Tuesday, July 12, 2011

ဇောတိကမထေရ် ဝတ္ထု တရားတော်


တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ

ဇောတိကမထေရ်ဝတ္ထု တရားတော်
ဇောတိကမထေရ် ဝတ္ထုဟောဖို့ ဘုန်းကြီး စဉ်းစားတယ်။
ဇောတိကမထေရ်ရဲ့ အကြောင်းကို ဓမ္မပဒ ပါဠိတော် ဗြာဟ္ဓဏဝဂ်မှာ-

ယော’ဓ တဏှံ ပဟန္တာ န၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘဝ ပရိက္ခီဏံ၊ တ’မဟံ ဗြူမိ ဗြာဟ္ဓဏံ။

ဘိက္ခဝေ= ရဟန်းတော်များ အို-ချစ်သားတို့။ ဣဓ= အံ့ဖွယ်ရှစ်ဖြာ ဤငါဘုရားသာသနာ၌။ ယော= အမှတ်မထင် အကြင်သူသည်။ တဏှံ= ဝတ္ထုအာရုံ ကာမဂုဏ်၌ တစုံမက်မက်တပ်နှစ်သက်တတ်တဲ့ တဏှာတရားကို။ ပဟန္တာန= လေးနက်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ် ဖြတ်တောက် အကြွင်းမဲ့ ပယ်ဖျောက်ပြီး၍။ အနာဂါရော= အိမ်မှုကိစ္စ လုံးဝမရှိဘဲ။ ပရိဗ္ဗဇေ= လူ့ဘောင်မှထွက်မြောက် ရဟန်းအဖြစ်သို့ ကပ်ရောက်ခဲ့ပြီ။ တဏှာဘဝ ပရိက္ခီဏံ= တဏှာသုံးပါး ဘဝသုံးဘုံ အကြွင်းမဲ့ ကုန်ပြီးဖြစ်ပေထသော။ တံ= ထိုသို့သောသူကို။ အဟံ= လူသုံးပါးတို့၏ ဆရာ ငါဘုရားသည်။ ဗြာဟ္ဓဏံ= ဒုစ္စရိတ မကောင်းမှု ဟူသမျှကို အပပြုပြီး ပယ်ဖျောက်ပြီးသဖြင့် ဘုန်းမီးလျှံဖြာ ခီဏာသဝ ပရမတ္ထ အနှစ် ဗြာဟ္ဓဏအစစ်ဟူ၍ ဗြူမိ= နောင်တော့် နောင်တော် ရှင်တော့် ရှင်တော် စိန္တေယျော်တို့ ဟောဖော်သည့်အလား ပုံမခြားလျှင် ဟောကြားလှစ်ခြွေ သိပါစေ၏… လို့-

မြတ်စွာဘုရားက ဗြာဟ္ဓဏတွေ ယူနိုင်တဲ့ တရားဟောတဲ့အဖြစ် သုံးဂါထာထဲမှာ တစ်ဂါထာ အဝင်အပါ ဖြစ်ပါတယ်။

ဇောတိက မထေရ် အကြောင်းပြုပြီး ဟောတဲ့ အကြောင်းကို...
ယော’ဓ တဏှန္တိ ပုန ဣမံ ဓမ္မဒေသနံ သတ္ထာဝေဠုဝနေ ဝိဟရန္တော ဇောတိကဋ္ဌေရံ အာရဗ္ဘကထေသိ... တဲ့။ အဋ္ဌကထာက တရားဦး စပေးတယ်။ ဤဂါထာကို မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း ကိန်းအောင်းမွေ့လျော် စံပျော်နေတော် မူတဲ့အခိုက်ဇောတိက ရဟန္တာမထေရ်ကို အကြောင်းပြု ဟောပါတယ်။

ဇောတိက အတိတ်ဝတ္ထု...
သူ့ရဲ့ အတိတ်ဝတ္ထု အတိတ်အကြောင်းကတော့ ဒီကနေပြီးတော့ ကိုးဆယ်နဲ့ နှစ်ကမ္ဘာလောက်ထိအောင် မျှော်ပြီးတော့ နောက်ပြန်ရည်မှန်းပြီးတော့ ကြည့်လိုက်။ အဲဒီမှာ ဖုဿ မြတ်စွာဘုရားနဲ့ ဝိပဿီ မြတ်စွာဘုရားတို့ရဲ့ ဒီဘုရားနှစ်ဆူ အကြားကာလ သာသနာပြင်ပ ဗာဟီရကအချိန် ဖြစ်ပါတယ်။

တိုင်းပြည်က ဗာရာဏသီပြည်မှာ သူကြွယ်ညီနောင် ရှိခဲ့ကြတယ်။ သူတို့ သူကြွယ်ညီနောင်တွေ ဘာလုပ်သလဲဆိုတော့ ကြံခင်းစိုက်တယ်။ တစ်နေ့တော့ ညီဖြစ်တဲ့ သူကြွယ်က ကြံခင်းသွားပြီးတော့-

ဧကံ ဇေဋ္ဌဘာတိကဿ ဒဿာမိ၊
ဧကံ မယှံ ဘဝိဿတိ။
ဧကံ= ကြံတစ်ချောင်းကတော့။ ဇေဋ္ဌဘာတိကဿ= ငါ့နောင်ကြီးအား။ ဒဿာမိ= ပေးပေအံ့။ ဧကံ= ကျန်တဲ့ တစ်ချောင်းကတော့။ မယှံ= ငါ့အတွက်။ ဘဝိဿတိ= ဖြစ်ပေလိမ့်မယ်။

အစ်ကိုကြီး တစ်ချောင်း၊ ငါတစ်ချောင်းဟဲ့ ဆိုပြီး ကြံချောင်းကြီး နှစ်ချောင်း ခုတ်ပြီးတော့ ရှေ့တုန်းကတော့ ဒီကြံရည်များ ညှစ်ရတယ်လို့ မရှိဘူးတဲ့။ အဲဒီခေတ်တုန်းက ကြံပင်ကို ခုတ်လိုက်တယ် ဆိုလို့ရှိယင် ခွက်ထဲ ဘာထဲ စိုက်ထားယင် ကြံရည်တွေဟာ အလိုလို ဘောက် ဘောက်၊ ဘောက် ဘောက်နဲ့ တစ်ခါတည်း စီးကျတယ်။ ကုန်အောင်စီးကျတယ်။ အဲဒီတော့ ခုတ်ပြီးတဲ့နေရာမှာ ကြံရည်တွေ ထွက်ကုန်မှာစိုးလို့ ခုတ်တဲ့နေရာကို အဝတ်နဲ့စည်းပြီးတော့ ကြံချောင်းကြီး နှစ်ချောင်းထမ်းပြီးတော့ လာတယ်။

ညီငယ်ဖြစ်တဲ့ ပုဂ္ဂိုလ်က...

အဲဒီလို ထမ်းလာတော့ ဗာရာဏသီပြည်ပေါ့။ မိမိတို့အိမ် အစ်ကိုကြီးရှိရာ ထမ်းလာတော့ ဒီအချိန်မှာ ပစ္စေကဗုဒ္ဓါသခင် အရှင်သူမြတ်က ဂန္ဓမာဒန တောင်မှ နိရောဓသမာပတ် ဝင်စားလို့ ခုနစ်ရက် ပြည့်တော့ သမာပတ်မှ ထတော်မူတဲ့အခိုက်-
ကဿ နုခေါ အဇ္ဇ အနုဂ္ဂဟံ ကရိဿာမိ။

“ကနေ့ ငါ ဘယ်သူ့များ ချီးမြှောက်မှုပြုရပါ့မတုံး၊ ပြုဖို့ တော်ပါ့မတုံး” လို့ ပစ္စေကဗုဒ္ဓါသခင် အရှင်သူမြတ် ဇမ္ဗူဒိပ်ကျွန်းဘက်ကို လှမ်းပြီးတော့ အာရုံပြုလိုက်တဲ့အခါ ဗာရာဏသီပြည်သား ကြံခင်းရှင် ညီငယ် အမျိုးကောင်းသားကို လှမ်းပြီးတော့မြင်တယ်။ ကြံရိုးကြီး နှစ်ချောင်း ထမ်းလို့။ ကြံခင်းက ပြန်လာတဲ့ အမျိုးကောင်းသားကို ရွှေဉာဏ်မှာထင်တော့ ငါသွားယင် သူသည် ငါ့ကိုလှူနိုင်တဲ့ သဒ္ဓါတရားရှိတဲ့ သူတော်ကောင်းမှ ဟုတ်ကဲ့လားလို့ သူ့စိတ်ကို မှန်းကြည့်လိုက်ရသေးတယ်။ လှူနိုင်တဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်မှန်းသိမှ ဟိမဝန္တာ ဂန္ဓမာဒန တောင်မှသည် ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ် စီး၍ ဗာရာဏသီ ပြည်ဘက်သို့ ကြွတယ်။

ဇောတိက အလောင်း ကြံလှူပုံ...
ထိုအမျိုးကောင်းသား မင်းယောက်ျားရဲ့ ရှေ့မှောက်မှာ မြေပြင်ကကြွပြီးတော့ ခရီးရင်ဆိုင်ကြတယ်။ အမျိုးကောင်းသားကလည်း ပစ္စေကဗုဒ္ဓါကို မြင်တယ်ဆိုယင်ပဲ အင်မတန် ကြည်လင်ဝမ်းသာဖြစ်ပြီးသကာလ ဟိုဟိုဒီဒီ ကြည့်တော့ မြေကလေးက ခပ်မြင့်မြင့်ခုံကလေးရှိတယ်။ လမ်းခရီးမှာ ခပ်မြင့်မြင့် မြေပုံကလေးပေါ်မှာ အပေါ်ရုံတဘက်ကလေး ခင်းပြီးတော့-
ဘန္တေ ဣဓ နိသီဒထ။
ဘန္တေ= အရှင်တို့ဘုရား။ ဣဓ= ဤနေရာ၌။ နိသီဒထ= ကရုဏာရှေးရှု ထိုင်တော်မူကြပါဘုရား။ ဒီနေရာကလေးမှာ ထိုင်တော်မူကြပါဦး ဘုရား။ အဲဒီလို လျှောက်ထားတော့ကမှ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်က ထိုဒါယကာ ခင်းပေးတဲ့ အပေါ်ရုံလောဘတ် တဘက် အခင်းကလေးပေါ်မှာ ထိုင်တယ်။

ပတ္တံ ဥပနာမေထ။
ပတ္တံ= သပိတ်ကို။ ဥပနာမေထ= တပည့်တော်ဘက်ညွတ်ပေးလိုက်တော် မူကြပါဘုရား...

သပိတ်ကလေး တပည့်တော်ဘက် နည်းနည်း စောင်းပေးပါ ဘုရား။

ပစ္စေကဗုဒ္ဓါက သပိတ်စောင်းပေးတယ်။ စောင်းပေးလိုက်တဲ့ အခါကျတော့ သူ့ဖို့ ယူလာတဲ့ကြံရိုး အစည်းစည်းထားတဲ့အဝတ် ဖြည်ပြီးတော့ ကြံရိုးကလေးကို သပိတ်ဘက် စိုက်ပေးလိုက်တယ်။ ပြွန်ကရေတွေ ကျသလိုပေါ့၊ ဖြောဖြော ဖြောဖြောနဲ့။ ကြံရည်တွေ သပိတ်ထဲ ကျလို့ ကြံရည်တွေ ကုန်တဲ့ အခါကျတော့ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်က မြိန်မြိန်ရှက်ရှက် ဘုဉ်းပေး သုံးဆောင်တော် မူတယ်။ ဘာပြုလို့တုံးဆိုတော့ ခုနစ်ရက်ပတ်လုံး နိရောဓ သမာပတ် ဝင်စားနေတဲ့ အချိန်မှာ ဆွမ်းအာဟာရ မရှိပါဘူး။ ဒီခုနစ်ရက်အတွင်းမှာတော့ သမာပတ်က ထိန်းထားတဲ့အတွက် ဆာလောင်မှု မွတ်သိပ်မှု မရှိပါဘူး။ အခု သမာပတ်က ထလာတဲ့ အခါမှာ အထိန်းသမာပတ် မရှိတော့ အင်မတန်ပဲ ဆာလောင်မွတ်သိပ်တဲ့အတွက် ထိုဒါယကာလှူတဲ့ ကြံအရိုးက ထွက်သမျှ ကြံရည်တွေကို မြိန်မြိန်ရှက်ရှက် ဘုဉ်းပေး လိုက်တာ သပိတ်ထဲကုန်ရော။ အလှူဒါယကာက လှူတယ်ဆိုတာ သူက များများ ဘုဉ်ပေးနိုင်ယင် သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်က ဝမ်းမြောက်တာပဲ။

ညီဖြစ်သူဇောတိကလောင်း ဝဋ္ဋနိဿိတဆုတောင်းခြင်း...
သာဓုကံ ဝတ မေ အယျေန ရသော ပီတော။
အယျန= အရှင်သူမြတ်သည်။ မေ= ငါ၏။ ရသော= မွန်မြတ်တဲ့ ကြံရည်ကို။ ပီတော= သောက်အပ်ခဲ့လေပြီ။ သာဓုကံ ဝတ= ကောင်းလေစွ။
ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ငါလှူတဲ့ ကြံရည်ကို မြိန်ရေရှက်ရေ ဘုဉ်းပေးသုံးဆောင်တော်မူခဲ့ပြီ။
သစေ မေ ဇေဋ္ဌဘာတိကော မူလံ အာဟရာ- ပေဿတိ။ မူလံ ဒဿာမိ။ သစေ ပတ္တိံ အာဟရာ- ပေဿတိ၊ ပတ္တိံဒဿာမိ။

စိတ်ထဲက ဆက်ပြီးတော့စဉ်းစားတယ်...
မေ= ငါ၏။ ဇေဋ္ဌဘာတိကော= အစ်ကိုကြီးက။ သစေ= အကယ်၍။ မူလံ= ကြံချောင်းရဲ့ အဖိုးကို။ သစေအာဟရာပေဿတိ= အကယ်၍ ဆောင်ယူစေလိုငြားအံ့။ မူလံဒဿာမိ= အစ်ကိုကြီးအား ကြံဖိုးတော့ပေးမယ်။ သစေပတ္တိံအာဟရာပေဿတိ= ကောင်းမှုကုသိုလ်ရဲ့ အဖို့ဘာဂကို အစ်ကိုကြီးက ရယူလိုသပဆိုလို့ရှိယင်။ ပတ္တိံဒဿာမိ= သူ့ကို ကောင်းမှု အဖို့ဘာဂကိုပဲ ငါပေးမယ်။

ဒီလို အကြံဖြစ်ပြီးတော့ အစ်ကိုကြီးဖို့ ယူလာတဲ့ ဒုတိယ ကြံတစ်ချောင်ကိုလည်းပဲ လှူချင်တဲ့စိတ် ပေါက်တယ်။ အစ်ကိုကြီးက မကျေနပ်လို့ ဒီကြံရိုးရဲ့ အဖိုးပေးရမယ်ဆိုလို့ရှိယင် ငါ အဖိုးပေးမယ်။ တကယ်ရိုးသားတဲ့ အမျိုးကောင်းသား။ ဒီတစ်ချောင် လှူပြီးတော့ ကြံခင်းပြန်ပြီးတော့ အစ်ကို့အတွက် ကျွန်တော်ယူလာတယ်ဆိုယင်လည်း ဒါ ပြီးရမယ်။ အခုတော့ သူ့စိတ်ထဲက အစ်ကိုကြီးဖို့ဆိုပြီး မှန်းလာတဲ့အတွက် ဒီကြံကြီးဟာ ငါမပိုင်ဘူး။ ငါမပိုင်တဲ့ ကြံကြီးကို ငါပိုင်စိုးပိုင်နင်းလုပ် လှူလို့ရှိယင် အစ်ကို့ဥစ္စာ ငါယူတာဖြစ်နေတယ်။ ဒီတော့ အစ်ကိုမကျေနပ်ယင် ငါ အလျော်တောင်းယင် အဖိုးပေးမဟဲ့။ အစ်ကိုကျေနပ်လို့ အမျှအတမ်းကို အစ်ကိုက အလိုရှိလည်းပဲ ငါအမျှဝေမယ်။ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ပုဂ္ဂိုလ်။
တစ်ဖန်ထပ်ပြီးတော့ လျှောက်ပြန်တယ်။

ဘန္တေ ပတ္တံ မေ ဥပနာမေထ။
ဘန္တေ= အရှင်မြတ်ဘုရား။ မေ= တပည့်တော်ဘက်။ ပတ္တံ= သပိတ်ကို။ ဥပနာမေထ= စောင်းငဲ့တော်မူပါအုံးဘုရား။
အရှင်၊ သပိတ် တပည့်တော်ဘက် စောင်းလိုက်ပါအုံး ဘုရားလို့ ဆိုပြီးတော့ ကျန်တဲ့ အစ်ကိုကြီးဖို့ ကြံတစ်ချောင်း၊ စည်းထားတဲ့ အဝတ်ဖြည်ပြီးတော့ ထိုကြံကို သပိတ်ထဲစိုက်ပြီး ထည့်လိုက်။ ဖြောဖြော ဖြောဖြောနဲ့ ကြံရည်တွေ သပိတ်အပြည့်ရတော့ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်က ဂန္ဓမာဒနတောင် ယူဆောင် သွားတော်မူလိုတဲ့ အမူအရာနဲ့ပြတော့ “အရှင်ဘုရား၊ အရှင်ဘုရား အလိုတော်ရှိသမျှ အသုံးပြုနိုင်ပါတယ်” ဆိုပြီးတော့ ဒီမှာ ဆရာနဲ့ဒကာ ခွဲခါနီး ညီဖြစ်တဲ့ အမျိုးကောင်းသားက ဆုတောင်တယ်။ ဝဋ်ကလေးနည်းနည်းပါတယ် ပြောပါစို့။ ဝဋနိဿိတ ဆုတောင်းပါတယ်။ ဘယ့်နှယ်တောင်းသလဲ။

ဘန္တေ ယော အယံ မယာဒိန္နော အဂ္ဂရသော၊ ဣမဿ နိဿန္ဒေန ဒေဝမနုေဿသု သမ္ပတ္တိံ အနုဘဝိတွာ ပရိယောသာနေ တုမှေဟိ ပတ္တဓမ္မမေဝ ပါပုဏေယျံ။

ဘန္တေ= အရှင်ဘုရား။ မယာ= တပည့်တော်သည်။ ဒိန္နော= ပေးအပ်သော။ ယော အယံ အဂ္ဂရသော= အလွန် မွန်မြတ်တဲ့ အကြင်ကြံရည် အရသာသည်။ အတ္ထိ= ရှိပါ၏။ ဣမဿ= ဤကြံရည် အလှူကောင်းမှု၏။ နိဿန္ဒေန= အကျိုးဆက်ကြောင့်။ ဒေဝမနုေဿသု= နတ်လူတို့၌။ သမ္ပတ္တိံ= စည်းစိမ်ချမ်းသာ အမျိုးမျိုးကို။ အနုဘဝိတွာ= လှလှကြီး ဝဝကြီး ခံစားပြီးသကာလ။ ပရိယောသာနေ= အဆုံးကာလ နောက်ဘဝ၌။ တုမှေဟိ= အရှင်ဘုရားတို့သည်။ ပတ္တဓမ္မမော= ရောက်အပ် ရအပ်သော တရားကိုသာလျှင်။ ပါပုဏေယျံ= ရောက်ရပါလိုတယ်ဘုရား...လို့...

သူ့ဟာက ရှေ့ပိုင်းကဝဋ်၊ နောက်ပိုင်းကျမှ တကတည်း ဝဋ်ထဲမှာ လူ့စည်းစိမ် နတ်စည်းစိမ် မြိန်ရွှင်စွာ ခံစားပြီးတော့မှ နောက်ဆုံး စည်းစိမ် မုန်းပြီဆိုတော့ အရှင်ဘုရားတို့ မြင်တဲ့တရားကို တပည့်တော် မြင်ရပါလို၏။ အရှင်ဘုရားတို့ ရတဲ့တရား တပည့်တော်ရ-ရောက်ရပါလို၏လို့ ဒီလိုဆုတောင်းတယ်။ ပစ္စေကဗုဒ္ဓါကလည်းပဲ-
ဧဝံ ဟောတု။
ဒကာဆုတောင်းတဲ့အတိုင်း ဖြစ်ပါစေသား၊ ရိုးရိုးစကားပြေနဲ့ ပြောပြီးတော့မှ-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊
ခိပ္ပ မေဝ သမိဇ္ဈတု။
သဗ္ဗေ ပုရေန္တု သင်္ကပ္ပါ၊
စန္ဒော ပန္နရသောယထာ။

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊
ခိပ္ပ မေဝ သမိဇ္ဈတု။
သဗ္ဗေ ပုရေန္တု သင်္ကပ္ပါ၊
မဏိဇောတ ရသော ယထာ။
ဒကာ၊ ဒကာ အလိုရှိအပ်၊ တောင့်တအပ်တဲ့ဆုတွေ ပန္နရသီ တိထီကြိမ်တွေ့ တစ်ဆယ့်ငါးရက်နေ့ ပေါ်ထွန်းထွက်ပြူလာတဲ့ လဝန်းကြီးကဲ့သို့ ဒကာ အလိုရှိတဲ့၊ တောင့်တအပ်တဲ့ ကောင်းသော အကြံအစည်များ ပြည့်စုံပါစေ။ မဏိဇောတရသ် ပတ္တမြား ရတနာကြီး ကဲ့သို့ စဉ်းစားသမျှ၊ တောင့်တသမျှ၊ အလိုရှိအပ်သမျှ ဆန္ဒ ဥဿုံ ပြည့်စုံပါစေလို့ ဒီလို အနုမောဒနာ နှစ်ဂါထာနဲ့ ဆုပေးပြီးတော့ ကောင်းကင်ခရီးက ဒီဒါယကာ ဒီမှာ ဂန္ဓမာဒနတောင် ရောက်၍ ပစ္စေကဗုဒ္ဓါတွေနဲ့ ဝေငှပြီးတော့ ဒီကြံရည် ဘုဉ်းပေးသုံးဆောင်တာထိအောင် မြင်ပါစေ။ အဓိဋ္ဌာန်တော်မူပြီး ကောင်းကင်က ကြွတယ်။

ဇောတိကအလောင်း ပစ္စေကဗုဒ္ဓါ ငါးရာအားဖူးမြင်ရခြင်း...
ဂန္ဓမာဒနတောင်ရောက် ပစ္စေကဗုဒ္ဓါတွေကို သူ့သပိတ်ထဲက ခွဲခွဲပြီးပေးတဲ့ ပစ္စေကဗုဒ္ဓါတွေ မြိန်မြိန်ယှက်ယှက် ဘုဉ်းပေးသုံးဆောင်တော် မူကြတာကို မိမိရဲ့ မြင်လောက်တဲ့ မျက်စိရဲ့ ဥပစာအတွင်းမှာ မြင်ရသလိုကိုပဲ သူ မြင်နေရတယ်။ပြီးတော့မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ပြန်လာတယ်ဆိုယင်ပဲ အစ်ကိုကြီးက ဆီးမေးတယ်။

အဟံ ဂတော’သိ။
အဟံ= အဘယ်အရပ်သို့။ ဂတော= သွားသည်။ အသိ= ဖြစ်သနည်း။
“ငါ့ညီ၊ မင်း ဘယ်သွားတုံး”

ဥစ္ဆုခေတ္တံ ဩလောကေတုံ ဂတော’မှိ။
အစ်ကိုကြီး၊ အဟံ= အကျွန်ုပ်သည်။ ဥစ္ဆုခေတ္တံ= ကြံခင်းကို။ ဩလောကေတုံ= ကြည့်ရှုခြင်း ငှာ။ ဂတော= သွားသည်။ အမှိ= ဖြစ်ပါ၏။
ကျွန်တော် ကြံခင်းသွားပြီးတော့ ကြည့်ပါတယ်။

ကိံ တာဒိသေန ဥစ္ဆုခေတ္တံ ဂတေန။
တာဒိသေန= သင်ကဲ့သို့သောသူသည်။ ဥစ္ဆုခေတ္တံ ဂတေန= ကြံခင်းကို သွားကြည့်သဖြင့်။ ကိံ= ဘာအကျိုးရှိအံ့နည်း။
မင်းလိုလူ ကြံခင်းသွားလို့ ဘာအသုံးကျတုံးကွာ-တဲ့။
အစ်ကိုကြီးက အပြစ်တင်စကားပြောတယ်။
ဘာပြုလို့လဲ ဆိုတော့ လက်ချည့် အချည်းနှီးမို့လို့။

နနု နာမ ဧကံ ဝါ ဒွေ ဝါ ဥစ္ဆုယဋ္ဌိယော အာဒါယ အာဂန္တဗ္ဗံ ဘဝေယျ။
နနု= စင်စစ်။ ဧကံ ဝါ ဒွေ ဝါ ဥစ္ဆုယဋ္ဌိယော= ကြံချောင်း တစ်ချောင်းနှစ်ချောင်းလောက်တော့ဖြင့်။ အာဒါယ= ယူဆောင်ခဲ့၍။ အာဂန္တဗ္ဗံ= လာသင့်သည်။ ဘဝေယျနနု= ဖြစ်သည် မဟုတ်လော။

တကယ်ဆို တောထဲ တမင်တခင် သွားပြီး လက် အချည်းနှီး ပြန်လာတယ်။ တောထဲကပြန်လာယင် ကြံကလေးတစ်ချောင်း၊ သို့မဟုတ်နှစ်ချောင်းလောက်များ မင်းယူခဲ့ဖို့ ကောင်းပါသကွာ။ မင်းလိုမှ ကြံချောင်းမပါဘဲနဲ့ ကြံခင်းက ပြန်လာတယ်။ မင်းလိုလူ ကြံခင်းသွားလို့ ဘာအကျိုးရှိမလဲလို့ အစ်ကိုကြီးက အပြစ်တင် စကား ပြောတော့-

အာမ ဘာတိက ဒွေ မေ ဥစ္ဆုယဋ္ဌိယော ဂဟိတာ။
ဘာတိက= နောင်ကြီး။ အာမ= အေး-နောင်ကြီး အပြစ်တင်မယ်ဆိုယင်လည်း တင်ပါတော့။ မေ= အကျွန်ုပ်သည်။ ဒွေ ဥစ္ဆုယဋ္ဌိယော= ကြံချောင်းနှစ်ချောင်းတို့ကို။ ဂဟိတာ= ဆောင်ယူအပ်ခဲ့ပါကုန်၏။
အစ်ကိုကြီး အပြစ်တင်လည်း ခံရမှာပဲ။ ကျွန်တော်ဖြင့် ကြံချောင်းနှစ်ချောင်း အစ်ကိုကြီးဖို့ တစ်ချောင်း၊ ကျွန်တော့်ဖို့ တစ်ချောင်း ဆိုပြီးတော့ ဆောင်ခဲ့ပါတယ်။

ဧကံ ပန ပစ္စေကဗုဒ္ဓံ ဒိသွာ မမ ဥစ္ဆုယဋ္ဌိတော ရသံ ဒတွာ “မူလံ ဝါ ပတ္တိံ ဝါ ဒဿာမီ” တိ တုမှာကမ္ပိ မေ ဥစ္ဆုယဋ္ဌိတော ရသော ဒိန္နော၊ ကိံ နု ခေါ တဿ မူလံ ဂဏှိဿထ၊ ဥဒါဟု ပတ္တိံ။
ပန= ထိုသို့ပင် ကြံနှစ်ချောင်း၊ အစ်ကိုတစ်ချောင်း ညီတစ်ချောင်းလို့ ထမ်းဆောင်ခဲ့ပါသော်လည်းပဲ။ အန္တရာမဂ္ဂေ= ခရီးအကြား၌။ ဧကံ ပစ္စေကဗုဒ္ဓံ= ပစ္စေကဗုဒ္ဓါသခင် အရှင်ဘုရားတစ်ပါးကို။ ဒိသွာ= မျက်မှောက် ထင်ထင် ဖူးမြင် တွေ့ရှိနေရ၍။ မမ ဥစ္ဆုယဋ္ဌိတော= ကျွန်တော့်အတွက် ကြံရိုးထဲမှ။ ရသံ= ကြံရည်ကို။ ဒတွာ= ပေးလှူပြီး သကာလ။ မူလံ ဝါ ပတ္တိံ ဝါ ဒဿာမိ= အစ်ကိုကြီး မကျေနပ်လို့ တောင်းယင် အဖိုးတောင်းလည်း အဖိုးပေးမယ်၊ ကျေနပ်လို့ ကုသိုလ်ကောင်းမှု အဖို့ဘာဂ ငါပေးမယ်ဟဲ့...လို့။ တုမှာကံ= သင် အစ်ကိုကြီးတို့၏။ ဥစ္ဆုယဋ္ဌိတော= ကြံရိုးထဲမှ။ ရသောပိ= အရည်ကိုလည်းပဲ။ ဒိန္နော= ပစ္စေကဗုဒ္ဓါအား ကပ်၍ ကျွန်တော် ပေးအပ်ခဲ့လေပြီ။ ကိံနုခေါ= အသို့နည်း။ တဿ= ထို အစ်ကိုကြီးအတွက် ကြံရိုးလိုပြန်ပါသေး သပဆိုယင် ကြံဖိုးကိုပဲ ယူပါမည်လား။ ဥဒါဟု= သို့မဟုတ်။ ပတ္တိံဝါ ဂဏှိဿထ= ကုသိုလ်ကောင်းမှု အဖို့အစုကိုပဲ ယူကြမလား အစ်ကိုကြီး…..လို့-
ကုသိုလ်ကောင်းမှု အဖို့ဘာဂတောင်းလည်း အဖို့ဘာဂပဲ ငါပေးမယ်။ ဒီရည်ရွယ်ချက်နဲ့ အစ်ကိုကြီးရဲ့ ကြံ့ရည်ကိုလည်း လှူခဲ့ပါတယ်။ အစ်ကိုကြီး ကျေနပ်သလို လုပ်ပါ့မယ်။ ကြံရိုးရဲ့ အဖို့ပဲ ပေးရမလား၊ ဒါမှမဟုတ် ကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကိုပဲ ပေးရမလားလို့ မေးတော့ အစ်ကိုကြီးက...

