Wednesday, July 13, 2011

ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ...



''နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ''

တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိက
ဆဌသင်္ဂီတိဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ
အဘိဓဇမဟာရဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒ ဆရာတော်

ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ ဖြစ်တော်စဉ် ထေရုပ္ပတ္တိ


အရှင်ဃောသိတ (ရေနံ့သာ) ရေးသားပူဇော်ပါသည်


တို့ရဲ့ဆရာ
ထေရ်မဟာကား
ကမ္ဘာတစ်လွှား
ရှာမှ ရှား၏။
လူသားမက
နတ်တမျှတည့်
စံပြထိပ်တင်
ပြည့်ဥကင်မို့ 
လူ့ ရှင်တကာ
ရိုသေစွာဖြင့်
တင်ဂါရဝ
မြတ်နိုးကြသည်
မဟာ့မဟာ
ထေရ်မဟာပါတကား။ ။



၁။ ဖွားမြင်ခြင်း...
မင်းကွန်း တိပိဋကဓရ ဆရာတော်သည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ ခမည်းတော် သူကြီးဦးဆုံ၊ မယ်တော် ဒေါ်ဆင်တို့မှ (၁၂၇၃)ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့လည်(၃) နာရီ ကျော်တွင် ဖွားမြင်သော သားရတနာ ဖြစ်ပါသည်။ ငယ်နာမည် မောင်ခင်ဟုခေါ်၍ ဇာတာတွင် မောင်ရန်ရှင်း ဖြစ်ပါသည်။

၂။ သားသမီး သုံးယောက်...
ဦးဆုံ+ဒေါ်ဆင်တို့ မှ မသုံ၊ မောင်ခင်၊ မောင်ဘသင်ဟု သားသမီးသုံးယောက် ဖွားမြင်ခဲ့ရာ၊ ဆရာတော်လောင်းလျာ- မောင်ခင်မှာ ဒုတိယ သားရတနာ ဖြစ်ပါသည်။

၃။ ကျောင်းအပ်ခြင်း...
၁၂၇၅-ခုနှစ် မောင်ခင် သုံးနှစ်သား အရွယ်၌ ခမည်းတော်ဦးဆုံ ကွယ်လွန်သောအခါ မိခင်ဒေါ်ဆင်သည် သဲဖြူဝ အနောက်ရွာရှိ သူ၏ မိဘအိမ်သို့ ပြောင်းရွှေ့နေထိုင်ပါသည်။ မောင်ခင်ကမူ ကျည်းပင် ရွာ၌ပင် အဘိုးဖြစ်သူ မြန်မာဆေးဆရာကြီး ဦးချယ်-ဒေါ်အံ့တို့ထံ နေရစ်ခဲ့ပါသည်။ ၁၂၇၇-ခုနှစ်၊ မောင်ခင် (၅) နှစ် သားအရွယ် ကျည်းပင်ရွာကျောင်း ဆရာတော်ဦးသာသနထံ ပညာသင်ရန် အပ်နှံပါသည်။

၎။ ပထမအကြိမ် ရှင်ပြု ပေးခြင်းနှင့် အဘိုးက စာသင်ပေးခြင်း...
အဘိုးဦးချယ်သည် မြေးကလေး မောင်ခင် ညနေကျောင်းပြန်ချိန်တွင် နေ့စဉ်နေ့တိုင်း ကျောင်းသို့သွား၍ ထမ်းဆောင်ခေါ်ယူလေ့ရှိပါသည်။ ညစာ စားပြီးချိန်တွင် သမီးကလေး မငွေပေါနှင့် မြေးကလေးမောင်ခင်တို့အား (ကကြီး ဘယ့်နှယ် ရေးပါ့မယ်) (ကကြီးရေ က) ဟု တစ်ယောက်တစ်လှည့် ဆိုစေ ရေးစေ၍ စာသင်ပေးပါသည်။ ၁၂၇၈-ခုနှစ် မောင်ခင် (၆) နှစ်သား အရွယ်တွင် အဘိုးဦးချယ်က သင်္ကန်းဝတ်နှင့် မြင်ချင်၍ အေးမဏ္ဍပ်ဖြင့် ရှင်ပြုပေးပါသည်။

၅။ ဘုန်းရှင်ကံရှင်မောင်ခင်...
မောင်ခင်(၇)နှစ်သားအရွယ် အဒေါ်မယုံနှင့် နွားကျောင်း လိုက်သွား ပါသည်။ ညနေ နွားများရေသောက် အဆင်း မယုံအပိုင် ရှေ့ဆုံးမှ သန်ရောင်အမည်ရှိ နွားနက်ကြီးကို စီး၍လာရာ မြစ်ဆိပ်သို့ ရောက်ခါနီး နွားနက်ကြီးပေါ်မှ လိမ့်ကျသောအခါ နွားနက်ကြီးသည် မောင်ခင်အား အခြားနွားများ မနင်းမိစေရန် ၀မ်းဗိုက်အောက် တည့်တည့်ထား၍ ရပ်နေပါသည်။ နွားများအားလုံးရှင်းသွားမှ နွားနက်ကြီးသည် မောင်ခင်အပေါ်မှခွာကာ ရေသောက်ဆင်းသွားပါသည်။
၎င်းဖြစ်ရပ်သည် ဘုန်းရှင် ကံရှင် ပါရမီရှင်အား အသက်အန္တရာယ်ပြု၍ မရနိုင်ဟု ညွှန်ပြနေပါသည်။

နောက်ဖြစ်ရပ် တစ်ခုမှာ ကျောင်းလှေကားအနီးရှောက်ချိုပင်ကြီးပေါ်၌ တစ်လုံးတည်းကျန်နေသည့် ရှောက်ချိုသီးကြီးကို အခြားကျောင်းသားများ အပင်ပေါ်တက်ခူးသည့်အခါ ဆူးစူး၍ ရအောင်မခူးနိုင်ခဲ့၊ မောင်ခင်သည်သာ အံ့သြစရာ ကောင်းလောက်အောင် ရှောက်ပင်ပေါ်တက်၍ ရှောက်သီးကြီးကို ရအောင် ခူးခဲ့ပါသည်။

၎င်းဖြစ်ရပ်ကား မည်သူမျှ မလုပ်နိုင်ဟု ယူဆကြရမည့် တိပိဋကဓရဘွဲ့ကို ရအောင်ယူပြခြင်း၊ တိပိဋကနိကာယ ကျောင်းတိုက်ကြီးကို တည်ထောင်ခြင်း၊ သာသနာ့တက္ကသိုလ်ကြီးများကို တည်ထောင်ခြင်းတို့၏ ရှေ့ပြေးနိမိတ် ဖြစ်ပါလိမ့်မည်။ နောက်ဖြစ်ရပ် တစ်ခုမှာ မောင်ခင်သည် အခြားသူများ စာအံသံကြားသည်နှင့် ၎င်းစာကို ရပါသည်။ ၎င်းဖြစ်ရပ်ကို ထောက်ရှု၍ ဆရာတော်ကြီး၏ဉာဏ်ကောင်းပုံကို မှန်းဆ၍ ကြည့်နိုင်ပါသည်။

၆။ မင်းကျောင်းရောက်ခြင်းနှင့် ဒုတိယအကြိမ် ရှင်ပြုခြင်း...
၁၂၇၉-ခုနှစ်၊ မောင်ခင် (၇) နှစ်သား အရွယ်၊ မြင်းခြံမြို့၊ မင်းကျောင်းတိုက်၊ ရာဟုဒေါင့် ကျောင်းမှ အလွန်တော်သော ဆရာတော် ဦးသောဘိတထံ အမေ့မောင် ဦးကြီးဖြစ်သော ဦးကောက်နှင့် မိခင်ဒေါ်ဆင်တို့က ဆရာတော် ဦးသာသနနှင့် တိုင်ပင်၍ အပ်နှံကြပါသည်။ ၁၂၈၂-ခုနှစ် မောင်ခင် (၁၀) နှစ်သား အရွယ်၊ မိခင်ဒေါ်ဆင်က ဒုတိယအကြိမ် ရှင်ပြုပေးပါသည်။ ဆရာတော် ဦးသောဘိတသည် သာမဏေငယ်အားအလွန် ဉာဏ်ကောင်းသောကြောင့် ရှင်ဝိစိတ္တသာရ (ဆန်းကြယ်သော ဉာဏ်အမြင်အနှစ်သာရရှိသူ)ဟု ဘွဲ့အမည်ပေးခဲ့ပါသည်။

၇။ ၁၄-နှစ်သားအရွယ်ကပင် အဠကထာ ဋိကာကြည့်ခြင်း...
၁၂၈၅-ခုနှစ် (၁၃)နှစ်သားအရွယ် ၄င်းစာပြန်ပွဲ၌ သဒ္ဒါကြီးရှစ်စောင်။ ၁၂၈၆-ခုနှစ် (၁၄) နှစ်သားအရွယ်တွင် ဆရာတော် ဦးသောဘိတ အစီအမံဖြင့် စွန့်လွန်းရွာ အဖွားဒေါ်တုတ် မိသားစုနှင့် အမေ့မောင် ဦးလေးအရင်း ဖြစ်သူ ဦးဖြူလွင်+ဒေါ်မှိန် မိသားစုတို့ လှူဒါန်းသော အဠကထာ ဋီကာ အနု မဓု ယောဇနာ စာအုပ်များကို (ဒီစာအုပ်တွေကို ငါအကုန်တတ်အောင်သင်ရမည်)ဟု ၀မ်းမြောက် ၀မ်းသာ အကြိမ်ကြိမ်ကြည့်ရှုခဲ့ပါသည်။

