဂမနဲ့ ပတ်သက်၍လည်း ဗဟုသုတ အင်မတန် များတော်မူကြတယ်။

ဓမ္မဓရာ= ကြားရုံ နာရုံ ဗဟုသုတ ဖြစ်ရုံမျှမဟုတ်သေး။ ထို အာဂမ, အဓိဂမ ဆိုတဲ့ ဓမ္မနှစ်ပါးကိုလည်းပဲ ကိုယ်က ရအောင် ရွက်ဆောင်တော်မူတတ်ပါပေကုန်၏...။
အပြောတင်မဟုတ်ဘူး။ အလုပ်နဲ့ ဟောဒီ အာဂမ, အဓိဂမ ဆိုတဲ့ တရားတွေ ဖုံးထားတာနော်-တဲ့။
အရိယာ= အမြဲတစေ မြတ်သော အကျင့်အကြံကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူကြတယ်။ အာစာရ အရိယာတို့ ဖြစ်တော်မူကြပါပေကုန်၏။
ဓမ္မဇီဝိနော= တရားသဖြင့်သာ အသက်မွေးမှုပြုတော်မူကြပါပေကုန်၏။

ကိုယ်တော်တွေထက် အသက်မွေးမှုကို ကြည့်စမ်း။ ဖခင်က မြင်တယ်၊ သူတစ်ပါးဆီက တောင်းရမ်းပြီးတော့ အလုပ်မလုပ်ဘဲနဲ့ အစားကောင်းတယ်၊ ဝတ်တယ်၊ နေတယ်ဆိုတာ အဲဒီ သူတို့ ဒကာ ဒကာမက မသဒ္ဓါ မကြည်ဖြူ မလှူချင်ဘဲနဲ့ ဒီရဟန်းတွေက ဇွတ်အတင်း အလှူခိုင်းလို့လား။ ဇွတ်အတင်းများ တိုးလို့လား။ ကိုယ်တော်တွေက အိမ်ထဲဝင်ပြီးတော့ ဇွတ်အတင်းများ ဆွမ်းတွေ ခူသွားလို့လား။ အဝတ်အထည်တွေ ယူသွားလို့လား။ အာစာရ အရိယာ၊ အဓိဂမ အရိယာခေါ်တဲ့ အရိယာ သူတော်စင်များရဲ့ ခံယူမှုအတိုင်း နှုတ်က မမြွတ်ဘဲနဲ့ စက္ခုနြေ္ဒချပြီးတော့ အလှူခံတော်မူကြတယ်။ အဲဒီအခါမှာမှ အရှင်ဘုရား ဘာအလိုရှိပါသတုံး။ ဒီက သဒ္ဓါတရားပေါက်လို့မေးတယ်။

ဪ- ဒကာကြီး၊ ဒကာမကြီး၊ သင်္ကန်းမရှိလို့။
အရှင်ဘုရား၊ အတိစ္ဆထဘန္တေ= တပည့်တော်တို့မှာ အကြောင်းမညီညွတ်သေးတဲ့ အတွက် တပည့်တော်တို့ အိမ်ကို လွန်၍ အခြားအိမ်မှာ အလိုရှိတော်မူကြပါ၊ ကန်တော့ပါ ဘုရားလို့- ဆို၊ ဘာများ ပြန်ပြောသလဲ။ ကန်တော့ပါဘုရားဆိုယင်-
“သုခိတာ ဟောတု= ချမ်းသာကြပါစေ” စိတ်ထဲက မေတ္တာပြုပြီးတော့ သွားတာပဲ။

သဒ္ဓါတရားရှိလို့ လှူယင် အဲဒီ လှူတာကို ယူတယ်။ အဲဒီတော့ ဒီအရှင်ကိုယ်တော်မြတ်တွေဟာ ဓမ္မဇီဝီ=တရားသဖြင့် အသက်မွေးတာလား၊ အဓမ္မဇီဝီ= မတရားသဖြင့် အသက်မွေးတာလား။ ဖခင်ကြီး ကြည့်ပါတဲ့။ တရားသဖြင့် သဒ္ဓါကြည်ဖြူ သူပေးလှူတဲ့ အဝတ်ကို ဝတ်တယ်၊ သူလှူဒါန်တဲ့ အစာကို စားတယ်။ သူပေးတဲ့ အိပ်ရာ နေရာနဲ့ သဒ္ဓါကြည်ဖြူလို့ လှူဒါန်းတဲ့ ပစ္စည်းလေးရပ် မှီဝဲပြီးတော့ မိမိတို့ရဲ့ အသက်ကလေးကို ထိန်းသိမ်းနေတာ။ မသဒ္ဓါရေ သဒ္ဓါရေ ပစ္စည်းလေးပါး ဘယ်တော့မှ မယူဘူး။ ဒါကြောင့် ဓမ္မဇီဝီ ပုဂ္ဂိုလ်တွေကို လှူသည်-တဲ့။

တေ= ထိုရဟန်းတော်သခင် အရှင်သူမြတ်တို့သည်။ အတ္တဉ္စ= အကျိုးနဲ့စပ်တဲ့ တရားတော်မြတ်ကို လည်းကောင်း။ ဓမ္မဉ္စ= အကြောင်းနဲ့စပ်တဲ့ တရားတော်မြတ်ကို လည်းကောင်း။ ဒေသေန္တိ= မေတ္တာရှေ့ထား ဟောကြားတော်မူကြပါပေကုန်၏။

တရားသဖြင့် ဒကာ ဒကာမများ လှူတဲ့ ပစ္စည်းလေးပါးကို မှီပြီး အသက်မွေးမှု၊ ဓမ္မဇီဝီ= တရားသဖြင့် အသက်ကို ထိန်းသိမ်းပြီး သကာလ အသက်သခင် ကျေးဇူးရှင်တွေ၊ ဪ- သူတို့က အာမိသာနုဂ္ဂဟ၊ ပစ္စယာနုဂ္ဂဟနဲ့ တို့ကို ချီးမြှောက်လို့ရှိယင် တို့က သူတို့ကို ပြန်ပြီးတော့ ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်မယ်၊ ဒီရည်ရွယ်ချက်နဲ့ အတ္ထဓမ္မလို့ ခေါ်တဲ့ အကျိုးနဲ့ပတ်သက်သော တရားစကား၊ အကြောင်းနဲ့ ပတ်သက်သော တရားစကား၊ အဲဒီ တရားစကားကို မေတ္တာရှေ့ထား ဟောကြားတော်မူကြတယ် မဟုတ်လား-တဲ့။

တေန= ထို အကျိုးအကြောင်းနဲ့ စပ်ယှဉ်သော တရားစကား ဓမ္မာနုဂ္ဂဟဖြင့် ဟောကြားမှု ချီးမြှောက်မှုဟူသော အကြောင်းကြောင့်။ မေ= ရောဟိနီ မည်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတော်မူတတ်တဲ့ ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက်ကြည်ညိုအပ်ပါကုန်၏။
ဒါပဲလား သမီးရယ်ဆိုတော့ မကသေးပါဘူး-တဲ့။

ဗဟုဿုတာ ဓမ္မဓရာ၊
အရိယာ ဓမ္မဇီဝိနော။
ဧကဂ္ဂစိတ္တာ သတိမန္တော၊
တေန မေ သမဏာ ပိယာ။

တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထို ရဟန်းတော်သခင် အရှင်သူမြတ်တို့သည်။ ဗဟုဿုတာ= အာဂမ, အဓိဂမ သုတလောက်ရုံ ကုံလုံကြွယ်ဝတော် မူကြပါပေကုန်၏။ ဓမ္မဓရာ= အာဂမ, အဓိဂမခေါ်တဲ့ တရားကို ကိုယ်တိုင်ရအောင် ဆောင်တော်မူကြပါပေကုန်၏ အရိယာ= ကိုယ်ကျင့်က မြင့်မြတ်သော အကျင့်ကို ကျင့်တော်မူကြကုန်သည် ဖြစ်၍။ ဓမ္မဇီဝိနော= တရားသဖြင့် အသက်မွေးမှု ပြုတော် မူကြပါပေကုန်၏။ ဧကဂ္ဂစိတ္တာ= တည်ကြည်သောစိတ် ရှိတော်မူကြပါပေကုန်၏။ သတိမန္တော= အမြဲတစေ ထင်မြင်သော သတိရှိတော်မူကြပါပေကုန်၏။ တေန= ထိုသို့ သတိကောင်းခြင်း၊ သမာဓိကောင်းခြင်း ဟူသော အကြောင်းကြောင့်။ မေ= ရောဟိနီတွင်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းအေးစေတတ် ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက်ကြည်ညိုအပ်ပါကုန်၏။