ကိံ ပန ပစ္စေကဗုဒ္ဓေန ကတံ။
ပစ္စေကဗုဒ္ဓေန= ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်။ ကိံ ပန= အဘယ်သို့။ ကတံ= ပြုအပ်သနည်း။
မင်း လှူလိုက်တဲ့ အခါကျတော့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်က မင်းလှူလိုက်တဲ့ ကြံရည်ကို ဘယ်လိုများလုပ်တုံး။ ဘယ်လိုများ အသုံးချတုံး ဆိုတော့...

မမ ဥစ္ဆုယဋ္ဌိတော ရသံ ပိပိတွာ တုမှာကံ ဥစ္ဆုယဋ္ဌိတော ရသံ အာဒါယ အာကာသေန ဂန္ဓမာဒနံ ဂန္တာ ပဉ္စသတာနံ ပစ္စေကဗုဒ္ဓါနံ အဒါသိ။
မမ ဥစ္ဆုယဋ္ဌိတော= အကျွန်ုပ်ရဲ့ ကြံရိုးထဲမှ။ ရသံ= ကြံရည်ကို။ ပိပိတွာ= သောက်တော်မူပြီး သကာလ။ တုမှာကံ ဥစ္ဆုယဋ္ဌိတော= နောင်ကြီးတို့ရဲ့ ကြံရိုးထဲမှ။ ရသံ= ကြံရည်ကိုတော့။ အာဒါယ= သပိတ်မှာ ထည့်ကာယူဆောင်၍။ အာကာသေန= ကောင်းကင်ခရီးဖြင့်။ ဂန္ဓမာဒနံ= ဂန္ဓမာဒနတောင်သို့။ ဂန္တာ= ကြွရောက်တော်မူ၍။ ပဉ္စသတာနံ ပစ္စေကဗုဒ္ဓါနံ= ငါးရာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့အား။ အဒါသိ= ပေးလှူပါ၏။

အစ်ကိုဖြစ်သူ သေနမထေရ်လောင်း၏..
ဝိဝဋ္ဋနိဿိတ ဆုတောင်း
ကျွန်တော့် ကိုယ်တိုင် အဆန်းတကြယ် တအံ့တဩကိုမြင်ခဲ့ရပါတယ် အစ်ကိုကြီးလို့ ဆိုတော့ ဝမ်းမြောက်လိုက်တာ၊ အစ်ကိုကြီး တစ်ကိုယ်လုံး ပီတိငါးမျိုး ဖုံးပြီးတော့-

တေန မေ ပစ္စေကဗုဒ္ဓေန ဒိဋ္ဌဓမ္မေဿဝ အဓိဂမော ဘဝေယျ။
မေ= ငါ့အား။ တေန ပစ္စေကဗုဒ္ဓေန= ထိုပစ္စေကဗုဒ္ဓါသခင် အရှင်သူမြတ်သည်။ ဒိဋ္ဌဓမ္မေဿဝ= မြင်အပ်သောတရားကိုသာလျှင်။ အဓိဂမော= ရယူခြင်းသည်။ ဘဝေယျ= ဖြစ်ရပါလို၏။
ပစ္စေကဗုဒ္ဓါသခင် အရှင်သူမြတ် မြင်အပ်တဲ့တရား ရနိုင်တဲ့ကိုယ် ဖြစ်ရပါလို၏။ လူ့ ချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာဆိုတဲ့ ဝဋ်ချမ်းသာတွေ ဘာမှမပါဘဲနဲ့ အစ်ကိုကြီးက တစ်ခွန်းတည်းနဲ့ ဝိဝဋကို တစ်ခါတည်း တန်းသွားတယ်။ အဋ္ဌကထာက ဘယ့်နှယ် မှတ်ချက်ပေးသလဲ။
ဧဝံ ကနိဋ္ဌေန တိေဿာ သမ္ပတ္တိယော ပတ္ထိတာ၊ ဇေဋ္ဌေန ပန ဧကပဒေနေဝ အရဟတ္တံ ပတ္ထိတန္တိ ဣဒံ ဒေသံ ပုဗ္ဗကမ္မံ-လို့-
ဧဝံ= ဤသို့။ ကနိဋ္ဌေန= ညီငယ်က။ တိေဿာ သမ္ပတ္တိယော= လူ့ချမ်းသာ၊ နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ သုံးတန်သော ချမ်းသာတို့ကို။ ပတ္ထိတာ= တောင့်တအပ်ကုန်ပြီ။ ( ဒီ- နတ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာဆိုတဲ့ သမ္ပတ္တိသုံးမျိုးကို တန်းပြီးတော့ ညီငယ်က တောင့်တတယ်။) ဇေဋ္ဌေန ပန= နောင်ကြီးကတော့။ ဧကပဒေနေဝ= တစ်ပုဒ်တည်းဖြင့်လျှင်။ အရဟတ္တံ= အရဟတ္တဖိုလ်ကို။ ပတ္ထိတံ= တောင့်တအပ်လေပြီ။

ဆုတောင်းမမှားရန် သတိပြု...
ဒီအနားမှာ ရပ်ပြီးတော့ စဉ်းစားရအောင်။ အစ်ကိုကြီးရဲ့ အရဟတ္တဖိုလ်နိဗ္ဗာန်ကို တောင့်တတာက ကုသိုလ်ဆန္ဒနော်၊ ညီငယ် တောင့်တတာက တစ်ခြမ်းမှာက သူ့ဟာက တဏှာက ပဲ့ ကိုင်တယ်၊ ဟို- နောက်တစ်ခြမ်းမှာတော့ ကုသိုလ်ဆန္ဒက ပဲ့ကိုင်တယ်။ အဓိပ္ပာယ်- ညီငယ်တောင်းတဲ့ ဥစ္စာကြည့်ရတာ...
ဣမဿ မေ နိဿန္ဒေန၊ ဒေဝမနုေဿသု သမ္ပတ္တိယော အနုဘဝိတွာ ပရိယောသာနေ တုမှေဟိ ပတ္တဓမ္မမေဝ ပါပုဏေယျံ။
“တပည့်တော်ရဲ့ ဒီကြံရိုး ကြံရည်လှူရတဲ့ ကုသိုလ်ကြောင့် လူ့ပြည် နတ်ပြည်တို့၌ စည်းစိမ်ဥစ္စာတို့ကို နတ်စည်းစိမ်၊ လူ့စည်းစိမ်တို့ကို ခံစံပြီးလျှင်” အဲဒီအပိုင်းမှာ တဏှာလောဘ အုပ်စိုးနေတယ်။

“ပရိယောသာနေ= နောက်ဆုံးဘဝ ပစ္ဆိမ၌။ တုမှေဟိ= အရှင်ဘုရားတို့သည်။ ပတ္တဓမ္မမေဝ ပါပုဏေယျံ= ရောက်ဆိုက်အပ်တဲ့ တရားကိုပင် ရောက်ရပါလို၏ဘုရား”
လို့ဆိုတဲ့ ဒီအပိုင်းကျတော့ ကုသိုလ်ဆန္ဒပဲ့စီး။ ပဲ့နင်း ပြောင်းသွားပြီ။ ဆိုလိုရင်းက-
ကုသိုလ်ဟာ သံသရာထဲ ဒုက္ခပေးတာ မဟုတ်ဘူးနော်။ ကုသိုလ်က သံသရာထဲပို့တာ မဟုတ်ဘူး။ အဲဒီကုသိုလ်ကောင်းမှုကို နောက်က ပဲ့ကိုင် မကောင်းလို့ ရှိယင် ပဲ့ကိုင်က တဏှာ ဆိုတဲ့ တရားကို ပဲ့သူကြီး ခန့်မိလို့ရှိယင် အဲဒီ ကုသိုလ်ကောင်းမှု တည်းဟူသော လှေကြီးဟာ သွားပြီ။ အင်း….ဘာလဲဆိုတော့ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာ့ဘုံဆိုတဲ့ သံသရာ ရေယာဉ်ကြောမှာ တကတည်း တမျောတည်း မျောတာပဲ။

အဲဒီ ကုသိုလ်ကောင်းမှု တည်းဟူသော လှေကြီးကို နောက်ပိုင်းက ပဲ့ပြင် ပဲ့စီး ဟုတ်လား။ ကုသိုလ်ဆန္ဒတည်းဟူသော ပဲ့စီး ကိုင်မိ ခတ်မိလို့ ရှိယင်တော့ သွားပြီ၊ နိဗ္ဗာန်တောက်လျှောက်။ အဲဒါတစ်ခု သတိပြုဖို့ပေါ့လေ။ ဘာပြုလို့ ဒီလို ပြောနေရသလဲဆိုတော့ ဘဝသမ္ပတ္တိ တောင့်တတယ် ဆိုတာ တဏှာ၊ နိဗ္ဗာန် တောင့်တတယ်ဆိုတာက ကုသိုလ်ဆန္ဒ။ တဏှာက နိဗ္ဗာန်တို့၊ မဂ်တို့၊ ဖိုလ်တို့ဆိုတဲ့ တရားတွေကို လို့ကို မလိုချင်ဘူး။ ဒီလို ပြောကြစို့။ အဲ- တပည့်တော်တော့ နိဗ္ဗာန်မဂ်ဖိုလ် လိုချင်ပါတယ်။ အဲ- လိုချင်တာက တဏှာ မဟုတ်ဘူး။ အဲဒါက ကုသိုလ်ဆန္ဒ။ အဲဒီတော့ တဏှာကို အဖော်လုပ်မိယင်ပေါ့လေ။

တဏှာဒုတိယော ပုရိသော၊ ဒီဃမဒ္ဓါန သံသရံ။
ဣတ္ထံ ဘာဝညထာဘာဝံ သံသာရံ နာတိဝတ္တတိ...တဲ့။
တဏှာ အဖော်ပြုလုပ်မိတဲ့ သတ္တဝါဟာဖြင့် ဒီက ဟိုပြောင်း၊ ဟိုက ဒီပြောင်းနဲ့ သံသရာကြီးကို မလွန်မြောက်နိုင်ဘဲ ရှိရတယ် ဆိုတဲ့ ဘုရား တရားတော်အတိုင်း တဏှာကို ပဲ့စီး ပဲ့နင်းခိုင်းပြီဆိုယင် လှော်ပြီ၊ ဘဝသုံးပါးတည်းဟူသော ရေယဉ်ကြော လှော်ချသွားတာပဲ။ သွားရော။ ကုသိုလ်ဆန္ဒကို ပဲ့စီးဟုတ်လား၊ ပဲ့နင်း ခိုင်းမိပြီဆိုယင် သွားပြီ။ သံသရာရေယဉ်ကြောကြီးကို ဖြတ်ပြီးတော့ နိဗ္ဗာန်ကို။ မဂ်ဖိုလ်နိဗ္ဗာန်။

အဲ- ညီငယ် တောင်းတဲ့ဆုက ပထမပိုင်းမှာ သူက တဏှာကို ပဲ့စီးခန့်တယ်။ ဒုတိယပိုင်းမှာ ဆန္ဒကို ပဲ့စီးခန့်တယ်။ အစ်ကိုကြီး တောင်းတဲ့ဆုက တဏှာဟုတ်လား၊ ငါ့ကုသိုလ်လှေပေါ်ကို မင်းမတက်ခဲ့နဲ့။ ငါ့လှေပေါ်မှာဖြင့် ကုသိုလ်ဆန္ဒတည်းဟူသော ပဲ့နင်း ပဲ့သူကြီးပဲ ငါခန့်တော့မယ်။ ဒါနဲ့ သူက “ထိုပစ္စေကဗုဒ္ဓါသခင် အရှင်သူမြတ် ရောက်ဆိုက်အပ်တဲ့ တရားကိုသာလျှင် ရယူတဲ့ကိုယ် ဖြစ်ရပါလို၏” လို့ ဒီလိုတစ်ခွန်းတည်း ဆုတောင်းလိုက်တယ်။ မဂ်ရယ်၊ ဖိုလ်ရယ်၊ နိဗ္ဗာန်ရယ် ဘယ်ပြောတတ်မလဲ။ သို့ပေမယ့် သူပြောတဲ့စကားက၊ ဟုတ်လား၊ မဂ်ဖိုလ်နိဗ္ဗာန် သွားပြီးတော့ တစ်ခါတည်းဝင်လို့။

သူတို့ရဲ့ ရှေ့ကုသိုလ်ကောင်းမှုကံ တဲ့။ အဲ-ထိုဘဝကစုတေ၊ နတ်ပြည်မှာ သွားပြီးတော့ ဖုဿမြတ်စွာဘုရား သာသနာနှင့် ဝိပဿီမြတ်စွာဘုရားသာသနာ ဒီဘုရားနှစ်ဆူရဲ့ ကြားကာလပတ်လုံး နတ်စည်းစိမ်ကို တစ်ဘဝပြီး တစ်ဘဝ၊ တစ်ဘဝပြီး တစ်ဘဝ၊ ညီအစ်ကို နှစ်ယောက်ဟာ စည်းစိမ်ခံစားပြီးလို့ ဒီကနေ့က နောက်ပဋိလောမ ပြန်၍ရေသည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာမြောက်၌ ဝိပဿီမြတ်စွာဘုရား ပွင့်ထွန်းတော်မူတဲ့အခါ ညီအစ်ကို နှစ်ယောက်စလုံး နတ်ပြည်က ဆင်းပြီးတော့ အဲဒီအချိန်မှာလည်း မဂ်ဖိုလ်ရဖို့ရန် ဗုဒ္ဓန္တရ ကြားကာလမှာ ပေါ့လေ၊ ဘုရားသာသနာမှ မရှိတော့ ပစ္စေကဗောဓိဉာဏ်ရှင်များသာ ရ ဖြစ်တယ်နော်။ သာဝက ဗောဓိဉာဏ်ရှင် သမားကတော့ ရ မဖြစ်ဘူး။ ဘုရားသာသနာနဲ့မှ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ရရှိတာဖြစ်တော့ ဗုဒ္ဓန္တရ အသင်္ချေ ကာလပတ်လုံး နတ်ပြည်မှာ သွားပြီးတော့ အငြိမ်းအနား စံနေပြီ။

ဝိပဿီ မြတ်စွာဘုရား လက်ထက်...
သေနနှင့် အပရာဇိတ တို့ဖြစ်ပုံ
ဒီက ဝိပဿီ မြတ်စွာဘုရားလည်း ပွင့်ထွန်းတော်မူရော လူ့ပြည်ဆင်း၊ ညီအစ်ကိုနှစ်ယောက်ဟာ သူကြွယ်ညီအစ်ကို၊ သေဋ္ဌေး ညီအစ်ကို ပြောကြပါစို့၊ လာပြီးတော့ ဖြစ်တယ်။ ညီအစ်ကို နှစ်ယောက် လာပြီးဖြစ်တော့ အစ်ကိုကြီးကလည်း ဒီဘဝမှာ အစ်ကိုကြီးပဲ။ နာမည်က “သေန”တဲ့။ ညီငယ်ကလည်း ဒီဘဝ ညီဖြစ်တယ်။ နာမည်က “အပရာဇိတ” တဲ့။
အစ်ကိုကြီးက သေန၊ ညီငယ်က အပရာဇိတ။ အဲဒီလိုညီအစ်ကို နှစ်ယောက် အတူတကွ ဒီလို နေကြတယ်။ နေပြည်က ဗန္ဓုမတီ နေပြည်။ ဝိပဿီ မြတ်စွာဘုရား ပွင့်တော်မူတဲ့ အတွက် ဓမ္မဃောသက ပုဂ္ဂိုလ်များက၊ နိဗ္ဗာန်ဆော်တရား ကြွေးကြော်တဲ့ ပုဂ္ဂိုလ်များက-

ဗုဒ္ဓရတနံ လောကေ ဥပ္ပန္နံ၊ ဓမ္မရတနံ၊ သံဃရတနံ၊ ဒါနာနိ ဒေထ၊ ပုညာနိ ကရောထ၊ အဇ္ဇ အဋ္ဌမီ၊ အဇ္ဇ စာတုဒ္ဒသီ၊ အဇ္ဇ ပန္နရသီ၊ ဥပေါသထံ ကရောထ၊ ဓမ္မံ သုဏာထ။
ဟိုတုန်းက နိဗ္ဗာန်ဆော်တွေက ရိုးရိုးပဲ။ စာတွေ ပေတွေ သိပ်ပြီးတော့ ဂါထာတွေ ဘာတွေလည်း မဖွဲ့တတ်ပါဘူး။ အင်မတန် ရိုးရိုးသားသား နိဗ္ဗာန်ဆော်ရတယ်။ စကားရိုးကြီးတွေပေါ့။
လောကေ= လောက၌။
ဗုဒ္ဓယတနံ= ဘုရား ရတနာသည်။ ဥပ္ပန္နံ= ပွင့်ထွန်းတော်မှုခဲ့လေပြီ။
ဓမ္မရတနံ= တရားရတနာသည်။ ဥပ္ပန္နံ= ပွင့်ထွန်းတော်မူခဲ့လေပြီ။
သံဃရတနံ= သံဃာရတနာသည်။ ဥပ္ပန္နံ= ပွင့်ထွန်းတော်မူခဲ့လေပြီ။

အမိအဖတို့၊ လောကမှာ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာဆိုတဲ့ ရတနာသုံးပါး ပွင့်ထွန်းတော်မူခဲ့ကြလေပြီ။ ဒါနာနိ ဒေထ= အလှူဒါနများ လှူဒါန်းတော်မူကြပါ။ ပုညာနိ ကရောထ= သီလ, ဘာဝနာ, အပစာယန,ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မဿဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ , ပုညကိရိယာတရားများ ပွားများကြိုးကုတ် အားထုတ်တော်မူကြပါ။ ရှစ်ရက်နေ့ ရောက်ယင်လည်းပဲ အဇ္ဇအဋ္ဌမီ= ကနေ့ ရှစ်ရက်ဥပုသ်နေ့ ဖြစ်ပါတယ် ခင်ဗျား။ တစ်ဆယ့်လေးရက်နေ့ကျတော့ အဇ္ဇ စာတုဒ္ဒသီ= ယနေ့ တစ်ဆယ့်လေးရက်နေ့ ဖြစ်ပါတယ်။ လပြည့်နေ့ လကွယ်ဆယ့်ငါးရက်နေ့ ကျတော့ အဇ္ဇ ပန္နရသီ= ယနေ့ပန္နရသီတိထီကြိမ်စေ့ တစ်ဆယ့်ငါးရက် ဥပုသ်နေ့ ဖြစ်ပါတယ် ခင်ဗျား။ ဥပေါသထံ= ဥပုသ်ကို။ ကရောထ= ကျင့်သုံးကြကုန်။ ဓမ္မံ= တရားတော်ကို။ သုဏာထ= နာကြားကြပါကုန်။
မြို့ထဲ လှည့်ပြီးတော့ ဓမ္မဃောသက ခေါ်တဲ့ နိဗ္ဗာန်ဆော်များက နှိုးဆော်ရတဲ့ အသံအရ ဗန္ဓုမတီ ပြည်သူပြည်သားတွေ အုန်းအုန်းကျွက်ကျွက်နဲ့ နံနက်ခင်း ဘုရားအမှူးရှိတဲ့ သံဃာတော်များအား ဆွမ်း၊ မွန်းလွဲတယ်ဆိုယင် တရားနာကြဖို့ အုန်းအုန်းကျွက်ကျွက်နဲ့ ဗန္ဓုမတီမြို့ကြီးက နံ့သာတွေ၊ ပန်းမာန်တွေ လက်စွဲပြီးတော့ ထွက်ကြတော့ အစ်ကိုကြီး သေနက မြင်တယ်။ ပရိသတ်တွေ ရုတ်ရုတ် ရုတ်ရုတ် ထွက်သွားကြတာကို။

အစ်ကိုကြီးဖြစ်သူ သေနသူကြွယ် ရဟန္တာဖြစ်ခြင်း...
ကဟံ ဂစ္ဆထ= အဘယ်ကို သွားကြမလို့လဲ မောင်တို့။
သတ္ထုသန္တိကံ ဓမ္မဿဝနာယ= မြတ်စွာဘုရားရဲ့ အထံ တရားနာရန် သွားကြမလို့ပါ ခင်ဗျာ-လို့ ဖြေတဲ့ ပုဂ္ဂိုလ်က ဒီလိုဖြေတော့-
အဟမ္ပိ ဂမိဿာမိ= ငါလည်းပဲ လိုက်ဦးမယ်။
နေကြပါအုံးကွာ၊ ငါ့ စောင့်ပါအုံး။ ငါလည်းလိုက်ပါအုံးမယ် ဆိုပြီးတော့ ဒီပရိသတ်ကြီးနဲ့ လိုက်သွားတယ်။ ဝိပဿီမြတ်စွာဘုရားထံမှောက် ရောက်တော့ ပရိသတ်ထဲကနေပြီး တရားနာ၊ တရားနာရင်း နာရင်း ဘုရားတရားတော်ကို နာရင်း နာရင်းက နေပြီးတော့ ဘုရားတရားတော်ကို ပြည့်ပြည့်ဝဝနဲ့ ကျင့်ကြံဖို့ ဆိုယင် လူဝတ်ကြောင်ဘဝနဲ့ အပြည့်အစုံ ကျင့်ကြံဖို့ မလွယ်ဘူး။
ဗြဟ္မစရိယ ခေါ်တဲ့ ဒီတရားဟာ ဒီတော့ မြတ်စွာဘုရား သာသနာအတွင်း ဝင်ပြီးတော့ ငါ ရဟန်း ပြုမှပဲ ဆိုပြီး တရားပွဲလည်း ပြီးရော၊ ပရိသတ်လည်းစဲရော-
လဘေယျာ ဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒံ။
ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်မြတ်ဘုရား။ တပည့်တော်သည် ရှင်တော်ဘုရားထံ၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရပါရစေ ဘုရား... လို့ ပရိသတ်အထဲက ဘုရားထံ ဝင်ရောက်လျှောက်ထားတဲ့အခါကျတော့ မြတ်စွာဘုရားက-

အတ္ထိ ပန တေ အပလောကေတဗ္ဗာ ဉာတကာ။
ဥပါသက= ဒါယကာ။ တေ= သင့်အား။ အပလောကေတဗ္ဗာ= ပန်ကြားသင့်ကုန်တဲ့။ ဉာတကာ= ဆွေမျိုးတို့သည်။ အတ္ထိ ပန= ရှိကုန်သလား။
ဒကာ၊ ဒကာမှာ ပန်ကြားရမယ့် ဆွေမျိုးများရှိသလားဆိုတော့-
အတ္ထိ ဘန္တေ= ရှိပါတယ် ဘုရားလို့ လျှောက်တယ်။
တေနဟိ အပလောကေတွာ ဧဟိ။
တေနဟိ= သို့တပြီးကား။ အပလောကေတွာ= ဆိုင်ရာဆွေမျိုးများ ပန်ကြားပြီးမှ။ ဧဟိ= ငါဘုရားထံမှောက် လာရောက်လော့။
အေး... ဒီလိုဆိုယင် မင်း ပန်ကြားသင့်တဲ့ ဆွေမျိုးများ ပန်ကြားပြီးမှ ငါဘုရားထံမှောက် လာခဲ့လော့လို့ ဆိုတော့ သေနသူကြွယ် ဗန္ဓုမတီမြို့ထဲ ပြန်သွားပြီး ညီငယ်ကို သူ၏ထံမှောက် ခေါ်၊ ရှေ့ရောက်။
ယံ ဣမသ္မိံ ကုလေ သာပတေယျံ၊ တံ သဗ္ဗံ တဝ ဟောတု။