(သာသနာ့ သမိုင်းတစ်လျှောက်၌ ၁၄နှစ်သား အရွယ်ကပင် အဠကထာ ဋီကာ ကြည့်ရှုနိုင်သူမှာ ရှင်ဝိစိတ္တသာရသည်သာ ပဋ္ဌမဦးဆုံး ဖြစ်နိုင်ပေသည်။)

ရှင်ဝိစိတ္တသာရ ၁၄နှစ်သားမှာပင် ဆရာတော်ဦးသောဘိတ ခိုင်းစေချက်အရ ကဗျာ လင်္ကာများနှင့် တန်ဆာ ဆင်ထားသည့် သုဝဏ္ဏသာမ ယပ်တောင်တရားကို ရေးသားခဲ့ပါသည်။

၈။ ကိုယ်ကျိုး စွန့်၍ ဆရာသမားအား ပြုစုခြင်း...
၁၂၈၇-ခုနှစ် သာမဏေငယ် (၁၅) နှစ်သား အရွယ် ပထမငယ်တန်း
၁၂၈၈-ခုနှစ် (၁၆) နှစ်သားအရွယ် ပထမလတ်တန်းတို့ ကို အောင်မြင်၍
၁၂၈၉-ခုနှစ် (၁၇) နှစ်သားအရွယ် ဆရာတော် ဦးသောဘိတ ကိုယ်တစ်ခြမ်းသေ (သွက္ချာပါဒ) လေဖြတ်ရောဂါဖြစ်သည်ကို ၁၂၈၉မှ၁၂၉၁-ခုနှစ်အထိ (၃)နှစ် တိုင်တိုင်စာမေးပွဲမဖြေဘဲ မိမိပညာရေး ဘေးဖယ်ထားကာ ပြုစုပါသည်။ (စံနမူနာယူထိုက်သော လုပ်ရပ် ဖြစ်ပါသည်။)

(၁၄) နှစ်သား အရွယ်ကစ၍ ကဗျာရေးခဲ့သော ရှင်ဝိစိတ္တသာရသည် ၁၂၉၁ခုနှစ် သီတင်းကျွတ်လဆုတ် (၁)ရက်နေ့ဆရာတော် ဦးသောဘိတ ဘ၀နတ်ထံ ပျံလွန်သောအခါ လွယ်လွယ်ကူကူဖြင့် ဂါထာတေးထပ် ကောင်းကင်ကြိုး၊ လှေလှော်သံစသောကဗျာများကို ရေးသားပူဇော်ခဲ့ရာ ရှင်ဝိစိတ္တသာရ နာမည်ကျော်သွားပါသည်။

၉။ မင်းကွန်းဓမ္မနာဒတိုက်သို့ ရောက်ရှိခြင်း...
ဆရာတော် ဦးသောဘိတ ဈာပန ပြီးသည့်အခါကျည်းပင်ရွာ ဆရာတော် ဦးသာသန၊ မြန်အောင်မင်္ဂလာကျွန်း ဆရာတော်၊ မော်လမြိုင်ကျွန်း ကျွဲခြံဝဲကျောင်း ဦးတေဇ၊ ပုပ္ပါး လှိုဏ်သာ ဦးကေသရ၊ အုတ်ဖိုမြို့မတောင့်တကျောင်း ဦးတေဇ၀န္တ၊ မင်းကျောင်းတိုက် ဦးဣန္ဒာလောက၊ ဆီမီးခုံ ချောင်းလည် ဦးဇယန္တတို့တိုင်ပင်၍ ဦးဣန္ဒာလောကမှ တာဝန်ယူကာ မင်းကွန်း ဓမ္မနာဒရောက်ခါနီး ဦးဣန္ဒာလောက (ကိုရင် ဒီလောက်တိတ်ဆိတ်လှတဲ့ တောတောင်ကြီးထဲမှာ နေနိုင်ပါ့မလား)ဟု မေးရာ၊ ရှင်ဝိစိတ္တသာရက (တပည့်တော် အဖို့မှာတော့ ဒီနေရာကို နတ်များပို့ဆောင်လို့သာ ရောက်လာရတယ်လို့ အောက်မေ့ရပါတယ်ဘုရား) ဟု လျှောက်ထားလိုက်ပါသည်။

၁၂၉၁-ခုနှစ် နှောင်းတန်ခူးလဆန်း ၁၃-ရက်နေ့ ညဥ့်၁၀-နာရီ အချိန်ခန့် ဓမ္မနာဒတိုက်သို့ ရောက်ရှိပါသည်။ နောက်တစ်နေ့ ဒေါ်ဓမ္မစာရီသည် ရှင်ဝိစိတ္တသာရ၏ ဉာဏ်ကောင်း, ကဗျာ အရေးကောင်းကြောင်း သတင်းကြားပြီးဖြစ်၍၊ လွန်စွာ ဖူးမြင်ချင် နေသောကြောင့် လာရောက် ဖူးမြော်ပါသည်။

ဒေါ်ဓမ္မစာရီ... ကိုရင်ဘွဲ့ ဘယ်လိုခေါ်ပါသလဲ။

ရှင်ဝိစိတ္တသာရ... ကိုရင် ၀ိစိတ္တလို့ ခေါ်ပါတယ် ဒကာမကြီး။

ဒေါ်ဓမ္မစာရီ... သြော် ကိုရင် ၀ိစိတ္တဆိုတော့ မြန်မာလို မောင်ဆန်းကြယ်ပေါ့နော်။

ရှင်ဝိစိတ္တသာရ... (မောင်ဆန်းကြယ် ပြောသဖြင့် အလိုမကျသည့် အသံဖြင့်)
အို... ဒကာမကြီးကလဲ နာမည်ဆန်းတယ်ဆိုတိုင်း လူမဆန်းပါဘူး။

ဒေါ်ဓမ္မစာရီ... ဟုတ်တာပေါ့ ကိုရင်၊ ဇာတ်တော်မှာလဲ မောင်သက်ရှည်အမည်ရှိခဲ့သူ အသက်ငယ်ငယ်နဲ့ ကွယ်လွန်သွားကြောင်း မငွေရှင် အမည်ရှိတဲ့ အမျိုးသမီးတစ်ယောက် သူများကြွေးမပေးနိုင်လို့ အနှောင်အဖွဲ့ခံရကြောင်း၊ မောင်လမ်းအမည်ရှိတဲ့ သူငယ်မျက်စိလယ် လမ်းမှားနေကြောင်း၊ နာမသိဒ္ဓိဇာတ်တော်ထဲ ဟောထားပါတယ်ဟု ပြောပြီး ဇီဝကဉ္စ မတံဒိတွာ၊ ဓနပါလိဉ္စဒုဂ္ဂတိံ၊ ပန္ထကဉ္စ ၀နေမုဠံ၊ ပါပကောပုနရာဂတော-ဂါထာကို ပါဠိဆို၍အနက်ပေးပြပါသည်။

ရှင်ဝိစိတ္တသာရ... ဒါယကာမကြီး အဲဒီ ဂါထာကို ကိုရင်ကူးပါရစေ၊ တဆိတ်လောက် ပြန်ပြီးရွတ်ပြပါဦး။

ဒေါ်ဓမ္မစာရီ... ရေးပါကိုရင်ရေးပါဟု ပြောပြီး ရွတ်ပြပါသည်။
ဒေါ်ဓမ္မစာရီ... ကိုရင်က မောင်ဆန်းကြယ်ကို သဘောမကျရင် ၀ိဂတော စိတ္တော ၀ိစိတ္တော ကမ္မဓာရည်း သမာသ် ၀ိဂြိုဟ်လုပ်၊ ၀ိဂတော- ကင်းသော၊ စိတ္တော-ဆန်းကြယ်ခြင်းသည်၊ အတ္ထိ- ရှိ၏၊ ဣတိ- ထို့ကြောင့်၊ ၀ိစိတ္တော- ၀ိစိတ္တမည်၏ ဆိုတော့ ကိုရင့်ဘွဲ့ မောင်ရွှေရိုးမှည့်ရင်ကော မဖြစ်နိုင်ဘူးလားဟု ပြောလိုက်မှ ရှင်ဝိစိတ္တ သဘောကျသွားပါသည်။ အမေရင်းကဲ့သို့ အောက်မေ့သွားပါသည်။ ရှင်ဝိစိတ္တ မင်းကွန်းသို့ ဆွမ်းခံကြွ၍ ဆွမ်း ဆွမ်းဟင်းတို့ ပြည့်စုံမှုမရှိခဲ့၊ အတူနေ ၁၄-နှစ်သား ရှင်ဝဏ္ဏိတမှာမူ ဆွမ်း ဆွမ်းဟင်း အလွန်ရရှိပါသည်။ ရှင်ဝဏ္ဏိတက ကိုရင်ကြီး ဘုန်းပေး- ဘုန်းပေးဟု ပြောလျက် သူရရှိသည့် ဆွမ်း ဆွမ်းဟင်းကို ပေးပါသည်။ ၃-လအကြာ ရှင်ဝိစိတ္တ ဆွမ်း ဆွမ်းဟင်း ပြည့်စုံမှု မရှိသည်ကို ဒေါ်ဓမ္မစာရီ သိရှိ၍ ကိုရင် ဆွမ်းမခံပါနဲ့တော့၊ တပည့်တော်ကပဲ ကပ်ပါမယ် ဆိုပြီး ဒေါ်ဓမ္မစာရီ ဘ၀ပြောင်းသည်အထိ ဆွမ်းကပ်သွားခဲ့သည်။ ထို့ကြောင့် ဒေါ်ဓမ္မစာရီသည် မင်းကွန်းတိပိဋကဓရ ဆရာတော်၏ ကျွေးမေမေဖြစ်တော့သည်။
သစ္စ၀ါဒီဋီကာကျမ်းပြု ဒေါ်ဓမ္မစာရီသည် ပညာတော်ရုံသာ မဟုတ်၊ ကိုရင်-ဘယ်ဆရာတော်ကြီးက ဘယ်လိုနေတာ မကြိုက်၊ ဘယ်ဆရာတော်ကြီးကဖြင့် ဘယ်ပုံ ၀ိနည်းလေးစားတယ်စသဖြင့် ပြော၍ ညွှန်ပြရာ၌လည်း တော်လှသည်။