လေးလေးနက်နက် ဖခင် စဉ်းစာကြည့်ပါ။ ဗဟုသုတ ပုဂ္ဂိုလ်တွေ၊ ဓမ္မဓရပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်တွေ၊ ဓမ္မစေတီပုဂ္ဂိုလ်တွေ ဖြစ်ကြတဲ့ အပေါ်မှာ ဧကဂ္ဂစိတ္တ-တဲ့၊ ဘယ်တော့မှ လူတွေလို ထိုထိုဤဤ အာရုံတွေ စိတ်က မက်မောပြီးတော့ ဥဒ္ဓစ္စသမားတွေ မဟုတ်ဘူးတဲ့။ အာရုံတစ်ခုမှာ စူးစူးစိုက်စိုက်နဲ့ စိတ်ကို ထားနိုင်တဲ့ သမာဓိရှင်တွေ ဖြစ်တော်မူကြတယ်။ အမြဲတစေ အမှုတိုင်း အမှုတိုင်းမှာ သတိရှေ့သွား ပြုပြီးမှ ပြုလုပ်တော်မူကြတယ်။ အဲဒါကြောင့် သတိမန္တပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီလို ဓိတိမန္တ၊ သတိမန္တ= သမာဓိဂုဏ် သတိဂုဏ်နဲ့ပြည့်စုံတော် မူကြသောကြောင့် သမီးတော်ဟာဖြင့် ဒီ ရဟန်းတော်တွေကို သဒ္ဓါရွှန်းစို ကြည်ညိုလေးမြတ် ချစ်ခင်နှစ်သက်အပ်ပါတယ်။

ဒါပဲလား သမီးရယ်ဆိုတော့-
ဒူရင်္ဂမာ သတိမန္တော၊
မန္တဘာဏီ အနုဒ္ဓဘာ။
ဒုက္ခဿန္တံ ပဇာနန္တိ၊
တေန မေ သမဏာ ပိယာ။

တာတ= မွေးဖသခင် ကျေးဇူးရှင်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော် အရှင်မြတ်တို့သည်။ ဒူရင်္ဂမာ= လူနှင့်ဝေးခြား တောအရပ်သို့ ကြွသွားတော်မူတတ်ပါပေကုန်၏။
အရပ်ထဲက မြို့ထဲက မျက်စိနဲ့ ကြည့်ပေါ့၊ ဟုတ်လား။ အဲဒီ အမျိုးသမီးကတော့ မြို့ထဲက စိတ်အနေနဲ့ ကြည့်။ ရဟန်းတော်တွေရဲ့ စိတ်အနေနဲ့ ကြည့်။ အရပ်ထဲမှာ ရှိကြတဲ့ ဖခင်တို့လို ပေါင်းစုနေကြတဲ့ ပုဂ္ဂိုလ်တွေ ကတော့ အားတယ်ဆိုယင် ဘယ်သွားလဲ၊ ပွဲလမ်းသဘင် ပျော်ရွှင်မြူးတူးရာ အရပ်ဋ္ဌာန သွားကြတယ်။ ဆိုကြပါစို့။ အာရုံငါးပါး ထူပြောရာ ကိုယ်ဝါသနာရှိရာ သွားကြတယ်။ အဲဒီ ရဟန်းတော်သခင် အရှင်သူမြတ်တွေက ဘယ်သွားလဲဆိုတော့- ဒူရင်္ဂမာ= လူနေဝေးတဲ့ တောအရပ်သို့ ကြွသွားတော်မူကြပေကုန်၏။ ကိုယ်တော်တွေက အားတယ်ဆိုယင် ဟို- လူသူဝေးတဲ့ ဝိဝေကအရပ်၊ လမ်းလျှောက်တောင် အဲဒီသွားကြတာ။

သတိမန္တော= အမြဲတစေ သတိရှိတော်မူကြပါပေကုန်၏။ မန္တဘာဏီ= ဉာဏ်ပညာ ရှေ့သွားပြု၍ စကားကိုလည်း ပြောဆိုလေ့ ရှိပါကုန်၏။ (မေးတယ်။ စကားပြောယင် ရဟန်း စကားပြောချိန်နဲ့ တူသလား။ ရဟန်းတော် အရှင်သူမြတ်တွေ စကားပြောတယ်ဆိုတာ) မန္တဘာဏီ= ဉာဏ်ပညာ ရှေ့သွားစကား ပြောဆိုလေ့ ရှိပါကုန်၏။

တိုင်းတိုင်ထွာထွာ ဘယ်လောက်ပြောမှ တော်မယ်၊ ဟုတ်လား။ အဲဒီလို ဆင်ဆင်ခြင်ခြင်နဲ့ ပညာကို ရှေ့သွားပြုပြီးမှ ပြောတော်မူကြပါတယ်။
အနုဒ္ဓတာ= အမြဲတစေ မတုန်လှုပ်တဲ့ ဥဒ္ဓစ္စ ကင်းပတော်မူကြတဲ့ အရှင်သူမြတ်တို့ပါပေ။
ရဟန်းတော် အရှင်သူမြတ်တွေဆိုတာ အမြဲတစေ ဘယ်တော့မှ အာရုံငါးပါး အာရုံခြောက်ပါး စိတ်တွေ လှုပ်ရှား ပျံ့လွင့်ပြီးတော့ နေတဲ့ ပုဂ္ဂိုလ်တွေ၊ မဟုတ်ဘူးတဲ့၊ အာရုံတစ်ခုတည်း စူးစိုက်ပြီးတော့ ဒီအာရုံရဲ့ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော စိတ်စောပြီးတော့ နေတဲ့ပုဂ္ဂိုလ်တွေ သမာဓိရှိတဲ့ ပုဂ္ဂိုလ်တွေ။
တသ္မာ= ထိုသို့ အနုဒ္ဓတ ဖြစ်တော်မူကြသောကြောင့်။ ဒုက္ခဿ= စက်ကန္တာရ ဝဋ်ဒုက္ခ၏။ အန္တံ= အဆုံးဖြစ်တဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို။ ပဇာနန္တိ= ပိုင်းခြားထင်ထင် သိမြင်တော်မူကြပါပေကုန်၏။ တေန= ထိုသို့ အရဟတ္တဖိုလ် ပေါက် နိဗ္ဗာန် မျက်မှောက် ပြုခြင်း ဟူသောအကြောင်းကြောင့်။ မေ= ရောဟိနီတွင်ခေါ် သမီးတော်သည်။ သမဏာ=ကိလေသာခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက်ကြည်ညိုအပ်ပါကုန်၏။

ရဟန်းတော် အရှင်သူမြတ်တွေကို ဒုက္ခဿန္တ-တဲ့။ ဆင်းရဲဒုက္ခ၏ အဆုံးဖြစ်တဲ့ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပိုင်းပိုင်းခြားခြား သိတော်မူကြတယ်။ အဲဒီလို သိတော်မူကြသောကြောင့် ရဟန်းတော်တွေကို သမီးတော် ကြည်ညိုနေတာပါ။
ဒါတင်ပဲလား သမီးရာ ဆိုတော့-
တွယ်တာငဲ့ကွက်မှု ကင်းခြင်း
ယသ္မာ ဂါမာ ပက္ကမန္တိ၊
န ပိလောကေန္တိ ကိဉ္စနံ။
အနပေက္ခာဝ ဂစ္ဆန္တိ၊
တေန မေ သမဏာ ပိယာ။
တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထို ရဟန်းတော်သခင် အရှင်သူမြတ်တို့သည်။ ယသ္မာဂါမာ= အကြင်မြို့ရွာမှ။ ပက္ကမန္တိ= အရပ်တစ်ပါး ဖဲသွားကြကုန်၏။ တတ္ထ= ထို ဖဲရာမြို့ရွာ၌။ ကိဉ္စနံ= တစုံတခုကိုမျှ။ န ဝိလောကေန္တိ= ပြန်စောင်းကြည့်တော် မမူကြကုန်။