ရှေရှေကြီး မပြောဘူး။
ဣမသ္မိံ ကုလေ= ဤ ငါတို့အိမ်၌။ ယံ သာပတေယျံ= အကြင်ဥစ္စာနှစ်သည်။ တဝ= မောင့်အတွက်။ ဟောတု= ဖြစ်စေ။
ငါ့ညီ၊ ဒီအိမ်မှာရှိတဲ့ စီးပွားဥစ္စာနှစ်သည် အကုန်လုံး မင်းအတွက်ပဲ ဖြစ်ပစေတော့။ ငါမလိုတော့ဘူး။ ဒီတော့ ပြန်မေးတယ်။
တုမှေ ပန သာမိ= အစ်ကိုကြီးတို့ကတော့ကော ဘာလုပ်မလို့တုံး...လို့ ဆိုတော့...
အဟံ သတ္ထုသန္တိကေ ပဗ္ဗဇိဿာမိ= ငါ ဝိပဿီ မြတ်စွာဘုရားရဲ့ အထံမှာ ရှင်ရဟန်းပြုမလို့ ညီလေးလို့ ပြောတယ်။

သာမိ ကိံ ဝဒေထ။
သာမိ= အရှင် အစ်ကိုကြီး။ ကိံ ဝဒေထ= ဘယ့်နှယ်ပြောလိုက်တာလဲ။
အစ်ကိုကြီး ဘယ့်နှယ်ပြောလိုက်တာလဲ။

အဟံ မာတရိမတာယ မာတရံဝိယ၊ ပိတရိမတေ ပိတရံဝိယ တုမှေ အလတ္ထံ။
အဟံ= အကျွန်ုပ်သည်။ မာတရိ= မွေးမိသခင် ကျေးဇူးရှင်သည်။ မတာယ= ကွယ်ခဲ့ချိန်ကစ၍။ မာတရံဝိယ= အမိကဲ့သို့လည်းကောင်း။ ဝိတရိ= မွေးဖသခင် ကျေးဇူးရှင်သည်။ မတေ= စုတိပျက်ကြွေ သေလွန်ခဲ့ပြီးသည်ရှိသော်။ ပိတရံဝိယ= ဖခင်ကို ကဲ့သို့လည်းကောင်း။ တုမှေ= အစ်ကိုကြီးတို့ကို။ အလတ္ထံ= ရခဲ့တာပါ။
အစ်ကို့နှယ်နော်၊ ဘယ့်နှယ် ပြောလိုက်တာလဲ။ အမေနဲ့အဖေ ကွယ်လွန်တဲ့အချိန်ကစပြီး အစ်ကိုပဲ အမေ၊ အစ်ကိုပဲ အဖေလို့ ကျွန်တော့်မှာ အစ်ကို့ကိုပဲ အမေ အဖေလို့ ကျွန်တော် အောက်မေ့နေတယ်။

ဣဒံ ကုလံ မဟာဘောဂံ။
ဣဒံ ကုလံ= ဤအိမ်ကြီးက။ မဟာဘောဂံ= အသုံးအဆောင်တွေက များပါဘိသနဲ့။ ဂေဟေ ဌိတေနဝ သက္ကာ ပုညာနိ ကာတုံ။ ဂေဟေ= အိမ်၌။ ဌိတေနေဝ= တည်လျက်နေလျက်သာလျှင်။ ပုညာနိ= ကုသိုလ်ကောင်းမှုတို့ကို။ ကာတုံ= ပြုခြင်းငှာ။ သက္ကာ= တတ်ကောင်း၏။ မာဧဝံကရိတ္ထ= ဤကဲ့သို့ ရဟန်းတော့ ပြုမသွားပါနဲ့ အစ်ကိုကြီး... လို့ အဲဒီလိုပြောတဲ့အခါ အစ်ကိုကြီးက မလျှော့ဘူး။

မယာ သတ္ထုသန္တိကေ ဓမ္မော သုတော။
မယာ= ငါသည်။ သတ္ထုသန္တိကေ= ဘုရားအထံ၌။ ဓမ္မော= တရားကို။ သုတော= ကြားခဲ့ပြီး၊ နာခဲ့ပြီ။
န သက္ကာတံ အဂါရမဇ္စျေ ဌိတေန ပူရိတုံ။
တံ= ထို ဘုရားထံမှာ ကြားခဲ့ရတဲ့ သာသနာ တည်းဟူသော ဗြဟ္မစရိယ အကျင့်ထူးကို။ အဂါရ မဇ္စျေ= အိမ်ရာတည်ထောင် လူ့ဘောင်၌။ ဌိတေန= တည်နေသဖြင့်။ ပူရိတုံ= အပြည့်အဝ ဖြည့်ကျင့် ခြင်းငှာ။ န သက္ကာ= မတတ်နိုင်ဘူး။
ငါ့ညီ၊ ငါ တရား သေသေချာချာ နာပြီးတော့ သာသနာတည်းဟူသော ဗြဟ္မစရိယ တရားဟာ တို့ လူ့ဘဝမှာ အရဟတ္တဖိုလ်ပေါက် ကျင့်ဖို့မလွယ်ဘူးကွ... တဲ့။

ပဗ္ဗဇိဿာမေဝါ’ဟံ၊ တွံ နိဝတ္တာ ဟိ။
အဟံ= ငါသည်။ ပဗ္ဗဇိဿာမိ ဧဝ= မင်း တားသော်လည်း ငါမနေ၊ ရှင်ရဟန်းပြုရမည်သာ။ တွံ= သင်သည်။ နိဝတ္တာဟိ= နေရစ်လော့။
ငါတော့ကွာ- ဘယ်လို နည်းနဲ့မှ မနေဘူး။ မင်းတားပေမယ့် ရဟန်းပြုတော့မှာပဲ၊ ညီလေး ပြန်တော့လို့ ပြောပြောဆိုဆို တစ်ခါတည်း ကျောင်းသွားတယ်။ ဝိပဿီ မြတ်စွာဘုရားထံမှောက်ရောက်၊ တပည့်တော် ခွင့်ပန်ပြီးပါပြီ၊ ရဟန်းပြုပေးတော် မူပါဘုရား- လို့ လျှောက်၊ ရဟန်းပြုပေးပြီးလို့ မကြာမီ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်သဖြင့် ရဟန္တာဖြစ်တယ်။ သူ့ဟာ ခုနစ်ရက်အတွင်းက ဖြစ်တဲ့ပုံပဲနော်…။

အဲဒီလို အစ်ကိုကြီး ရဟန်းပြုပြီးတဲ့နောက် မကြာခင် ရဟန္တာဖြစ်တော့ ညီလုပ်တဲ့ ပုဂ္ဂိုလ်က-

ဘာတု ပဗ္ဗဇိတသက္ကာရံ ကရိဿာမိ။
ဘာတု= အစ်ကိုကြီးသည်။ ပဗ္ဗဇိတသက္ကာရံ= ရဟန်းပြုတဲ့ ဧည့်ခံကျွေးမွေးမှုကို။ ကရိဿာမိ= ငါပြုမယ်။
အစ်ကိုကြီး ရဟန်းပြုတဲ့ ဥပသမ္ပဒ မင်္ဂလာပွဲမှာ ဧည့်ခံကျွေးမွေးမှုကို ငါပြုမယ် ဆိုပြီးတော့ မြို့ထဲ ရွာထဲ မဏ္ဍပ်ကြီး ဆောက်ပြီးတော့ ပြုတာ မဟုတ်ဘူး၊ ကျောင်းတော်သွား၊ ရဟန်းတော်ပေါင်း ခြောက်သန်းနဲ့ရှစ်သိန်းသော ရဟန်းတော်များ၊ ဟုတ်လား။ နည်းတာမဟုတ်ဘူး။ ဝိပဿီ မြတ်စွာဘုရားရဲ့ သာဝကတွေ ခြောက်သန်းနဲ့ရှစ်သိန်း ရှိတယ်။ အဲဒီ ခြောက်သန်းရှစ်သိန်းသော ရဟန်းတော်များကို ကျောင်းတော်အတွင်းမှာပဲ ဆွှမ်းတော်ပြင်လို့ ခုနစ်ရက်တိုင်တိုင် ဥပသမ္ပဒပူဇာ မင်္ဂလာပွဲကြီးသဘင် ဆင်ပြီးတဲ့ ခုနစ်ရက်မြောက် သကာလ ညီငယ်က အစ်ကိုကြီးကို လျှောက်ထားတယ်။ သေနရဟန္တာမထေရ်ကို အပရာဇိတ ညီငယ်က ဘယ်လိုလျှောက်ထားလဲ။

ဘန္တေ တုမှေဟိ အတ္တနော ဘဝနိဿရဏံ ကတံ။
ဘန္တေ= အရှင်ဘုရား။ တုမှေ= အရှင်ဘုရားတို့ကတော့။ အတ္တနော= မိမိ၏အတွက်။ ဘဝနိဿရဏံ= ဘဝမှ လွတ်မြောက်ရေးကို။ ကတံ= ပြုအပ်ပါပြီ ဘုရား။
အရှင်ဘုရားတို့တော့ ဘဝလွတ်မြောက်ရေး လှလှကြီး ပြုပြီးပြီ။
အဟံပန= တပည့်တော်မှာတော့။ ပဉ္စဟိ ကာမဂုဏေဟိ ဗဒ္ဓေါ= ကာမဂုဏ် ငါးပါးတို့ဖြင့် ဖွဲ့မိသည်ဖြစ်၍။ နိက္ခမိတွာ= တောထွက်၍။ ပဗ္ဗဇိတုံ= ရဟန်းပြုခြင်းငှာ။ န သက္ကာမိ= မစွမ်းနိုင်ပါ။
ကျွန်တော့်မှာတော့ ကာမဂုဏ် အနှောင်အဖွဲ့တွေ နှောင်ဖွဲ့မိပြီးသကာလ အစ်ကိုကြီးတို့လို တောထွက်ပြီး ရဟန်းမပြုနိုင်ဘူး အစ်ကိုကြီး။

ဇောတိက သေဋ္ဌေးလောင်း...
ဂန္ဓကုဋီကျောင်း ဆောက်လုပ်လှူဒါန်းခြင်း
မယှံ ဂေဟေ ဌိတေဿဝ အနုစ္ဆဝိကံ မဟန္တံ ပုညကမ္မံ အာစိက္ခထ။
မယှံ= အကျွန်ုပ်အား။ ဂေဟေ= အိမ်၌။ ဌိတေဿဝ= တည်နေလျက်သာလျှင်။ အနုစ္ဆဝိကံ= ပြုဖို့ရန် လျော်ကန် သင့်မြတ်သော။ မဟန္တံ ပုညကမ္မံ= ကြီးစွာသော ကောင်းမှုကြီးကို။ အာစိက္ခထ= ညွှန်ကြားတော်မူကြပါကုန်။

အဲဒီလို ညီငယ် အပရာဇိတက တောင်းပန်တယ်။ ခုမှတော့ စိတ်ညစ်မနေနဲ့နော်။ အစောကြီးက ဆိုယင် သမ္ပတ္တိသုံးပါး တောင့်တခဲ့တဲ့ သင့်တဏှာကို ပဲ့နင်း ခိုင်းမိတဲ့အတွက် သူက သွားရဦးမယ်။ ဘဝ သံသရာထဲကို။ ဒီတော့ သူတောင်းခဲ့တဲ့ ဆုအတိုင်းပဲ၊ အင်း… သူ ဘဝသံသရာထဲ သွားရမယ်။ အစ်ကိုကြီးကတော့ ဖြုန်းဆို ဘုရားသာသနာနဲ့ တွေ့လိုက်တယ်ဆို ချက်ချင်းပဲ ရဟန်းပြုပြီးတယ် ဆိုယင်ပဲ တစ်ခါတည်း မကြာခင် ခုနစ်ရက်အတွင်း ရဟန္တာ ဖြစ်တယ်။ အဲဒီတော့ အခုအခါမှ သူက အရှင်ဘုရားတို့မှာတော့ ကိုယ်ရေးအတွက် ဘဝလွတ်မြောက်ရေးပြုပြီးပြီ၊ တပည့်တော်မှာတော့ အာရုံငါးပါး ကာမဂုဏ်တရားတွေနဲ့ အဖွဲ့အနှောင် မိနေတဲ့အတွက် တောထွက်ပြီး ရဟန်း မပြုနိုင်ဘူး ဘုရား။ အခုတော့ တပည့်တော် အိမ်မှာ နေရင်းက တပည့်တော်နဲ့ သင့်လျော် လျောက်ပတ်တဲ့ ကုသိုလ် ကောင်းမှုကြီးများကို ပြောကြားတော်မူပါ။ ဘယ်လိုကောင်းမှု ပြုရမလဲ။ ဒီလို လျှောက်ထားတော့ အစ်ကိုကြီးဖြစ်တဲ့ သေန ရဟန္တာမထေရ်က-

သာဓု သာဓု ပဏ္ဍိတ။
ပဏ္ဍိတ= ပညာရှိ။ သာဓု သာဓု= ကောင်းစွ၊ ကောင်းစွ။
သတ္ထု ဂန္ဓကုဋိံ ကရောဟိ။
သတ္ထု= ဝိပဿီ မြတ်စွာဘုရားအတွက်။ ဂန္ဓကုဋိံ= ဂန္ဓကုဋီ ကျောင်းတော်ကို။ ကရောဟိ= ဆောက်လုပ်လော့။
ဒါဖြင့် မင်း မြတ်စွာဘုရားအတွက် ဂန္ဓကုဋီ ကျောင်းတော်ကြီး ဆောက်လုပ်ကွာ။ နံ့သာကျောင်းကြီးပေါ့။ တိုတိုပြောကြပါစို့။ ရတနာခုနစ်ပါးဖြင့် ပြီးတဲ့ ရတနာခုနစ်ပါး ခြယ်စီအပ်တဲ့ နံ့သာ ကျောင်းတော်ကြီးဆောက်၊ အဲဒီ ဂန္ဓကုဋီ ကျောင်းတော်ကြီးမှာ အင်မတန် ကျယ်ဝန်းတဲ့ လေသာပြတင်းပေါက်ကြီးနဲ့ ရှေ့သုံးပေါက်ရဲ့ ရှေ့တူရှုးမှာ ဒီကြာကန်ကြီးတွေ ပေါ့လေ။ ဆိုင်ပြီးတော့ထားတယ်။ အင်မတန် အသာအယာဆိုကြပါစို့။ ကျောင်းတိုက်ကြီးကလည်းပဲ ဒီတံတိုင်းခုနစ်ထပ်ရံနေတဲ့ ခမ်းခမ်းနားနား ကျောင်းတိုက်ကြီး ဆောက်တယ်။ ရတနာခုနစ်ပါး ခြယ်စီတဲ့ နံ့သာ ကျောင်းကြီးနော်။

မေဏ္ဍက သေဋ္ဌေးလောင်း၏ ဓမ္မသာလာ ခန်းမ အလှူ...
အဲဒီလို သူက ဂန္ဓကုဋီ ကျောင်းကြီး ဆောက်နေတဲ့အခါ သူ့တူဖြစ်တဲ့ နာမည်က သူ့လိုပဲ အပရာဇိတ... တဲ့။ သူငယ်က။
“ဦးလေး၊ ကျွန်တော့်လည်းပဲ ဒီအထဲ ကုသိုလ်ပါ ပါရစေဦး”
“ဪ… ငါ့အထဲ သူများ ကုသိုလ် အပါမခံနိုင်ဘူး။ လက်မခံဘူး”
“လုပ်ပါ ဦးလေးရယ်၊ ပါပါရစေ”
“ငါဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ အဲဒါ အစ်ကိုကြီးမှာ- ဟိုမှာ ရဟန္တာဖြစ်ပြီးတော့ သူ ကျွတ်တန်းကိုဝင်လို့ ငါ့မှာ ဒီကုသိုလ်လေး လုပ်ရတာ၊ ဘယ် မင်း ခွဲပေးနိုင်မလဲ... လို့ ဒီကုသိုလ်မှာ မပေးရက်ဘဲ ဖြစ်နေတယ်။
ဒါဖြင့် ဦးလေးက မပေးလို့ရှိယင် ကျွန်တော်လည်း ကျွန်တော့်နည်းနဲ့ ကျွန်တော်လုပ်မှာပေါ့ ဆိုပြီးတော့ အဲဒီ ဂန္ဓကုဋီ ကျောင်းတော်ကြီးရဲ့ ရှေ့ကနေပြီးတော့ “ကုဉ္ဇရသာလာ” လို့ ဆိတ်ရုပ်ခံတဲ့ ရတနာကျောင်းကြီး သူက ရှေ့ကတစ်ခါဆောက်တယ်။ အဲဒီကျောင်းတစ်ခုလုံးလည်းပဲ ရတနာခုနစ်ပါး စီခြယ်ပြီးတော့ တစ်ခါတည်းဆောက်ထာတဲ့ “ကုဉ္ဇရသာလာ” ဆိုတဲ့ တရားခန်မဆောင်ကြီး ဆိုပါစို့။ ဓမ္မသာလာ= ဓမ္မာရုံကြီး ဆိုပါစို့။ လာဆောက်တယ်။ ဆောက်တဲ့ လူက ဂေါတမ မြတ်စွာဘုရား သာသနာကျတော့ “မေဏ္ဍက သေဋ္ဌေး” ဟုတ်လား။ ရွှေဆိတ်ရုပ်တွေ ပေါ်တယ်ဆိုတဲ့ သေဋ္ဌေးက အဲဒီတုန်းက ရွှေဆိတ်ရုပ်ခံတဲ့ ရတနာ ကျောင်းကြီး ဆောက်လုပ် လှူဒါန်း၊ လှူခဲ့တဲ့ အတွက် ဒီဘုရား သာသနာမှာ ရွှေဆိတ်ရုပ်များပေါ်တဲ့ မေဏ္ဍက သေဋ္ဌေး ဖြစ်တယ်လို့ သူက အဲဒီလိုပဲ မှတ်ထားပါတယ်။

ဇောတိက သေဋ္ဌေးလောင်း ဒူးခေါင်းလောက်အထိ စိန်ရွှေရတနာများ ကြဲစွန့် လှူဒါန်းခြင်း...

ဒါနဲ့ ဂန္ဓကုဋီကျောင်းကြီး ဆောက်ပြီးတော့ အပရဇိတ သေဋ္ဌေးလို့ပဲ ဆိုကြပါစို့။ သူကြွယ်ဆိုပေမယ်လို့ ဒီ ရတနာခုနစ်ပါးနဲ့ ခြယ်စီတဲ့ကျောင်းကြီး ဆောက်တော့ သေဋ္ဌေးပေါ့။ အဲဒီ ဆောက်ပြီးတဲ့အခါကျတော့ ဂန္ဓကုဋီကျောင်းတော် ပရဝုဏ်အတွင်း စိန်တွေ၊ ရွှေတွေ၊ ငွေတွေ ဒူးခေါင်း မြုပ်လောက်အောင် တစ်ခါတည်း ကြဲပြီးတော့ထားတယ်။ စွန့်ထားတယ်၊ လှူထားတယ်။ အဲဒီလို ဒူးခေါင်းမြုပ်လောက်အောင် ကြဲထားပြီးတော့မှ သူ့အစ်ကိုကြီး သေန ရဟန္တာမထေရ်ထံသွားပြီးတော့...
ဘန္တေ နိဋ္ဌိတာ ဂန္ဓကုဋိ။
ဘန္တေ= အရှင်ဘုရား။ ဂန္ဓကုဋိ= ဂန္ဓကုဋီကျောင်းတော်ကြီးဖြင့်။ နိဋ္ဌိတာ= ပြီးခဲ့ပြီဘုရား…။
ပရိဘောဂ’မဿာ ပစ္စာသီသာမိ။
အဿာ= ဤဂန္ဓကုဋီကျောင်းကြီးကို။ ပရိဘောဂံ= သုံးဆောင်ခြင်းကို။ ပစ္စာသီသာမိ= တပည့်တော် တောင့်တခြင်းဖြင့် အလိုရှိပါတယ်ဘုရား။
ပရိဘောဂေန ကိရ မဟန္တံ ပုညံ ဟောတိ= သုံးဆောင်မှ ကုသိုလ်များ တိုးပွားသတဲ့ ဘုရား... လို့ လျှောက်တယ်။
အဲဒါ ညီငယ်က အစ်ကိုဖြစ်တဲ့ သေနရဟန္တာမထေရ် လျှောက်တော့ ရဟန္တာမထေရ်မြတ်က ဝိပဿီမြတ်စွာဘုရားထံမှောက် ညီတော်ခေါ်ပြီး သွားကြ။

ဘန္တေ ဣမိနာ ကိရ ဝေါ ကုဋုမ္ဗိကေန ဂန္ဓကုဋိ ကာရိတာ။
ဘန္တေ= အရှင်သူမြတ်ဘုရား။ ဣမိနာ ကုဋုမ္ဗိကေန= ဤ အပရာဇိတ တပည့်တော်ရဲ့ ညီဖြစ်တဲ့သေဋ္ဌေးသည်။ ဝေါ= အရှင်ဘုရားတို့အတွက်။ ဂန္ဓကုဋိ= ဂန္ဓကုဋီကျောင်းတော်ကြီးကို။ ကာရိတာ= ဆောက်လုပ်ပြီးပါပြီ ဘုရား။
ဣဒါနိ ပန ပရိဘောဂံ ပစ္စာသီသတိ။
အခုတော့ဖြင့် အရှင်ဘုရားသုံးဆောင်တော်မူတာကို တောင့်တလင့်ဆို အလိုရှိပါသတဲ့ ဘုရား။ သုံးဆောင်တော်မူပါတော့ ဘုရား... လို့ အစ်ကိုကြီး ခေါင်းဆောင်ပြီး မြတ်စွာဘုရားလျှောက်တော့ ဘုရားကိုယ်တော်မြတ် သီတင်းသုံးတော်မူရင်း ကျောင်းတော်ကနေပြီး ဂန္ဓကုဋီကျောင်းတော်ဘက် ရှေးရှုကြွချီတော်မူလာတယ်။ နဂို သီတင်းသုံးတဲ့ကျောင်းက ဂန္ဓကုဋီကျောင်းတော်ဘက်ကို ဗုဒ္ဓကျက်သရေဖြင့် တကတည်းတင့်တင့်တယ်တယ် ကြွချီတော်မူ၍လာ။ ပရိဝုဏ်တံခါးဝလည်း ရောက်ကရော အထဲထဲကြည့်လိုက်တယ်ဆိုယင် ရတနာခုနစ်ပါးက ပဆစ်ဒူဒမြုပ်မျှ တစ်တောင်လောက်ထိအောင် ကြဲထားတာပဲ၊ ဒီလို ပြောကြပါစို့။ “ဇဏ္ဏုမတ္တေန ဩဓိနာ” ဒူးခေါင်းမျှ ပမာဏရှိသော အတိုင်းအရှည်ဖြင့်လို့ ဒီလို ဆိုထားတော့ ယုံချင်ယုံ မယုံချင်နေပေါ့နော်။ မြန်မာပြည်အနေနဲ့တော့ဖြင့် ဒါလောက်ချမ်းသာတဲ့လူ ရှိပုံမရဘူး။ ဒီလို မဟာသာလမျိုးဆိုတာ အိန္ဒိယမှာမှ ရှိလို့ ဖြစ်ပါတယ်။

ဒီတော့ သူက အဲဒီလို မဟာသာလမျိုး မဖြစ်နိုင်တဲ့ မြန်မာပြည်က ဆိုတော့ ဟို-ပြောလို့သာ ပြောတာ၊ ယုံနိုင်စရာ မရှိပါဘူးဆိုတာ ရှိတယ်။ ဒီလိုပဲ အောက်မေ့ကြတယ်။ သူ့မျက်စိနဲ့ကြည့်တော့ ယုံနိုင်စရာ မရှိဘူး။ ဟိုး- တောထဲ တောင်ထဲက လယ်ထဲ စာခြောက်နေတဲ့လူဆီ သွားပြီးတော့- ‘မောင်ရေ၊ ဟို အမေရိကန်မှာ ဘယ်သေဋ္ဌေးကြီးဟာ မျက်တောင်တစ်ခတ်မှာ ရွှေဒင်္ဂါး တစ်ဆယ့်ငါးပြား ငွေဝင်ရှိသတဲ့’ ဆိုယင် စာခြောက်တဲ့အကောင်က မယုံသလို ဖြစ်နေတယ်။ ဒါကို ယုံလိုက်လို့ ဘာအကုသိုလ် ဖြစ်မလဲ။ ဘာမှ အကုသိုလ် မဖြစ်ဘူး။
ဪ- ဘုန်းရှင် ကံရှင် ပီသပါပေစွ၊ ဟုတ်လား၊ ဒီဟာ ယုံလို့ အပါယ်ကျမသွားပါဘူး။ တကယ်မှန်တဲ့၊ တကယ်ဖြစ်တဲ့ ဝတ္ထုကို ယုံကြည်မှုဟာ သဒ္ဓါတရားပဲ ဖြစ်ပါတယ်။ ယုံလိုက်ပါ။
အဲဒီတော့ ဘုရားကိုယ်တော်မြတ်က ဂန္ဓကုဋီပရိဝုဏ် တံခါးဝက ရပ်ပြီးတော့ ရတနာတွေကို ကြည့်တယ်။ အပရာဇိတသေဋ္ဌေးက လက်အုပ်ချီမိုး ရှိခိုးလို့။

ပဝိသထ ဘန္တေ= ကျောင်းတော်ထဲ ဝင်တော်မူပါ ဘုရားလို့- လျှောက်ထားပေမယ့် ဘုရားက မဝင်။ ဒုတိယအကြိမ် လျှောက်ထားတယ်။ မဝင်ဘူး။ တတိယအကြိမ် လျှောက်ထားလို့ မဝင်တော့မှ သေနရဟန္တာမထေရ်က ရိပ်မိတယ်။ ဪ-မြတ်စွာဘုရား ရပ်နေတော်မူတာ အကြောင်းရှိတယ်။ ဘုရားက ဘယ်လိုလဲ။ ရည်ရွယ်ချက်ရှိတယ်။ အကယ်၍ အမှတ်တမဲ့ ငါဝင်သွားမယ်ဆိုလို့ရှိယင် တရားနာလာတဲ့ လူတွေထဲက သူ့ဟာက လိုချင်စရာဖြစ်တော့ သူတစ်ဆုပ် ငါတစ်ဆုပ်နဲ့ ယူသွားကြလိမ့်မယ်။ အဲဒီလို ယူသွားလို့ရှိယင် တရားနာလာရောက်တဲ့ လူတွေယူတာတောင် ဒီအတိုင်း ကြည့်နေရက်ပလေနဲ့ မတော်တဆ သေဋ္ဌေးရဲ့စိတ်ထဲ ငြိုငြင်သွားလို့ရှိယင် ငါဘုရားအပေါ် ငြိုငြင်လို့ရှိယင် အကုသိုလ် ဖြစ်ပြီးတော့ အပါယ်များ လားစရာ မကောင်းမှု အကုသိုလ်များ ဖြစ်လေရာ၏။ ဖြစ်လိမ့်မယ်။ ဒီတော့ ငါဝင်လို့ မဖြစ်သေးဘူး ဆိုပြီးတော့ ဘုရားကိုယ်တော်မြတ်က အကုသိုလ် မဖြစ်အောင် စောင့်ထိန်းတော်မူချင်လို့ ရပ်တယ်။
သုံးကြိမ်တိုင်တိုင် လျှောက်ထားလို့ ရှေ့မကြွဘဲ ဆိတ်ဆိတ်နေတော်မူတော့ သေနရဟန္တာမထေရ်က သူ့ညီကို-