၁၀။ ရဟန်းအဖြစ်သို့ ရောက်ခြင်း...
စာချ အလွန်တော်သော နှစ်စဉ် ၀ါတွင်း၌ နိကာယ်ငါးရပ် ပါဠိတော်ကြီးများကို ဖတ်ကြားပူဇော်သော၊ သူတစ်ပါးအား မည်သည့် အခါမျှ ဆန့်ကျင်ဘက် ပြောကြားလေ့မရှိသော ဆရာတော် ဦးပညာစက္ကသည် မောဂ္ဂလ္လာန် ဓမ္မပဒ အလင်္ကာဆန်းစသော နေ့ဝါည၀ါများကို ရှင်ဝိစိတ္တအားပို့ ချပေးပါသည်။ ၁၂၉၂-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၆-ရက်နေ့ မင်းကွန်း ငွေတောင်တောရ ရွှေကျင်တိုက် ခဏ္ဍသိမ်တော်ကြီး၌ ဓမ္မနာဒဆရာတော် ဦးပညာစက္ကကို ဥပဇ္ဈာယ်ပြု၍ မန္တလေးမှ ရွှေရေးဆောင် ဆရာတော်ဦးကြယ်၊ မစိုးရိမ်ဆရာတော် ဦးသူရိယ စသည့် ဆရာတော်များ မြင်းခြံမှ လက်ဦးဆရာတော် ဦးသာသန၊ စစ်ကိုင်းမှ ရန်အောင်မင်္ဂလာဘုရားကြီး ဆရာတော် ဦးဇာဂရ၊ ၀တ်ချက် သမ္မာသတိ ဆရာတော် ဦးလက္ခဏ၊ မစိုးရိမ် တောရဆရာတော် ဦးသောမသီရိ စသည့် ဆရာတော်များ၊ မင်းကွန်းမှ ချမ်းသာကြီးဆရာတော် ဦးဝဏ္ဏစသည့် အကျော်အမော် ဆရာတော်ကြီးတို့၏ ချီးမြှောက်မှုဖြင့် ရဟန်းအဖြစ်သို့ ရောက်ရှိပါသည်။ ရဟန်းဒကာများမှာ ဒေါ်ဓမ္မစာရီ အမှူးပြုသည့် ရန်ကုန်မြို့ သူဌေးကတော် ဒေါ်ဒေါ်သိန်းတို့ ဖြစ်ကြပါသည်။

၁၁။ ပထမဦးဆုံး ၀ဋံသကာဘွဲ့နှင့် အဋ္ဌကထာပြန် အကျော်ဘွဲ့ ရရှိခြင်း...
၁၂၉၃-ခုနှစ် ၀ါမရသေးမီ ပထမကြီးတန်း၊
၁၂၉၄-ခုနှစ် ၁-၀ါရ အမျိုးသား ပထမကြီးတန်း၊
၁၂၉၅-ခုနှစ် ၂-၀ါရ အစိုးရပထမကျော်တန်းနှင့်သကျသီဟ စာသင်တန်း၊
၁၂၉၆-ခုနှစ် ၃-၀ါရ သကျသီဟ စာချတန်းတို့ကို အောင်မြင်ပါသည်။
သကျသီဟစာမေးပွဲ စတင်ကျင်းပသည့် ၁၂၆၅မှ ၁၂၉၆-ခုနှစ်အထိ၊ ၃၁-နှစ်အတွင်း၊ စာသင်တန်းနှင့် စာချတန်းကို နှစ်မခြားဘဲ ဆက်တိုက် အောင်မြင်သောပုဂ္ဂိုလ် မပေါ်ပေါက်ခဲ့ဘူးပေ။ အရှင် ၀ိစိတ္တသာရသည်သာ စာသင်တန်း စာချတန်း နှစ်မခြားဘဲ ပထမဦးဆုံး အောင်မြင်သောကြောင့် ၀ဋံသကာ (ဦးစိုက်ပန်း-ဦးဆောက်ပန်း) ဟူသော ဘွဲ့ထူးအသစ်တီထွင်၍ အရှင်ဝိစိတ္တသာရာဘိဝံသ ပရိယတ္တိ သာသနဟိတ ဓမ္မာစရိယ ၀ဋံသကာ ဟု ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဤသို့ ထူးချွန်စွာ အောင်မြင်သဖြင့် ရန်ကုန်ပါဠိဆရာ မြန်မာပညာရှိအသင်းကြီးမှ အဋ္ဌကထာပြန်အကျော် ဘွဲ့တံဆိပ်နှင့် အစိုးရမှ ပထမကျော်ဘွဲ့ အခြားအသင်းပေါင်းစုံမှ ရွှေတံဆိပ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့ ဂျူဗလီဟောရုံကြီး၌ ကြီးကျယ်ခမ်းနားစွာ ဆက်ကပ်လှူဒါန်းကြပါသည်။

၁၂။ ဓမ္မနာရဒကျောင်းတိုက် ဆရာတော်အဖြစ် ရောက်ရှိခြင်း... စာဝါများ အမြဲမပြတ်ပို့ချခြင်း...
ဆရာတော် ဦးပညာစက္ကသည် အအိပ်အနေ အလွန်နည်းသည်။ ညအချိန် တရားရှုမှတ်နေသည်က များသည်။ တပည့် အရှင်ဝိစိတ္တသည် စင်္ကြံကျောင်းလေးပေါ်ဆရာတော် ဦးပညာစက္ကနှင့် တစ်ကျောင်းတည်း အိပ်ရသည်။ စာအံ စာပြန်ပြီး၍ အရှင်ဝိစိတ္တ ဆရာတော် သီတင်းသုံးရာ စင်္ကြံကျောင်းသို့ ၁၀-နာရီ ၁၁-နာရီ အိပ်ရန်လာသောအခါ ဆရာတော်ဦးပညာစက္ကသည် ချောင်းတဟန့်ဟန့်ဖြင့် စင်္ကြံလျှောက်၍ တရားရှုလျက်။
အရှင်ဝိစိတ္တ တရေးနိုးသောအခါ၌လည်း ချောင်းတဟန့်ဟန့်ဖြင့် စင်္ကြံလျှောက်၍ တရားရှုလျက် တွေ့ရသည်။ တစ်နေ့သောအခါ- ဦးပညာစက္က- ၅၃-နှစ် ရောက်ရင် ငါသေရမှာပါကွာ။
အရှင်ဝိစိတ္တ... ဆရာတော် ဗေဒင်တတ်လို့လား ဘုရား၊ ကိုယ်သေမယ့်နှစ် သိနေတာ၊
ဦးပညာစက္က... ဗေဒင်တတ်လို့ တော့ မဟုတ်ပါဘူး ၅၃-နှစ်ထက် မနေရပါဘူးကွာ။
မှန်ပေသည်။ ၁၂၉၉-ခုနှစ်၊ တော်သလင်းလဆုတ်(၉)ရက်နေ့ သက်တော် ၅၃-ခုနှစ် အရွယ်၌ ဓမ္မနာဒဆရာတော် ဦးပညာစက္ကသည် ပျံလွန်တော်မူခဲ့ပါသည်။
၁၂၉၉-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁-ရက်စနေနေ့၌ ညောင်ကန်ဆရာတော် အမှူးရှိသည့် ဓမ္မနာဒသာသနာပြု သံဃာ့အစည်းအဝေးကြီးမှ သံဃာတော်တို့သည် ဒေါ်ဓမ္မစာရီနှင့် ညှိနှိုင်းတိုင်ပင်၍၊ (၇)၀ါသာ ရသေးသော အရှင်ဝိစိတ္တသာရအား ဓမ္မနာဒကျောင်းတိုက်ကြီး၏ ဒုတိယမြောက် ပဓာနနာယက ဆရာတော်အဖြစ် တင်မြှောက်ကြပါသည်။ ထိုအချိန်မှစတင်၍ ဆရာတော်သည် နေ့မအား ညမအား စာဝါများပို့ချတော် မူခဲ့ပါသည်။ ၁၃၀၂-ခုနှစ်၌ ဓမ္မာစရိယဘွဲ့နှင့် သာသနဓဇသီရိပ၀ရ ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့ပါသည်။