ဘယ်လောက် ကြည်ညိုစရာ ကောင်းလဲ။ ရွှေမြို့တော် လေးပြင် လေးရပ်၌ သီတင်းသုံးနေတော်မူကြတဲ့ အရှင်သူမြတ်တွေကို မှန်းပြီးတော့ ကြည့်စမ်း။ အရပ်လေးမျက်နှာက နေပြီးတော့ မန္တလေး ရွှေမြို့တော်မှာ လာပြီး တောင်ပြင်၊ အနောက်ပြင်၊ အရှေ့ပြင်၊

မြောက်ပြင် ဒီ သာသနာ့တက္ကသိုလ် ဓမ္မတက္ကသိုလ်ကြီး ဖြစ်တဲ့အတိုင်း တက္ကသိုလ်ပညာ ဆည်းပူး၊ ပရိယတ္တိ ဓမ္မတက္ကသိုလ် ပညာဆည်းပူးလို့ ပညာ ပြည့်စုံပြီ၊ သွားကြပြီ ဆိုတော့ ဘယ်ဟာများ ကြောင့်ကြနေသေးသလဲ။

အနပေက္ခာဝ ဂစ္ဆန္တိ= ဘယ်သူ့ကိုမှ ငဲ့ကွက်မှု မရှိကြဘဲသာလျှင် သွားရောက်တော် မူကြတယ်။

သွားပြီဆိုယင် ဒီကိုယ်တော်တွေဟာ ပြန်ပြီးတော့ မကြည့်ဘူး။ အဲဒီလို တွယ်တာတဲ့ အပေက္ခာဆိုတဲ့ တဏှာလောဘ မရှိဘဲနဲ့ မိမိတို့နေရာ မြို့ရွာမှ ဖဲကြွတော် မူကြတယ်။ အင်း-ကျုပ်တို့ လူ့လောကမှာတော့ တစ်မြို့က တစ်မြို့၊ တစ်ရွာ ပြောင်းမယ် ကြံယင် ငိုလိုက်ရတာ၊ ဟုတ်လား။ ဟို-ပြောင်းမယ့်လူကလည်း ငိုရတယ်၊ ဒီက ကျန်တဲ့လူတွေကလည်း ငိုရတယ်။ ဟင်- ဒီလို တစ်ယောက်နဲ့ တစ်ယောက် ငိုလို့ အားမရဘဲနဲ့ အို-တစ်မြို့တစ်ရွာ ပြောင်းပြီးပြန်တော့လည်း စာနဲ့ ငိုကြသေးဗျား။ ဟုတ်လား။ ဟို-တစ်မြို့တစ်ရွာရောက်တဲ့ လူကလည်းပဲ အမလေး- လွမ်းလိုက်တာ၊ စာဖွဲ့ပြီးတော့ ငိုသေး။ ဟင်- ဒီက လူကလည်းပဲ လွမ်းလိုက်တာ၊ လွမ်းစာတွေနဲ့။ အဲဒီလို တဏှာတွေပ။

ဒီကိုယ်တော်တွေမှာ အပေက္ခာ ခေါ်တဲ့ လွမ်းဆွတ်မှု၊ တောင့်တမှုဆိုတဲ့ တဏှာလောဘ တစိုးတစိ မရှိဘဲနဲ့ အို-ငှက်ကလေးများလို ပြန်ကြွသွားတော်မူကြတယ်။

တေန= ထို အပေက္ခာခေါ်တဲ့ တဏှာလောဘ ကင်းပတော်မူခဲ့ကြ၍။ မေ= ရောဟိနီတွင်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော် အရှင်သူမြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်သက်ကြည်ညို အပ်ပါကုန်၏။

အေး- မောင်တို့ ဘာပြုလို့ ဒီကိုယ်တော်တွေ ဒါလောက် ကြည်ညိုနေရသလဲ၊ မောင်တို့ အမိတို့လို့ ဆိုယင် ဘယ်လောက် ကြည်ညိုစရာကောင်းသလဲဗျာ။ လိုအပ်တဲ့ပညာကို လာပြီးတော့ ဆည်းပူးတယ်။ ပညာလည်း ပြည့်စုံပြီ၊ ဆရာသမားက အေး-ဘယ်မြို့သွားပြီးတော့ မင်း သာသနာပြုရမယ် လွှတ်လိုက်ယင် အဲဒီ ပုဂ္ဂိုလ် မျက်ရည်တစ်ပေါက် မကျဘဲနဲ့ အပေက္ခာခေါ်တဲ့ တွယ်တာတဲ့ တဏှာလောဘ၊ တောင့်တတဲ့ တဏှာလောဘ လုံးဝမရှိဘဲနဲ့ သာသနာ့မျက်နှာ တစ်ခုကြည့်ပြီးတော့ သီလ၊ သမာဓိ၊ပညာ သာသနာပြု ကြွတော်မူကြတယ်။ အဲဒါတွေမြင်လို့ ကျုပ်တို့ ကိုယ်တော်တွေ ကျုပ်တို့ ကြည်ညိုသဗျာ-လို့ ဒီလိုပြော-တဲ့။

ကြောင့်ကြမှု နည်းခြင်း
န တေသံ ကောဋ္ဌေ ဩပေန္တိ၊
နကုမ္ဘိံ န ခဠောပိယံ။
ပရိနိဋ္ဌိတမေသာနာ၊
တေန မေ သမဏာ ပိယာ။

တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထို ကိလေသာခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော် အရှင်သူမြတ်တို့သည်။ သံ= မိမိရဲ့ ကိုယ်ပိုင်ဥစ္စာကို။ ကောဋ္ဌေ= ကျီကြ၌။ န ဩပေန္တိ= မထားကြကုန်။

လူများမှာ စပါးတွေ၊ ပဲတွေ၊ ကျီထဲ ကြထဲမှာ ထားသလို ဒီကိုယ်တော်တွေမှာ ကိုယ်ပိုင်ဥစ္စာ စပါး၊ ပြောင်း၊ ပဲ ကျီထဲ ထားတယ်လို့များ ပရိဂ္ဂဟတဏှာ ရှိရဲ့လား၊ မရှိဘူး။

န ကုမ္ဘိံ= အိုးထဲမှာလည်း မထားကြကုန်။ န ခဠောပိယံ= ခြင်းတောင်းထဲမှာလည်းပဲ ကိုယ်ပိုင် ပစ္စည်းကို ထည့်၍ မထားကြကုန်။

လူတွေမှာတော့ ချမ်းသာယင် ချမ်းသာသလို ဂိုဒေါင်ကြီးအပြည့်၊ ကျီကြီးအပြည့်၊ ကြကြီးအပြည့် ပစ္စည်းတွေ ထားကြတယ်။ အဲ-ကျီနဲ့ ကြနဲ့ မထားနိုင်လို့ရှိယင် အိုးထဲ၊ သေတ္တာထဲ ထားတယ်။ ခြင်းထဲ၊ တောင်းထဲမှာ ထားတယ်။ ဒီကိုယ်တော်တွေမှာ ဘယ်သေတ္တာထဲ၊ ဘယ်ဂိုဒေါင်ထဲ၊ ဘယ်ကျီထဲ၊ ဘယ်ကြထဲ၊ ဘယ်အိုးထဲမှ သူတို့ သပိတ် သင်္ကန်းကလွဲ ဘာမှ မသိမ်းဆည်းဘူးတဲ့။

ပရိနိဋ္ဌိတမေသာနာ= သူတစ်ပါးအိမ်မှာ ချက်ပြုတ်ပြီးတဲ့ ပစ္စည်းလေးပါးကိုသာ ရှာမှီးလေ့ ရှိတော်မူကြပေကုန်၏။

ဘယ်လောက် ကြောင့်ကြ နည်းသလဲ။ ကြောင့်ကြနည်းတယ်၊ ပလိဗောဓ နည်းတယ်၊ ပလိဗောဓနည်းယင် အကုသိုလ်နည်းတယ်။