ဧဟိ တာတ။
တာတ= ချစ်ညီ။ ဧဟိ= လာလော့။
“မမေဝရက္ခာဘဝိဿတိ= စောင့်ရှောက်ဖို့အတွက်ကတော့ တပည့်တော်ရဲ့ တာဝန် ဖြစ်ပါစေ ဘုရား။ တုမှေ= အရှင်ဘုရားတို့သည်။ ယထာသုခံ= ချမ်းသာစွာ။ ဝသထ= သီတင်းသုံးတော်မူပါဘုရား” ဣတိ- ဧဝံ= ဤသို့။ သတ္တာရံ= မြတ်စွာဘုရားကို။ ဝဒေဟိ= လျှောက်ထားလေ ငါ့ညီ။

ညီလေးကို အကြံပေးမယ်။ မြတ်စွာဘုရားကို မင်းကျောင်းထဲ ဝင်ပါဘုရား၊ ဝင်ပါဘုရားလို့ လျှောက်မနေနဲ့။ မင်း အဲဒီ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ၊ ပတ္တမြားတွေကြောင့် မဝင်ဘဲဖြစ်တာ။ ပလိဗောဓတာဝန် ကျနေမှာစိုးလို့ မဝင်ဘဲနေတာ။ ဒီတော့ မင်းလျှောက်။ မြတ်စွာဘုရား၊ စောင့်ရှောက်ဖို့တာဝန် တပည့်တော် တာဝန်ဖြစ်ပါစေ၊ အရှင်ဘုရားတို့ အလိုရှိတိုင်း ချမ်းချမ်းသာသာ သီတင်းသုံးတော်မူပါဘုရား… အဲဒီလို ညီလေးလျှောက် ဆိုတော့ အစ်ကိုကြီး ပြောတာပဲ သူ့ဟာက ဖွယ်ဖွယ်ရာရာ ရှိသေးတယ်။

အရှင်ဘုရား... တဲ့၊ သစ်ပင်တွေ လာပြီးသကာလ ငှက်တွေ သစ်သီးအရသာ သုံးဆောင်ကြတဲ့အခါ သုံးလို့ဝတဲ့အခါ ဒီသစ်ပင် ပြန်မကြည့်ဘဲနဲ့ အလိုရှိသလို သွားကြတယ်။
အရှင်ဘုရားများလည်းပဲ ဒီဟာပေါ် ငဲ့ကွက်မှု ဘာမှမရှိဘဲနဲ့ အလိုရှိသလို သီတင်းသုံး၊ အလိုတော် ရှိသလို ကြွချင်လည်း ကြွနိုင်ပါတယ်၊ စောင့်ရှောက်ဖို့ရန် တာဝန် တပည့်တော်တာဝန်ထားပါ ဆိုတော့မှ ဘုရားကကြွတယ်။ ဂန္ဓကုဋီ ကျောင်းတော်ထဲ ကြွတယ်။ ဘုရားကိုယ်တော်မြတ် ဂန္ဓကုဋီကျောင်းထဲ ဝင်တယ်ဆိုယင်ပဲ သူ့မှာ ကျောင်းဆောက်မိတာ ဒရဝမ်ထားဖို့ ဖြစ်နေတယ်။ ဒရဝမ် ထားဖို့ဟာ နည်းနည်းမှ မဟုတ်ဘဲ။ တစ်တောင်လောက် ဒူးအထိရှိတဲ့ ဒီစိန်တွေ၊ ရွှေတွေ၊ ငွေတွေဆိုတော့ အစောင့်ထားရမယ်။ အစောင့်တွေချထားပြီးတော့ သူ ဘာမှာသလဲဆိုတော့-
တာတာ ဥစ္ဆင်္ဂေနဝါ ပစ္ဆိပသိဗ္ဗကေဟိ ဝါ အာဒါယ ဂစ္ဆန္တေ ဝါရေယျာထ။
တာတာ= အမောင်တို့။ ဥစ္ဆင်္ဂေနဝါ= ခါးပိုက်ဖြင့်လည်းကောင်း။ (ပုဆိုး ခါးပုံထဲ ပြောတာ။ ဟိုတုန်းက လူကြီးတွေရဲ့ ပုဆိုးခါးပုံဆိုတာ တစ်ပြည် နှစ်ပြည်လောက် ဝင်တယ်။) ပစ္ဆိပသိဗ္ဗကေဟိ ဝါ= ခြင်းတောင်း အိတ်တို့ဖြင့် လည်းကောင်း။ အာဒါယ= ယူ၍။ ဂစ္ဆန္တေ= သွားကြကုန်သည်တို့ကို။ ဝါရေယျာထ= တားမြစ်ကြကုန်။
ဟတ္ထေန ဂဟေတွာ ဂစ္ဆန္တေ ပန မာ ဝါရယိတ္ထ။
ဟတ္ထေန= လက်ဖြင့်။ ဂဟေတွာ= ဆုပ်ယူ၍။ ဂစ္ဆန္တေပန= သွားကြကုန်သည် တို့ကိုကား။ မာဝါရယိတ္ထ= မတားမြစ်ကြနဲ့။
တစ်ဆုပ်တော့ ယူပစေကွာ-တဲ့။ ပုဆိုးခါးပုံကြီးထဲမှာ တစ်ပြည်သား နှစ်ပြည်သား ထည့်ယူတာ၊ ခြင်းတောင်းတွေ၊ အိတ်တွေနဲ့ ထည့်ယူတာ တွေ့ယင်တော့ မင်းတို့တားမြစ်ကြကွယ်။ ဒီလို မှာရုံတင်ပါလားလို့ ဆိုတော့ ဒီအတွင်းမှာပဲ အစီအမံလုပ်ထာတာ မဟုတ်ဘူးနော်။ ဟိုး- မြို့ထဲကိုလည်း သူက လှည့်ပြီးတော့ ကြေညာသေးတယ်။ ဘယ်လို ကြေညာလဲ။

မယာ ဂန္ဓကုဋိ ပရိဝေဏေ သတ္တရတနာနိ ဩကိဏ္ဏာနိ။
မယာ= အကျွန်ုပ် အပရာဇိတ သေဋ္ဌေးသည်။ ဂန္ဓကုဋိ ပရိဝေဏေ= ဂန္ဓကုဋီကျောင်းတော် ပရိဝုဏ်အတွင်း၌။ သတ္တရတနာနိ= ရတနာ ခုနစ်မျိုးတို့ကို။ ဩကိဏ္ဏာနိ= ကြဲခဲ့ကုန်ပါပြီ။
ကျွန်တော် အပရာဇိတ သေဋ္ဌေး ဂန္ဓကုဋီကျောင်းတော်အတွင်း ရတနာခုနစ်မျိုး ကြဲခဲ့ပါပြီ။ အဲဒီလို ကြဲပြီးတဲ့နောက်-
သတ္ထု သန္တိကေ ဓမ္မံ သုတွာ ဂစ္ဆန္တာ ဒုဂ္ဂတမနုဿာ ဥဘော ဟတ္ထေပူရေတွာ ဂဏှန္တု…တဲ့။
သတ္ထု သန္တိကေ= မြတ်စွာဘုရား အထံ၌။ ဓမ္မံ သုတွာ= တရားနာပြီး သကာလ။ ဂစ္ဆန္တာ= အိမ်သို့ပြန်ကြကုန်သော။ ဒုဂ္ဂတမနုဿာ= ဆင်းရဲတဲ့ လူတို့သည်။ ဥဘော ဟတ္ထေ ပူရေတွာ= လက်နှစ်ဖက်အပြည့်။ ဂဏှန္တု= ဆောင်၍ သွားနိုင်ကြပါကုန်၏။
ဆင်းရဲသားဆိုယင် သူ့ဟာက ဘယ်တစ်ဆုပ် ညာတစ်ဆုပ်။

သုခိတာပိ ဧကေန ဂဏှန္တု။
သုခိတာပိ= လူချမ်းသာလည်းပဲ။ ဧကေန= လက်တစ်ဖက်ဖြင့်။ ဂဏှန္တု= ဆုပ်ယူ၍ သွားနိုင်ကြပါတယ်။
တရားနာပြီးတော့ပြန်ယင် လူချမ်းသာများလည်းပဲ ခင်ဗျားတို့ကတော့ ချမ်းသာတယ်၊ ဒီတော့ တစ်ဆုပ်တော်ဖြင့် ယူနိုင်တယ်။ ဆင်းရဲတဲ့ လူများကတော့ ဆင်းရဲတဲ့အတွက် နှစ်ဆုပ် ယူနိုင်ပါတယ်။ ဘာပြုလို့ ဒီလို ပြောတာလဲဆိုတော့ သူ့ ရည်ရွယ်ချက် ရှိသတဲ့။

သဒ္ဓါ တာဝ ဓမ္မံ သောတုကာမာ ဂမိဿန္တီယေဝ။
သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ်တွေ ကတော့ဖြင့် တရားနာချင်တဲ့အတွက် ကျောင်းတော်သွားမှာ အမှန်ပဲတဲ့။
အသဒ္ဓါပိ ပန ဓနလောဘေန ဂန္တာ ဓမ္မံ သုတွာ ဒုက္ခတော မုစ္စိဿန္တိ။
အသဒ္ဓါပိ ပန= သဒ္ဓါတရား မရှိကြတဲ့ ပုဂ္ဂိုလ်များလည်းပဲ။ ဓနလောဘေန= ဥစ္စာ၌ တပ်မက်တဲ့ လောဘဖြင့်။ ဂန္တာ= သွား၍။ ဓမ္မံသုတွာ= တရားနာကြရသည်ရှိသော်။ ဒုက္ခတော= ဆင်းရဲဒုက္ခမှ။ မုစ္စိဿန္တိ= လွတ်မြောက်ကြလိမ့်မယ်။
သဒ္ဓါတရား မရှိတဲ့လူတွေလည်းပဲ စိန်တွေ၊ ရွှေတွေ၊ ငွေတွေ လိုချင်တာနဲ့ ကျောင်းတော်သွား၊ တရားမှတ်၊ နာပြီးပြီဆိုယင် သံသရာဝဋ်ဒုက္ခက သူတို့ လွတ်ကြမယ်။

သံသရာဝဋ်ဒုက္ခက လွတ်မြောက်ရန်အရေး ရှေးရှုပြီးတော့ သူက ဒီလို ဖိတ်ခေါ်ပါသတဲ့။ ဟာ-သွားလိုက်ကြတာ၊ လူတွေ ဥဒဟိုပဲ။ ဟို ဆင်းရဲသားတွေကတော့ ဘယ်တစ်ဆုပ် ညာတစ်ဆုပ် ယူယူသွားကြတယ်။ ဟို-လူချမ်းသာများကတော့ ယူသူလည်း ရှိတယ်။ မယူ သူလည်းရှိတယ်။ ယူသူကလည်း တစ်ဆုပ်ပါ။
ပတ္တမြားလုံးကြီးကို ခိုးယူသောပုဏ္ဏား...
အဲဒီလိုနဲ့ နောက် ဘုရားကိုယ်တော်မြတ်ရဲ့ ရူပကာယမှ ရွှေရောင်အဆင်း ဝါဝင်းနေတဲ့ ပီတ ရောင်ချည်တော်တွေ ရွှန်းရွှန်းဝေနေတယ်။ ဒါကို မြင်တော့ သူ စဉ်းစားတယ်။ ဘယ်လိုလဲ။
သတ္ထု သရီရတော သုဝဏ္ဏဝဏ္ဏာယ ပဘာယ သဒ္ဓိံ မဏိပဘံ ဩလောကေန္တာနံ တိတ္တိနာမ န ဘဝိဿတိ။
သတ္ထု= မြတ်စွာဘုရား၏။ သရီရတော= ရှုပကာယမှ။ သုဝဏ္ဏဝဏ္ဏာယ ပဘာယ= ရွှေရောင်ကဲ့သို့သော ဝါဝင်းသော အရောင်နှင့်။ သဒ္ဓိံ= တကွ။ မဏိပဘံ= ပတ္တမြားရောင်ကို။ ဩလောကေန္တာနံ= ကြည့်ရှုကြကုန်သော တရားနာ ပရိသတ်တို့အား။ တိတ္တိနာမ= ရောင့်ရဲတင်းတိမ်ခြင်းသည်။ န ဘဝိဿတိ= မဖြစ်လတ္တံ့။
အေး- ငါ အကြံရပြီ။ မြတ်စွာဘုရားရဲ့ ပကတိ ရွှေကိုယ်တော်မှ ထွက်ပေါ်ကွန့်မြူးနေတဲံ ပီတခေါ်တဲ့ ရွှေရောင်အဆင်း ဝါဝင်းသော ရောင်ခြည်တော်တွေနဲ့ ပတ္တမြားရောင်နဲ့များ ပေါင်းလိုက်ရလို့ ရှိယင်ဖြင့် ဘုရားဖူးလာတဲ့သူတွေ ကြည့်လို့အားမရ၊ မြင်မဝ ဖူးမဝအောင် ကြည့်ရမှာပဲလို့ ဒီလို အကြံဖြစ်တယ်။ အဲဒီလို အကြံဖြစ်ပြီးတော့ သခွားသီးလုံးလောက် ရှိတဲ့ ပတ္တမြားကြီးတစ်လုံးကို ဘုရားကိုယ်တော်မြတ် ခြေတော်ချတဲ့ အောက်မှာ တစ်ခါတည်း ချထားတယ်။ ပရိသတ်က ကြည့်လိုက်တယ်ဆိုယင် ဘုရားရဲ့ ရှုပကာယက ရွှေရောင်နဲ့ ပတ္တမြားက အရောင်နဲ့ ဟပ်ပြီးတော့ အားရတယ် မရှိဘူးတဲ့။ အားမရနိုင်အောင် မတင်းတိမ် နိုင်ဖြစ်တယ်။ ဖူးမြင်တာ။ အားလုံး ပြီးပြီဆိုတော့မှ သူ ကျောင်းရေစက်ချတယ်။

ကျောင်းရေစက်ချတဲ့ အခါမှာ အခုနင်ကပြောတဲ့ သံဃာပေါင်း ခြောက်သန်းနဲ့ ရှစ်သိန်း သံဃာတွေကို ကျောင်းတိုက်အတွင်းမှာပဲ ဆွမ်းကျွေးပြီးတော့ ကိုးလတိုင်တိုင် ကျောင်းတက်ပွဲကြီး ကျင်းပတယ်။ ကိုးလပြည့်တဲ့နေ့ ကျတော့မှ တိစီဝရိတ် သပိတ်ပရိက္ခရာ လှူဒါန်းတယ်တဲ့။ တစ်ပါး တစ်ပါးကို အဲဒီလို လှူဒါန်းတဲ့ကိစ္စ သံဃနဝက= အငယ်ဆုံးသံဃာအား ရတဲ့ပရိက္ခရာသည် တစ်ထောင်တန်ပါတယ်။
ကျောင်းတက်ပွဲကြီးလည်း ပြီးရော၊ ယူလိုက်ကြတာ လူတွေက တစ်ဆုပ်စီ၊ တစ်ဆုပ်စီ။ ပထမအကြိမ် ကုန်ပြန်၊ ကြဲတယ်။ အင်း-ဒုတိယအကြိမ်၊ ဒီလိုပဲကြဲတယ်။ နောက်တော်တော်ကြာတော ရက်ရှည်လများ ကုန်ပြန်။ တတိယတစ်ကြိမ် ကြဲတယ်။ ဆင်ရဲသားက ယူ။ လူချမ်းသာက ယူ၊ နောက် ရက် လ တော်တော်ကြီးကြာတော့ ကုန်ပြန်ရော။ အဲဒီလို သုံးနှစ်လောက် ကြာတဲ့အခါကျတော့ ပုဏ္ဏားတစ်ယောက်က စဉ်းစာတယ်။

သတ္ထု ကိရ ပါဒမူလေ မဟဂံ္ဃ မဏိရတနံ နိက္ခိတ္တံ၊ ဟရိဿာမိ နံ။
သတ္ထု= မြတ်စွာဘုရား၏။ ပါဒမူလေ= ခြေတော်ရင်၌။ မဟဂံ္ဃ= အဖိုး အတိုင်းမသိထိုက်သော။ မဏိရတနံ= သခွားသီးလုံးလောက်ကြီးတဲ့ ပတ္တမြားကြီးကို။ နိက္ခိတ္တံ ကိရ= ချထားသတဲ့။ နံ= ထိုသခွားသီးလောက်ကြီးတဲ့ ပတ္တမြားကြီးကို။ ဟရိဿာမိ= ငါတော့ ခိုးယူမယ်။
ပုဏ္ဏာက သခွားသီးလောက်ကြီးတဲ့ ပတ္တမြားကို ငါခိုးမှပဲ အကြံရှိပြီးတော့ တစ်နေ့ သွားတယ်။ ကျောင်တော်ထဲ သွားတယ်။ ကျောင်းတိုက်ထဲ သွားတဲ့အခါကျတော့ ကျောင်းဒကာဖြစ်တဲ့ အပရာဇိတ သေဋ္ဌေးကလည်းပဲ တစ်ထောင့်ကနေပြီးတော့ သူက ဘုရားနဲ့ တရားနာပရိသတ်ကို သူ့ကျောင်းနဲ့ ပနံရတာ ကြည်ညိုပြီး ကျောင်းက ပြန်တယ်မှ မရှိဘဲ၊ အမြဲကြည့်နေတယ်။ ပုဏ္ဏားကြီးဝင်ပြီး ဘုရားရှိခိုးတော့ တကတည်း သူတကာထက် ထူးပြီးတော့ ဘုရားကြည်ညိုသလို နဖူးနဲ့၊ ဟုတ်လား၊ ဘုရားကိုယ်တော်မြတ်ရဲ့ ဖမိုးတော်နဲ့ ပွတ်ပွတ်ပြီး ရှိခိုးတယ်။

အပရာဇိတသေဋ္ဌေးက စဉ်းစားတယ်။ ဧကန္တ ဒီပုဏ္ဏား ဟော့ဟို ပတ္တမြားကြီး ယူချင်လို့ပဲ၊ “အဟောဝတ န ဂဏေယျ= မယူယင်တော့ ကောင်းမှာပဲ” အပရာဇိတသေဋ္ဌေးက ဒီ ပတ္တမြားကြိး ဒီ ပုဏ္ဏားမခိုးယူယင် ကောင်းမှာပဲလို့ အကြံဖြစ်တယ်။ စိတ်ထဲက။

ဒါပေမယ့် ပုဏ္ဏားက ဘုရားရဲ့ ခြေတော်ရင်း သွားပြီးတော့ တစ်ခါတည်း နဖူးနဲ့ ဖမိုးတော်နဲ့ ပွတ်ပွတ်ပြီးတော့ ပွတ်ရင်းကနေပြီးတော့ ပတ္တမြားတုံးကြီးကို တစ်ခါတည်း ဘာမပြောနဲ့ ခါးပိုက်ထဲ ထည့်လိုက်တယ်။ ကျောင်းဒကာအပရာဇိတ သေဋ္ဌေးပဲမြင်တယ်။ ဒီ့ပြင်သူ ဘယ်သူမှ မမြင်ဘူး။ ကျောင်းဒကာက မခံနိုင်ဘူး။ အကုသိုလ်မဖြစ်ချင်လို့ ပြောပါတဲ့ဥစ္စာ၊ အကြံဖြစ်ပါတဲ့ဥစ္စာ။ တစ်ခါတည်း မဖြစ်ချင်တာ ဖြစ်ရအောင် ဖြစ်တော့ ဖြုန်းဆို ဘုရားရှေ့သွားတယ်။ ခိုးထုပ် ခိုးတည်နဲ့ ဟို-ပုဏ္ဏားတော့ မိတယ်။ ဘာလျှောက်သလဲဆိုတော့-
ဘန္တေ= ရှင်ပင်မြတ်ဘုရား။ မယာ= တပည့်တော်သည်။ တိက္ခတ္တုံ= သုံးကြိမ်တိုင်အောင်။ ဂန္ဓကုဋီကျောင်တိုက်ကြီးကို ဝန်းရံ၍။ သတ္တရတနာနိ= ရတနာခုနစ်ပါးတို့ကို။ ဇဏ္ဏုမတ္တေန ဩမိနာ= ပဆစ်ဒူး မြုပ်လောက်သော အပိုင်းအခြားအားဖြင့်။ ဩကိဏ္ဏာနိ= ကြဲဖြန့်အပ်ခဲ့ပါကုန်ပြီဘုရား။ တာနိ= ထိုရတနာတို့ကို။ ဂဏှန္တေသု= ဆင်းရဲချမ်သာ မရွေး လူများ ကောက်ယူ ကြကုန်သည်ရှိသော်။ တေသု= ထို ကောက်ယူကြတဲ့ သူတို့၌။ အာဃာတောနာမ= စိတ်မကြည်ချမ်းမည်သည်။ နာ ဟောသိ= တပည့်တော်အား မဖြစ်ခဲ့ပါ။ စိတ္တံ= တပည့်တော်ရဲ့ စိတ်သည်။ ဘိယျောဘိယျောပသီဒိယေဝ= တိုး၍ တိုး၍သာလျှင် သဒ္ဓါရွှမ်စို ကြည်ညိုခဲ့ပါသည်ဘုရား..။
သူတို့ယူလေ တပည့်တော် သဒ္ဓါတရားတွေ တိုး၍ တိုး၍ ဖြစ်ပါတယ်။
အဇ္ဇ ပန= ယနေ့မှာတော့။ အဟောဝတာယံ ဗြာဟ္မဏောမဏိံ နဂဏှေယျ= ဪ= ဒီပုဏ္ဏားကြီး သခွားသီးလောက်ကြီးတဲ့ ပတ္တမြားကြီးကို မခိုးယင်ကောင်းမှာပဲလို့။ စိန္တေတွာ= တပည့်တော်စိတ်ထဲက ကြံစည်ထားပါလျက်။ တသ္မိံ= ထိုပုဏ္ဏားကြီးသည်။ မဏိံ= ပတ္တမြားရတနာကို။ အာဒါယ= ယူဆောင်၍။ ဂတေ= ဟန်မပျက် ပန်မပျက် ဘုရားထံမှ ထသွားလတ်သည်ရှိသော်။ မယှံ= တပည့်တော်၏။ စိတ္တံ= စိတ်ကို။ ပသာဒေတုံ= ကြည်လင်စေခြင်းငှာ။ နာသက္ခိံ= မစွမ်းနိုင်ပါဘုရား။

ဟိုရက်တုန်းက ပဆစ်ဒူးမြုပ်အောင် သုံးကြိမ်ကြဲခဲ့တဲ့ ရတနာတွေ ယူတုန်းက ယူလေ ဝမ်းသာလေ၊ ယူလေ ဝမ်းသာလေ ဖြစ်ပါတယ်၊ တပည့်တော် ဒီပုဏ္ဏားကြီး လာကတည်းက ပတ္တမြား ခိုးချင်လို့ လာတာပဲဆိုပြီး တပည့်တော်စိတ်က ဒီပတ္တမြားကြီး မယူပါစေနဲ့လို့ ဒီလို ကြံပါလျက်ကနဲ့ သူက ယူသွားတော့ တပည့်တော်စိတ်ကို ဘုရား-တဲ့၊ သဒ္ဓါတရားထားလို့လည်း မဖြစ်နိုင်ပါဘူးလို့ လျှောက်တယ်။

ဒီတော့ မြတ်စွာဘုရားက...
န’နု ဥပါသက အတ္တနော သန္တကံ ပရေဟိ အနာဟရဏီယံ ကာတုံ သက္ကောသိ။
ဥပါသက= ကျောင်းဒါယကာ။ အတ္တနော သန္တကံ= မိမိဥစ္စာကို။ ပရေဟိ= သူတစ်ပါးတို့သည်။ အနာဟရဏီယံ= မခိုးမယူနိုင်အောင်။ ကာတုံ= ပြုခြင်းငှာ။ သက္ကောသိ နနု= စွမ်းနိုင်သည် မဟုတ်ပါလော။
ကျောင်းဒကာနှယ်နော်၊ အသိဉာဏိ နည်းရာလည်းရောက်တယ်၊ ကိုယ့်ဥစ္စာကို ဘယ်ရေ ဘယ်မီး ဘယ်မင်း ဘယ်ခိုးသူ၊ ဘယ်မချစ်မနှစ်သက်တဲ့ အမွေခံဆိုး၊ ဘယ်ရန်သူမှ မခိုးယူနိုင်အောင်၊ မထိန်းသိမ်းနိုင်အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း ရှိတယ် မဟုတ်လား- တဲ့။ ဒါလောက်ပဲ ပြောတယ်၊ မြတ်စွာဘုရားက။
ဒီလို နည်းပေးလိုက်တယ်ဆိုယင်ပဲ ပါရမီရှင်လူပါးဖြစ်တော့-
ဘန္တေ= ရှင်ပင်မြတ်ဘုရား။ အဇ္ဇ အာဒိံကတွာ= ယနေ့က အစပြု၍။ မမ သန္တကံ= တပည့်တော်၏ဥစ္စာကို။ ဒသိကသုတ္တမတ္တမ္ပိ= ချည်မျှင်အမြိတ်အဆာ ကလေးကိုမှလည်း။ မံ= တပည့်တော်ကို။ အဘိဘဝိတွာ= လွှမ်းမိုး၍။ အနေကသတာပိ= ရာပေါင်းများစွာလည်း ဖြစ်ကုန်သော။ ရာဇာနော ဝါ= မင်းတို့သည် လည်းကောင်း။ စောရာဝါ= ခိုးသူတို့သည် လည်းကောင်း။ ဂဏှိတုံ= ခိုးယူခြင်းငှာ။ သမတ္တာနာမ= စွမ်းနိုင်သောမည်သည်။ မာဟောန္တု= မဖြစ်ပါကုန်စေသား ဘုရား။

ယနေ့က စပြီးတော့ တပည့်တော်ပိုင်တဲ့ ဥစ္စာဖြစ်လို့ရှိယင် ချည်မျှင် အမြိတ်ကလေးက စပြီးတော့ အရာအထောင်သော မင်းများ၊ အရာအထောင်သော ခိုးသားများ၊ တပည့်တော်ကို လွှမ်းမိုးနှိပ်စက် အနိုင်ကျင့်ပြီးတော့ တပည့်တော်ကသာ မကျေနပ်ဘဲသာဖြင့် အရာမကသော မင်း၊ အရာမကသော ခိုးသူတို့ တပည့်တော်ပိုင်တဲ့ ပစ္စည်းကို မသိမ်းဆည်း မခိုးယူနိုင်ကြပါစေသား... လို့ ဆုတောင်းတယ်။

အဂ္ဂိနာပိ မမ သန္တကံ မာ ဍယှတု= မလောင်ပါစေသား။
ဥဒကေနပိ မာဍယှတု။
ဧဝံ ဟောတု= သင်ဒါယကာ တောင်းတဲ့အတိုင်း ဆုပြည့်ပါစေ... လို့