၁၃။ ၀ိသိဋ္ဌ၀ိနယဓရဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့ ရရှိခြင်း...
၁၃၁၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၇)ရက်တတိယအကြိမ် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲ၌ ၀ိနည်း၅ကျမ်းကို အာဂုံရော ရေးဖြေပါ ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍၊ ၀ိသိဋ္ဌ၀ိနယဘွဲ့နှင့် မဟာဝိနယကောဝိဒဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။

၁၄။ ၀ိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိက ကောဝိဒဘွဲ့ ရရှိခြင်း...
၁၃၁၃-ခုနှစ်၊ စတုတ္ထအကြိမ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲ၌ အဘိဓမ္မာရှေ့ပိုင်း ၅-ကျမ်း၊ ၁၃၁၄ခုနှစ်၊ ပဉ္စအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌ အဘိဓမ္မာ နောက်ပိုင်း ၂-ကျမ်းတို့ကို အာဂုံရေးဖြေ နှစ်ထွေလုံး ဂုဏ်ထူးနှစ်ဆင့်ဖြင့် အောင်မြင်တော်မူ၍ ၀ိသိဋ္ဌအာဘိဓမ္မိကဘွဲ့နှင့် မဟာအာဘိဓမ္မိကကောဝိဒဘွဲ့ တို့ကို ရရှိတော်မူခဲ့ပါသည်။

၁၅။ ပဌမဦးဆုံး တိပိဋကဓရပေါ်ထွန်းခြင်း...
သက်တော်(၄၂)နှစ်အရွယ် ၁၃၁၅-ခုနှစ်၊ ဆဋ္ဌမအကြိမ် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲ၌ဒီဃနိကာယ် သုတ်သုံးကျမ်းကို အာဂုံရေးဖြေနှစ်ထွေလုံး ဂုဏ်ထူးနှင့်ချည်း အောင်မြင်တော်မူ၍ ၀ိသိဋ္ဌဒီဃဘာဏကဘွဲ့၊ မဟာဒီဃနိကာယကောဝိဒဘွဲ့၊ ၀ိသိဋ္ဌတိပိဋကဓရဘွဲ့ ၊ မဟာတိပိဋကကောဝိဒဘွဲ့ ၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တို့ကို ရရှိတော်မူခဲ့ပါသည်။ နိုင်ငံတော် သမ္မတကြီးစပ်ရွှေသိုက် လက်ထက်က သမ္မတအိမ်တော်၌ ကြီးကျယ်ခမ်းနားစွာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ပိဋကတ်၃ပုံကို နှုတ်ငုံဆောင်နိုင်သည့် ပုဂ္ဂိုလ် မရှိနိုင် မပေါ်ပေါက်နိုင်ဟု အယူရှိနေသည့် ရဟန်းရှင်လူပြည်သူအားလုံး အရှင်ဝိစိတ္တသာရဟူသည့် ပိဋကတ်သုံးပုံ နှုတ်ငုံဆောင် သာသနာ့အာဇာနည် ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ် ပေါ်ပေါက်လာခြင်းကြောင့် အထူးတဆန်း တအံ့တသြဖြစ်ပြီး တစ်နိုင်ငံလုံး ချီးကျူးပူဇော်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝိနည်း၅ကျမ်း စာမျက်နှာ- ၂၂၆၀
အဘိဓမ္မာရှေ့ ပိုင်း ၅ကျမ်းစာမျက်နှာ- ၁၃၉၀
အဘိဓမ္မာနောက်ပိုင်း ၂ကျမ်းစာမျက်နှာ- ၃၅၉၈
ဒီဃနိကာယ် သုတ်သုံးကျမ်း စာမျက်နှာ- ၇၇၉
စာမျက်နှာ စုစုပေါင်း- ၈၀၂၇ တို့ကို အထောက်မရှိ၊ အမှားမရှိ နှုတ်တက်အရ အာဂုံဆောင်နိုင်သည့်အတွက်ကြောင့် ကမ္ဘာ့စံချိန်မှတ်တမ်းများ အမည်ရှိ ကမ္ဘာကျော် စာအုပ်ကြီးထဲ၌ အရှင်ဝိစိတ္တသာရအား ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်ဟု မှတ်တမ်းတင်ထားခဲ့ပါသည်။

၁၆။ သံဂါယနာအဖြေတာဝန်ဆောင်ရွက်ခြင်း...
သာသနာနှစ် ၂၄၉၈-မှ ၂၅၀၀-ပြည့်၊ ကောဇာနှစ် ၁၃၁၆-ခုနှစ်မှ ၁၃၁၈-ခုနှစ် တိုင်အောင် သန္နိပါတငါးကြိမ် ပြုလုပ်သည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ ပါဠိတော်အဖြေဆရာတော်အဖြစ် အစအဆုံး ဆောင်ရွက်တော်မူခဲ့ပါသည်။
ယင်းသို့ဆောင်ရွက်စဉ် စာအုပ်မကြည့်ဘဲနှင့် အမှားအယွင်းမရှိ စာအုပ်ကြည့်ပြီး ဆိုသကဲ့သို့ အလွတ်ဖြေဆိုသည်ကို ဖူးမြင်ရသော ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့မှာ အလွန့်အလွန် အံ့သြမှု ဖြစ်ခဲ့ကြရပါသည်။
၁၃၁၈-ခုနှစ်၊ နတ်တော်လဆုတ် ၉-ရက်နေ့မှစ၍ ၁၃၂၁-ခုနှစ် တပေါင်းလဆန်း ၆-ရက်နေ့အထိ သန္နိပါတ ၄-ကြိမ် ကျင်းပပြုလုပ်သည့် အဋ္ဌကထာသံဂါယနာ၌ အဖြေဆရာတော်အဖြစ်လည်းကောင်း ၁၃၂၂-ခုနှစ် တန်ဆာင်မုန်းလပြည့်ကျော် ၃-ရက်နေ့မှစ၍ ၁၃၂၃-ခုနှစ် တပို့တွဲလဆန်း ၁၂-ရက်နေ့အထိ သန္နိပါတ ၂-ကြိမ် ကျင်းပပြုလုပ်သည့် ဋီကာသံဂါယနာ၌ အဖြေဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ပါသည်။

၁။ ဆဋ္ဌသံဂီတိ ဓမ္မ၀ိဿဇ္ဇက (ဆဋ္ဌသံဂါယနာ အဖြေဆရာတော်)
၂။ ဆဋ္ဌသံဂီတိကာရက (ဆဋ္ဌသံဂါယနာကာရကသံဃာ)
၃။ ဆဋ္ဌသံဂီတိဘာဏက (၀ိနည်း မဟာဝဂ္ဂပါဠိတော် ဘာဏကသံဃာ)
၎။ ဆဋ္ဌသံဂီတိဘာရ နိတ္တာရဏ (ဆဋ္ဌသံဂါယနာဝန်ဆောင်)
၅။ ဆဋ္ဌသံဂီတိပါဠိဝိသောဓက (ဆဋ္ဌသံဂါယနာ ၀ိနည်းမဟာဝါ မူလပထမသုတ်သင်ခြင်း)
၆။ ဆဋ္ဌသံဂီတိပါဠိ ပဠိဝိသောဓက (ဆဌသံဂါယနာပါဠိတော်ကို တဖန်ထပ်မံ၍သုတ်သင်ခြင်း)
၇။ ဆဋ္ဌသံဂီတိ သြသာနသော ဓေယျပတ္တပါဋ္ဌက (ဆဋ္ဌသံဂါယနာ စာမူများကို နောက်ဆုံးသုတ်သင်ခြင်း)
၈။ အဋ္ဌကထာ သံဂီတိကာရက (အဋ္ဌကထာသံဂါယနာ ကာရကသံဃာ)
၉။ ဋီကာသံဂီတိ ကာရက (ဋီကာသံဂါယနာ ကာရကသံဃာ) ဟူသည့် သာသနာ့တာဝန်ကြီး ၉ရပ်တို့ကို ဆောင်ရွက်တော်မူခဲ့သည်။

ပိဋကတ်၃ပုံကို နောက်ဆုံးအတည်ပြု သုတ်သင်ခြင်းဟူသည့် သြသာနသောဓေယျပတ္တပါဋ္ဌက တာဝန်ကြီးကို အခြားအဖွဲ့ဝင် သံဃာ ၂၀-ရှိသော်လည်း တိပိဋကဓရဆရာတော် တစ်ပါးတည်းသာ ခက်ခဲပင်ပန်းစွာ ပြုလုပ်ဆောင်ရွက်တော်မူခဲ့ပါသည်။
ဆရာတော်သည် လောကရေးရာနှင့် ပတ်သက်လာလျှင် အရှုံးပေးတတ်ပေမယ့်-
ဓမ္မရေးရာနှင့် ပတ်သတ်လာလျှင် မည်သည့်အခါမှအရှုံးမပေး။ ပေဋကောပဒေသကျမ်းကို သံဂါယနာ မတင်သင့်ကြောင်း အချက်အလက်များစွာနှင့် သက်ဆိုင်ရာသို့ တင်ပြသည့်အခါ မအောင်မြင်ခဲ့၊ ပေဋကောပဒေသကျမ်း ပုံနှိပ်ရာ၌ နိဒါန်းရေးပေးပါရန် ဆရာတော်အား တောင်းပန်လျှောက်ထားသည့်အခါ နိဒါန်းရေးပေးပါက ပေဋကောပဒေသကျမ်း သံဂါယနာတင်ရေးထောက်ခံပြီးသား ဖြစ်သွားမည်ဖြစ်သည့်အတွက် လုံးဝရေးမပေးခဲ့ပေ။
ထို့ကြောင့် ထင်သည်၊ အခြားကျမ်းများနိဒါန်းပါသကဲ့သို့ ပေဋကောပဒေသကျမ်း၌ နိဒါန်းမပါရှိခဲ့။
ဤဖြစ်ရပ်ကား သမိုင်း၌ အလွန့်အလွန် ရဲရင့် ပြတ်သားသည့်ဖြစ်ရပ် ဖြစ်ပါသည်။