တေန= ထိုသို့ ပလိဗောဓ ကြောင့်ကြနည်းမှု အကြောင်းပြု၍။ မေ= ရောဟိနီတွင်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာ ခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော် အရှင်မြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် နှစ်နှစ်ကာကာ ကြည်ညို အပ်ပါကုန်၏။

အရိယာပုဂ္ဂိုလ်ရဲ့ သာသနာတော် ကြည်ညိုတယ်ဆိုတာ အဲဒီလို ဂုဏ်တွေကို လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာ မြင်ပြီးတော့ ကြည်ညိုတာ။ အဲဒီလို မြင်ပြီးတော့ ပြောသလို တို့လဲ မြင်ပြီး ကြည်ညိုရမယ်။ မြင်ပြီး ပြောတတ်ရမယ်။ ဒါတင်ပဲလားလို့ ဆိုတော့ နောက်ဆုံး ပြောစမ်းပါရစေ၊ အံ့ဩစရာကောင်းတယ်။

အချင်းချင်း ချစ်ခင်ကြခြင်း
နာနာကုလာ ပဗ္ဗဇိတာ၊ နာနာဇနပဒေဟိစ။
အညမညံ ပိဟယန္တိ၊ တေန မေ သမဏာ ပိယာ။
တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= ထို ရဟန်းတော် သခင် အရှင်သူမြတ်တို့သည်။ နာနာကုလာစ= အထူးထူးသော အမျိုးတို့အိမ်မှ။ (ဝါ) အထူးထူးသော မိမိတို့ အိမ်မှ လည်းကောင်း။
နာနာဇနပဒေဟိစ= အထူးထူးသော ဇနပုဒ်တိုင်းကား မြို့ရွာအရပ်များမှ လည်းကောင်း။ ပဗ္ဗဇိတာ= ရှင်ရဟန်းအဖြစ် ကပ်ရောက်ကြကုန်လျက်။ အညမည= အချင်းချင်း။ ပိဟယန္တိ= ဆွေမတော် မျိုးမတော် ချစ်ခင်တော် မူကြပါပေကုန်၏။

ကိုယ်တော်ချင်း တွေ့တယ်၊ လူလူချင်း တွေ့တာနဲ့ မတူဘူး၊ တစ်ခါမှ မမြင်ဖူးတဲ့ ကိုယ်တော်ချင်း ဖြစ်ပစေ၊ အရှင်ဘုရား၊ ဟောဒီမှာ ထိုင်ပါ၊ ညှာတာတယ်။ တစ်ဦးနဲ့တစ်ဦး “ သကျပုတ္တိယ= ဘုရားသားတော်” ဆိုပြီးတော့ သူလည်း ဘုရားသားတော်၊ ငါလည်းဘုရားသားတော်။ ဒီ- ဆွေမျိုးဆိုတာ ဒီနည်းနဲ့ တော်စပ် မရ ဟိုနည်းနဲ့ တော်စပ် ရတယ်။ အင်း- တစ်ခါ ရိုင်းရိုင်းပြောတာလို့လည်း မအောက်မေ့ပါနဲ့၊ ဂိုဏ်းစကားပြောမယ်။ ဂိုဏ်းချင်းပဲ မတူစေကာမူ အချင်းချင်း ဉတ္တိစတုတ္ထကမ္မဝါဖြင့် ရဟန်းဖြစ်တော်မူကြတဲ့ ဘုရားရင်နှစ် သားတော် ဖြစ်တယ်ဆိုပြီး တစ်ပါးနဲ့ တစ်ပါး သာသနာမှာ ကြည်ညိုကြတယ်။ ချစ်ခင်ကြတယ်။ လေးမြတ်ကြတယ်။ အဲဒီလို ကြည်ညိုလို့ ချစ်ခင်လို့ လေးမြတ်ယင်သာ လေးမြတ်တယ်၊ ကြည့်လိုက်မယ် ဆိုယင် ဟို-မိခင်ပေါင်း အမျိုးမျိုး၊ ဖခင်ပေါင်း အမျိုးမျိုးက နေပြီးတော့ ရောက်လာကြတာ။

မြို့ရွာဒေသအားဖြင့် အထူးထူးအပြားပြား တစ်ဦးနဲ့တစ်ဦး မမြင်ဖူးဘဲနဲ့ သာသနာ ရောက်လာကြတယ်။ သူစိမ်းပြင်ပြင်တွေပဲတဲ့။ လောကမျက်စိနဲ့ ကြည့်ယင် သူစိမ်းပြင်ပြင် ဖြစ်ပါလျက်ကနဲ့ ချစ်လိုက်ခင်လိုက်တာ၊ ဟုတ်လား။ နာမကျန်းဖြစ်ယင်လည်း ကျန်တဲ့ကိုယ်တော်တွေက ကိုယ်ဖိရင်ဖိ ပြုလို့ စုလို့၊ အဲဒါလောက် မေတ္တာဓာတ်နဲ့ ချစ်ခင်နေကြပါတယ်။

နာနာဇနပဒေဟိစ= အထူးထူးသော ဇနပုဒ်တိုင်သား မြို့ရွာများမှ လည်းကောင်း။ ပဗ္ဗဇိတာ= တစ်ဦးနှင့် တစ်ဦး မမြင်ဖူးတဲ့ ရဟန်းပဉ္ဇင်းအဖြစ် ကပ်ရောက်ကြကုန်လျက်။ အညမညံ= အချင်းချင်း။ ပိဟယန္တိ= ဆွေမတော် မျိုးမတော် ညီအစ်ကိုရင်း တမျှ ချစ်ခင်တော်မူကြပါပေကုန်၏။ တေန= ထို မေတ္တာသက်ဝင် တစ်ပါးနဲ့တစ်ပါး ဆွေမတော် မျိုးမတော် ညီအစ်ကိုရင်းတမျှ ချစ်ခင်တော်မူကြခြင်းဟူသော အကြောင်းကြောင့်။ မေ= ရောဟိနီမည်တွင်ခေါ် သမီးတော်သည်။ သမဏာ= ကိလေသာခပ်သိမ်း ငြိမ်းပစေတတ် ရဟန်းတော်အရှင်မြတ်တို့ကို။ ပိယာ= မေတ္တာသက်ဝင် ချစ်ခင်လေးမြတ် ကြည်ညိုနှစ်သက်အပ်ပါကုန်၏။
သမီးအား ဖခင်ပုဏ္ဏားကြီး ချီးကျူးခြင်း
နောက်ဆုံးအနေနဲ့ ရောဟိနီက ပြောတယ်။
စောစောက သာသနာတော်မကြည်ညိုတဲ့ ပုဏ္ဏားကြီး၊ စောစောက သံဃာတွေကို မျက်မုန်းကျိုးနေတဲ့ ဖခင်ပုဏ္ဏားကြီး စိတ်ပြောင်းသွားတယ်။ သမီးဖျောင်းဖျလို့၊ သမီး တရားဟောပြလို့ စိတ်ပြောင်းသွားတယ်။

စောစောကတော့ အမယ်-သမီးကဖြင့် ဟုတ်လား။ အိပ်ရာဝင်ယင် ကိုယ်တော်တွေ၊ ရဟန်းတော်တွေ၊ အိပ်ရာထ ရဟန်းတော် တ။ ဟင်-စကားပြောတိုင်းပြောတိုင်း ရဟန်းတော်မပါ စကားပြောလို့ မဖြစ်ဘူး။ သမီးရယ်၊ တော်တော်ကြာ‘ရဟန်းမကလေးများ= ဘိက္ခုနီမကလေးများဖြစ်သွားမှာလား၊ ပြောင်တောင်တောင် သယော်တော်တော်နဲ့ ပြောပေမယ့် အခုတော့ နက်နက်နောနောကြီးကိုပဲ ဖခင် ဝိဘဝပုဏ္ဏားကြီးက ဘာပြန်ပြောသလဲဆိုတော့-