ဘုရားသဗ္ဗညု ဆုပေးတဲ့ အစီအရင်ဖြင့် ဤတစ်ဘဝလုံး ကုသိုလ်ကောင်းမှု ပြုပြီးတော့ အပရာဇိတသေဋ္ဌေးသည် ထိုဘဝမှ စုတေ၊ တာဝတိံသာ နတ်ပြည်ရောက်၊ အဲဒီကစပြီးတော့ ကိုးဆယ်နဲ့ တစ်ကမ္ဘာ ရှည်မြင့်ကြာအောင် အပါယ်လေးပါး တစ်ကြိမ် တစ်ခါမျှ မလားရဘဲ လူ့ရပ် နတ်ရွာ၊ လူ့ချမ်းသာ၊ နတ်ချမ်းသာကို အကြိမ်ကြိမ် တောင်းခဲ့တဲ့အတိုင်း ကိုးဆယ့်တစ်ကမ္ဘာကြာအောင် သံသရာထဲမှာ လည်ခဲ့တာ။ လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေကို ခံစားပြီးလို့ ဒီဘုရား သာသနာခေတ် ရောက်သကာလ ထို အပရာဇိတ သေဋ္ဌေးသည် (သေဋ္ဌေးဘဝက လာခဲ့တဲ့ နတ်သား) ရာဇဂြိုဟ်ပြည် သေဋ္ဌေးရဲ့ သေဋ္ဌေးကတော်ကြီး ကြာတိုက်ဝမ်း ငြိမ်းချမ်း သန္ဓေ ကိန်းစံနေခဲ့၍ ကိုးလခွဲ အကြာ ဖွားမြင်ရ၊ ဖွားမြောက်သန့်စင်ယင်ပဲ ရာဇဂြိုဟ် တစ်ပြည်လုံးမှာရှိတဲ့ လက်နက်တွေဟာ ဟုန်းဟုန်း ဟုန်းဟုန်းနဲ့ အလျှံတွေထတောက်တယ်။ လူတိုင်းလူတိုင်း ဝတ်ထားတဲ့ စိန်တွေ ရွှေတွေကလည်းပဲ မီးတောက်မီးလျှံကြီး ထပြီးတော့တောက်တယ်။ အလျှံတွေထွက်တယ်။
ရာဇဂြိုဟ်ပြည်ကြီး တစ်ပြည်လုံးဟာဖြင့် အဲဒီနေ့မှာပေါ့လေ။ တစ်ခါတည်း အလျှံတပြောင်ပြောင် ဖြစ်နေတယ်။ ဒီက ကျောင်းဒကာ ဗိမ္ဗိသာရ မင်းတရား စိတ်ထဲမှာ မချမ်းသာဘူး။ ဘယ်လိုဖြစ်မှာပါလိမ့်။ တကတည်း လက်နက်တွေက အလိုလိုထပြီး မီးတောက်တယ်။ လူတွေလက်မှာ၊ နားမှာ၊ ခြေမှာ ဝတ်ထားတဲ့ အဆင်တန်ဆာတွေကလည်း အလျှံတွေ ထွက်လို့။ ဘာဖြစ်မလို့ပါလိမ့်၊ စိတ်ထဲ ပူပြီးနေရာက တော်တော်ကြာတော့ ဒီသူငယ်ရဲ့ ဖခင် ရာဇဂြိုဟ် သေဋ္ဌေးကြီး ဗိမ္ဗိသာရမင်းထံ သွားရောက်ခစားလို့ ရှေ့တော်မှောက် ရောက်သကာလ ဗိမ္ဗိသာရ မင်းတရားကြီးက-
အဇ္ဇ သဗ္ဗာဝုဓာနိ ပဇ္ဇလိံသု။
မဟာသေဋ္ဌိ= သေဋ္ဌေးကြီး။ အဇ္ဇ= ယနေ့။ သဗ္ဗာဝုဓာနိ= အလုံးစုံသော လက်နက်တို့သည်။ ပဇ္ဇလိံသု= အလျှံတပြောင်ပြောင် တောက်လောင်၍ နေကြကုန်၏။ နဂရံ= မြို့တစ်မြို့လုံး= ဧက ပဇ္ဇောတံ= တခဲနက် အလျှံကြီး တောက်၍နေသည်။ ဇာတံ= ဖြစ်ခဲ့လေပြီ။

ဇာနာသိ နုခေါ ဧတ္ထ ကာရဏံ။
ဧတ္ထ= ဤသို့ အလျှံတပြောင်ပြောင် တောက်လောင်စွာနှင့်။ ကာရဏံ= အကြောင်းကို။ ဇာနာသိ နုခေါ= သင် သိရဲ့လား။
သေဋ္ဌေးဆိုတာ ငွေသာ ချမ်းသာရတာ မဟုတ်ဘူး။ သူ့ဟာက ဉာဏ်ပညာလည်း ရှိရသေးတယ်။ ဒီမှာ အကြောင်းဘာရယ်လို့ သေဋ္ဌေးကြီး သိရဲ့လား။

ဇာနာမိ ဒေဝ= သိပါတယ် အရှင်မင်းကြီး။
ကိံသေဋ္ဌိ= ဒါဖြင့်ယင် အကြောင်းက ဘယ်လိုလဲ သေဋ္ဌေးကြီး ဆိုတော့...
မမ ဂေဟေ တုမှာကံ ဒါသော ဇာတော။ တဿ ပုညတေဇေန ဧဝံ အဟောသိ။
ဒေဝ= သမ္မုတိနတ် အို- မင်းမြတ်။ မမ ဂေဟေ= ကျွန်တော်မျိုး၏ အိမ်၌။ တုမှာကံ= သင်မင်းကြီးတို့၏။ ဒါသော= ကျွန်တစ်ယောက်သည်။ ဇာတော= မွေးဖွားခဲ့ပြီ။
ကျွန်တော်မျိုးရဲ့ အိမ်မှာ သေဋ္ဌေးကတော်ကြီးက အရှင်မင်းတရားတို့ရဲ့ ကျေးကျွန်တစ်ယောက် ဖွားမြောက်သန့်စင်ပါပြီ။
တဿ= ထိုသူငယ်၏။ ပုညတေဇေန= ကောင်မှုရှိန်စော် အာနုဘော်ကြောင့်။ ဧဝံ အဟောသိ= ဤလိုဖြစ်တာပါ။
ကြောက်စရာ မလိုပါဘူး။ ဒီသူငယ်ရဲ့ ကောင်းမှုရှိန်စော် အာနုဘော်ကြောင့် ဒီလိုဖြစ်တာပါ။

ကိံ နုခေါ စောရော ဘဝိဿတိ။
ကိံ နုခေါ= အသို့နည်း။ စောရော= ခိုးသူသည်။ ဘဝိဿတိ= ဖြစ်များနေမလား။
ဘာဖြစ်လို့တုံးဆိုတော့ ဟိံသက ဆိုတာ ကြည့်ပါလား။ သာဝတ္ထိပြည် ဟိံသကမွေးတော့ လက်နက်တွေက ထ,မီးတောက်တယ် ပြောတယ်၊ နောက်ကျတော့ သာဝတ္ထိပြည် ပျက်ခမန်းဘဲ။ အဲဒီတော့ အခုလည်းပဲ လာပြီးတော့ မွေးပြန်ပြီ။ လက်နက်တွေ တောက်ပြန်ပြီ။ ကြီးယင် ဟိံသကလို သူခိုး လူဆိုးကြီးများ ဖြစ်မလား သေဋ္ဌေးလို့ ဆိုတော့-

နတ္ထေ’တံ ဒေဝ= သူခိုးမဖြစ်ပါဘူး ဘုရား။
ပုညဝါသတ္တောကတာဘိနီဟာရော။ အခုကျွန်ပ် အိမ်မှာလာပြီး လူဖြစ်တဲ့ ကလေးဟာ ဘုန်းရှိတဲ့ ပုဂ္ဂိုလ်ဟုတ်လား။ အဓိကရ ကောင်းမှုကုသိုလ်တွေ ပြုလာတဲ့ ပုဂ္ဂိုလ်ပါ၊ မစိုးရိမ်ပါနဲ့။ ဒီတော့ မင်းတရားက ဘာပြောသလဲ။

တေနဟိ နံ သမ္မာ ပေါသေတုံ ဝဋတိ။
တေနဟိ= သို့တပြီးကား။ နံ= ထိုသူငယ်ကို။ သမ္မာ= ကောင်းစွာ။ ပေါသေတုံ= မွေးမြူခြင်းငှာ။ ဝဋတိ= သင့်၏။
ဣဒ’မဿ ခီ မူလံ ဟောတု။
ဣဒ’ = ဤငွေတစ်ထောင်သည်။ အဿ= ထိုသူငယ်အတွက်။ ခီရမူလံ= တစ်နေ့စာ နို့ဖိုးသည်။ ဟောတု= ဖြစ်စေ။
ဗိမ္ဗိသာရ မင်းတရားက တစ်နေ့တစ်နေ့ ထိုသူငယ်ကို နို့ဖိုးဆိုပြီး တစ်ထောင် တစ်ထောင် ပို့စေတယ်။ ဘယ်လောက်ချမ်းသာလိုက်သလဲ။
သူ့ကို အမည်မှည့်တဲ့နေ့ကျတော့-
က က လ နဂရဿ ဧကပဇ္ဇောတ ဘူတတ္တာဇောတိကော တွေဝ နာမံကရိံသု အဋ္ဌကထာက။
တစ်မြို့လုံး အလျှံတပြောင်ပြောင် တောက်လောင် လာတဲ့အတွက် ထိုသူငယ်ကို “ဇောတိက” လို့ နာမည်ပေးတယ်တဲ့။
ကိုးဆယ့်တစ်ကမ္ဘာ အပယ်မလားဘဲနဲ့ သံသရာကြီးမှာ သူ ဆုတောင်းတဲ့အတိုင်း လူချမ်းသာ နတ်ချမ်းသာ မြိန်မြိန်ရှက်ရှက်ကြီး ခံစားပြီးပြီ။ အခုနောက်ဆုံးဘဝမှာ ဝဝကြီးခံစား၍ လှလှကြီး နိဗ္ဗာန် ဝင်မယ့်ဘဝ ဖြစ်တော့ တစ်ဆယ့်ခြောက်နှစ် အရွယ်မြောက် ရောက်။ ဖခင်သေဋ္ဌေးကြီးက ငါ့သား အရွယ်ရောက်ပြီ။ ဒီတော့ ငါ့သားအတွက် အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားဖို့တော်ပြီ။ ငါ့သားနဲ့ သင့်တော်မယ့် အိမ်နေရာ ရွေးကြစမ်းဆိုတော့ သေဋ္ဌေးကြီးရဲ့ ကျေးတွေ ကျွန်တွေ ဗာရာဏသီမြို့ထဲ လှည့်ပြီးသကာလ အိမ်နေရာ ရှာကြတယ်။
ထို့အတူ သိကြားမင်းရဲ့ ပဏ္ဍုကမ္ဗလာ ပူနွေးသော အခြင်းအရာ ပြတယ်။ သိကြားမင်းက - ကိံ နု ခေါ ဣဒံ= ဒါ ဘာပါလိမ့်။
ပဏ္ဍုကမ္ဗလာ ပူနွေးသော အခြင်းအရား ပြတာအကြောင်း ဘာပါလိမ့်၊ စဉ်းစားတော့-
ဇောတိကဿ ဂေဟဋ္ဌာနံ ဂဏှန္တိ။
ဇောတိကဿ= ဇောတိကအတွက်။ ဂေဟဋ္ဌာနံ= နေဖို့ရန် အိမ်နေရာကို။ ဂဏှန္တိ= ယူလတ်ပြုပြင် ယူလတ်ရှာနေကြတယ်။
ဇောတိကအတွက် အိမ်နေရာ ရှာနေကြသကိုလို့ သိလည်းပြီးရော ချက်ချင်းသွားတယ်။
နာယံ ဧတေဟိ ကတဂေဟေ ဝသိဿတိ။
အယံ= ဤဇောတိကဆိုတဲ့ သူငယ်ဟာ။ ဧတေဟိ= ထိုသူတို့က။ ကတဂေဟေ= ဆောက်လုပ်တဲ့အိမ်၌။ န ဝသိဿတိ= နေလိမ့်မည်မဟုတ်။
မယာ ပေတ္ထ ဂန္တုံ ဝဋ္ဋတိ။
မယာ= ငါကိုယ်တိုင်။ ဧတ္ထ= ဤအရပ်သို့။ ဂန္တုံ= သွားခြင်းငှာ။ ဝဋ္ဋတိ= သင့်၏။
ငါကိုယ်တိုင် ထိုအရပ်သွားမှ တော်မယ်။ ဒီလို အကြံဖြစ်ပြီး ခဏအတွင်း လက်သမားတစ်ယောက်ဟန် ဖန်ဆင်း၍ ထိုသူတို့ နေရာရှာတဲ့အနားမှာ ဘွားခနဲ ပေါ်လာပြီးတော့ “ကိံ ကရောထ”။
မောင်တို့ ဘာလုပ်ကြသလဲ၊ လက်သမားဆရာကြီးက။
ဇောတိကဿ ဂေဟဋ္ဌာနံ ဂဏှာမ= ဇောတိက သေဋ္ဌေးသားအတွက် အိမ်နေရား ရှာတာပါ ဆရားကြီးလို့ ဆိုတော့-

နာယံ တုမှေဟိ ကတဂေဟေ ဝသိဿတိ။
အယံ= ဤဇောတိကသည်။ တုမှေဟိ= မောင်တို့၏။ ကတဂေဟေ= ဆောက်လုပ်တဲ့အိမ်၌။ န ဝသိဿတိ= နေလိမ့်မည်မဟုတ်။
ကျုပ်ဆောက်တဲ့အိမ်မှ နေမှာတဲ့၊ ခင်ဗျားတို့ ဆောက်တဲ့အိမ် နေမှာမဟုတ်ဘူး။ လက်သမားယောင်ဆောင်ထားတဲ့ သိကြားမင်းက လက်ပိုက်ကြည့်ပြီးတော့ စိမ်းစိမ်းမြေပြင်ကို ကြည့်လိုက်တယ်။
ဆယ့်ခြောက်မင်းပယ် ဆိုတဲ့အရပ်။ တစ်ဝန်းလုံးမှာ ကသိုဏ်ဝန်း အပြင်လို တစ်ခါတည်း ကြည့်တာနဲ့ ဟိုမှာ တလင်းကြီးလို ဖြစ်နေတယ်။ ကသိုဏ်ဝန်းကြီးလိုပါပဲတဲ့။ မြေမျက်နှာပြင်ကို တစ်ခါတည်း ဘယ်လောက်ကျယ်လိုက်သလဲ ဆိုတော့ ဆယ့်ခြောက်မင်းပယ်တဲ့။
မင်းပယ်နဲ့ပတ်သတ်ပြီးသကာလ သုံးဆယ်နဲ့ နှစ်လက်မကို နယ်ဖွဲ့လိုက်တော့ တစ်တောင်လို့ ခေါ်ပါတယ်။ အဲဒီ အတောင်ကို ခုနစ်တောင်ကို တစ်တာ၊ အဲဒီ တာပေါင်နှစ်ဆယ်မှ တစ်ကြိုး၊ အဲဒီ ဆယ်ကြိုးဟုတ်လား၊ အရှေ့အနောက် တစ်ကြိုး၊ တောင် မြောက် တစ်ကြိုးဆိုယင်-
ကိုးခန်း စတုရန်းတာဝန်း ရှစ်ဆယ် နယ်တစ်ပယ်လို့ ဆိုတဲ့အတိုင်း နယ်ဖွဲ့တောင်ဖြင့် ခုနစ်တောင်, တစ်တာ၊ တာနှစ်ဆယ်ကို တစ်ကြိုး၊ အဲဒီကြိုးမျိုး ဟုတ်လား။

သွားလိုက်၊ အရှေ့ အနောက် ဆယ့်ခြောက်ကြိုး တောင် မြောက် ဆယ့်ခြောက်ကြိုး= အဲဒီဆယ့်ခြောက်မင်း နယ်ပယ်အတွင်းမှာဖြင့် လေတဟူးဟူးနဲ့ မြေမျက်နှာ ပြင်ကြီးတစ်ခါတည်း ဖြစ်နေတယ်။ ဟာ- ဒီအနားရှိတဲ့ လူတွေ အကုန်လုံး အံ့အားသင့်နေတယ်။ ဘယ့်နှယ်မှ မလုပ်ရဘဲနဲ့ အလုပ်သမားတွေ ဘာမှမခေါ်ဘဲနဲ့ တစ်ယောက်တည်း လက်ပိုက်ပြီးတော့ မှော်ဆရာကြီးလို နေမှာပေါ့။ စိမ်းစိမ်း တစ်ခါတည်း ကြည့်နေတယ်။
ဣမသိံ္မ ဋ္ဌာနေ ပထဝိံဘိန္ဒိတွာ သတ္တရတန- မယောသတ္တဘူမိက ပါသာဒေါ ဥဋ္ဌဟတု။
ဣမသိံ္မဋ္ဌာနေ= ဤအရပ်၌။ ပထဝိံဘိန္ဒိတွာ= မဟာ ပထဝီမြေကြီးကို ဖောက်ခွဲပြီးသကာလ။ သတ္တရတနမယော= ရတနာခုနစ်ပါးဖြင့်ပြီးသော။ သတ္တဘူမိကပါသာဒေါ= ဘုံခုနစ်ဆင့် ခုနစ်ထပ်ရှိတဲ့ ပြာသာဒ်ကြီးသည်။ ဥဋ္ဌဟတု= ပေါ်ပါစေသား…။
လို့ သိကြားက အဓိဋ္ဌာန် ပြုလိုက်လျှင်ပဲ မြေထဲက ဘွားခနဲ ဒီဘုံခုနစ်ထပ်ရှိတဲ့ ပြာသာဒ်ကြီး ရတနာပြာသာဒ်ကြီး ပေါ်လာတယ်။
ကောင်းမှုကုသိုလ်ရဲ့ အရှိန်အစော်ကိုပေါ့လေ။ ကောင်းမှုကုသိုလ်ဆိုတာ ဒါဖြစ်ရမယ်။
ကမ္မဝိသယော ဘိက္ခဝေ အစိန္တိယော။
ဒီကောင်းတဲ့ နေရာမှာ ဒီလို ဖြစ်နိုင်ပါ့မလားလို့ ဟုတ်လား။ မကြံနိုင်တာ ဖြစ်သလိုပဲ၊ မကောင်းတဲ့ အကုသိုလ် ဖြစ်ယင်လည်း မကြံနိုင်လောက်အောင် အကုသိုလ်က အင်း မယုံနိုင်လောက်အောင် တန်းတန်းစွဲ အကျိုးပေးတတ်ပါတယ်။ ဘဝသံသရာမဆုံးသေးဘဲ သွားကြယင်တော့ အကုသိုလ် ဆန်းဆန်းကြယ်ကြယ် အကျိုးပေးတာကိုလည်း တွေ့ရမှာပ။ ကုသိုလ်ဆန်းဆန်းကြယ်ကြယ် အကျိုးပေးတာကိုလည်း တွေ့ရမှာပ။
ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်ကြီး ဘွားခနဲပေါ်တယ်။ ရတနာပြာသာဒ်ကြီး ပေါ်လို့ပြီးယင်ပဲ-
ဣမံ ပရိက္ခိပိတွာ သတ္တရတနမယာ သတ္တပါကာရာ ဥဋ္ဌဟန္တု။
ဣမံ= ဤရတနာ ပြာသာဒ်ကြီးကို။ ပရိက္ခိပိတွာ= ဝန်းရံ၍။ သတ္တရတနမယာ= ရတနာ ခုနစ်ပါးဖြင့်ပြီးကုန်သော။ သတ္တပါကာရာ= တံတိုင်းကြီးခုနစ်ထပ်တို့သည်။ ဥဋ္ဌဟန္တု= မြေမှ ထပေါ်ပါစေကုန်သား။
ပြာသာဒ်ကြီး ဖန်ဆင်းပြီးတော့ ဤဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်ကြီးကို ဝန်းရံ၍ ရတနာ ခုနစ်ပါးဖြင့် ပြီးတဲ့ တံတိုင်းကြီးခုနစ်ထပ် မြေမှပေါက်ဖွား ဘွားခနဲပေါ်ပါစေသား။ ပေါ်လာတယ်။ ပေါ်ပြီးတော့မှ-
ဣမေသံ ပရိယန္တေ ကပ္ပရုက္ခာ ဥဋ္ဌဟန္တု။
ဣမေသံ= ဤရတနာတံတိုင်းတို့၏. ပရိယန္တေ= အစွန်းအဖျား အနားတို့၌။ ကပ္ပရုက္ခာ= အသီးမျိုးစုံ ပဒေသာပင်တို့သည်။ ဥဋ္ဌဟန္တု= ပေါ်ပေါက်ပါစေ။

သိကြားက ဒီလိုပဲ အဓိဋ္ဌာန်တယ်။ အဓိဋ္ဌာန်တဲ့အတိုင်းပဲ ပေါ်တယ်။
ပါသာဒဿ စတူသု ကဏ္ဏေသု စတေဿာနိမိ ကုမ္ဘိယော ဥဋ္ဌဟန္တု။
ရတနာပြာသာဒ်ကြီးရဲ့ လေးထောင့်ကနေပြီး သကာလ ရတနာအိုးကြီးလေးမျိုး ပေါ်ပါစေသား။ အဓိဋ္ဌာန်လိုက်တယ်။ ပေါ်တယ်။ တစ်အိုးက တစ်ယူဇနာ ကျယ်တယ်။ တစ်အိုးက သုံးဂါဝုတ်၊ တစ်အိုးက နှစ်ဂါဝုတ်၊ တစ်အိုးက တစ်ဂါဝုတ်၊ အဲဒီလို ကျယ်တဲ့ ရတနာအိုးကြီး လေးအိုးပေါ်တယ်။
အဲ- သိကြားကတောင်မှ နောက်တော့ မဓိဋ္ဌာန်ရတော့ဘူး။ ကံက အကျိုးပေးချိန်ကျတော့ ကြည့်ရင်းကြည့်ရင်းပဲ ဒီရတနာပြာသာဒ်ကြီးရဲ့ လေးထောင့်မှာ ရွှေကြံပင်ကြီးတွေ တကတည်း ထန်းပင်အမြင့်လိုပေါ့လေ၊ ဟိုထန်းပင်ပျိုလေးလို လုံးပတ်အားဖြင့် ကိုးလက်မ၊ တစ်ပေလောက်ရှိမယ့် ရွှေကြံပင်ကြီးလေးပင် ပေါက်လာတယ်၊ ပေါ်လာတယ်။
ဒါက ဘာလဲဆိုတော့ ဟိုတုန်းက ကြံရည်လှူခဲ့တဲ့ ကောင်းမှုသိသာအောင်နဲ့ တူတယ်ပေါ့။
ဇောတိကမှာ ရတနာပြာသာဒ်ကြီး ပေါက်သတဲ့ဆိုတဲ့သတင်း တစ်မုဟုတ်ချင်း မြို့တွင်း ပျံ့နှံ့သွားတယ်။ ဗိမ္ဗိသာရ မင်းတရား ရွှေနားတော်ကြားတော့ သေဋ္ဌေးထီးဖြူ တစ်ခါတည်း ပို့ပေးလိုက်တယ်။ ဇောတိကသေဋ္ဌေးခန့်တယ်။ မင်းဆိုတာ ဒီလိုချမ်းသာတဲ့ ပုဂ္ဂိုလ်ကို လက်ကိုင်ပြုရတယ်။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကို လက်ကိုင်ပြုမှ အဲဒီချမ်းသာတဲ့ပုဂ္ဂိုလ်သည် တိုင်းပြည်ရဲ့ ဝမ်း၊ ပြည်ရဲ့ဝမ်းတွေ။ ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကိုလည်း ပြန်ကြည့်ရတယ်။ ပြည့်ရဲ့ ဝမ်းရေးဖြစ်တဲ့ ဒီလို သေဋ္ဌေးများနဲ့ ဘယ်သူကမှ သွားပြီး ရာထူးမတောင်းရဘူး။
ဗိမ္ဗိသာရမင်းတရား ဘယ်လောက်ခေတ်မှီသလဲလို့။ ဟော- ဇောတိကပြာသာဒ်ကြီး ပေါက်သတဲ့ ဆိုယင်ပဲ တစ်ခါတည်း ဟိုကသေဋ္ဌေး ထီးဖြူပို့ လိုက်တယ်။ သေဋ္ဌေးရာထူး ခန့်တယ် ဆိုပြီးတော့ တစ်ခါတည်း ဇောတိကသေဋ္ဌေး ဖြစ်တယ်။ သူပို့တဲ့ထီးဖြူက ဘာပြောလောက်မလဲဟင်။ သေဋ္ဌေးအနေနဲ့ ကြည့်ယင် မြေတွေက ရတနာမြေတွေ။
အေး… ရှေးက ဟို အပရာဇိတသေဋ္ဌေးဘဝတုန်းက ကုသိုလ်ကောင်းမှု ပြုဖော်ပြုဖက်ဖြစ်တဲ့ ကြင်ယာက ထိုအချိန်မှာ ဥတ္တရကုရုကျွန်းမှာ သွားပြီးတော့ လူဖြစ်နေတယ်။ ကောင်းမှုကုသိုလ် အတူပြုဖော် ဒါန သဟာယိကာ ကြင်ယာတော်ကို ဥတ္တရကုရုကျွန်းက နေပြီး နတ်တွေက ယူဆောင်ပြီးတော့ ပို့ပေးရတယ်။ ဒါကို သီချင်းရေးဆရာတွေက “အတုလကာယီ” လို့ ရေးတယ်။ စာထဲကတော့ “သ,တုလကာယီ”တဲ့။ “အ” မဟုတ်ဘူး။ သ-သ-သ။ ခပ်သွက်သွက် ဖတ်ချင်ယင်လည်းပဲ သတုလကာယီ ဖတ်ယင် ဖတ်ပေါ့။ အတုလကာယီတော့ မဟုတ်ဘူး။
(အတုလကာယီပါပဲကွာ၊ အတုလ-က အတုမရှိတဲ့၊ ကာယီ-က ရုပ်လှတဲ့မိန်းမ၊ အတုမရှိ ရုပ်လှတဲ့အမျိုးသမီးလို့ ဒီလို အဓိပ္ပာယ်ယူပြီး အတုလကာယီလို့ ရေးကုန်ကြတယ်။)
သ,တုလကာယီတဲ့၊ နာမည်ကတော့။ မြောက်ကျွန်းသူ။ သူ့မှာ ဘာပါလာသလဲ ဆိုတော့ ဆန် နို့ဆီနှစ်ဘူးပါတယ်။ ပြီးတော့ ဇောတိခေါ်တဲ့ ကျောက်သုံးလုံးပါတယ်။ ဒါပဲ သူ့မှာရှိတယ်။ အဲဒါနဲ့ သူက စားချိန်ကျတော့ ဒီ ကျောက်ကလေးသုံးလုံး ခင်းပြီးတော့ ဒီအပေါ် အိုးတင်ပြီးတော့ ဆန်ကလေးနည်းနည်း ထည့်လိုက်ယင် အိုးပြည့်လာတယ်။ ဒီအိုးမှာပဲ အချို အချဉ် အစပ် အငန် အဖန် အခါး အရသာအကုန်ပါတယ်။ အဲဒီသဘော ရှိတယ်။ သူဟာ ဘုဉ်းရှင် ကံရှင်။ ကျောက်သုံးလုံးနဲ့ ဆန်တစ်ပြည်နဲ့ပဲ ဒီ ဇမ္ဗူဒီပါ တစ်ကျွန်းလုံးကိုပေါ့လေ။ နေ့တိုင်း ကျွေးနိုင်ခဲ့တယ်။ တန်ခိုးသတ္တိ ရှိတယ်။ သတုလကာယီကလည်း အဲဒီလို သတ္တိရှိတယ်။