၁၇။ မဟာဗုဒ္ဓ၀င် ကျမ်းကြီးရေးသားပြုစုခြင်း...
နိုင်ငံတော် အစိုးရက ၁၃၁၃ခုနှစ်၌ အပြည့်အဆုံး မဟာဗုဒ္ဓ၀င်ကျမ်းကြီး ရေးသားပြုစုပါရန် လျှောက်ထားသည့်အခါ တိပိဋကဓရစာမေးပွဲဖြေနေတုန်းမို့ မရေးနိုင်ကြောင်း ပြောခဲ့ပါသည်။
၁၃၁၆ခုနှစ်၌ နောက်ထပ်တစ်ကြိမ် လျှောက်ထားခဲ့ရာ သံဂါယနာတင်ကိစ္စနဲ့မို့ မရေးနိုင်ကြောင်း ပြောလိုက်ပါသည်။
၁၃၁၇ခုနှစ်၌ ဗုဒ္ဓသာသနာနုဂ္ဂအဖွဲ့၏ အကူအညီယူ၍ နိုင်ငံတော် အစိုးရက အကြိမ်ကြိမ်လျှောက်ထားမှသာ-

၁။ စေတနာ့ဝန်ထမ်း အဖြစ်ဖြင့်သာ ဆောင်ရွက်ရလျှင် လည်းကောင်း၊
၂။ ရုံးကိစ္စအ၀၀ ဘုန်းကြီးနှင့် မပတ်သက်လျှင် လည်းကောင်း၊
၃။ မိမိတတ်စွမ်းသမျှ စာပေကိစ္စတွင်သာ ဦးစီးဆောင်ရွက်ခွင့်ရလျှင်လည်းကောင်း ရေးပါမည်ဟု မိန့်ကြားသည့်အခါ အစိုးရက ၎င်းအချက်(၃)ချက်ကို သဘောကျ ကြည်ညိုလွန်းသဖြင့် ဆရာတော့်ဆန္ဒအတိုင်းပါဘုရားဟု လျှောက်ထားပါသည်။

ဆဋ္ဌသံဂါယနာကို ရည်ရွယ်လျှက် အတွဲ ၆-တွဲ၊ မဂ္ဂင်ရှစ်ပါးကို ရည်ရွယ်လျက် အုပ်ရေ ၈-အုပ်၊ စာမျက်နှာ ၅၅၁၆-မျက်နှာရှိသည့် နိုင်ငံတော် ဗုဒ္ဓသာသန မဟာဗုဒ္ဓ၀င်ကျမ်းကြီးကို ရေးသားပြုစုခဲ့ရာ ၁၃၃၁ခုနှစ် ပဌမ၀ါဆိုလပြည့်ကျော်၁၃ရက်နေ့ နံနက် ၁၁-နာရီအချိန် ပြီးစီးခဲ့ပါသည်။

ဗုဒ္ဓ၀င်ကျမ်းကြီးပြုစုသည့်နေရာ သမိုင်းဝင်ဖြစ်စေရန် ဦးမြို့ + ဒေါ်ဆင်တို့က ဓမ္မနာဒတိုက်၌ ဗုဒ္ဓ၀င်အမည်ရှိ ကျောင်းတစ်ကျောင်း သီးသန့် ဆောက်လုပ်လှူဒါန်းပါသည်။

၁၈။ ပါဠိတော်ဟောစဉ် နည်းသစ်ထွင်၍ ဟောတော်မူခြင်း...
ပါဠိတော်ဟောစဉ် နည်းသစ်ထွင်၍ ဟောသည့် မဟာဓမ္မကထိကကြီး
မြန်မာနိုင်ငံ ဒေသမျိုးစုံသို့ လှည်း လှေ ဆိုက်ကား ထွန်စက် ယာဉ်ရထား မရွေးဘဲ ယာဉ်အမျိုးမျိုးနှင့် ကြွရောက်ပြီး တရားပွဲပေါင်း တစ်သောင်းခွဲခန့် ဟောကြားတော်မူခဲ့ပါသည်။
ယင်းသို့ ဟောကြားရာတွင် ဦးဝိစိတ္တဟောသည့် နည်းဟု နာမည်ကြီးလှသည့် ပါဠိတော် ဟောစဉ်နည်းကို တည်ထွင်ပြီး ပါဠိဆိုလိုက်၊ အနက်ပေးလိုက် စကားပြေပြောလိုက်ဖြင့် ဟောကြားခဲ့ပါသည်။
ထိုသို့ဟောကြားရင်း အလွန်ကျေးဇူးများလှသည့် မန္တလေးမြို့၊ မလွန်ဆန်လှူအသင်းကြီးအတွက် ဆန်လှူသင်းထောက်များကို ဖွဲ့စည်းပေးခဲ့ပါသည်။

၁၉။ ကိုယ်ကျိုးမကြည့် အများကျိုးကြည့်သည့်ဆရာတော်...
ဆရာတော်သည် ရရှိသမျှ လာဘ်လာဘတို့ကို ကိုယ်ကျိုးအတွက် မသုံးစွဲဘဲ မင်းကွန်း၌ တိုက်နယ်ဆေးရုံ၊ ဆေးပေးခန်း၊ မူလတန်းကျောင်း၊ အထက်တန်းကျောင်း၊ ဓမ္မာရုံ၊ ထန့်မြင့်ရွာ မူလတန်းကျောင်း။
မြင်းခြံမြို့ မင်းကျောင်းတိုက်၌ ဓမ္မပါလ အုဌ်ကျောင်းနှင့် အဘိဓဇ ဓမ္မာရုံကြီး။
မွေးရပ်ဇာတိ ကျည်းပင်ရွာ၌ အဘိဓဇကန့်ကူလက်လည့်ကျောင်း သိမ် တံတား မူလတန်းကျောင်း သဲဖြူဝရွာ၌ တိပိဋကကျောင်းတို့ကို ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

၂၀။ ရှေးဟောင်းဘုရားများ ပြုပြင်ခြင်း...
သံဃဒါန ဆွမ်းလောင်းအသင်းများတည်ထောင်ခြင်း...
ရဟန်းရှင်လူ ပြည်သူအများ ကုသိုလ်တိုးပွားရန် ရည်သန်လျှက်၊ မိုးမိတ်စေတီတော်၊ စက်တော်ရာစေတီတော်၊ ၀င်းတော်မှူး (ရွှေဘုန်းတော်ပွင့်) စေတီတော်၊ မင်းတေဇစေတီတော်၊ ထနောင်းတိုင်စေတီတော်၊ နဂါးပတ်တောင် စေတီတော်စသော ရှေးဟောင်းဘုရား အဆူဆူတို့ကို ပြုပြင်ခဲ့ပါသည်။
တိ-နိ ဂေါပကအဖွဲ့မှလည်း ဆရာတော်တိပိဋကဓရဘွဲ့ရသည့် (၂၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပိဋကတ်စေတီတော် ကမ္မ၀ါစေတီတော်တို့ကို တည်ထားခဲ့ပါသည်။
မြင်းခြံမြို့၊ နွားထိုးကြီးမြို့၊ တောင်သာမြို့တို့၌ သံဃာ့ဒါန ဆွမ်းလောင်းအသင်းများ တည်ထောင်ခဲ့ပါသည်။

၂၁။ ပထမဦးဆုံး နိကာယ်ကျောင်းတိုက်ကြီး တည်ထောင်ခြင်း...
၁၃၄၀-ပြည့်နှစ်၊ ၀ါဆိုလဆန်း (၅)ရက်နေ့၌ မည်သည့်ပုဂ္ဂိုလ်မှ တည်ထောင်ရန် မစွမ်းနိုင်သည့်- တိပိဋက=နိကာယ ကျောင်းတိုက်ကြီးကို မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ၌ တည်ထောင်ခဲ့ပါသည်။
တိပိဋက=နိကာယ ကျောင်းတိုက်ကြီး တည်ထောင်ရခြင်း အဓိက ရည်ရွယ်ချက်များမှာ ဓမ္မာစရိယ အောင်မြင်ပြီး အရှင်မြတ်များ၊ သင်္ကန်းဆွမ်းကျောင်းဆေးပစ္စည်း၎ပါး မငြိုငြင်ရဘဲ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကို ကျက်မှတ်နိုင်ရန်နှင့် မိမိကဲ့သို့ တိပိဋကဓရဘွဲ့ ရရှိစေရန် ဖြစ်ပါသည်။

