Tuesday, July 12, 2011

ဥရဂဇာတ် တရားတော်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသံဂီတိ ဝိဿဇ္ဇက
အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု
မင်းကွန်းတောင်ရိုး ဓမ္မနာဒဆရာတော်
ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ

ဥရဂဇာတ် တရားတော်
သင်္ခါရတို့၏ ဓမ္မတာ ပျက်စီးမှု ကြုံလာလျှင်
သောကမီး သက်သာဖို့အတွက်
ကြိုတင် နှလုံးသွင်းထားရန် ရည်သန်ဟောကြားခြင်း။

ကိုယ့်အလုပ်ကိစ္စကို လျင်စွာကြိုးကုတ် အားထုတ်ကြရန်...
ရုပ် နာမ် ဓမ္မ၊ သင်္ခါရတို့၊ ကိုယ်က ဤပုံ၊ ဖြစ်လိုတုံလည်း၊ တစ်ဖုံ ဆင်ကွဲ၊ သူတစ်နဲဖြင့်၊ ဖောက်လွှဲ တတ်စွာ၊ ဓမ္မတာကို၊ ပညာစက္ခု၊ မြော်ထောက်ရှု၍၊
ယခုပင်လျှင်၊ မအိုခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မနာခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ယခုပင်လျှင်၊ မသေခင်က၊ ကြိုတင်ကောင်းမှု၊ ကြိုးစားပြုလော့။
ရတုချိန်ထောက်၊ ဤခါရောက်မှ၊ ချုပ်ပျောက် ခန္ဓာ၊ သေပိမ့်ငှာဟု၊ သတ္တဝါခပင်း၊ ရှင်သေမင်းနှင့်၊ မိတ်သင်းဖွဲ့လျက်၊ ချိန်းအချက်လျှင်၊ တစ်စက်ကမှ၊ မရှိကြဘူး-

“အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”

ဘုရား စကား၊ လိုက်နာပွားသည်၊ တရား လက်မလွတ်စေနှင့်။
ဘုန်းကြီးလေ… အမြဲမပြတ် တရားပွဲတိုင်း ပွဲတိုင်းမှာ နေပြီးတော့ လင်္ကာလို တစ်မျိုး-
အပ္ပမတ္တာ သဒါဟောထ၊ ဉ တွာ သင်္ခါရဓမ္မတံ။
သကိစ္စမနုယုဉ္စဝှေါ၊ နတ္ထိ နော မစ္စုသင်္ဂရံ။
ဘောန္တော= နှလုံးပျော့ပျောင်း အို... သူတော်ကောင်းတို့။ သင်္ခါရဓမ္မတံ= ကိုယ်က ဤပုံ၊ ဖြစ်လိုတုံလည်း၊ တစ်ဖုံ ဆင်ကွဲ၊ သူတစ်နဲဖြင့်၊ ဖောက်လွှဲတတ်စွာ၊ ရုပ် နာမ် ဓမ္မ၊ သင်္ခါရတို့၏ ဓမ္မတာကို။ ဉတွာ- ဇာနာထ= ကိုယ်စီကိုယ်င အဇ္ဈတ္တဝယ် ဉာဏ စက္ခု မြော်ထောက်ရှု၍ ယခုပင်လျှင် သိမြင်အောင် ကြိုးကုတ် အားထုတ်ကြကုန်လော့။ ဉတွာ= သိမြင်အောင် ကြိုးကုတ် အားထုတ်ကြပြီးလျှင်။ သဒါ= မိနစ် စက္ကန့်ခပ်သိမ်းသောအခါကာလ၌။ အပ္ပမတ္တာ= အပ္ပမာဒတရား လက်ကိုင်ထားကြ ကုန်သည်။ အပ္ပမတ္တာ= ကုသိုလ်ဆယ်ခုမြတ်ကောင်းမှု၌ ဂရုက ကြိုးလုံ့လသည် အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။

အပ္ပမတ္တာ-

“မမျှော်လင့်ဘဲ၊ ဖြုန်းခနဲ၊ ရောက်စွဲ နာဗျာဓိ။
မမျှော်လင့်ဘဲ၊ သူ၏နဲ၊ အိုလဲ အိုနိုင်၏။
မမျှော်လင့်ဘဲ၊ ဖြုန်းခနဲ၊ ဖောက်လွှဲ သေနိုင်၏” ဟု
သတိလှိုက်လှဲ စိတ်ဝယ် စွဲကြကုန်သည်။ ဟောထ= ဧကန်စင်စစ် ဖြစ်ကြကုန်လော့။