ဗိမ္ဗိသာရ မင်းတရားကြီးက ဟို ဇောတိကရဲ့ အိမ်ကိုကြည့်ချင်ပေမယ့်လို့ အင်္ဂ-မဂဓ တိုင်းနှစ်ဝက လာကြတဲ့ လူတွေ၊ ရတနာပြာသာဒ်ကြီးကို အကြည့်အရှု လာကြတဲ့ လူတွေ ပြည့်လွန်ုး များလွန်းလို့မို့လို့ ရက်ချောင်းပြီးတော့ နေခဲ့ရတယ်။ ကြည့်တဲ့လူတွေ နည်းပလားဟေ၊ နည်းပြီဆိုမှ လူမရှိမှ ဣနြေ္ဒရှင်က သွားရတယ်။ သူက ရာဇဣနြေ္ဒနဲ့နေတော့ လူနည်းလာပြီ၊ နည်းတော့မှ ဗိမ္ဗိသာရမင်းတရားကြီးက ရွှေနန်းတော် ရောက်လာတဲ့ ဇောတိကရဲ့ ဖခင် သေဋ္ဌေးကြီးကို-

တဝ ပုတ္တဿ ပါသာဒံ ဒဋ္ဌုကာမမှ။
မဟာသေဋ္ဌိ= သေဋ္ဌေးကြီး။ တဝ ပုတ္တဿ= သင့်သာ ဇောတိက၏။ ပါသာဒံ= နေထိုင်ရာ ပြာသာဒ်ကို။ ဒဋ္ဌုကာမာ= ရှုကြည့်ခြင်းငှာ အလိုရှိကုန်သည်။ အမှ= ဖြစ်ပါကုန်၏။

သင့်သား ဇောတိကရဲ့ အိမ်ကို ကြည့်ချင်လိုက်တာ သေဋ္ဌေးကြီး-လို့ ပြောတော့-
သာဓုဒေဝ- ကောင်းပါပြီ အရှင်မင်းကြီး။ ကျွန်တော်မျိုး အကြံပြု စီမံပါအုံးမယ်ဆိုပြီး သား ဇောတိကအိမ်သွားတယ်။ သား ဇောတိကကို ခေါ်။
တာတ ရာဇာ တေ ပါသာဒံ ဒဋ္ဌုကာမော။
တာတ= ချစ်သား။ ရာဇာ= ဗိမ္ဗိသာရ မင်းတရားက။ တေ= သင်၏။ ပါသာဒံ= ပြာသာဒ်ကို။ ဒဋ္ဌုကာမော= ကြည့်ချင်တော်မူတယ်၊ ရှုစားတော် မှုလိုတယ်... တဲ့။ သားကို ပြောတဲ့အခါကျတော့-

သာဓု တာတ အာဂစ္ဆတု။
တာတ= ခမည်းတော်ဘုရား။ သာဓု= ကောင်းပါပြီ။ အာဂစ္ဆတု= ကြွတော်မူပါစေ…လို့ ဝမ်းမြောက် ဝမ်းသာ လက်ခံ ဖိတ်ကြား လိုက်တယ်။
ဗိမ္ဗိသာရ မင်းတရားသည် အဇာတသတ် မင်းလေးလက်ဆွဲ၊ နောက်က ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်၊ ခြေလျင်တပ် ဆိုတဲ့ စစ်အင်္ဂါကြီး လေးပါးနဲ့ ဇောတိကရဲ့ အိမ်ကို အကြည့်လာတယ်။ ဇောတိက ကခရီးဦးကြိုဆို၊ မုဒ်ခုနစ်မုဒ် ဟုတ်လား၊ သတ္တမ မုဒ်က နေပြီးတော့ အစဆုံး မုဒ်ကနေပြီး လာစောင့်တယ်။
ပုရတော ယာထ ဒေဝ= ရှေ့ကကြွတော်မူပါ အရှင်မင်းကြီးလို့ ဆိုတော့ သူက ရတနာကျောက်တွေ ဆိုတော့ မုဒ်ကြည့်လိုက်တယ်ဆိုယင် အသူတရာနက်တဲ့ချောက်ကြီးလို ဖြစ်နေတယ်။ အသူတရာနက်တဲ့ ချောက်ကြီးလို ဖြစ်တော့ ဗိမ္ဗိသာက မင်းတရားက-
ဣမိနာ မမ ဂဟဏတ္ထာယ ဩပါတော ခဏိ- တော။
ဣမိနာ= ဤဇောတိက က။ မမ ဂဟဏတ္ထယ= ငါ့ကိုဖမ်းချင်လို့။ ခဏိတော= တူးတာထင်ပါရဲ့။
ဇောတိက က ငါ့ကိုဖမ်းချင်လို့ ကျင်းတူးထားတာ ထင်ပါရဲ့ဆိုပြီး ရှေ့မတိုးဝံ့ဘူး။ ဇောတိက က နောက်ကနေ ကြည့်ရင်းနဲ့ သိတယ်။ ရှင်ဘုရင်ကြီး ကြောက်လို့ မတိုးဝံ့ဘူးဆိုတာ၊ ဟုတ်လား။
နာယံ ဒေဝ ဩပါတော။
ဒေဝ= သမ္ဗုတိနတ် အို- မင်းမြတ်ဘုရား။ အယံ= ဤနေရာသည်။ န ဩပါတော= တွင်းမဟုတ်ပါဘူးဘုရား။ ရတနာ ကျောက်သံရေ သန်းနေတာပါ ဘုရား။
မမ ပစ္ဆတော အာဂစ္ဆထ= ရှေ့ကို မလှမ်းဝံ့တော်မူလို့ရှိယင် ကျွန်တော်မျိုးရဲ့ နောက်က ရဲရဲကြီး လိုက်လာတော်မူခဲ့ပါ ဘုရား။
ကျွန်တော်မျိုး ရှေ့ကသွားပါရစေ။ ကြောက်နေမှာစိုးလို့၊ ဟုတ်လား။ အစကတော့ ရှင်ဘုရင် ဦးစားပေးတယ်။ ဒီရှင်ဘုရင်က ကြောက်တော့ သူကနေ ရှေ့ကနေပြီးတော့ ချောက်တွေ မဟုတ်ပါဘူး ဆိုပြီး ခေါ်သွားတယ်။
သူ့အိမ်မှာလည်းပဲ ဒီရတနာရောင်နဲ့ပဲ နေတယ်။ ဘယ် လျှပ်စစ်မီးတို့၊ ဘာတို့၊ ဘာမီးမှ မရှိဘူး။ ဘယ်တော့မှ သူ့အိမ် မီးခိုးလည်းမရှိဘူး။ သူ့ အခြွေအရံ ပရိသတ်နဲ့တကွ ဒီ သတုလကာယီက ပါလာတဲ့ ကျောက်တုံးလေးပေါ်မှာ အိုးတစ်လုံး တယ်လိုက်တာ။ အဲဒီအပေါ်မှာ ဆန်နှစ်ဘူးကလေး ထည့်ပေးလိုက်တယ် ဆိုယင် ပါလာတဲ့ ဆန်ကလေးကလည်း တစ်ပြည်မရှိဘူး။

တစ်စိတ်ဆိုယင် ပြန်ကြည့်၊ တစ်စိတ်ပြည့်တယ်။ ဒီတစ်စိတ်လောက် ဒီအိုးထဲ ထည့်လိုက်တယ်ဆိုယင် မီးလည်းမခြစ်ရတော့ဘူး၊ ဟုန်းဆို တစ်ခါတည်း မီးထတောက်ပြီးတော့ ကျက်လည်းကျက်ကရော ငြိမ်းတယ်။ မီးခိုးပါတဲ့ မီးမဟုတ်ဘူး။ “ဇောတိပါသာဏ” ဆိုတာမီးကျောက်ပဲ။ အဲဒီအိုးထဲကပဲ ချိုချဉ်ရသာ အကုန်ရတယ်။ အဲဒီတော့ သူ့အိမ်မှာ ဘာမှ မီးခိုးမှိုင်းစွဲစရာ မရှိဘူး။ ဒီတစ်အိုးတည်းနဲ့လည်း ဇောတိကနှင့်တကွ သတုသကာယီ အခြွေအရံ ပရိသတ် ဘယ်သူပဲ လာစားစား၊ ဒီတစ်အိုးက မကုန်ဘူး။ အင်မတန်ကောင်းတယ်။
ဒါနဲ့ ရှေ့မုခ်လည်း ဝင်မယ်ကြံတော့ ပထမမုခ်မှာ တံမြက်လှည်းရတဲ့ အစေခံမကလေးက ဖြတ်ဆို တက်ပြီးတော့ ဗိမ္ဗိသာရ မင်းကြီးရဲ့ အနားသွားပြီး ပခုံးလေးပေးလိုက်တယ်။ ကိုင်အောင်လို့။ ဒါယဉ်ကျေးမှု။ အိန္ဒိယရဲ့ ယဉ်ကျေးမှု။ သွားပြီး ပခုံးလေး ပေးလိုက်တယ်။ ဝတ်စား ဆင်ယင်ထားလိုက်တာက ဖိတ်ဖိတ်တောက်နေတဲ့ အတွက် ဗိမ္ဗိသာရက တံမြက်လှည်းတဲ့ ကလေးမကိုပင်လျှင် ဇောတိကရဲ့ သေဋ္ဌေးကတော်ထင်ပြီး မကိုင်ဝံ့ဘူးတဲ့။ စာက တိုက်ရိုက်ဆိုပါတယ်။
ဟို... ဇဋိလရဲ့ ဝတ္ထုမှာပေါ့လေ၊ ဒီ ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုတာက ဒီ ဗိမ္ဗိသာရမင်းကြီးရဲ့ ငယ်ငယ်ကတည်းက သေဋ္ဌေးတွေ။ အဲဒီတော့ ဇဋိလရဲ့ဝတ္ထုမှာလည်းပဲ ဇဋိလက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးမှာ ငါလိုချမ်းသာတဲ့လူ ရှိသေးလား ဆိုတဲ့နေနဲ့ ပေါ့လေ။ စုံစမ်းတဲ့အနေနဲ့ တစ်သိန်းတန် ကမ္ဗလာကြီးကို လှည့်ပြီး အရောင်းခိုင်းတာကိုး။ အရောင်းခိုင်းတော့ ရာဇဂြိုဟ်ရောက်သွားတယ်။ ဇဋိလရဲ့ လူတွေက ဇောတိကရဲ့အိမ်ဝနဲ့ မနီးမဝေးမှာ သွားပြီးတော့ စတည်းချတယ်။ ညကျတော့ မီးပုံကြီး တစ်ခါတည်းမီးတွေနဲ့ ဟုန်းဟုန်း ဟုန်းဟုန်းနဲ့ တစ်ခါတည်း ဖိန့်ဖိန့်ကြီး ဖြစ်နေတယ်။

ဇောတိက က အိမ်ပေါ်ကနေပြီး လှမ်းမြင်တယ်။
“ဟေ့-ဟိုရှေ့က မီးပုံကြီး ဘာလုပ်တာလဲ။ သွားမေးချေစမ်း” ဆိုတော့-
“ဟို-ဇဋိလ သေဋ္ဌေးရဲ့ လူတွေပါ”
ဒါဖြင့် ငါ့ဆီ ခေါ်ခဲ့စမ်း”
“အမောင်တို့၊ ဘာလုပ်လာကြတုံး”
“ဟာ- သေဋ္ဌေးကြီး၊ ကျွန်တော်တို့ ကမ္ဗလာကြီး အရောင်းလာတာ။ ရာဇဂြိုဟ်ပြည်မှာ ဝယ်သူမရှိလို့ ကျွန်တော် ကမ္ဗလာကြီး ဒိအတိုင်းနေယင် ည သူခိုး ခိုးမှာစိုးလို့ ကျွန်တော်တို့ မီးဖိုနေတာ”
“မောင်တို့ ကမ္ဗလာက ဘယ်လောက်တန်သလဲ”
“တစ်သိန်းတန်ပါတယ် ”
“ဒါဖြင့် ငွေတစ်သိန်း ပေးလိုက်စမ်းဟေ့။ အဲဒီ ကမ္ဗလာ ယူလိုက်ကြ”
ဇောတိကက-
“ဒီကမ္ဗလာကို ဟို-ပထမ မုခ်က ကလေးမဆီကို ပေးလိုက်နော်၊ တံမြက်လှည်းတဲ့ ကလေးမကို” ပေးလိုက် ဆိုတော့...
“ကောင်းပါပြီ သေဋ္ဌေးကြီး” ဆိုပြီးတော့ တပည့်တွေက အဲဒီ ကမ္ဗလာကြီးကို ငွေတစ်သိန်းနဲ့ ယူပြီးတော့ ကမ္ဗလာကြီးကို အဲဒီကောင်မလေး တစ်ခါတည်း သွားပေးကြတယ်။ ပေးတော့ ကောင်းမလေးက ငိုငိုရီရီနဲ့ ဒီပရိသတ်မသွားခင် ဇောတိကဆီ ဝင်လာတယ်။
“အရှင်သေဋ္ဌေးမင်း၊ ကျွန်တော်မ အပြစ်ရှိလို့ရှိယင် ရိုက်ချင်ယင် ရိုက်ပါ၊ ဟုတ်လား။ သတ်လိုယင် သတ်ပါ။ ဒီလောက်ကြမ်းတဲ့ ကတ္တီပါကြီးကိုတော့ ကျွန်မ မဝတ်ပါရစေနဲ့” လို့ ပြောတယ်။
ဒီတော့ ဇောတိကက ကောင်မလေးကို အင်း-သူ့ရဲ့ အစေခံမလေးကို နှစ်သိမ့်ရတယ်။
“သမီးရယ်၊ ဒါ နင့်ကိုဝတ်ဖို့ပေးတာ မဟုတ်ဘူးဟဲ့”
“နို့ ဘာလုပ်ရမှာတုံး ဖခင် သေဋ္ဌေးမင်း” လို့ ဆိုတော့-
“သမီး ညအိပ်တဲ့အခါကျတော့ အိပ်ရာဝင်ခါနီးကျတော့ ခြေဆေးတယ် မဟုတ်လား”
“ဆေးပါတယ်”
“ဆေးပြီးယင် ခုတင်ရဲ့ ခြေရင်းနားမှာ ဒါလေးလိပ်ထား။ ညအိပ်ရာဝင်ခါနီး ခြေဆေးပြီးတော့ အဲဒီ ခြေဆေးတဲ့ရေလေး သုတ်ဖို့ရန်အတွက် အဖေက ပေးတာပါ” လို့ ဆိုတော့-
“ဒါဖြင့် ကောင်းပါပြီ”လို့ ပြောရော။
အဲဒါလောက် ချမ်းသာတယ်။ ဇောတိကရဲ့ အိမ်က ကျွန်မတောင် အဲဒါလောက် ချမ်းသာတယ်။ တစ်သိန်းတန်တဲ့ ကမ္ဗလာကို သူ့ကို ဝတ်ဖို့ပေးတယ်မှတ်လို့ ငိုလိုက်တာတဲ့။ ဒုတိယမုခ် ရောက်လည်း ထိုနည်း၎င်း။ တတိယမုခ်ရောက်လည်း ထိုနည်း၎င်း။ စတုတ္ထမုခ်ရောက်လည်း ထိုနည်း၎င်း။ တကတည်း အလှထက် အလှ၊ ဟုတ်လား။ အလှတစ်၊ အလှနှစ်၊ အလှသုံး၊ အလှလေးတွေ လျှောက်ပြီးတော့ များကုန်တယ်။ ဘယ်သူမှ ဗိမ္ဗိသာရမင်းကြီး တကတည်း ပခုံးပေါ်လက်မတင်ဝံ့ဘူးတဲ့။ တကတည်း ဇောတိကရဲ့ သေဋ္ဌေးကတော်တွေမှတ်လို့။ ဘယ်ဟုတ်မလဲ၊ သကုလကာယီ ကတော့ဟို- ပြာသာဒ်ပေါ်က ဆင်းတာ မဟုတ်ပါဘူး။
လျှောက်ပြီးတော့ ဘုံနန်းပြာသာဒ်ကြီး အကုန်လုံးလျှောက်သွားတယ်။ ဒီလို လျှောက်သွားတော့ ဘုံခုနစ်ဆင့် ရှိတဲ့ ရတနာ ပြာသာဒ်ကြီးရောက်တော့ အဇာတသတ်က စဉ်စားတယ်။ အဟင်း-

အဟော အန္ဓဗာလော မမ ပိတာ။
ဒီအချိန်မှာ အဇာတသတ်ဟာ တစ်ဆယ့်လေးနှစ် သားလောက်ပဲ ရှိဦးမယ်။
မမ ပိတာ= ငါ့ ခမည်းတော်သည်။ အဟော အန္ဓဗာလော= ဪ-မိုက်ကန်းစွ။
ဟုတ်လား၊ အဖေမရှိ အမေ မရှိဆိုတဲ့ အသံနဲ့ မတူဘူးလား။
ငါ့အဖေနှယ် ဪ- မိုက်ပါဘိ။
ဟုတ်လား။ အဖေအရာ၌ ကျောင်းဒကာ၊ သောတာပန်၊ ဟုတ်လား။ ကျောင်းဒကာ ကျေးဇူးရှင်ကြီးကို ငါ့အဖေ မိုက်ကန်းပါဘိတဲ့။
ဂဟပတိကေ နာမ သတ္တရတနမယေ ပါသာဒေဝသန္တေ ဧသ ရာဇာ ဟုတွာ ဒါရုမယေ ဂေဟေဝသတိ။
ဂဟပတိကေ နာမ= ကိုယ့်အောက်နေတဲ့ သေဋ္ဌေးဆိုတဲ့ သတ္တဝါတွေက။ သတ္တရတနမယေ ပါသာဒေ= ရတနာခုနစ်ပါးဖြင့်ပြီးတဲ့ ပြာသာဒ်၌။ ဝသန္တေ= နေပါလျက်။ ဧသ= ဤငါ့ခမည်းတော် လူမိုက်ကန်းကြီးကတော့။ ဒါရုမယေဂေဟေ= သစ်သားကလေးနဲ့ ဆောက်တဲ့အိမ်၌။ ဝသတိ= နေ၏။
တကတည်း သေဋ္ဌေးတော့ ရတနာအိမ်ကြီးနဲ့ နေပြီးတော့ သူကတော့ဗျာ မင်းထက် မင်းထက် ရာဇာတဲ့၊ မင်းဖြစ်ပါလျက်ကနဲ့ အသားအိမ်ကလေးနဲ့ နေတယ်။ ရှိစေဦး။

အဟံ ဒါနိ ရာဇာ ဟုတွာ ဣမဿ ဣမသိံ္မ ပါသာဒေ ဝသိတုံ န ဒဿာမိ။
အဟံ= ငါသည်။ ဒါနိ- ဣဒါနိ= ယခုအခါ၌။ ရာဇာဟုတွာ= မင်းဖြစ်လတ်သည်ရှိသော်။ ဣမဿ= ဤဇောတိက သေဋ္ဌေးအား။ ဣမသိံ္မ ပါသာဒေ= ဤယခုနေတဲ့ ပြာသာဒ်၌။ ဝသိတုံ= နေခွင့်ကို။ န ဒဿာမိ= မပေးထိုက်။
ဆယ့်လေးနှစ်သား ကတည်းက ကြိမ်းတယ်။ အဇာတသတ်။ ဘာလဲ၊ ငါ ရှင်ဘုရင် ဖြစ်လို့ရှိယင်ဖြင့် ဒီဇောတိကကို ဒီရတနာပြာသာဒ်ကြီးမှာ နေခွင့်မပေးဘူး။ တိုက်ယူမယ်ပေါ့လေ။ ဒီအကြံဖြစ်တော့ ဒါနဲ့ လျှောက်ပြီး ကြည့်ရင်း ကြည့်ရင်းက ဆယ်နာရီလောက် ရှိလာတော နံနက်စာ စားချိန်တန်တော့-

မဟာသေဋ္ဌိ ဣဓေဝပါတရာသံ ဘုဥ္ဖိဿာမ။
ဗိမ္ဗိသာရ မင်းတရားက-
မဟာသေဋ္ဌိ= သေဋ္ဌေးကြီး။ ဣဓေဝ= ဤနေရာ ဤသင့်အိမ်မှာပင်လျှင်။ ပါတရာသံ= နံနက်စာကို။ ဘုဉ္ဇိဿာမ= စားကြကုန်စို့လား။

သေဋ္ဌေးကြီးရဲ့ အိမ်မှာပဲ နံနက်စာ စားကြစို့လား ဆိုယင်ပဲ-
ဇာနာမိ ဒေဝ= သိပါတယ် အရှင်မင်းကြီး။ “သဇ္ဇိတော ဒေဝဿာဟာရော= အရှင်မင်းကြီး အတွက် အစာ အာဟာရများ စီမံ၍ ပြီးပါပြီ၊ ကြွတော်မူပါ။
ဇောတိက ထမင်းစားတဲ့ ရတနာ မဏ္ဍပ်ကြီးထဲမှာ ဗိမ္ဗိသာရ မင်းတရား စားတယ်။ အဖိုးများစွာ ထိုက်သော ကမ္ဗလာကြီးပေါ်မှာ ဗိမ္ဗိသာရ မင်းတရားကို ထိုင်စေပြီးသကာလ အဖိုးများစွာ ထိုက်သော ရွှေခွက်ကြီးထဲမှာ ပထမ နွားနို့၊ ဟုတ်လား။ နွားနို့ကျက်ကျက်၊ ဖလားကြီးနဲ့ အပြည့်ထည့်တယ်။ ကျက်ကျက်ကျိုက်ကျိုက်ဆူတဲ့ နွားနို့ကို ဖလားကြီးနဲ့ အပြည့် ထည့်ပြီးတော့ ရှေ့နားထားတယ်။ ဗိမ္ဗိသာရ မင်းတရားက ဒါ စားရမှာလားလို့ အောက်မေ့တဲ့ အနေနဲ့ ပြင်တော့တာပဲ။

“အရှင်မင်းကြီး၊ ဒါ စားဖို့မဟုတ်သေးပါဘူး။ ဒါအောက်ခံပဲ ရှိပါသေးတယ်”
ခုနင်ကတုန်းက၊ ဟုတ်လား။ သတူလကာရီယူလာတဲ့ မြောက်ကျွန်းက ဆန်နဲ့ ချက်ထားတဲ့ ထမင်းကို ရွှေခွက်ကြီးထဲ ထည့်။ အဲဒီ ရွှေခွက်ကြီးကိုမှ ခုနင်ကတုန်းက နွားနို့ အကျက်တွေ ထည့်ထားတဲ့ ခွက်ပေါ်မှာ တင်ရတယ်။ ဒါမှ အောက်က အငွေ့ကောင်းတယ်။ အေး မသွားနိုင်အောင်၊ ဟုတ်လား။ အမြဲ ပူနေအောင်၊ အောက်က အငွေ့ပေးအောင် ခုနက နွားနို့ ကျိုထားတာ။ ဗိမ္ဗိသာရ မင်းတရားက စားကောင်းကောင်းနဲ့ နင်းစားတယ်။ တစ်လုတ်ပြီး တစ်လုတ်၊ တစ်လုတ်ပြီး တစ်လုတ် မြိန်မြိန်ရှက်ရှက် စားဖန်များတော့ ဇောတိက ကဘေးနားက ကြည့်ရင်း-

အလံ ဒေဝ ဧတ္တကမေဝ ဟောတု။
ဒေဝ= အရှင်မင်းကြီး။ အလံ= တော်လောက်ပြီ။ ဧတ္တကမေဝ= ဤမျှလောက်သာလျှင်။ ဟောတု= ရှိပါစေတော့။
ဣတော ဥတ္တရိံ ဇိရာပေတုံ န သက္ကာ။
ဣတော ဥတ္တရိံ= သည်ထက်ပို၍ စားလို့ရှိယင်ဖြင့်။ ဇိရာပေတုံ= အစာကြေစေခြင်းငှာ။ န သက္ကာ= တတ်နိုင်လိမ့်မည် မဟုတ်။
ဒါလောက်ဆို တော်ပြီထင်တယ် ဘုရားတဲ့။ ဒီထက်များသွားယင်ဖြင့် ဒါ အစာကြေမှာ မဟုတ်ဘူး။ အဲဒီလို ပြောတယ်။

ကိံ ဂဟပတိ ဂရုံကတွာ ကထေသိ အတ္တနောဘတ္တံ။
“ဇောတိက သေဋ္ဌေး၊ ခင်ဗျားက ခင်ဗျားထမင်း ဂုဏ်တင်ပြောတာလား” လို့ ဆိုတော့... နတ္ထေတံဒေဝ= ဂုဏ်တင်ပြောတာမဟုတ်ပါဘူးအရှင်မင်းကြီး။ ကျွန်တော်မျိုးက နေ့တိုင်း စားနေကျမို့လို့ ပြောတာပါ။ အတိုင်းအရှည်ကို သိပြီးတော့ ပြောတာပါ။ ကျွန်တော်မျိုး ထမင်းကျွေးရမှာ ဝန်လေးလို့ မဟုတ်ပါဘူး။ အရှင်မင်းကြီးနဲ့တကွ နောက်ကပါလာတဲ့ စစ်အင်္ဂါလေးပါးမှာရှိတဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဟောဒီ ထမင်းတစ်ပွဲတည်းနဲ့ အကုန်လုံး ကျွေးမှာပါတဲ့။ ရှုစားတော်မူရပါလိမ့်မယ်။ အရှင်မင်းကြီးသည် တန်ချိန်တန်လို့ တိုင်းတာခြင်း ဖြစ်ပါတယ်။ အကယ်၍ အရှင်မင်းကြီး စိတ်တော်ရှိတိုင်း စားသွားတော့ ရွှေနန်းတော်ရောက်ယင် မျက်စိလေးများ မတော်တဆ မှေးပြီးတော့ အစာဆီယစ်တဲ့အတွက် မှေးယင်း-အင်း ဇောတိက အိမ်မှာ ရှင်ဘုရင်ကြီး သွားစားတာ ဘာဖြစ်လာမှန်းမသိဘူးလို့ အရှိန်အဝါ အကျော်အစောနဲ့ အပြောမခံချင်လို့ လျှောက်ထားတာပါ။ ဒီလို လျှောက်ထားတော့မှ ရှင်ဘုရင်ကြီးက နားလည်တယ်။