၂၂။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ တံဆိပ်တော် ရရှိခြင်း...
၁၃၄၀-ပြည့်နှစ်၊ ပြာသိုလဆန်း၇ရက်၊ (၄-၁-၇၉) လွတ်လပ်ရေးနေ့က ဘွဲ့တံဆိပ်ရရှိကြောင်း ကြေညာ၍၊ ၁၃၄၁-ခုနှစ်၊ နယုန်လပြည့် (၉-၆-၇၉)စနေနေ့၊ မဟာသမယနေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဟောင်း ဗိုလ်မှူးချုပ် စိန်လွင်က ဆက်ကပ်လှူဒါန်းပါသည်။

၂၃။ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ ပထမဦးဆုံးသော အကျိုးတော်ဆောင်
ဆရာတော်ကြီးများအား ရိုရိုသေသေ လေးလေးစားစား ချဉ်းကပ်ဆက်ဆံမှု သည်းခံမှု နှိမ့်ချမှု ကြိုးကြိုးစားစား ဆောင်ရွက်မှု စသည်တို့ကြောင့် ၁၃၄၂-ခုနှစ်၊ နယုန်လဆန်း ၁၃-ရက်၊ (၂၆-၂-၈၀)တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီး၌ ကျင်းပသော ဂိုဏ်းပေါင်းစုံ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များ အစည်းအဝေးမှ တိပိဋကဓရ ဆရာတော်အား အကျိုးတော်ဆောင်အဖြစ် တစ်ညီတစ်ညွတ်တည်း ရွေးချယ်တင်မြှောက်ကြပါသည်။

၂၄။ မန္တလေးမြို့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီး ဆောက်လုပ်လှူဒါန်းခြင်း...
၁၃၄၄-ခုနှစ်။ တော်သလင်းလပြည့်ကျော် ၁၃ရက်၊ (၁၅-၁၀-၈၂)သောကြာနေ့တွင် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့မှ တိပိဋကဓရဆရာတော်အား တောင်းပန် လျှောက်ထားချက်အရ ဆရာတော်အမှူးပြု၍ တိပိဋကနိကာယ သာသနာပြု အဖွဲ့ကြီးက မန္တလေးမြို့၌ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးကို ဆောက်လုပ်လှူဒါန်းပါသည်။

၂၅။ ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ဆောက်လုပ်လှူဒါန်းခြင်း...
မန္တလေးတက္ကသိုလ်တည်ဆောက်၍ အတော်အသင့်ပြီးစီးသည့်အခါ (ရန်ကုန်မြို့ကြီးမှာ နိုင်ငံတော်၏ မြို့တော်ဖြစ်၍ ရန်ကုန်ပရိယတ္တိ သာသနာ့တက္ကသိုလ်က အရင်ဖွင့်သင့်သည်) ဟု ဆရာတော်မြင်သဖြင့် သံဃာ့နာယကအဖွဲ့က ဆုံးဖြတ်ချက်ချပြီး ကမ္ဘာအေးကုန်းမြေ၌ ဆရာတော်ဦးစီးသည့် တိ-နိသာသနာပြုအဖွဲ့ကြီးကပင် ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ၍ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

၂၆။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရရှိခြင်း...
၁၃၄၅-ခုနှစ်၊ ပြာသိုလဆန်း(၂)ရက် (၄-၁-၈၄)လွတ်လပ်ရေးနေ့က ဘွဲ့တံဆိပ် လှူဒါန်းကြောင်းကြေညာ၍၊ ၁၃၄၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင် မဟာပါသာဏ လိုဏ်ဂူကြီးအတွင်း၌ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဟောင်း ဗိုလ်ချုပ် မင်းဂေါင်က ဆက်ကပ်လှူဒါန်းပါသည်။

၂၇။ သက်တော်(၇၅)ခုနှစ်ပြည့် စိန်ရတု သဘင်ပူဇော်ပွဲကြီး...
၁၃၄၈-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉-ရက်၊ ၁၀-ရက်၊ ၁၃-ရက်နေ့များ၌ ဆရာတော် သက်တော်(၇၅)နှစ်ပြည့် စိန်ရတုသဘင် ပူဇော်ပွဲကြီးကို ကမ္ဘာအေးမှ မဟာပါသာဏလိုဏ်ဂူကြီး ပုံသဏ္ဍန်လိုဏ်ဂူကြီး တည်ဆောက်၍ ဆဋ္ဌသံဃာယနာတင်ဟန်ဖြင့် မင်းကွန်းဓမ္မနာဒကျောင်းတိုက်၌ ကြီးကျယ်ခမ်းနားစွာ ပူဇော်ကြပါသည်။

၂၈။ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံ ဦးဆောင်ဆောက်လုပ်လှူဒါန်းခြင်း...
မန္တလေးတိုင်းမန္တလေးမြို့ နှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တို့၌ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများနှင့် မန္တလေးမြို့ဇီဝိတဒါန သာသနာ့ အထူးကုဆေးရုံကြီးကို ဦးဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

၂၉။ သက်တော် ၈၀-အရွယ်ထိစာချခြင်း...
၁၃၅၃-ခုနှစ်၊ ၀ါခေါင်လဆန်း (၄)ရက် ဗုဒ္ဓဟူးနေ့မှစတင်၍ မင်းကွန်းတောင်ရိုး မိုးမိတ်ကုန်းမြေ တိပိဋကနိကာယ စာချကျောင်းတော်ကြီး၌ အဋ္ဌသာလိနီ အဋ္ဌကထာ၊ ခက်ခဲနက်နဲသည့် ဓမ္မသင်္ဂဏီမူလဋီကာ ဓမ္မသင်္ဂဏီအနုဋီကာတို့ကို တပည့်သံဃာတော်များအား စာချပေးလျက်ရှိပါသည်။

၃၀။ ဆေးလှူခြင်းနှင့် မေတ္တာတရားကရုဏာတရား စေတနာတရားကြီးမားခြင်း...
ဆရာတော်သည် မင်းကွန်းတိုက်နယ်ဆေးရုံ၌ တစ်နှစ်လေးကြိမ် ဆေးလှူဒါန်းပွဲ ပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်တိုင်း သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ပစ္စည်းမျိုးစုံ စွန့်ကြဲပေးကမ်းလေ့ ရှိပါသည်။ ကလေးသူငယ်များကိုမူ နေ့စဉ် မုန့်ဝေလေ့ရှိပါသည်။

၃၁။ အလွန်အလုပ်လုပ်သည့်ဆရာတော်...
ဆရာတော်သည် အလုပ်လုပ်ရာ၌ ၀ီရိယရှိလှသည်။ ပုံမှန် ညစဉ် ၁၀း၁၁-နာရီ ကျိန်းစက်သည်။ မကျိန်းစက်မှီ စာကိုသာ ကြည့်နေလေ့ရှိသည်။ အလုပ်အရေးကြီးလာလျှင် ညဥ့် ၂-နာရီအထိ တစ်ခါတစ်ရံ တစ်ညဥ့်လုံးတရေးမှ မကျိန်းစက်ဘဲ အလုပ်လုပ်လေ့ရှိသည်။
သာသနာ့ချိန်ခွင်ကြီး ၄-လက် တရားတော်ပြုစုစဉ်က နေ့ဆွမ်းစားပြီးကတည်းက ကျမ်းပြုရာအခန်းထဲဝင်၍ လက်နှိပ်စက်တချောက်ချောက်ရိုက်လျှက် ကျမ်းပြုရာ ညနေ(၅)နာရီ အချိန်ရောက်မှ အခန်းထဲကထွက်လာသည်။
ထိုအတွင်း ဆီး၊ ၀မ်းသွားခြင်း မပြု။
အလွန်ပင် ၀ီရိယကြီးသော ဆရာတော် ဖြစ်သည်။

၃၂။ ကဗျာစာဆိုကျော် ဆရာတော်...
ဆရာတော်သည် ကဗျာအလွန်အရေးကောင်းသည်။ ကဗျာမျိုးစုံ နိုင်နင်း ကျွမ်းကျင်သည်။ ဆရာတော်၏ ကဗျာများ၌ စကားလုံးသိပ်သည်းကျစ်လစ်၍ အဓိပ္ပာယ် ထင်းခနဲ၊ ထင်းခနဲ ပေါ်လွင်သည့် ဝေါဟာရများကိုသာ သုံးထားလေ့ရှိသည်။

အောက်ဖော်ပြပါကဗျာများကို ဖတ်ရှုကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။

(က)၁။ တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊ ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ်၊ ပြောမပြချင်။ ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။ အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ် ကြီးတဲ့ဒုက္ခ။

၂။ မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊ သူတကာချမ်းသာလို့ ထင်မြင်ကြ သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်)

(ခ) စကားထောက်များပေသည့် စာသားကိုတဲ့ပြင်ဆင်ပါ စာစီပုံရိုင်းသတဲ့လို့ မတွေးကြပါနဲ့ ဆရာထေရ်ခိုင်းတဲ့ အရေးကြောင့်ဗျာ ရေးရတစ်ခါ မတတ်တတတ် ကျုပ်ခင်မျာ အနုတ်ပါဗျ စာအသွား အမှားတွေ့လျှင်ဖြင့် ကြားဖြည့်ကာ ပြင်ဆင်ထည့်ပါလို့ တရားမွေ့သူ ထေရ်ရှင်က၀ိတို့ရယ် ရှုကြည့်စေသား။ (၁၄-နှစ်သားက ရေးသည့် သုဝဏ္ဏသာမယပ်တောင်တရား အဆုံးလေးဆစ်)