အတ္ထာယ ဝတ နော ဘောတိ၊
ကုလေ ဇာတာသိ ရောဟိနီ။
သဒ္ဓါ ဗုဒ္ဓေ စ ဓမ္မေ စ၊
သံဃေ စ တိဗ္ဗဂါရဝါ။
ဘောတိ ရောဟိနီ= အို- ချစ်သမီး ရောဟိနီ။ တွံ= သင် ချစ်သမီးသည်။ နော= ငါတို့၏။ အတ္ထာယ= လူ့ရပ် နတ်ထံ နိဗ္ဗာန်တိုင်အောင် ထိပ်ခေါင်သတ္တိ သုံးမျိုးသုံးပါးသော အကျိုးငှာ။ ကုလေ= ငါတို့အမျိုး၌။ ဇာတာ= ဖြစ်ပွား၍ လာသည်။ အသိ= ဖြစ်ပါပေ၏။

သမီး၊ တို့အမျိုးထဲ သမီးဖြစ်လာတာဟာ တို့အဖို့ လူ့ရပ် နတ်ထံ နိဗ္ဗာန်ဆိုတဲ့ သုံးမျိုးသုံးပါး ရရှိဖို့ရန် သမီး ဖြစ်ပွားရခြင်းပဲ။

တွံ= သင် ချစ်သမီးသည်။ ဗုဒ္ဓေ စ= ဘုရား၌ လည်းကောင်း။ ဓမ္မေ စ= တရားတော်၌ လည်းကောင်း။ သံဃေ စ= သံဃာ၌ လည်းကောင်း။ သဒ္ဓါ= သဒ္ဓါရွှန်းစို ကြည်ညိုသည်ဖြစ်၍။ တိဗ္ဗဂါရဝါ= အမြဲတစေ ရတနာသုံးပါးအား ရိုသေတဲ့ သမီးပါတည်း…။
တုဝံ ဟေတံ ပဇာနာသိ၊
ပုညက္ခေတ္တံ အနုတ္တရံ။
အမှမ္မိ ဧတေ သမဏာ၊
ပဋိဂ္ဂဏှန္တိ ဒက္ခိဏံ။
ဘောတိ= အို-ချစ်သမီး ရောဟိနီ။ တုဝံဟိ-တုဝံဧဝ= သင် ချစ်သမီးသည်ပင်လျှင်။ အနုတ္တရံ= အလွန်မွန်မြတ်သော။ ဧတံ ပုညက္ခေတ္တံ= ဒီ သံဃာတော် တည်းဟူသော ကောင်းမှုကုသိုလ်မျိုးဆက် စိုက်ပျိုးရာ လယ်ယာမြေကောင်းကြီးကို။ ပဇာနာတိ= ပိုင်းခြားထင်ထင် နစ်နစ်နောနော သင်ချစ်သမီး သိမြင်ပါပေ၏…။

ချစ်သမီးဟာ သံဃာတော် တည်းဟူသော ပုညခေတ္တ= ကောင်းမှုမျိုး စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းကြီးရဲ့ အကြောင်းကို နက်နက်နောနော ပိုင်းပိုင်းခြားခြား ချစ်သမီးမို့မှ သိမြင်ပါလေ။

ဧတေ သမဏာ= ဤ သင်ချစ်သမီးရဲ့ ရဟန်းတော်တို့သည်။ အမှမ္ပိ= ငါတို့၏လည်း။ ဒက္ခိဏံ= အလှူဝတ္ထုတို့ကို။ ပဋိဂ္ဂဏှန္တိ= ချစ်သမီး လှူသဖြင့် အလှူခံတော်မူကြပေကုန်၏။
ပတိဋ္ဌိတော မဟာယညော၊
ဝိပုလော နော ဘဝိဿတိ။
မဟာယညော= ကြီးစွာသော ကောင်းမှုကုသိုလ်ကြီးကို။ ပတိဋ္ဌိတော= ချစ်သမီးကို အကြောင်းပြု၍ ငါတို့ တည်ထားအပ်လေပြီ။ နော= ငါတို့၏။ ဝိပုလော= ပြန့်ပြောသော အကျိုးသည်။ ဘဝိဿတိ= ဖြစ်ပေလိမ့်မည် ချစ်သမီး။
ချစ်သမီး အကြောင်းပြုပြီးတော့ ထိုအရှင်သူမြတ်တွေဟာ တို့ရဲ့ ပူဇော်ဝတ္ထုများ အလှူခံတော်မူကြရတယ်။ တို့တစ်တွေသည် ကြီးစွာသော မဟာဒါနကြီးကို သမီးအကြောင်းပြုပြီးတော့ ပြုရပြီ။ ဒီ ဒါနကောင်းမှုကြောင့် ပြန့်ပြော ကြီးမြတ်တဲ့အကျိုးထူး ဖြစ်ပါလိမ့်။ ရပါလိမ့်မယ်။ သမီးတော်လို့ ပုဏ္ဏားကြီးက နှစ်လိုအားရ ပြောတဲ့အခါကျတော့ သမီးက-

“ဒါနနဲ့များ မွေးဖသခင် ကျေးဇူးရှင် တင်းတိမ်အားရ မနေပါနဲ့ဦး၊ ရှေ့ကိုလည်းပဲ တိုးတက်ပြီးတော့ သရဏဂုံ သီလကိုလည်းပဲ ဆောက်တည်ပါဦး” ဒီလို တိုက်တွန်းချင်တဲ့အတွက်-

သစေ ဘာယတိ ဒုက္ခဿ၊
သစေ တေ ဒုက္ခမပ္ပိယံ။
ဥပေဟိ သရဏံ ဗုဒ္ဓံ၊
ဓမ္မံ သံဃဉ္စ တာဒိနံ။
သမာဒိယာဟိ သီလာနိ၊
တံ တေ အတ္ထာယ ဟေဟိတိ။
တာတ= မွေးဖသခင် ကျေးဇူးရှင်။ တေ= သင် ကျေးဇူးရှင်သည်။ ဒုက္ခဿ= သံသရာဝဋ်ဒုက္ခမှ။ သစေဘာယတိ= အကယ်၍ ကြောက်လန့်ငြားအံ့။ တေတယာ= သင်ဖခင်သည်။ ဒုက္ခံ= သံသရာဝဋ်ဆင်းရဲကို၊ သစေ အပ္ပိယံ= အကယ်၍ မနှစ်မြို့သည် ဖြစ်ငြားအံ့။ ဗုဒ္ဓံ= သဗ္ဗညုဗုဒ္ဓ အမည်ရတဲ့ လောကထွတ်ထား မြတ်ဘုရားကို လည်းကောင်း။ တာဒိနံ= တာဒိဂုဏ်ရှင် ဘုရားသခင်တို့၏။ ဓမ္မဉ္စ= မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟုခေါ်ရန်ဖြစ်သော တရားတော်ကို လည်းကောင်း။ သံဃဉ္စ= အရိယာရှစ်ပါး တပည့်သား သံဃာတော်မြတ်ကို လည်းကောင်း။ သရဏံ= ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေဟိ= ဆည်းကပ်ပါလော့။

ဖခင်ပုဏ္ဏားကြီး အရဟတ္တဖိုလ်တိုင် ရောက်ခြင်း
အကယ်၍ သံသရာဝဋ်ဒုက္ခကြီး တကယ်ကြောက်တယ်၊ ဝဋ်ဒုက္ခကြီးကို တကယ်ငြီးငွေ့တယ်၊ တကယ်မချစ်ဘူးဆိုယင်-
ဖခင်-တဲ့ သံသရာဝဋ်ဒုက္ခက လွတ်ရာလွတ်ကြောင်း အနေနဲ့ ဗုဒ္ဓသရဏဂုံ၊ ဓမ္မသရဏဂုံ၊ သံဃသရဏဂုံ၊သရဏဂုံသုံးပါး မပျက်အောင် ထိန်းသိမ်းပါတဲ့။
သီလာနိ= ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလတို့ကို၊ သမာဒိယာဟိ= သဒ္ဓါကြည်ဖြူ ဆောက်တည်ခံယူပါ။ တံ= ထိုသို့ သရဏဂုံသီလ ဆောက်တည်ခံယူမှုသည်။ တေ= သင် ဖခင်အတွက်။ အတ္ထာယ= လူ နတ် နိဗ္ဗာန်သုံးတန်သော အကျိုးငှာ။ ဟေဟိတိ= ဖြစ်ပါလိမ့်မယ်။
အဲဒီလို သရဏဂုံသီလ လူ့ဘဝမှာ ဆောက်တည်ယင် ဖခင်၊ ဖခင်ရဲ့အတွက် လူ နတ် နိဗ္ဗာန် သုံးတန်ချမ်းသာ ရဖို့သေချာပြီ။
သမီး အပြောကောင်းတာနဲ့ အဲဒီ စကားဝုစ်မှာပဲ ဖခင်ကြီးဟာ ထပြီးတော့ ဘုရားရှိရာ၊ သံဃာတော်များ ရှိရာ လက်အုပ်ချီပြီးတော့-