နားလည်ပြီးတော့မှ အေး- ကောင်းပြီ၊ ကောင်းပြီ ဆိုပြီးတော့ လက်ပါဆေးတယ်။ ဆေးပြီးတော့မှ ဇောတိက က တစ်ခါ နောက်ပါစစ်သားတွေကို အကုန်လုံး ကျွေးတယ်။ ရှင်ဘုရင်ကြီးရဲ့ မျက်မှောက်မှာပဲ ဒီခွက်ထဲကတင်ပဲ ခပ်ခပ်ကျွေးတယ်။ အားလုံး ဒီတစ်ခွက်တည်းနဲ့ စားတယ်။ တအံ့တဩ။ တော်တော်ကြာတော့ ရှင်ဘုရင်ကြီးက လမ်းမှာ တွေ့ခဲ့တာတွေကို ဇောတိကရဲ့ သေဋ္ဌေးကတော် ထင်ပြီးတော့ အခု ဒီကျတော့ အဲဒီကလေးတွေက ဒီကို မပါလာဘူး။ ဟင်- အစေခံတွေပဲ၊ ဟို မုခ်မှာ နေရစ်ခဲ့တာပေါ့။

ကိံ ဣမသ္မိံ ဂေဟေ သေဋ္ဌိဘရိယာနတ္ထိ။
ဣမသ္မိံ ဂေဟေ= ဤအိမ်၌။ သေဋ္ဌိဘရိယာ= ဇောတိကသေဋ္ဌေး၏ သေဋ္ဌေးကတော်သည်။ နတ္ထိ ကိံ= မရှိဘူးလား။
ခရီများ သွားနေသလား။ ဒီအိမ်မှာပေါ့လေ။ သေဋ္ဌေးကတော် ခရီးများသွားနေလို့လား။ ဘယ်မှကြည့်မမြင်လို့ ဇောတိက တစ်ယောက်တည်း ဧည့်ခံနေတာ။
အာမ အတ္ထိ ဒေဝ= ရှိပါတယ် အရှင်မင်းကြီး။ ကဟံသာ= အဲဒီသေဋ္ဌေးကတော်က ဘယ်မှာတုံး- လို့ ပြည့်ရှင်မင်းကြီးက မေးတဲ့အခါ- သိရိဂဗ္ဘေနိသိန္နာ၊ ဒေဝဿ အာဂတဘာဝံ န ဇာနာတိ။ သိရဂဗ္ဘေ= ကျက်သရေတိုက်ခန်း၌။ နိသိန္နာ= ထိုင်နေပါတယ်ဘုရား။ ဒေဝဿ= အရှင်မင်းကြီး၏။ အာဂတဘာဝံ= ရောက်လာသည်၏ အဖြစ်ကို။ န ဇာနာတိ= မသိလို့ပါ။
အပြစ်တော် မပေးပါနဲ့၊ ကျက်သရေတိုက်ခန်းမှာ ထိုင်နေလျက်ရှိပါတယ်။ အရှင်မင်းကြီး ကြွလာတာ မသိလို့ပါ ဘုရား။ အဲဒီလို ပြောပြီးတော့ ဇောတိကက ဟို- သတုလကာယီနေတဲ့ တိုက်ခန်း သွားပြီးတော့-

ရာဇာအာဂတော၊ ကိံ တဝ ရာဇာနံ ဒဋ္ဌုံ နဝဋတိ။
ရာဇာ= ပြည့်ရှင်မင်းကြီးသည်။ အာဂတော= ငါတို့ရဲ့ အိမ်ကို လာရောက်နေတယ်။ တဝ= သင်သည်။ ရာဇာနံ= သမ္မုတိနတ် တို့မင်းမြတ်ကို။ ဒဋ္ဌုံ= ရှုမြင်ခြင်းငှာ။ န ဝဋတိ ကိံ= မတော်ဘူးလား။
သတုလကာယီ၊ တို့ရဲ့ ပြည့်ရှင်မင်းကြီး လာရောက်နေတယ်။ အဲဒီ ပြည့်ရှင်မင်းကြီးထံ မင်း သွားဖို့မတော်ဘူးလားကွယ်လို့ သာယာညင်းပျောင်း ပြောဆိုတဲ့ အခါကျတော့-

ကော ဧသ သာမိ ရာဇာနာမ။
သာမိ= အရှင်။ ဧသရာဇာနာမ= ဤ မင်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ။ ကော= ဘယ်သူပါလဲ။
မကြားဖူးဘူး။ အရှင်သေဋ္ဌေးမင်း၊ အကြင်မင်း ဆိုတာ ဘယ်လိုလူမျိုးလဲလို့ မေးတယ်။
ဒီတော့ ဇောတိက ကလည်း ဘယ့်နှယ်ပြောသလဲဆိုတော့-

ရာဇာနာမ အမှာကံ ဣဿရော။
သတုလကာယီ= အို သတုလကာယီ။ ရာဇာနာမ= မင်းဆိုတာ။ အမှာကံ= ငါတို့အပေါ်က။ ဣဿရော= အစိုးရတဲ့လူဗျ-လို့ ပြောလိုက်တယ်။
‘မင်းဆိုတာ တို့အပေါ် အစိုးရတဲ့ လူပေါ့ကွ’ လို့ ပြောလိုက်တော့ သတုလကာယီက အတော် ဝမ်းနည်းပက်လက် ဖြစ်သွားတယ်။ ဒါ ဘယ့်နှယ်လဲလို့ ဆိုတော့-

ဒုက္ကဋာနိ ဝတ နော ပုညကမ္မာနိ။
အေး- တို့ အတိတ်ဘဝတုန်းက ကုသိုလ်ကောင်းမှု တို့ကို မကောင်းသဖြင့် ပြုမိခဲ့လို့ပဲ။ ယေသံ နော ဣဿရောပိ သတ္ထိ= တို့အပေါ်က အစိုးရတဲ့ လူဆိုတာ လာပြီးတော့ ရှိရတာ။ တို့ အတိတ်ဘဝတုန်းက မကောင်းကံတွေ ပြုခဲ့လို့တဲ့။

အသဒ္ဓါယနာမ ပုညကမ္မာနိ ကတွာ မယံ သမ္ပတ္တိံ ပါပုဏိတွာ အညဿ ဣဿရိယဋ္ဌာနေ နိဗ္ဗတ္တမှာ။
အသဒ္ဓါယနာမ = သဒ္ဓါတရား မရှိဘဲလျက်၊ ပုညကမ္မာနိ ကတွာ= ကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့၍ မယာ= ငါတို့သည်။ သမ္ပတ္တိံ= စည်းစိမ်ချမ်းသာသို့။ ပါပုဏိတွာ= ရောက်ကြရပါလျက်။ အညဿ= သူတပါး၏။ ဣဿရိယဋ္ဌာနေ= စိုးပိုင်တဲ့ အရပ်ဌာန၌။ နိဗ္ဗတ္တမှ= ငါတို့ ဖြစ်ကြရတယ်။ အဒ္ဓါ= မချွတ်။ အမှေဟိ= ငါတို့သည်။ အသဒ္ဓဟိတွာ= သဒ္ဓါ ယုံကြည်ခြင်း မရှိဘဲ။ ဒါနံ ဒိန္နံ ဘဝိဿတိ= အလှူဒါန ပေးခဲ့တာ ဖြစ်လိမ့်မယ်။
တို့အလှူ မစင်ကြယ်လို့ဟ။ ဟုတ်လား။ တို့အပေါ် အစိုးရတဲ့ လူရယ်လို့ လာဖြစ်ရသေး။ မုချပဲလို့။ အတိတ်ဘဝတုန်းက ကံ- ကံ၏အကျိုးကို မယုံကြည်ဘဲ လှူခဲ့လို့သာ၊ အဲဒီလို နှလုံးမသာမယာ ဖြစ်ပြီးတော့-

ကိံ ဒါနိကရောမိ သာမိ= အရှင် အခုဘာလုပ်ရမလဲ။
ဒီလိုဆိုတဲ့အခါကျတော့-
တာလဝဏံ္ဋ အာဒါယ အာဂန္တာ ရာဇာနံ ဗီဇာဟိ။
တာလဝဏံ္ဋ = ထန်းရွက်ယပ်ဝန်းကို။ အာဒါယ= ယူ၍။ အာဂန္တာ= လာရောက်ပြီး သကာလ။ ရာဇာနံ= မင်းကြီးကို။ ဗီဇာဟိ= ယပ်ခတ်ပေးလော့။
ကိုင်း... အဲဒီ ယပ်ဝန်းကို ယူ၊ မင်းကြီးအနား သွား၊ ယပ်ခတ်ပေးလို့ ဆိုတော့ ရှင်ဘုရင်ကြီးကို ယပ်ခတ်ပေးတယ်။ ယပ်ခတ်တယ်ဆိုတာက လေက သူ့ဟာက အစုန် အဆန် သွားနေတာ။ အစုန်အဆန် သွားနေတော့ ရှင်ဘုရင်ကြီးရဲ့ ခေါင်းပေါင်းက မဖွင့်တာ ကြာလို့လား မသိဘူး၊ စာထဲကဆိုတော့ ခေါင်းပေါင်းကလေလို့ ပြောတာပဲ။ ခေါင်းပေါင်းက မဖွင့်တာ မဟုတ်ပါဘူး။ ဒီခေါင်းက ခေါင်းဆိုတာ နံတတ်တဲ့ပစ္စည်း။ ခေါင်းထဲကဖြစ်တဲ့ အနံ့က ခေါင်းပေါင်းဖောက်ပြီး သကာလ ထွက်လာတော့ လေညာက ယူလာပြီး သတုလကာယီ နှာခေါင်း ရောက်တော့ တစ်ခါတည်း မျက်ရည်တွေ ပေါက်ပေါက်ကျတယ်။
စာက ဒီအတိုင်းပဲ။ သတုလကာယီ ယပ်ခတ်ရင်း မျက်ရည် ပေါက်ပေါက်ကျတော့ ပေါက်ပေါက် ပေါက်ပေါက်နဲ့ ကျတော့ ဗိမ္ဗိသာရ မင်းတရားက-
မဟာသေဋ္ဌိ မာတုဂါမောနာမ အပ္ပဗုဒ္ဓိကော။
မဟာသေဋ္ဌိ= ဇောတိက သေဋ္ဌေးကြီး။ မာတုဂါမော နာမ= မာတုကာမ မည်သည်ကား။ အပ္ပဗုဒ္ဓိကော= နည်းသောပညာရှိ၏။
ဇောတိကသေဋ္ဌေး၊ မိန်းမဆိုတာ အင်မတန် ပညာနည်းတယ်ကွာ... တဲ့။
ဣဒါနိ= ယခုအခါ၌။ မေ= ငါ၏။ သာမိကဿ= အရှင်လင်ယောက်ျား ဖြစ်သော ဇောတိကသေဋ္ဌေးမင်း၏။ သမ္ပတ္တိံ= စည်းစိမ်ချမ်းသာကို။ ရာဇာ= ဗိမ္ဗိသာရမင်းတရားသည်။ ဂဏှေယျာတိ= ယူလတ္တံ့။ ဣတိ= ဤသို့ အောက်မေ့၍။ ဘယေန= ကြောက်သဖြင့်။ ရောဒတိမညေ= ငိုကြွေးယောင်တကား။
သေဋ္ဌေးကတော်ဟာ၊ ဪ… ငါ့အရှင်ရဲ့ စည်းစိမ်တွေကို ဗိမ္ဗိသာရမင်းကြီး သိမ်းမလို့ လာတာပဲ ဆိုပြီး ကြောက်လို့ ငိုနေတာ ဖြစ်မယ်တဲ့။

အဿာသေဟိနံ။
နံ= ထို သတုလကာယီကို။
အဿာသေဟိ= သက်သာအောင် ပြောလိုက်ကြပါကွာ... တဲ့။

န မေ တဝသမ္ပတ္တိယာ အတ္ထောတိ။
မေ= ငါသည်။ တဝ= သင်၏။ သမ္ပတ္တိယာ= စည်းစိမ်ကို။
န အတ္ထော= အလိုမရှိဘူး လို့ပြောလိုက်ကြပါ။
သက်သာအောင် ပြောလိုက်ကြပါလို့ ပြောတယ်။

ဒီတော့ ဇောတိက က ဘာပြန်ပြောသလဲ။
န ဧသာ ဒေဝ ရောဒတိ= အရှင်မင်းကြီး၊ သတုလကာယီဟာ ငိုတာ မဟုတ်ပါဘူး။
ဟာ... ငိုတာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့ မျက်ရည်တွေ ကျနေတုံးကွ ဆိုတော့-

အပြစ်တော် ရှုတော်မမူပါနဲ့။ ခွင့်လွှတ်တော်မူပါ။ သတုလကာယီ ယပ်ခတ်တော့ ယပ်က လေသည် အစုန်အဆန် ရှိပါတယ်။ အရှင်မင်းတရားတို့ရဲ့ ခေါင်းပေါင်းတော်က ပြန်လာတဲ့အနံ့က သတုလကာယီရဲ့ နှာခေါင်း သွားရိုက်တော့ မျက်ရည်ကျတာပါ။ ငိုတာ မဟုတ်ပါဘူး။
အောင်မယ်... ခင်ဗျားသေဋ္ဌေးကတော်က ဒါလောက်ပဲလား။
ဒါလောက်ပဲ။

လွန်လွန်းတယ်ဗျာ ဆိုတော့ အရှင်မင်းတရားရဲ့ ရွှေနန်းတော်မှာ ဝါစေ့တွေ ရေနံချေး မီတွေနဲ့ အရှင်မင်းကြီးနေမှာ။ အဲဒီတုန်းက လျှပ်စစ်ခေတ်မှ မဟုတ်ဘဲ၊ ဟုတ်လား။ အယုတ်ဆုံးဆိုယင် ဖရောင်းမီး၊ ဆီမီး၊ ဝါစေ့မီး၊ ဟုတ်လား။ ဝါစေ့တွေနဲ့ ရေနံချေးတွေနဲ့ နယ်ပြီးသကာလ မီးလုပ်ရမှာကိုး။ ဒီမီးတွေနဲ့ အရှင်မင်းကြီးက ရွှေနန်းတော်မှာ ကျပ်ခိုးစွဲတယ်။ ခေါင်းပေါင်းတော်ထဲ ကျပ်ခိုးက ပါလာတယ်။ အဲဒီ ခေါင်းပေါင်းတော်မှာပါလာတဲ့ ကျပ်ခိုးများက နေပြီးတော့ ရိုက်လို့ သတုလကာယီရဲ့ နှာခေါင်းရိုက်လို့ မျက်ရည်ကျတာပါ။
သူက အမြဲတမ်းဘယ်တော့မှ မီးနဲ့နေတာမဟုတ်ဘူး။ ပတ္တမြားရတနာကြီးရဲ့ အရောင်နဲ့ နေတာ။ အရှင်မင်းကြီးလည်း ရွှေနန်းတော် ရောက်လို့ရှိယင် ပတ္တမြားရတနာရောင်နဲ့သာ နေတော်မူ ဘုရားလို့ ဆိုပြီးတော့ သခွားသီးလောက်ရှိတဲ့ ပတ္တမြားကြီးတစ်လုံး တစ်ခါတည်း ပေးလိုက်တယ်။ ဟို... ကိုးဆယ့်တစ်ကမ္ဘာတည်းက သခွားသီးလောက် ပတ္တမြားကြီးတွေကလည်း အခုဘဝရောက်တုန်း ကိုယ်တင်ရနေတာ မဟုတ်ဘူး၊ ဗိမ္ဗိသာရမင်းတရားကိုတောင် ပေးလိုက်သေးတယ်။

အေး... ဒီတော့မှ ဗိမ္ဗိသာရမင်းတရားကြီး နောက်ဆုံး ဟုတ်ပါပေတယ်။ ဟုတ်ပါပေတယ်။

မဟတီ ဝတ ဇောတိကဿ သမ္ပတ္တိ။
ဘော= အို... အချင်းတို့။ ဇောတိကဿ= ဇောတိကသေဋ္ဌေး၏။ သမ္ပတ္တိ= စည်းစိမ်ချမ်းသာသည်။ မဟတီ ဝတ= ကြီးမားစွ တကား။
ဇောတိကရဲ့ စည်းစိမ်တွေ ကြီးပါပေတယ် ဆိုပြီးတော့ ဇောတိကရဲ့ အိမ်က ပြန်သွားတယ်။ ဘုရားကျောင်း ဒကာကြီး။ အေး... ဘုရားကျောင်းဒကာ ဗိမ္ဗိသာရ မင်းတရား လက်ထက်မှာ ဇောတိက ဘာမှ ကိစ္စမရှိဘူး။ ချမ်းချမ်းသာသာပဲ။ ဟုတ်လား။ ဗိမ္ဗိသာရမင်းတရားက သေဋ္ဌေးကြီးအနေနဲ့ နေတယ်။ တော်တော်ကြာတော့ အဇာတသတ်က အရွယ်လေးရောက်၊ ဒေဝဒတ်နဲ့ပေါင်း၊ ခမည်းတော်လုပ်ကြံ၊ ဟုတ်လား။ နိုင်ငံမှာအုပ်ချုပ်၊ ဘုရင်လုပ်၊ တစ်ဆယ့်လေးနှစ်သားကတည်းက အကြံ ရထားတာကိုး၊ အမှတ်ရတယ်။ ‘ဇောတိကရဲ့ အိမ်ကို ငါသိမ်းမယ် ’ ဆိုပြီးတော့-

ဇောတိက သေဋ္ဌိဿ မဟာပါသာဒံ ဂဏှိဿာမိ။
ဇောတိက သေဋ္ဌေးကြီးရဲ့ ပြာသာဒ်ကြီးကိုဖြင့် ကနေ့ အပိုင်စီးမယ်၊ သိမ်းမယ် ဆိုပြီးတော့ ဆင်တပ်တွေ၊ မြင်းတပ်တွေ၊ ရထားတပ်တွေ၊ ခြေကျင်တပ်ကြီး ချီပြီးတော့ သွားတယ်။ အဲဒီ ဇောတိကရဲ့ ရတနာတံတိုင်းကြီး ခုနစ်ထပ်မှာ နဂိုရှိတဲ့ အခြေအနေပဲ ပြန်ပြောကြစို့။
အပြင်ဘက်ကနေ စထားလို့ရှိယင် ပထမ တံတိုင်းမှာ ယမကောဠီဆိုတဲ့ နတ်ဘီလူးကို ဘီလူးတစ်ထောင်နဲ့အစောင့်ချထားတယ်။ သိကြားမင်းက။ ဒုတိယတံတိုင်း မုခ်မှာ စောင့်တာက ဥပ္ပလခေါ်တဲ့ ဘီလူးစစ်ဗိုလ် ဦးစီးပြီး သကာလ ဘီလူးစစ်သားနှစ်ထောင်။ တတိယတံတိုင်း မုခ်မှာ ဝဇိရလို့ ခေါ်တဲ့ ဘီလူးစစ်ဗိုလ် ဦးစီးပြီးတော့ ဘီလူးစစ်သား သုံးထောင်။ စတုတ္ထ တံတိုင်းမှာ ဝဇိရဗာဟု စစ်ဗိုလ်မှာ ဘီလူးစစ်သား လေးထောင်။ ပဉ္စမ တံတိုင်းမှာ ကသကန္ဒ ခေါ်သော ဘီလူးစစ်ဗိုလ်နဲ့ ဘီလူးစစ်သားပေါင်း ငါးထောင်။ ဟို... အတွင်းရောက်သွားလို့ ဆဋ္ဌ တံတိုင်းမှာ ဆိုလို့ရှိယင် ကဋတ္ထ ခေါ်တဲ့ ဘီလူးစစ်ဗိုလ်နဲ့ ဘီလူးစစ်သားပေါင်း ခြောက်ထောင်။ ဟိုအတွင်းဆုံးခုနစ်ထပ် သတ္တမမုခ်ကျတော့ ဒိသာမုခ ခေါ်တဲ့ ဘီလူးစစ်ဗိုလ် ဦးစီးပြီးတော့ ဘီလူးစစ်သား ခုနစ်ထောင် တစ်ခါတည်း စောင့်နေတယ်။

စကတည်းက သိကြားမင်း ဖန်ဆင်းပေးထားတာ။ ဟုတ်လား။ အေး- အဇာတသတ်က ဇောတိက အိမ်ကို ကနေ့ ဇောတိကရဲ့ နန်းပြာသာဒ်ကို အပိုင်စီးမယ် ဆိုပြီးတော့ စစ်အင်္ဂါ လေးပါးနဲ့ ချီတက်သွားတယ်။ ပထမတံတိုင်းနားလည်း ရောက်ကရော အဲဒီက ရတနာရောင်တွေ ဟပ်တော့ အဲ- ဟို အထဲမှာ ဆင်တပ်ကြီး၊ မြင်းတပ်ကြီး၊ ရထားတပ်ကြီး တွေကို မြင်နေတော့ တံတိုင်းမှန်တောင် သူမသိဘူး။
ဘယ့်နှယ်ထင်သလဲလို့ ဆိုတော့...

ဂဟပတိကော ယုဒ္ဒသဇ္ဇော ဟုတွာ ဗလံ အာဒါယ နိက္ခန္တော။
ဂဟပတိကော= ဇောတိက သေဋ္ဌေးသည်။ ယုဒ္ဒသဇ္ဇော ဟုတွာ= စစ်ထိုးရန် စီစဉ်လျက်။ ဗလံ= မိမိ၏ ဗိုလ်ပါတို့ကို။ အာဒါယ= ယူ၍။ နိက္ခန္တော= ထွက်လာပြီ။ အေး- ဇောတိက သေဋ္ဌေး စစ်ထိုးမယ် ဆိုပြီးတော့ စစ်အင်္ဂါလေးပါးနဲ့ ငါ့လိုပဲ ချီတက်လာတယ်။ ယီးတီးယားတား ရှေ့မတက်ဝံ့ဘဲနဲ့ ယောင်တောင်တောင် တစ်ခါတည်း ခြေတန့်နေတယ်။ တန့်တာက သူ့စစ်သားတွေ။ သူ့ ဆင်တပ်ကြီး၊ မြင်းတပ်တွေ တစ်ခါတည်း ကိုယ့်အရိပ် ကိုယ်ကြောက်ပြီးတော့ အင်း- ကိုယ့်အရိပ် ကိုယ်ကြောက် ဆိုတာ ဒါပြောတာ။ ဒီအဇာတသတ်ကို ပြောတာ။ တစ်ခါတည်း ရှေ့မတက်ဝံ့ဘူး၊ ရပ်နေတယ်။ အဲဒီလို ရပ်တန့်နေတုန်း ပထမ မုခ်မှာ စောင့်တဲ့ ယမကောဠီ ဘီလူးက-
“ကဟံ ဂစ္ဆသိ”
အဇာတသတ်၊ မင်း ဘယ်ပြေးနိုင်မတုံး၊ သွား-လို့ ငြာသံပေးပြီးတော့ ဘီလူးစစ်သား တစ်ထောင်နဲ့ တပ်လှန့်ပေးလိုက်တာ ဦးတည့်ရာပြေးတယ်။

အဲဒီအချိန်မှာ ဇောတိက သေဋ္ဌေးမင်းက ဘုရားရဲ့ သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းသွားပြီး ဥပုသ်စောင့်တဲ့ ဥပုသ်နေ့ကြီး၊ ဟုတ်လား။ သူတကာ ဥပုသ် စောင့်တဲ့နေ့ သူလာပြီးတော့ တကတည်း အပိုင်စီးတယ်။ အေး-ဥပုသ်စောင့်ပြီးတော့ ဘုရားရှေ့မှာ တရားနာနေဆဲ ရှိတယ်။ အင်း- ဇောတိက၊ အဇာတသတ်။ သူတော်ကောင်းကလည်းမိုးထိအောင် ကောင်းတာပဲ။ ဒီ မကောင်းတဲ့ လူကတော့လည်း အဝီစိ ထိအောင် မကောင်းတာ။ ဘဝဂ်နဲ့ အဝီစိ။ ဇောတိက ကလည်း ဒါလောက် စည်းစိမ်ကြီးကို ပေါ့လေ။ မြိန်နေတယ်၊ ယှက်နေတယ်၊ ဇိမ်ခံနေတယ် မရှိဘူး။ တစ်ခါတည်း ကျောင်းတော်သွား ဥပုသ်စောင့်တယ်။ အဇာတသတ် ကလည်းပဲ ဒီကနေပြီးတော့ ယမကောဠီဘီလူရဲ့ စစ်ကြုံးဝါးသံ ကြားပြီးတော့ ဦးတည့်ရာပြေးတော့ သူ့ ဆင်တပ်၊မြင်းတပ်တွေကလည်း ဦးတည့်ရာပြေး၊ သူကလည်း ဦးတည့်ရာပြေးတော့ ဘုရားကျောင်းတော် ရောက်တယ်။

ဘုရားကျောင်းတော်လည်း ရောက်ကရော ဟိုက ဇောတိကက ဆီးပြီးတော့ “ကိံ ဒေဝ”= ဘာဖြစ်လာတာလဲ အရှင်မင်းကြီး။ တရိုတသေ ဟိုက ဆီးကြိုပြောတယ်။ အမယ်မင်း အရှင်မင်းကြီး ဘာဖြစ်လာတာလဲ။ တကယ့်ကို ဟိုက စေတနာနဲ့ မေးတာ။


ဂဟပတိ ကိံ တွံ တဝ ပုရိသေ မယာ သဒ္ဓိံ ယုဇ္ဈထာတိ အာဏာပေတွာ ဣဓာဂမ္မ ဓမ္မံ သုဏန္တော ဝိယ နိသိန္နော။
ဂဟေပတိ= ဟေ့ ဇောတိကသေဋ္ဌေး။ တွံ= သင်သည်။ ကိံ= အဘယ့်ကြောင့်။ တဝ ပုရိသေ= မိမိရဲ့ မင်းချင်းယောက်ျားတို့ကို။ မယာသဒ္ဓိံ= ငါတို့နှင့်တကွ။ ယုဇ္ဈထ= စစ်ထိုးရစ်ကြကုန်။ ဣတိ= ဤသို့။ အာဏာ ပေတွာ= စေခိုင်းပြီးမှ။ ဣဓ အာဂမ္မ= ဤအရပ်သို့ လာရောက်၍။ ဓမ္မံ သုဏန္တောဝိယ= တရားနာနေသယောင်ယောင်။ နိသိန္နော= ထိုင်နေဘိ၏။

ဘာလဲ၊ ခင်ဗျားက ခင်ဗျားလူတွေကို ကျုပ်တို့နဲ့ စစ်ထိုးခိုင်းပြီးတော့ ခင်ဗျားက ဒီလာပြီးတော့ တရားနာသယောင် လုပ်နေတာ မဟုတ်လား။ လက်ညှိုးထိုး ပြောတယ်။