(ဂ) ပြည်နိဗ္ဗာန် အောင်စေညွှန်းပါလို့၊ ညောင်ရေသွန်းငယ်တည့် မဟာစည်၊ စက္က၀ါလက်ယာခိုက်အောင် တီးရိုက်ဆော်မည်၊ ခါအညီ ရာသီလိုက်ချင့်သုံး၊ မဟာချိန် တစ်နှစ်မှာ တစ်ခါကြိမ်ရ၊ သဒ္ဓါရှိန် အာရုံထားတယ်၊ နားစိုက်ကြဦး။
(ရဟန်း ၂၀ါရ ရေးသည့် စည်တော်သံ)

(ဃ) ဘုန်းထေရာခေါင်၊ ဇေယျာအောင်မြေအတွင်းဆီမှ၊ တေဇာမှောင် ချွေခွင်းပါလို့၊ ရံသင်းညီမျှ ဒီလ၊ စံရင်းဆီမှ ချီကြွ၊ နဒီဧရာကြောကိုလေး၊ ဟောပင့်ခဲ့ပြီ။ (လှေလှော်သံ)

(င) ကိုးမျက်ရောင်ရှိန်၊ ဝေေ၀ထိန်လျှမ်းပါဘိ၊ ဗွေဝတိနှ်ကြငှန်းဆီက မြန်းခုခါနော်။
ရှုဘုရာ့ထေရ်မော် ထေရ်မော် ပူဇော်ပုံ ထူးတယ်လေး၊ ဦးတင်လို့မျှော်၊ (တမ်းချင်း ဘောလယ်)

(စ) ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာတို့၊ ဖြစ်လာတိုင်းပင်။ ကွယ်ချုပ်ဝင်သည့်၊ ဤသင်္ခါရ၊ သဘာဝကား၊ ဌာနနယ်ချုံး၊ တစ်နိဂုံးနှင့်၊ ခေါ်ထုံးဝေါဟာ၊ တစ်မြို့ရွာဝယ်၊ မျက်နှာမဲ့လျဉ်း၊ တစ်အိမ်တွင်း၌၊ သင်းသီးသန့်ခြား၊ တစ်ကန်းသား၍၊ ဖြစ်ပွားလေ့လာ၊ မဟုတ်ပါဘူး၊ ဗြဟ္မာလူနတ်၊ ထုတ်ချင်းခပ်အောင်၊ ဥပါစလျှင်၊ ဌီသို့ဝင်၍၊ ဘင်္ဂက္ခဏ၊ မရဏဖြင့်၊ ရွရွလှုပ်လှုပ် တချုပ်ချုပ်လျှင်၊ နာမ်ရုပ်နှစ်မျိုး၊ ဖြစ်တိုင်းညှိုးသည်။
လမ်းအရိုး...အနိစ္စပါတကား။
လမ်းအရိုး...ဒုက္ခပါတကား။
လမ်းအရိုး...အနတ္တပါတကား။(လေးလုံးစပ်ကဗျာ)

(ဆ) ကျွန်းရွှေမြိုင့် သောင်းဟေတုဆီက၊ သြောင်းဟေတုဟေဟူ၊ ဒေါင်းရွှေဥ နေတစ်ဆူငယ်၊ ဇေယျတူသံရင့်၊ ကျောင်းဆောင်တော် ဝေဇယန်ဝယ်၊ နေရဗာန် လမ်းဖြောင့်ကိုဖွင့်။
ပစ္စည်းနှင့်ပစ္စယုပ္ပန်၊ နှစ်ရုပ်နာမ် ဒွန်ဖွင့်၊ ဖြစ်ချုပ်ဟန် ညွှန်သဖြင့်သာပ၊ ခုနစ်ဆင့်ဗောဇ္ဈင်၊ စက်ဘုန်းရောင်သာ ရွှင်မြူးသော်ကြောင့်၊ ကြာခင်ဘူး ပွင့်မည်ပြင်ဆင်၊ မစိုးရိမ့် ဂုဏ်သခင်ကို၊ စုံအလင် ဆုခြွေသန့်ပါလို့ ဥဒေတယံ မောရဗျာဂီ၊ ဟောဖျာ့လာပြီ၊ နိဗ္ဗာန်နန်း မှူးမဲ့ထေရ်ကို၊ ဦးငဲ့ချီ ငွေဒေါင်းဘုရာ့လေး။ ။ (တေးထပ်)

၃၃။ သာမဏေငယ်များ၏ ဆရာတော်...
ဆရာတော်သည် သာမဏေငယ်များအား သံယောဇဉ်ကြီးလှသည်။
သာမဏေငယ်တို့၏ သင်္ကန်း ချုပ်ပေးခြင်းအပြင် ယခင်ကဆိုလျှင် ဘိနပ် ပြတ်နေသော သာမဏေကို တွေ့ပါက ဘိနပ်ကိုပင် ကိုယ်တိုင်ချုပ်ပေးတတ်သည်။ ဤမျှအထိ သာသနာ့ အညွန့်အညှောင့် သာမဏေငယ်တို့ အပေါ်၌ မေတ္တာစေတနာ ထားဘိသည်။

၃၄။ သည်းခံသည့်နေရာတွင် ၂-ယောက် မရှိသည့်ဆရာတော်...
သည်းခံခွင့်လွှတ်ရာ၌ ဆရာတော်သည် ဇွဲကြီးလှသည်။ တိပိဋကဓရဖြစ်စတွင် ဆရာတော်ကြီးတစ်ပါးက အတိုက်အခံပြုဆန့်ကျင်ဘက် လုပ်နေပါသည်။
ဆရာတော်သည် ထိုဆရာတော်ကြီးထံသွား၍ မိမိအား မေတ္တာသက်ဝင်လာစေရန် သိသော်လည်း မသိဟန်ပြု၍ စာမေးခြင်း၊ မိမိတွင် ပစ္စည်းကောင်းလေးတွေ ရှိနေပါက ထိုဆရာတော်ကြီးအား သွားရောက်လှူဒါန်းခြင်း ပြုလုပ်ခဲ့ရာ ၃-နှစ် တိတိကြာမှ ထိုဆရာတော်ကြီးက ဆရာတော့်အပေါ်အတိုက်အခံ ဆန့်ကျင်ဘက် မလုပ်တော့ဘဲ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဆက်ဆံနေပါတော့သည်။

၃၄။ မာန်မာနမရှိသည့် ဆရာတော်...
ဆဋ္ဌသံဂါယနာ တင်စဉ်က အကြီးအကဲ ရွှေကျင်ဆရာတော်ကြီး ၀မ်းပျက်သည့်အခါ ညအချိန်မတော်ဖြစ်၍ အလုပ်အကျွေးများမသိ။
ဆရာတော်သည် ထိုဆရာတော်ကြီး၏ အညစ်အကြေးများကို မရွံမရှာ သုတ်သင်ပေးခဲ့ပါသည်။
ထိုဆရာတော်ကြီးက သြော်... ဦးဝိစိတ္တ၊ ဦးဝိစိတ္တနဲ့ နာမည်ကြီးပြီး ပညာတော်သလောက် မာန်မာနမရှိပါလား ဟု လှိုက်လှိုက်လှဲလှဲ ပြောဆိုခဲ့ပါသည်။
ထိုအကြောင်းကို ရွှေကျင်သံဃာတော်များသိသွားရာ ဆရာတော်အပေါ် ပို၍ပို၍ မေတ္တာသက်ဝင် သွားခဲ့ကြပါသည်။

၃၆။ ဆရာတော်၏ကျေးဇူးရှင်ကြီးများ...
ဆရာတော် ဤအခြေနေသို့ ရောက်ရှိလာခြင်းမှာ ကျည်းပင်ရွာ ဆရာတော်ဦးသာသန၊ မြင်းခြံမင်းကျောင်းတိုက်၊ ရာဟုဒေါင့်ကျောင်းဆရာတော် ဦးသောဘိတ၊ မင်းကွန်းဓမ္မနာဒဆရာတော် ဦးပညာစက္က၊ ခမည်းတော် သူကြီးဦးဆုံ၊ မယ်တော်ဒေါ်ဆင် ရန်ကုန်အိမ်ကြီးချောင်ဆရာကြီး ဒေါ်ဓမ္မစာရီ၊ အဘိုးမြန်မာဆေးဆရာကြီး ဦးချယ်၊ ရဟန်းဒကာ သူဋ္ဌေးကြီး ဆာ-ဦးသွင်၊ သူဋ္ဌေးကတော် ဒေါ်ဒေါ်သိန်း၊ ဓမ္မနာဒကျောင်းဒကာကြီး ဦးမြို့ ဒေါ်ဆင်တည်းဟူသော ကျေးဇူးရှင်ကြီးတို့ကြောင့် ဖြစ်ပါသည်။

၃၇။ ဆရာတော်နှင့်ပါရမီဖြည့်ဖက်များ...
ဆရာတော်၏ သာသနာပြု လုပ်ငန်းကြီးများ အောင်မြင်နေခြင်းမှာ ကျောင်းဒကာကြီး ဦးဖိုးမှီ+ဒေါ်ရွှေညွန့်၊ တိပိဋကနိကာယ သာသနာပြုအဖွဲ့ ဥက္ကဋ္ဌ ဆရာဝန်ကြီးဦးသာလှ၊ မဟာဗန္ဓုလ ဦးဆိုင်ဒေါ်စောတင်စသော ပါရမီဖြည့်ဖက်တို့၏ ကူညီထောက်ပံ့မှုကြောင့် ဖြစ်ပါသည်။