ဥပေမိ သရဏံ ဗုဒ္ဓံ၊
ဓမ္မံ သံဃဉ္စ တာဒိနံ။
သမာဒိယာမိ သီလာနိ၊
တံ မေ အတ္ထာယ ဟေဟိတိ။ ။
ဘောတိ= ချစ်သမီး ရောဟိနီ။ အဟံ= မဟာဝိဘဝတွင်ခေါ် ငါခမည်းတော်သည်။ တာဒိနံ= လာဘာ လာဘ စသည်ရှစ်တန် လောကဓံမှန် ဖောက်ပြန်မရှိ သည်းခံဘိသား တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော။
ဗုဒ္ဓဉ္စ = သဗ္ဗညုဗုဒ္ဓ အမည်ရတဲ့ လောက ထွတ်ထား မြတ်ဘုရားကို လည်းကောင်း။ တာဒိနံ= တာဒိဂုဏ်ရှင် ဘုရားသခင်တို့၏။ ဓမ္မဉ္စ= မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟု ဆယ်တန်ထင်ပေါ် ဟောကြားအပ်တဲ့ တရားတော်ကို လည်းကောင်း။ တာဒိနံ= တာဒိဂုဏ်ရှင် ဘုရားသခင်တို့၏။ သံဃဉ္စ= အရိယာရှစ်ဖော် တပည့်သား သံဃာတော်မြတ် အပေါင်းကို လည်းကောင်း။ သရဏံ= ကိုးကွယ်လည်းလျောင်း ပုန်းအောင်းရာဟူ၍။ ဥပေမိ= ဆည်းကပ်ပြုပြင် သိမြင်အပ်ပါ၏။ သီလာနိ= ငါးပါးသီလတို့ကို။ သမာဒိယာမိ= သဒ္ဓါကြည်ဖြူ တပေါင်းတည်း ခံယူဆောက်တည်ပါ၏...လို့။

ငါးပါးသီလ အကျယ်တဝင့် မဆောက်တည်နိုင်ဘဲ၊ တစ်နည်းအားဖြင့် ဂါထာနဲ့ ငါးပါးသီလ ပေါင်းပြီး ဆောက်တည်သောအနေနဲ့“ သမာဒိယာမိ သီလာနိ” ဒီလို ဆိုလိုက်တယ်။ အဲဒီ ဂါထာကို စိတ်ပါလက်ပါ သဒ္ဓါကြည်ညိုစွာနဲ့ ရွတ်ယင်ပဲ အဲဒါ သရဏဂုံသီလရတယ်။ သရဏဂုံသီလ၊ သရဏဂုံတည်သူ- သီလရှိသူ ဥပါသကာ တစ်ယောက် ဖြစ်သွားတာပဲ။ ပြီးတော့မှ-

တံ= ထိုသရဏဂုံသီလသည်။ မေ= ငါ့အတွက်တာ။ အတ္ထာယ= လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခ အကျိုးငှာ။ ဟေဟိတိ= မုချမသွေ ဖြစ်ပေလိမ့်မည်။
အဲဒီလို ဖခင် မဟာဝိဘဝ ပုဏ္ဏားကြီး ဝမ်းမြောက် ဝမ်းသာနဲ့ သရဏဂုံသီလများခံ။ ဘေးနားက မိခင်ဖြစ်တဲ့ ပုဏ္ဏားမကြီးဆို သာသနာ သက်ဝင် ယုံကြည်လို့ မိခင် ဖခင် ကျေးဇူးရှင်နှစ်ပါး သာသနာမှာ သက်ဝင် ယုံကြည်ပြီးတဲ့နောက် ဖခင် မဟာဝိဘဝပုဏ္ဏား သဒ္ဓါတရား တိုးတက်၍ ဘုရားသာသနာ ဝင်ပြီး ရဟန်းပြုတယ်။ မကြာမြင့်မီ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်လို့ အရဟတ္တဖိုလ်ပေါက် ရဟန္တာ အဖြစ်ရောက်တော်မူတဲ့အခါကျတော့ ဒီမဟာဝိဘဝ ပုဏ္ဏား ရဟန္တာ အရှင်မြတ်ကြီးက ဥဒါန်း ဂါထာတစ်ခု ကျူးတယ်။

ဗြဟ္ဓဗန္ဓု ပုရေ အာသိံ၊
သော ဣဒါနိမှိ ဗြဟ္မဏော။
တေဝိဇ္ဇော သောတ္တိယော စမှိ၊
ဝေဒဂူ စမှိ နှာတကော။
အဟံ= ငါသည်။ ပုရေ= ဟိုရှေးအခါတုန်းက။ ဗြဟ္ဓဗန္ဓု= ဇာတ်အားဖြင့် ဗြဟ္ဓာသည်။ အာသိံ= ဖြစ်ခဲ့လေပြီ။
ဇာတိဗြာဟ္ဓဏ အမျိုးအားဖြင့် ဗြာဟ္ဓဏလို့ ခေါ်လို့ ပရမတ္ထဗြာဟ္ဓဏ ဗျုပ္ပညီညွတ်တဲ့ ဗြာဟ္ဓဏတော့ မဟုတ်ဘူးတဲ့။ ဇာတိဗြာဟ္ဓဏဆိုတာ လောကပညတ် ပုဏ္ဏားမျိုးမှာ သွားဖြစ်လို့ သူဟာ ဗြာဟ္ဓဏမည်ခဲ့၍-
ဣဒါနိ= ယခုအခါ၌။ သောအဟံ= ထို ငါသည်။ ဗြာဟ္မဏော= ပရမတ္ထ ဗြာဟ္ဓဏစင်စစ်သည်။ အမှိ= ဖြစ်ခဲ့၏…။
ဇာတိဗြာဟ္မဏနဲ့ ပရမတ္ထဗြာဟ္မဏ
ဘာဖြစ်လို့လဲ။ ဗြဟ္ဓဏဆိုတဲ့ပါဠိက ဗာဟိတပါပ= မကောင်းမှုဒုစရိုက်ကို အပပြုပြီးတဲ့ ပုဂ္ဂိုလ်မှ ဗြာဟ္ဓဏလို့ ဒီလို ခေါ်ပါတယ်။ ဗြဟ္ဓ= အမြတ်၊ အဏ-က မကောင်းမှု အကုသိုလ်၊ ဗဟ-က ပယ်ရှားပြီး။ အဲဒီနှစ်ခု ပေါင်းစပ်ပြီးတော့ ဗဟိတ+အဏ= ဗြာဟ္ဓဏ-လို့ ပါဠိက ဒီလိုဖြစ်နေတယ်။ မကောင်းမှု အကုသိုလ်ကို ပယ်ရှားပြီးဖြစ်လို့ ဗြာဟ္ဓဏ-ပါဠိက။ အဲ-ရဟန္တာဖြစ်တော့ တစ်ထောင့်ငါးရာ ကိလေသာ မကောင်းမှု အကုသိုလ်ခပ်သိမ်း အကုန်လုံး အပြီအငြိမ်း ပယ်ပြီးဖြစ်တော့ “ပရမတ္ထဗြာဟ္မဏ”လို့ခေါ်တယ်။
မကောင်းမှု အကုသိုလ်တွေ မပယ်ရသေးဘဲနဲ့ ဟုတ်လား။ ဗြာဟ္မဏလို့ ဆိုတာကတော့ “ဇာတိဗြာဟ္မဏ”လို့ ခေါ်တယ်။ ပြောပါစို့။ အိန္ဒိယမှာရှိတဲ့(ခတ္တိယ) ချတ်တရီးယားတို့၊ ဗြာဟ္ဓဏတို့ဆိုတဲ့ အဲဒီ အမျိုးအလိုက် ဗြာဟ္ဓဏမျိုးဖြစ်လို့၊ ချက်တရီးယားမျိုးဖြစ်လို့၊ သုဒ္ဒမျိုးဖြစ်လို့၊ ဗိုက်ယှ(ဝေဿ)မျိုးဖြစ်လို့ ဆိုတဲ့ အဲဒီဟာကတော့ “ဇာတိဗြာဟ္ဓဏ“ ခေါ်ပါတယ်။