ဒီတော့ ဇောတိကက ဘာပြန်ပြောသလဲ။
ကိံ ပန ဒေဝေါ မမ ဂေဟံ ဂဏှိတုံ ဂတော။
ဒေဝေါ= သမုတိနတ် မင်းမြတ်ကြီးသည်။ မမ ဂေဟံ= အကျွန်ုပ်တို့၏ အိမ်ကို။ ဂဏှိတုံ= သိမ်းယူခြင်းငှာ။ ဂတော= သွားသည်။ အသိ ကိံ ပန= ဖြစ်သလား။
အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ရဲ့ အိမ်ကို သိမ်းယူရန် သွားခဲ့တယ် ထင်ပါရဲ့လို့ ဆိုတော့-
မမ အနိစ္ဆာယ မမ ဂေဟံ ဂဏှိတုံ ရာဇသဟဿမ္ပိ န သက္ကောတိ ဒေဝ။
ဒေဝ= သမုတိနတ် အိုမင်းမြတ်။ မမ မနိစ္ဆာယ= ကျွန်တော်မျိုး သဘောမတူဘဲသာဖြင့်။ မမ ဂေဟံ= ကျွန်တော်မျိုးရဲ့ အိမ်ကို။ ရာဇသဟဿမ္ပိ= မင်းပေါင်းတစ်ထောင်သော်မှလည်း။ ဂဏှိတုံ= သိမ်းယူခြင်းငှာ။ န သက္ကောတိ= မတတ်နိုင်ပါ။
အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ အိမ်ကို ကျွန်တော်မျိုး မကျေနပ်လို့ရှိယင် အရှင်မင်းကြီး တစ်ဦးတည်း မဆိုထားနှင့်၊ မင်းပေါင်းတစ်ထောင်လာပြီး သိမ်းယူပါစေ၊ မရဘူး-တဲ့။

အဇာတသတ်မင်းကလည်း စိတ်ဆိုးတယ်။
ကိံ ပန တွံ ရာဇာ ဘဝိဿတိ= မင်းက ရှင်ဘုရင်မို့လို့လားကွ။ ဒီလိုပြောတယ်။ လက်သီးနဲ့ ထထိုးလုမတတ်ပဲ၊ ဟုတ်လား။ ကိံ ပန တွံ ရာဇာ ဘဝိဿတိ= မင်းက ရှင်ဘုရင် ဖြစ်မယ့် လူမို့ လို့လားကွ။ စိတ်ဆိုးတယ်။

ဒီတော့ ဇောတိကက ဘာပြောသလဲ။ အေးအေးကလေးပဲ။ သူက ဒေါသကြီးတာမှ မဟုတ်ဘဲ။ သူက တရားနာနေတဲ့ သူတော်ကောင်း။
နာဟံ ရာဇာ ဒေဝ။ သမုတိနတ် အို မင်းမြတ်။ အဟံ= အကျွန်ုပ်သည်။ န ရာဇာ= မင်းမဟုတ်ပါ။
ကျွန်တော်မျိုး မင်း မဟုတ်ပါဘူး။ မင်းလည်း မလုပ်ချင်ပါဘူး။

မမ သန္တကံ ပန ဒသိကသုတ္တမ္ပိ မမ အနိစ္ဆာယ ရာဇူဟိ ဝါ စောရေဟိ ဝါ ဂဟေတုံ န သက္ကာ။
ပန= ထိုသို့ပင် ကျွန်တော်မျိုး မင်းမဟုတ်သော်လည်းပဲ။ မမ သန္တကံ= ကျွန်တော်မျိုးရဲ့ ဥစ္စာကို။ မမ အနိစ္ဆာယ= ကျွန်တော်မျိုး အလိုမရှိဘဲသာဖြင့်။ ဒသိကသုတ္တမ္ပိ= ချည်မျှင် တစ်မျှင်ကလေးကိုသော်မှ။ ရာဇူဟိ ဝါ= မင်းပေါင်းများစွာတို့သည် လည်းကောင်း။ စောရေဟိ ဝါ= ခိုးသူတို့သည် လည်းကောင်း။ ဂဟေတုံ= လုယက်ယူခြင်း၊ ခိုးဝှက်ယူခြင်း၊တိုက်ဖျက်ယူခြင်း၊ သိမ်းပိုက်ယူခြင်းငှာ။ န သက္ကာ= မတတ်နိုင်ပါ။

မင်းမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ ပစ္စည်းကို ကျွန်တော်မျိုး သဘောမတူဘဲဆိုယင် ဟို အဲဒီ ပြာသာဒ်ကြီး မဆိုထားပါဘိ။ ချည်မျှင်ကလေးတစ်မျှင်တောင်မှ အရှင်မင်းကြီးတို့ မယူနိုင်ဘူး။ ဒီလို ပြောတယ်။ စိတ်ကလည်း ဆိုးမယ်ဆိုလည်း ဆိုးစရာပဲ။ ဒီတော့ ရာဇမာန်ကလည်း ရှလာတော့-

ကိံ ပနာဟံ တဝ ရုစိယာ ဂဏှိဿာမိ။
အဟံ= ငါသည်။ တဝရုစိယာ= မင်းသဘောတူမှ။ ကိံ ပန ဂဏှိဿာမိ= ဘာ့ကြောင့် ယူရမလဲကွာ-တဲ့။
ငါက မင်းသဘောတူမှ ယူရမှာလား၊ ဟုတ်လား။ မင်းသဘောတူမှ ငါ ဘာလုပ်ယူရမှာလဲ။ ငါယူချင်ယူမှာပေါ့။ သူက ဒီလိုအဓိပ္ပာယ်မျိုးနဲ့ ပြောတယ်။ ရန်တွေ့စကား၊ ဟုတ်လား။
တေနဟိ ဒေဝ ဣမာ မေ ဒသသု အင်္ဂုလီသု ဝီသတိမုဒ္ဒိကာ။
တစ်ခါတည်း လက်ဆယ်ချောင်း ထောင်ပြလိုက်တယ်... ဇောတိက... က။
ဒေဝ= အရှင်မင်းကြီး။ တေနဟိ= ဒါဖြင့်ယင်။ မေ= အကျွန်ုပ်၏။ ဣမာဒသသု အင်္ဂုလီသု= လက်ဆယ်ချောင်းတို့၌။ ဣမာဝီသတိမုဒ္ဒိကာ= ဤ နှစ်ဆယ်သော လက်စွပ်တို့သည်။ သန္တိ= ရှိကုန်၏။
ဣမာဟံ တုမှာကံ န ဒေမိ။
အဟံ= ငါသည်။ တုမှာကံ= အရှင်မင်းကြီးတို့အား။ ဣမေ= ဤလက်စွပ်တို့ကို။ န ဒေမိ= မပေးဘူး။ သစေ သက္ကောထ ဂဏှထ= စွမ်းနိုင်ယင် ယူစမ်း။ တစ်ခါတည်း လက်ကို ကမ်းပေးလိုက်တယ်။
အဇာတသတ်မင်းကို ကျွန်တော်မျိုးပိုင်တဲ့ ဟောဒီ လက်စွပ်ဟာ အကွင်းနှစ်ဆယ် ရှိတယ်။ အဲဒီ အကွင်းနှစ်ဆယ်ကို ကျွန်တော်မျိုး မပေးဘူးတဲ့၊ ဟုတ်လား။ သတ္တိရှိယင်၊ စွမ်းလို့ရှိယင် ယူစမ်းလို့ ဆိုတော့ အဇာတသတ်မင်းလဲ အင်မတန် စိတ်ဆိုးလာတယ်။ ရာဇမာန် သိပ်ပြင်းတယ်။ တစ်ခါတည်း မြေကြီးကို ထိုင်ပြီးတော့ ခုန်လိုက်တာ တစ်ခါတည်း ဆယ့်ရှစ်တောင် မြောက်သွားတယ်။ ဖျမ်းဆို လက်ပမ်းပေါက် ခတ်ပြီးတော့ ခုန်တာ။ သူ့သတ္တိပြတယ်။ မြေကြီးက ဒီလိုငုတ်တုတ်ထိုင်ရာက ခုန်တာ။ တစ်ခါတည်း လက်ပမ်းပေါက်ခတ်ပြီး ခုန်တော့ ဖြုန်းဆို ကောင်းကင် ဆယ့်ရှစ်တောင် မြောက်ပြီး ပြန်ကျတယ်။ ဒုတိယ တစ်ခါ မတ်တတ်ရပ်ပြီးတော့ လက်ပမ်းပေါက် ခတ်ပြီးတော့ ခုန်တော့ ကောင်းကင်အထက်ကို အတောင်ရှစ်ဆယ်၊ ဝါးလေးပြန်လောက် တစ်ခါတည်း တက်ပြီးတော့ ဖြုန်းဆိုကျတယ်။

ဇောတိကက စွမ်းနိုင်ယင် ယူပါ၊ သတ္တိရှိယင်ယူစမ်းပါ ဆိုပြီးတော့ တစ်ခါတည်း လက်ကမ်းပေးလိုက်တယ်။ ချွတ်သလေ၊ ချွေးဒီးဒီး ကျတယ်။ တစ်ကွင်းမှ မရဘူး။ ဒါနဲ့ တစ်ခါတည်း နဖူးကချွေး ခြေမ ကျတယ်။ ချွေးသာ ကျတယ်၊ လက်စွပ်က တစ်ကွင်းမှ မရဘူး။ မရတော့ ဇောတိကက ဘာပြောသလဲ။
သာဋကံ ပတ္ထရဒေဝ။
အရှင်မင်းကြီး၊ ဘာကြောင့် အပင်ပန်းခံပြီး ချွတ်နေသလဲ၊ အဲဒီ ဝတ်လဲတော်လေး ဖြန့်ထားလိုက်ပါ။ ကျွန်တော်မျိုး ပေးချင်တဲ့စိတ်နဲ့ ပေးပါ့မယ်နော်။ အဲဒီ ဝတ်လဲတော်လေး ဖြန့်ထားပါ ဆိုတော့ ဟို ရှင်ဘုရင်ကလည်း သူက အရှက်က ကွဲနေတော့ သူထူးပြီးတော့ ကွဲစရာမရှိဘူး။ ဒီတော့ ဝတ်လဲလေး ဖြန့်ထားတယ်။ ဖြန့်ထားတော့မှ ဟိုက ဇောတိကက နေပြီးတော့ လက်ကလေးကို ဒီလို စိုက်ပေးလိုက်တယ်။ လက်စွပ်အကွင်း ဘယ်ဘက်က ဆယ်ကွင်း၊ ညာဘက်က ဆယ်ကွင်း အလိုလို ဆင်းသွားတယ်။ ရှင်းပြီးလား-တဲ့။

ဧဝံ ဒေဝ မမ သန္တကံ မမ အနိစ္ဆာယ န သက္ကာ ဂဏှိတုံ။
ဒေဝ= သမုတိနတ် အို- မင်းမြတ်။ ဧဝံ- ဤသို့လျှင်။ မမ သန္တကံ= ကျွန်တော်မျိုး သဘောမတူလို့ ရှိယင်။ ကောစိ= တစ်စုံတစ်ယောက်သောသူသည်။ ဂဏှိတုံ= ယူခြင်းငှာ။ န သက္ကာ= မတတ်ကောင်းပါဘူးဘုရား-လို့-
ကျွန်တော်မျိုးရဲ့ ဥစ္စာကို ကျွန်တော်မျိုး သဘောမတူယင် ဘယ်သူမှ ယူမဖြစ်ပါဘူးလို့ ပြောရင်း ပြောရင်း ပြောရင်းနဲ့ အဇာတသတ်မင်းရဲ့ လောဘတွေ၊ အဇာတသတ်မင်းရဲ့ ဒေါသတွေ၊ ဒါတွေကို မြင်ပြီးတော့ ဇောတိက က လောဘ၊ ဒေါသများ သိပ်ကြောက်စရာ ကောင်းပါကလားလို့ ဆိုတာ သံဝေဂ ရပြီးတော့-

ပဗ္ဗဇိတုံ မေ အနုဇာန ဒေဝ။
ဒေဝ= သမုတိနတ် အို- မင်းမြတ်။ ( ဒီမင်းရဲ့လက်ထက်မှာဖြင့် ငါဆက်နေလို့ တော့ဖြင့် မတော်ဘူး။ လောဘ အင်မတန်ကြီးတဲ့ မင်း။ ဒေါသ အင်မတန်ကြီးတဲ့ မင်း။ ဒီမင်းလိုသာဖြင့် လူ့ဘောင်မှာနေလို့ မတော်တော့ဘူးလို့ သံဝေဂ ရတယ်။ ကျေးဇူးတင်ရမှာပဲ။ နို့မို့ ဒါလောက်ကြီးတဲ့ စည်းစိမ်ကြီး ဘယ်စွန့်မလဲ။ သူ ဆုတောင်းတဲ့အတိုင်း “ဒေဝ မနုေဿသု သမ္ပတ္တိယော အနုဘဝိတွာ” ဆိုတဲ့အတိုင်း ဒီကနေ နတ်ပြည်သွား၊ ဒီလိုစည်းစိမ်တွေ ခံစားနေယင် ဒီလိုဒုက္ခ တွေ့ဦးမှာပဲ။ အခုတော့ အဇာတသတ်နဲ့လည်း တွေ့လိုက်ကရော ဓမ္မသံဝေဂ= တရားသံဝေဂ ရပြီးတော့- ဒေဝ= သမုတိနတ် အို-မင်းမြတ်။ မေ= အကျွန်ုပ်အား။ ပဗ္ဗဇိတုံ= ရဟန်းပြုခြင်းငှာ။ အနုဇာန= ခွင့်ပြုတော်မူတော့ ဘုရား…။
မနေချင်တော့ပါဘူး၊ ဟုတ်လား။ ငါတော့ ရဟန်းပြုမှပဲ ဆိုပြီးတော့ ရဟန်းပြုဖို့ရန် ခွင့်ပေးတော်မူပါဘုရားလို့ လျှောက်ထားတယ်။ အဇာတသတ် မင်းကလည်းပဲ ဟိုက ရဟန်း ပြုချင်နေတာတောင်မှ နှလုံးသွင်းက ဘယ်လောက်တောင်လဲ ဆိုတော့-

ဣမသ္မိံ ပဗ္ဗဇိတေ သုခံ ပါသာဒံ ဂဏှိဿာမိ။
ဣမသ္မိံ= ဤဇောတိကသည်။ ပဗ္ဗဇိတေ= ရဟန်းပြုလို့ရှိယင်။ သုခံ= လွယ်လွယ်နဲ့။ ပါသာဒံ= သူ့ရဲ့ ရတနာပြာသာဒ်ကြီးကို။ ဂဏှိဿာမိ= ငါပိုင်ရမှာပဲ။
သူ ရဟန်းပြုယင် သူ့ပြာသာဒ်ကြီးကို လွယ်လွယ်နဲ့ ငါအပိုင်ရမှာပဲ-ဟဲ့ဆိုပြီးတော့ ဝမ်းမြောက်ဝမ်းသာ-
တွံ ပဗ္ဗဇာတိ။
တွံ= သင်ဇောတိကသည်။ ပဗ္ဗဇာတိ= အလိုရှိတိုင်း ရဟန်းပြုလော့။
ပြုနိုင်ဗျား….ပြုနိုင်ဗျားလို့ တကတည်း ကျေကျေနပ်နပ် ရဟန်းပြုခွင့်လည်း ပေးရော ဇောတိကလည်းပဲ အိမ်တောင် မပြန်ဘူး၊ အဲဒီကနေ မြတ်စွာဘုရားထံ ဝင်ရောက်ပြီး သကာလ ရဟန်းအဖြစ်တောင်း၊ ရဟန်းပြု။

သော သတ္ထုသန္တိကေ ပဗ္ဗဇိတွာ န စိရေဿဝ အရဟတ္တံ ပတွာ ဇောတိကထေရောနာမ အဟောသိ။
သော= ထိုဇောတိက သေဋ္ဌေးသည်။ သတ္ထု-သန္တိကေ= ဘုရားအထံ၌။ ပဗ္ဗဇိတွာ= ရဟန်းပြု၍။ န စိရေဿဝ အရဟတ္တံ ပတွာ= မကြာမြင့်မီ အရဟတ္တဖိုလ် ရောက်ပြီးတော့။ ဇောတိက ထေရောနာမ အဟောသိ= ဇောတိက မထေရ်ရယ်လို့ သာသနာတော်မှာ အထင်အရှား ဖြစ်ပွားခဲ့တယ်-တဲ့။ တစ်နေ့တော့ ဇောတိက မထေရ်ကို ရဟန္တာဖြစ်မှန်း မသိကြဘူးတဲ့။ တစ်ချို့တစ်ချို့ ကိုယ်တော်လေးတွေက ရှိသေးတယ်။ ဇောတိက က ဝါက ခပ်ငယ်ငယ်၊ အခုမှ ရဟန်းဖြစ်ခါစ။
လာပြီး သူတို့က-

အာဝုသော ဇောတိက တသ္မိံ ပန တေ ပါသာဒေ ဝါ ဣတ္ထိယာ ဝါ တဏှာ အတ္ထိ။
အာဝုသော ဇောတိက= ငါ့ရှင် ဇောတိက။ တေ= သင့်အား။ တသ္မိံ ပါသာဒေ ဝါ= ထိုရတနာ ပြာသာဒ်၌ လည်းကောင်း။ တိဿံ ဣတ္ထိယာ ဝါ= ထိုသတုလကာယီ ဆိုတဲ့ မြောက်ကျွန်းသူ သေဋ္ဌေးကတော်၌ လည်းကောင်း။ တဏှာ= တဏှာ တရားသည်။ အတ္ထိ= ရှိသေးသလား….လို့-

ဇောတိက ရဟန်းပြုလို့ မကြာမီ ရဟန္တာဖြစ်တော့ သူ့ရဲ့ ရတနာပြာသာဒ်ကြီးနဲ့ သတုလကာယီတို့ ဘယ်လိုဖြစ်သလဲဆိုတော့ ဇောတိကလည်း ဒီက ရဟန္တာ ဖြစ်ကရောတဲ့၊ ရတနာပြာသာဒ်ကြီးကလည်း အလိုလိုကွယ်သွားတယ်။ သတုလကာယီနဲ့တကွ၊ ဟုတ်လား။ ဇောတိကျောက်ရော၊ ဆန်ရော အကုန်လုံး နတ်တွေက မြောက်ကျွန်း ပြန်ပို့တယ်။ မြေနဲ့ မြေကွက် ဗလာပဲ ဒီအတိုင်း ကျန်ခဲ့တယ်။
အကုန်လုံး ရတနာပြာသာဒ်ကြီး အကုန် ကွယ်သွားတယ်။ အဲဒီတော့ ဇောတိကကို ရဟန်းတွေက မေးတယ်။

“ငါ့ရှင် ဇောတိက၊ ဟို- လူ့ဘဝတုန်းက အဲဒီ ရတနာပြာသာဒ်ကြီးနဲ့ သတုလကာယီ ဆိုတဲ့ သေဋ္ဌေးကတော်ကြီးကို တွယ်တာ တပ်မက်တဲ့ တဏှာလောဘများ ရှိသေးသလား” လို့ ဆိုတော့-

နတ္ထိ အာဝုသော= မရှိတော့ဘူး ငါ့ရှင်တို့။ ရိုးရိုးပြောတယ်။
မရှိတော့ဘူးလို့ ဆိုတော့ ဒီကိုယ်တော်တွေ အနေနဲ့က ဒါ-ရှိလောက်တဲ့ လောဘနေယျဝတ္ထုကြီး။ မရှိဘူးလို့ သူပြောတာ သက်သက်မဲ့ မဟုတ်မမှန်ပြောပြီးတော့ ကိုယ့်ကိုယ်ကို ရဟန္တာလို့ ဝန်ခံတာ ဆိုပြီးတော့လား- ဘုရားဆီ သွားရအောင်ဆိုပြီး ဘုရားထံ ခေါ်သွားတယ်။ ဘုရားဆီရောက်တော့-

အယံ ဘန္တေ အဘူတံ ဝတွာ အညံ ဗျာကရောသိ။
ဘန္တေ= အရှင်မြတ်ဘုရား။ အယံ= ဤ ဇောတိက ရဟန်းသည်။ အဘူတံ ဝတွာ= မဟုတ်မတရား ပြောကြားပြီးတော့။ အညံ= အရဟတ္တဖိုလ်ကို။ ဗျာ- ကရောသိ= ဝန်ခံပါတယ်ဘုရား….လို- ပြောတယ်။

မြတ်စွာဘုရားက-
နတ္ထေဝ ဘိက္ခဝေ မမ ပုတ္တဿ တဏှာ။
ဘိက္ခဝေ= ရဟန်းတော်များ အိုချစ်သားတို့။ မမ ပုတ္တဿ= ငါ့သားဇောတိကအား။ တဏှာ= ဝတ္ထု အာရုံ ကာမဂုဏ်တို့၌ ခုံမင်တပ်မက် စွဲလန်းနှစ်သက်တတ်တဲ့ တဏှာလောဘသည်။ နတ္ထေဝ= တကယ့်ကို မရှိရိုးဧကန် မှန်လှပေ၏။
ဧဝံ= တကယ့်ကို မရှိတာ။ ခိုင်ခိုင်မာမာကြီး ပြောပြီးတော့-
ယောဓ တဏှံ ပဟန္တာန၊ အနာဂါရောပရိဗ္ဗဇေ။
တဏှာဘဝ ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ဒေသနာနိဂုံး အဆုံးသတ်တော့မလို့-
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ဣဓ= အံ့ဖွယ်ရှစ်ဖြာ ဤငါဘုရားသာသနာ၌။ ယော= အမှတ်မထင် အကြင်ပုဂ္ဂိုလ်သည်။ တဏှံ= ဝတ္ထု အာရုံ ကာမဂုဏ်၌ တခုံမက်မက် တပ်နှစ်သက်တတ်သည့် တဏှာလောဘတရားကို။ ပဟန္တာန= လေးနက်လျှံရှိန် ဉာဏ်ပုဆိန်ဖြင့် လေးကြိမ် ဖြတ်တောက် အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍။ အနာဂါရော= လူမှုလူရာ ကိစ္စ လုံးဝမရှိဘဲ။ ပရိဗ္ဗဇေ= လူ့ဘောင်မှ လွတ်မြောက် ရဟန်းဘောင်သို့ ကပ်ရောက်ခဲ့ပေ၏။ တဏှာဘဝ ပရိက္ခီဏံ= တဏှာ သုံးဝ ဘဝသုံးဘုံ အကြွင်းမဲ့ ကုန်ပြီဖြစ်သော။ တံတာဒိသံ= ထိုသို့သဘောရှိသောသူကို။ အဟံ= လူနတ်တို့၏ ဆရာ ငါဘုရားမြတ်စွာသည်။ ဗြာဟ္မဏံ= ဒုစ္စရိတ မကောင်းမှု ဟူသမျှကို အပပြုပြီး ပယ်ဖျက်ပြီး၍ ဘုန်းမီးဝိဇ္ဇာ ခီဏာသဝ ပရမတ္ထအနှစ် ဗြာဟ္မဏအစစ်ဟူ၍။ ဗြူမိ= ဟောကြားပေ၏။

ဒီလိုပုဂ္ဂိုလ်မျိုးကိုမှ သဘာဝဗြာဟ္မဏ အစစ်လို့ တဏှာသုံးပါး ကုန်ပြီး ဘဝသုံးပါးကုန်ပြီး ဖြစ်တဲ့ပုဂ္ဂိုလ်ကိုမှ ဗာဟိတပါပ ဖြစ်သောကြောင့် ပရမတ္ထအနှစ် ဗြာဟ္မဏအစစ် သဒ္ဓါနှစ်အစစ်လို့ ငါခေါ်တယ်လို့ ဒေသနာနိဂုံးဆုံးသကာလ-

ဒေသနာဝသာနေ= ဒေသနာနိဂုံး ဆုံးသောကာလ၌။ ဗဟူ= များစွာသော ရဟန်းတို့သည်။သောတာပတ္တိဖလာဒီနိ= သောတာပတ္တိဖိုလ် စသည်တို့သို့။ ပါပုဏိံသု= ရောက်ကြကုန်၏…။

တရားလည်းဆုံးရော စောစောစီးစီးက ဦးဇောတိကကို အပြစ်တင်ချင်လို့ ဘုရားထံမှောက် ရောက်လာတဲ့ ကိုယ်တော်တွေ အချို့ သောတာပန် ဖြစ်၊ တစ်ချို့သကဒါဂါမ်၊ တစ်ချို့ အနာဂါမ်၊ တစ်ချို့ ရဟန္တာ ဒီလို စသည် ဖြစ်ကြတယ်-တဲ့။
ဤသည်လျှင် ဇောတိကထေရဝတ္ထုသည် ပြီးပြီ။

ဤသို့ဇောတိကမထေရ်၏ အတိတ်အကြောင်းနှင့် တကွ ပစ္စုပ္ပန်ဝတ္ထုနှင့် စပ်သော ဒါနကထာ၊ သံဝေဂကထာ၊ ဓမ္မကထာကို ကြားနာရခြင်း= ဓမ္မဿဝနကောင်းမှုကုသိုလ်ကံစေတနာ၊ သရဏဂုံ သီလ ဆောက်တည်ရခြင်း= သီလမယ ကောင်းမှုကုသိုလ်ကံ စေတနာ၊ စစ်ကိုင်းတောင်ရိုး၊ မင်းကွန်းတောင်ရိုးဘက်၌ ဓုရ နှစ်ပါး ပွားများကြိုးကုတ် အားထုတ်နေထိုင်ကြတဲ့ သံဃာတော်အရှင်မြတ်တို့အား ဆွမ်းပစ္စည်းဖြင့် မငြို မငြင် မပင်ပန်း မနွမ်းနယ်စေခြင်း အကျိုးငှာ နှစ်စဉ် နှစ်စဉ် ထာဝရ နိဗဒ္ဓ ဝဋ်ကျွေးတည်၍ ဆွမ်းအလျာ ဆွမ်းဆန်တို့ဖြင့် သဒ္ဓါပြဋ္ဌာန်း လှူဒါန်းရခြင်း တည်းဟူသော ဘောဇနဒါန ကောင်းမှုကုလိုလ်ကံ စေတနာ၊ ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ် အရပ်ရပ်တို့ကြောင့်-

ဤတရားဒေသနာ၌ လာရှိသည့် ဇောတိက၏ စံရားခေမာသီဝ အမတကြငှန်း နိဗ္ဗာန်နန်းသို့ မပင်မပန်း ခံစံရသော ကျင့်ဝတ်ပဋိပတ်၊ လျင်မြန်သော အသိဉာဏ်၊ ရည်သန်ရင်းရှိတဲ့ မဂ်ဉာဏ်လေးရပ်တို့ဖြင့် အရဟတ္တဖိုလ်ပေါက် ကိုယ်စီကိုယ်င မျက်မှောက်ပြုနိုင်ကြသည့်ကိုယ်ဖြစ်ပါစေကုန်သတည်း။ အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုရသော ထိုနောက်ဆုံးဘဝ ပရိနိဗ္ဗာနစုတိ၏ အခြားမဲ့ နောက်ကာလ၌ ဘယ်ဘဝ၊ ဂတိ၊ ယောနိ၊ဝိညာဏဋ္ဌိတိမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ တစ်ဖန်မဖြစ်သော ချုပ်ခြင်း ငြိမ်းခြင်း အေးခြင် အနုပ္ပါဒနိရောဓ၊ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီ စံရစေကုန်သတည်း။ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီစံရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက် မီးလျှံကြီး အပြီးတိုင် ငြိမ်းကြပါစေကုန် သတည်း…။

သာဓု... သာဓု... သာဓု...
ဇောတိကမထေရ်ဝတ္ထု တရားတော် ပြီးပြီ။

0 comments:

Post a Comment