၃၈။ ကြည်ညိုစရာ အပြုအမူများ...
ဆရာတော်ကြီးသည် မြန်မာပြည်၌ရှိသမျှသာသနာဘွဲ့ ပေါင်းစုံ ရရှိထားသော်လည်း မာန်မာနမရှိ ဟိတ်ဟန်မရှိ။ အသက်သိက္ခာ ဂုဏ်ဝါကြီးသည့် မထေရ်ကြီးများကို ဂိုဏ်းဂဏအစွဲမထား ရိုရိုသေသေ လေးလေးစားစား ဂါရ၀ပြုလေ့ ရှိပါသည်။ ရွယ်တူနှင့် ငယ်သူရဟန်းများကိုလည်း လေးလေးစားစား ဆက်ဆံလေ့ရှိပါသည်။
သာမဏေငယ်များတောင်မှ မောက်မောက်မာမာ မဆက်ဆံ၊ အရေးတယူ အလေးမူ၍ ကြည်ကြည်ဖြူဖြူ ပြုံးပြုံးရွှင်ရွှင် ပြောဆိုလေ့ရှိပါသည်။ ဒကာ၊ ဒကာမများကိုလည်း ဆင်းရဲချမ်းသာမရွေး အတန်းအစားမခွဲခြားဘဲ ပြောဆိုဆက်ဆံပါသည်။ သူတစ်ပါး စိတ်ဆင်းရဲသွားခြင်းကို အလိုမရှိ။ သူတစ်ပါး စိတ်ချမ်းသာအောင် ပြောဆို နေထိုင် ပြုမူလေ့ရှိပါသည်။

ကောင်းပေ့ညွှန်ပေ့ ဆိုသည့် ပစ္စည်းများကို သုံးဆောင်နိုင်ပါလျက် မသုံးဆောင်၊ အစားသောက်ကောင်းတွေကို စားသောက်နိုင်ပါလျှက် မစားသောက် မေတ္တာ၊ ကရုဏာ၊ စေတနာတရားတို့ကလည်း သာမန်ပုဂ္ဂိုလ်များ လိုက်မမှီအောင် ကြီးမားလှသည်။ ထို့ကြောင့်သာပင် ဆရာတော်အား မင်းနှင့်ပြည်သူ ရှင်လူရဟန်း အတန်းအစားအားလုံးက လေးစားကြည်ညိုခြင်းကို ခံရသော၊ မေတ္တာထားခြင်းကို ခံရသော၊ ပြည်သူ့ဆရာတော်ကြီး ဖြစ်ခဲ့ရပါသည်။

ဆရာတော်၏ သီလသည် ဖြူဖွေးနေသည့် ၀ါဂွမ်းကဲ့သို့ ဖြူစင်လှပါသည်။ ဆရာတော်၏ သမာဓိသည် မြင့်မိုရ်တောင်ကဲ့သို့ တည်တံ့ခိုင်မြဲလှပါသည်။ ဆရာတော်၏ ပညာသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ကျယ်ဝန်းနက်ရှိုင်းလှပါပေ၏။ ဆရာတော်၏ မေတ္တာသည် သီတာရေစင် စမ်းရေယာဉ်ကဲ့သို့ အေးမြလှပါပေ၏။ ဆရာတော်၏ စေတနာသည် မဟာပထ၀ီမြေကြီးကဲ့သို့ ကြီးမားကျယ်ပြန့် လှပါပေ၏။ ဆရာတော်၏ ဂုဏ်သတင်းသည် စန္ဒကူးနံ့သာကဲ့သို့ မွှေးတကြိုင်ကြိုင် ထုံသင်းလှိုင်လှပါပေ၏။

ထို့ကြောင့်သာပင် ဆရာတော်သည် မင်းနှင့်ပြည်သူ ရှင်လူအပေါင်းတို့အား အလင်းရောင်ကို ပေးတတ်သော နေမင်းကြီးတည်း၊ အအေးဓာတ်ကို ပေးတတ်သော လမင်းကြီးတည်း၊ မင်းနှင့်ပြည်သူ ရှင်လူအပေါင်းကို နှစ်သက်စေတတ်သော ပတ္တမြားရတနာကြီးတည်း။

၁၃၅၃-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၁)ရက်၊ ပတ္တမြားရတနာနှင့်တူသော ဆရာတော်ကြီး၏ သက်တော် (၈၀)ပြည့် ပတ္တမြားရတုပူဇော်ပွဲကြီး၌ ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာဖြင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းလိုက်ပါသတည်း။

အရှင်ဃောသိတ(ရေနံ့သာ)
မေဓာ့ယာဉ်ပျံ မော်ကွန်းကျောင်း
တိပိဋကနိကာယ ကျောင်းတိုက်
မိုးမိတ်ကုန်းမြေ
မင်းကွန်း
၁၉၉၁-ခု


စားရေးသူ၏မှတ်တမ်း...

၁၃၅၃-ခုနှစ်၊ ဒုတိယ၀ါဆိုလဆန်း (၈)ရက်နေ့...
ဆရာတော်ကြီး၏ပတ္တမြားရတုပူဇော်ပွဲကိစ္စဖြင့် ရန်ကုန်တိပိဋကကျောင်းတော်သို့ ရောက်နေခိုက် ရေနံချောင်းအရှင် ပညာတေဇထံမှ (ဦးဇင်း...အမြန်ပြန်လာပါ၊ ဦးဇင်း ဒကာကြီး အသည်းအသန် ဖြစ်နေပြီ၊ စကားမပြောတော့ဘူး)ဟု ဖုန်းလာပါသည်။ တော်တော့်ကို စိတ်မကောင်းဖြစ်ရသည်။ ဒုက္ခတွေ့ရသည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ဖြတ်ခနဲ သတိရလာပြီး (ဆရာတော်ဘုရား... တပည့်တော် ဒကာကြီးအသက် ကယ်ပေးပါဘုရား) ဟု ဆရာတော်ကြီးအား တိုင်တည်မိသည်။ ရေနံချောင်းရောက်တော့ ဒကာကြီးမှာ အကောင်းပကတိ တွေ့ရ၍ အလွန့်အလွန် အံ့သြရ၏။

ဆရာဝန်က (အရှင်ဘုရားဖခင် ကံကောင်းကြောင်း၊ ဦးနှောက်သွေးကြော ပိတ်သွားတာဖြစ်ကြောင်း၊ ဒီရောဂါမျိုးက သေရင်သေ မသေရင် ကိုယ်တစ်ခြမ်းသေ လေဖြတ်တတ်ကြောင်း) ပြောပါသည်။ မိမိကတော့ (ငါ့ ခမည်းတော်အသက် ဆရာတော်ကယ်တာပဲ)ဟု တစ်ထစ်ချ ယုံကြည်သည်။ မိမိ ဒီဘ၀ ဒီအခြေအနေသို့ ရောက်ရှိခြင်းမှာလည်း ဆရာတော်ကြီး တည်ထောင်သည့် တိပိဋကနိကာယ ကျောင်းတိုက်ကြီးကြောင့် ဖြစ်သည်။

မိမိအပေါ် ဆရာတော်ကြီး၏ ကျေးဇူးများကား ကြီးမားလှပါဘိခြင်း။ ထိုသို့ ကျေးဇူးများကို အောက်မေ့ခြင်းကြောင့် ဤစာအုပ်ကို ရေးပါသည်။ နောက်တစ်ကြောင်းမှာ ဆရာတော်အကြောင်းကို လူတိုင်းသိခြင်းသည် သို့သော် ယခုအချိန်၌ ဆရာတော့် ထေရုပ္ပတ္တိ စာအုပ်များ ၀ယ်မရတော့။

ဆရာတော်အကြောင်း သိလိုသော ရဟန်း သံဃာတော်များ ကျောင်းသား/ကျောင်းသူများ ၀ါသနာရှင်များအတွက် လိုရင်းတိုရှင်း ခုနှစ်သက္ကရာဇ် အတိအကျဖြင့် ဆရာတော်၏ ထေရုပ္ပတ္တိရှိသင့်သည်ဟု ယူဆသောကြောင့်လည်း ဤစာအုပ်ကို ရေးပါသည်။ ဆရာတော်ကြီးကိုယ်တိုင် ပြောပြခဲ့သော အချက်များနှင့် မေမြို့ ရတနာမာန်အောင် မထေရ် ရေးသားပြုစုသည့် ဆရာတော်၏ ထေရုပ္ပတ္တိ။ သာသနာ့အလင်းရောင် ဦးဖေမြင့် ရေးသားပြုစုသည့် ဆရာတော်၏ ထေရုပ္ပတ္တိတို့ကို မှီငြမ်းကိုးကား၍ ရေးပါသည်။ မိမိ၏ စာအရေးအသားချို့ယွင်းမှုကို တွေ့ရှိခဲ့သော် ဆရာတော်ကြီး၏ ဂုဏ်တော်များကို ထောက်ထားကြည်ညိုခြင်းဖြင့် ခွင့်လွှတ်ပါရန် နိဒါန်းစကား ရေးသားအပ်ပါသည်။

အရှင် ဃောသိတ (ရေနံ့ သာ)
၁၃၅၃-ခု၊ သီတင်းကျွတ်လဆန်း (၁၂)ရက်

0 comments:

Post a Comment