အခုပြောတာက ရဟန္တာပုဂ္ဂိုလ်ကို ပရမတ္ထဗြာဟ္ဓဏ။
ဒါနိ-ဣဒါနိ= ယခုအခါ၌။ တေဝိဇ္ဇော= ပု,ဒိ,အာ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူသည် လည်းကောင်း။ သေတ္တိယော စ= ကိလေသာခပ်သိမ်း ကင်းငြိမ်းစင်ကြယ်သော သူသည်လည်းကောင်း။ ဝေဒဂူ စ= မဂ်ဉာဏ်လေးပါးသို့ ရောက်ပြီးသော သူသည် လည်းကောင်း။ နှာတကော စ= ကိလေသာ အညစ်အကြေး ဆေးလျှော်ပြီးသော သူသည် လည်းကောင်း။ အမှိ= ဖြစ်ခဲ့လေပြီ။

သူတို့ ဗြာဟ္ဓဏဆရာတွေရဲ့ အယူမှာ ဝေဒသုံးပုံ ဗေဒင်သုံးပုံ တတ်မြောက်တဲ့သူကို တေဝိဇ္ဇပုဏ္ဏား ခေါ်တယ်။ အဲဒီ ဝေဒကျမ်း ဗေဒင်သုံးပုံ တတ်မြောက်တဲ့ ပုဂ္ဂိုလ်များကို တေဝိဇ္ဇခေါ်တယ်။ ပရမတ္ထတေဝိဇ္ဇကတော့ ပုဗ္ဗေနိဝါသဉာဏ်၊ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ်ခေါ်တဲ့ ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာသခင် အရှင်သူမြတ်ကို တေဝိဇ္ဇပုဂ္ဂိုလ်။

ဒါကြောင့် အခု မဟာဝိဘဝပုဏ္ဏား ရဟန္တာဖြစ်တော့-
တေဝိဇ္ဇော= ပု,ဒိ,အာ ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံတဲ့ ပရမတ္ထ တေဝိဇ္ဇာပုဂ္ဂိုလ်သည်။ အမှိ= ငါကား ဖြစ်ခဲ့လေပြီ…။

ဟိုပုဏ္ဏားတွေရဲ့ အယူဝါဒမှာ ဂင်္ဂါမြစ်ထဲဆင်ပြီး ရေချိုးလို့ရှိယင် သူတို့မှာ အကုသိုလ်တွေ စင်ကြယ်တယ်။ အဲဒီ စင်ကြယ်လာတဲ့အခါ သူ့ကိုယ်သူ “သောတ္တိယ” တဲ့။

“ငါ-စင်ကြယ်လာပြီကွ” လို့ပြောတာ။ ဂျီး(ချေး) တွေတော့ စင်ကြယ်ချင် စင်ကြယ်မှာပေါ့နော်။ အကုသိုလ်တွေကတော့ ဘယ့်နှယ်လုပ်ပြီးတော့-ဟုတ်လား။ ရေကမျှောလို့ရမလဲ။ အခု မဟာဝိဘဝပုဏ္ဏားဘဝမှာ ရဟန္တာအဖြစ် ရောက်တဲ့ မထေရ်သူမြတ်က-

သောတ္တိယော စ= ပရမတ္ထ သောတ္တိယ ပုဂ္ဂိုလ်သည်လည်း။ အမှိ= ဖြစ်ခဲ့လေပြီ။
အခု တစ်ထောင့်ငါးရာ ကိလေသာ အညစ်အကြေးတွေကို မဂ်ဉာဏ်လေးပါး တည်းဟူသော ရေကြည်ရေအေးဖြင့် အကြွင်းမဲ့ ဆေးပြီး လျှော်ပြီး ဖွပ်ပြီး စင်ကြယ်ပြီးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ “သောတ္တိယ” တဲ့။
“နှာတက”တဲ့။ ပုဏ္ဏားတွေ ရေချိုးတဲ့ နေ့ကျတော့ ဂင်္ဂါမြစ်ထဲ ဆင်းပြီးတော့ ရေချိုးကြတယ်။ အိန္ဒိယမှာ“ပယာဂ” ရှိတယ်။ မန္တလေးမှာတော့ ဒီပုဏ္ဏားတွေ ရေချိုးတဲ့ ဆိပ်ကမ်းကို ပယာဂ ဆိပ်ကမ်းလို့ပဲ ခေါ်ရတယ်။ အဲဒီလို ဒီပုဏ္ဏားများမှာ ဆိုင်ရာ ပယာဂဆိပ်ကမ်းက ရေချိုးပြီး တက်လာတယ်ဆိုယင် “နှာတကော”လို့ ဒီလိုသုံးတယ်။ နှာတက-ဘာလဲ။

ဟို- အကုသိုလ် အညစ်အကြေးကို ဆေးကြောပြီးခဲ့ပြီ။ ရေမျှောပြီးခဲ့ပြီ ပြောတယ်။
အခုဟာက ပရမတ္ထနှာတကက မဂ်ဉာဏ်လေးပါးတည်းဟူသော ရေကြည်ရေအေးဖြင့် မိမိသန္တာန်မှာ အနမတဂ္ဂ အစမထင် ဟို သံသရာတစ်ခွင်က တင်လာခဲ့တဲ့ အကုသိုလ်ချေးတွေ၊ ညှော်တွေ အကုန်လုံး မဂ်ဉာဏ်လေးပါးဖြင့် အပြီးတိုင်-ဟုတ်လား။ သုတ်သင် ဆေးကြော ရေမျှောပြီးဖြစ်လို့ ပရမတ္ထနှာတက-တဲ့။

“ဝေဒဂူ”တဲ့။ ဗေဒင်ကျမ်း တတ်မြောက်တဲ့ ပုဏ္ဏားများကို ဗြာဟ္ဓဏတို့ရဲ့ ဘာသာအားဖြင့် ဝေဒဂူ ခေါ်တယ်။ ပရမတ္ထ ဝေဒဂူက မဂ်ဉာဏ်လေးပါးကို ရောက်လို့ ဝေဒဂူလို့ ခေါ်တယ်။ အခု မဟာဝိဘဝ ပုဏ္ဏားဘဝမှာ။
ရဟန္တာ ဖြစ်လာတဲ့ ရဟန္တာအရှင်မြတ်က-
ဝေဒဂူ- မဂ်ဉာဏ်လေးပါး တည်းဟူသော ဝေဒရဲ့အထွတ်အထိပ်သို့ ရောက်သည်။ အမှိ= ဖြစ်ခဲ့လေပြီ…။
ပရမတ္ထဝေဒဂူ ပုဂ္ဂိုလ်ဖြစ်ပြီးလို့ ပြောတာ။ ဆိုကြပါစို့။ ရှေးတုန်းကတော့ ဇာတိဗြဟ္ဓဏ၊ ဇာတိတေဝိဇ္ဇ၊ ဇာတိသောတ္တိယ၊ ပညတ်ဝေဒဂူ၊ ပညတ်နှာတကပုဂ္ဂိုလ် ဖြစ်ခဲ့တယ်။ ယခုတော့ ငါသည် ပရမတ္ထဗြာဟ္ဓဏ၊ ပရမတ္ထ တေဝိဇ္ဇ ပုဂ္ဂိုလ်၊ ပရမတ္ထ သောတ္တိယ ပုဂ္ဂိုလ်၊ ပရမတ္ထဝေဒဂူ ပုဂ္ဂိုလ်၊ ပရမတ္ထနှာတကပုဂ္ဂိုလ် ဖြစ်ပြီလို့ ဒီလို ဥဒါန်းကျူးပါတယ်။

ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုသော ထေရီ ၂၁ ဂါထာ
ဖခင်ပုဏ္ဏားကြီး ရဟန္တာ ဖြစ်ပြီးတဲ့နောက် သမီးဖြစ်တဲ့ ရောဟိနီလည်းပဲ သောတာပန် ဖြစ်ပြီးလို့ လူ့ဘောင် စွန့်ခွာ၊ သာသနာဝန်ထမ်း ဘိက္ခုနီမကလေးဖြစ်လို့ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်တဲ့အခါ မကြာမြင့်မီ အာသဝေါကုန်ခန်း ရဟန္တာဖြစ်လို့ “ရောဟိနီ ထေရီ” လို့ သာသနာမှာ ထင်ရှားခဲ့တယ်။ အဲဒီလို ထင်ရှားလို့ သာသနာမှာ ထေရီရယ်လို့ မထေရ်မြတ်တစ်ပါး ထေရီစာရင်းဝင်တစ်ပါးဖြစ်လာတဲ့အခါ သူ့ရဲ့ပဋိပတ် ကျင့်စဉ် ပြန်ပြီးတော့ စဉ်းစားတော့ သူ့စိတ်ထဲမှာ-ဪ-ငါ သောတာပန် ဖြစ်ပြီးတဲ့အချိန် လူ့ဘဝတုန်းက မွေးဖသခင် ကျေးဇူးရှင်ကြီးနဲ့ ငါ ဒီလို ဖခင်ကြီးက ငါ့ကိုမေးတယ်။ ငါက စိတ်ရှည်လက်ရှည် တစ်ဆယ့်နှစ်ဂါထာတို့ဖြင့် ဖခင်ကြီးအား ပြန်ပြီး တရားဟောကြားလို့ ငါ့ဖခင်ကြီး တရားရပြီး သာသနာဝန်ထမ်း ရဟန်းပြုသွားလို့ ရဟန္တာဖြစ်တယ်။ သူ့အဖို့ရာ တစ်သက်တာမှာ မေ့ဖျောက်လို့ မရတဲ့ ဖြစ်ရပ်၊ မေ့ပျောက်လို့ မရတဲ့ တရား ဖြစ်တဲ့အတွက် ရဟန္တာဖြစ်ပြီးတော့လည်း ဝမ်းမြောက်ဝမ်းသာနဲ့ မကြာ မကြာ အဲဒီ ဖခင်နဲ့ သူ မေးကြဖြေကြတဲ့ ဂါထာပေါင်း နှစ်ဆယ့်တစ်ဂါထာကို ဥဒါန်းကျူးတယ်။

အေး-ဖခင်ကြီးရွတ်တဲ့ ဂါထာရော သူကပြန်ဖြေတဲ့ ဂါထာတွေရော ရဟန္တာထေရီမ ဖြစ်ပြီးတဲ့ အခါကျတော့ ဥဒါန်း တကျူးကျူးနဲ့ နှစ်ဆယ့်တစ်ဂါထာကို ဥဒါန်းကျူးရင့်တယ်။ အဲဒီကျူးရင့်တဲ့ ဥဒါန်းဂါထာကို ရောဟိနီထေရီ ဂါထာလို့ ခေါ်တဲ့ အဲဒီ နှစ်ဆယ့်တစ်ဂါထာက စောစောက ပြောခဲ့တဲ့ ဂါထာတွေပလေ။

အေး- ထေရီမလေး ရွတ်တဲ့အခါကျတော့ ပြာယီးပြာယာလည်း မဟုတ်ဘူး၊ ဟုတ်လား။ အင်းမတန်ကို ကြည်ကြည်ညိုညိုနဲ့ အရဏဝိဘင်္ဂသုတ္တန်က စကားက ရှိတယ်နော်။ စည်းကမ်းရှိတယ်။
မလျင်မဆော စကား ပြောရတယ်၊ မလျင်မဆော တရားဟောရတယ်၊ ပြာယီးပြာယာ စကားမပြောရဘူး။ ပြာယီးပြာယာ တရားမဟောရဘူး။ ဒီ အရဏဝိဘင်္ဂသုတ်မှာ ဒီ အရဏဝိဟာရပုဂ္ဂိုလ်-မပင်မပန်း ချမ်းချမ်းသာသာ နေတဲ့ ပုဂ္ဂိုလ် ဖြစ်ချင်ယင် စကားပြော- တရားဟောယင်လည်းပဲ စစ်စစ်ဆေးဆေးနဲ့ တစ်ဖက်သား နားလည်လောက်အောင် ရွတ်ရ ဟောရ ပြောရတယ်။

အဲဒီလို ထေရီမကလေး-ရောဟိနီ ထေရီမကလေးတစ်ပါတည်း ဒီ-နှစ်ဆယ့်တစ်ဂါထာကို အခုပြောတဲ့ အတိုင်း-
သမဏာတိ ဘောတိ သူပိ၊ သမဏာတိ ပဗုဇ္ဈသိ၊
သမဏာနေဝ ကိတ္တေသိ၊ သမဏီ နုန ဘဝဿသိ။
ဒီက စပြီးတော့-

ဗြဟ္ဓဗန္ဓု ပုရေ အာသိ၊
သော ဣဒါနိမှိ ဗြာဟ္ဓဏော။
တေဝိဇ္ဇော သောတ္တိယော စမှိ၊
ဝေဒဂူ စမှိ နှာတကော-
ဆိုတဲ့ နှစ်ဆယ့်တစ်ဂါထာ မကြာမကြာ ဥဒါန်းကျူးရင့်ပါတယ်-တဲ့။ သမီးလည်း အရဟတ္တဖိုလ်ပေါက် ရောက်ပြီ။ ဖခင်လည်း အရဟတ္တ ဖိုလ်ပေါက် ရောက်ပြီ။ အရဟတ္တဖိုလ်ပေါက် ရောက်ယင် သာသနာအလုပ်ပြီးဆုံးတယ်။ သာသနာအလုပ် ပြီးဆုံးယင် တရားတော်လည်း ပြီးတယ်။

ဒေသနာ နိဂုံး
ဤသို့လျှင် ရောဟိနီ ထေရီ ဂါထာနှင့် စပ်သော တရားစကားကို ကြားနာရခြင်း= ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံ စေတနာ၊ သရဏဂုံ သီလ ဆောက်တည်ရခြင်း= သီလမယ ကောင်းမှုကုသိုလ်ကံစေတနာ၊ မိမိတို့ဉာဏ်အမြင် မီကြသမျှ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပုံကို နှလုံးသွင်းရခြင်း= ဘာဝနာမယ ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ဤရောဟိနီ ထေရီမတို့ အာရုံပြုရာ၊ မျက်မှောက်ပြုရာ ခေမာသီဝ အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကို မပင်မပန်း ချမ်းသာလွယ်ကူသော အကျင့်ပဋိပတ်၊ လျင်မြန်သော အသိဉာဏ်၊ ရည်သန်အပ်သောမဂ်ဉာဏ်လေးရပ်တို့ဖြင့် အရဟတ္တဖိုလ် ပေါက် မျက်မှောက် ပြုရသည့်ကိုယ် ဖြစ်ပါစေကုန်သတည်း။ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ကို မျက်မှောက်ပြုရသော ထိုနောက်ဆုံးဘဝ ဝယ် ပရိနိဗ္ဗာန စုတိ၏ အခြားမဲ့သော ကာလ၌ တစ်စုံတစ်ခုသော ဘဝ၊ တစ်စုံတစ်ခုသော ဂတိ၊ တစ်စုံတစ်ခုသော ယောနိ၊ တစ်စုံတစ်ခုသော ဝိညာဏဋ္ဌိတိ၊ တစ်စုံတစ်ခုသော သတ္တာဝါသ၊ တစ်စုံတစ်ခုသော သတ္တနိကာယမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာ ဝဋ်မီးစာ တရားတို့ တစ်ဖန် အသစ် မဖြစ်ခြင်း တည်းဟူသော အနုပ္ပါဒါနိရောဓ အနုပါဒါ ပရိနိဗ္ဗာန် ကိုယ်စီစံရပါစေကုန်သတည်း။ အနုပါဒါ ပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မ ဝဋ်၊ ကိလေသ ဝဋ်၊ ဝိပါက ဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက် မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု...
ရောဟိနီထေရီ ဂါထာ တရားတော် ပြီးပါပြီ။

0 comments:

Post a Comment