ဘာကြောင့်လဲလို့ ဆိုတော့...
နော= တဏှာမာရ်ညွတ် ခန္ဓာဝဋ်မှ ကျွတ်ရန်ရည်ခြွေ တို့တစ်တွေအား။ နော= တဏှာတည်းဟူသော မာရ်မင်း၏ ညွတ်ကွင်း၊ ခန္ဓာတည်းဟူသော သံသရာဝဋ်အတွင်းမှ လွတ်ကင်းရန် ရည်ခြွေ တို့တစ်တွေအား။ မစ္စုသင်္ဂရံ= မစ္စုမည်လျှင်း ရှင်သေမင်းနှင့် အတွင်းကျိတ်ပူး မိတ်ရည်နူး၍ နှစ်ဦး နှစ်ဖက် ချိတ်အဆက်ဖြင့် ဤရက်ခါမူ သေအံ့ဟူ၍ လည်းကောင်း သဘောတူ ချိန်းအချက် စာချုပ်စာတမ်း စာရွက်တို့နှင့်တကွ လက်ဆောင်တံစိုးထိုး၍ ထားခြင်းသည်။ နတ္ထိ= မရှိဧကန် လူတိုင်း မှန်လှပါလေ၏။ တသ္မာ= ထို့ကြောင့်။ သကိစ္စံ= ခုဝတ္တမာန် ပစ္စုပ္ပန်နှင့် တမလွန်နောက်နှောင်း တောက်လျှောက် ကောင်းအောင် ရွယ်ချောင်းဆုပန် စိတ်ရည်သန်၍ နှစ်တန်သော လောက ဓမ္မ စီးပွား ကိုယ့်ကိစ္စများကိုသာ။ အနုယုဉ္ဇဝှေါ= လုံ့လကြိုးကုတ် အားထုတ်ကြပါကုန်လော့။ သကိစ္စမနုယုဉ္ဇဝှေါ= ရုပ်နာမ်နှစ်ပြင် ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူတို့ ဖြစ်ချင်သလိုသာ ဖြစ်ကြသည့် သဘာဝ သူ့ညာဉ်ကို သမ္ပဇဉ် နှိုင်းညှိ အမှန်အတိုင်း သိကြ၍ မိမိတို့ဆိုင်ရာ နှစ်ဖြာသော လောက ဓမ္မ စီးပွား ကိုယ့်ကိစ္စများကို ရှည်လျားကာလ အချိန်ကို မဆွဲကြဘဲ ယခုကပင် အရေးတွင်အောင် ကြိုတင်ကာကြိုးကုတ် အားထုတ်ကျင့်ကြံကြပါကုန်လော့။

(သာဓု။ သာဓု။ သာဓု။ )

အဲဒီလို ဂါထာပါဠ် နိဿယနဲ့ တစ်မျိုး၊ မမေ့မလျော့ကြနဲ့၊ ရုပ်တရား နာမ်တရားဆိုတဲ့ ဒီသင်္ခါရ တရားတွေဟာ ကိုယ်ဖြစ်ချင်သလို ဖြစ်တာ မဟုတ်ဘူး၊ သူတို့ ဖြစ်ချင်သလိုသာ ဖြစ်ကြတာ၊ ဒီတော့ စောစောစီးစီးက ကိုယ်ရည်သန်ထားတဲ့ လောကီစီးပွား၊ လောကုတ္တရာ စီးပွား၊ များကို ပြီးတန်သလောက် ပြီးသွားအောင် မြန်မြန်ကြိုးကုတ် အားထုတ်ကြ။ ဘာကြောင့်လဲလို့ ဆိုတော့ သေခြင်းတရားနဲ့ ဘယ်သူတစ်ဦး တစ်ယောက်မှ အချိန်းအချက် အဆက်အသွယ် မရှိဘူး။ ရောက်ချင်တဲ့နေ့ ရောက်မှာပဲလို့ စကားပြေ(စူဏ္ဏိယ) တိုတိုတုတ်တုတ်နဲ့တမျိုး၊ အမျိုးမျိုး ဘုန်းကြီး သတိပေးခဲ့ပါတယ်။

အေး... ပေးရင်း ပေးရင်းကနေပြီးတော့ ဘုန်းကြီးနဲ့တကွ ပတ်ဝန်းကျင် ရှိရှိသမျှသော ပုဂ္ဂိုလ်တွေဟာ ဘုန်းကြီးတို့ ညွှန်ပြခဲ့တဲ့အတိုင်း ရုပ်နာမ်ဓမ္မ သင်္ခါရဆိုတဲ့ ဒီတရားတွေဟာ ကိုယ်ဖြစ်ချင်သလို မဖြစ်ဘဲ သူဖြစ်ချင်သလိုသာ ဖြစ်ကြတဲ့ သူ့သဘာဝ သူ့ညာဉ်အတိုင်း ဖြစ်ကြတာကို ကိုယ်တိုင်မြင်ရ။ ကိုယ်တိုင်တွေ့ရ၊ ကိုယ်တိုင်ခံစားရပြီ။

အဲဒီလို ပစ္စုပ္ပန်မှာ ကိုယ်တိုင်မြင်ရ တွေ့ရ ခံစားရသလို အတိတ်ကလည်း မြင်ရ တွေ့ရ ခံစားခဲ့ရလှလေပြီ အနာဂတ်မှာလည်း ဒီရုပ်နာမ်နှစ်ပါး မချုပ်မဆုံးသေးသမျှမှာဖြင့် ဒီရုပ်နာမ်တို့ရဲ့ဒဏ်ချက်ကို သူတို့မကုန်မချင်း ခံကြရလိမ့်ဦးမယ်။ အတိတ်ကတော့ လက်နက်ကောင်း မရှိလို့ ခံခဲ့ရပြီထား၊ ပစ္စုပ္ပန်မှာလည်းပဲ ရှိတဲ့ လက်နက်ကြီး လက်နက်ကို မသုံးမိလို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ရဲ့ ဒဏ်ချက်ကို တော်တော်လေး အောင့်သက်သက်ခံရပြီ၊ ထားတော့။ အနာဂတ်တော့ဖြင့်ယင် သူတို့ရဲ့ ဒဏ်ချက်ကို တရားလက်လွတ် မခံဘဲနဲ့ ရှေးကဘုရားအလောင်း သူတော်ကောင်းကြီးများ၊ ရှေးပညာရှိကြီးများရဲ့ လောကဓံ သည်းခံတဲ့နှလုံးကို ချုံးကြည့်ပြီး သကာလ ခံနိုင်ဖို့ရန် ပဉ္စကနိပါတ် မှာလာတဲ့ ဥရဂဇာတ်ဆိုတာ ဘုန်းကြီး ပြောချင်ပါတယ်။

ဘုရား လက်ထက်တော်တုန်းက သာဝတ္ထိပြည်က သူကြွယ်တစ်ယောက်မှာ သားကလေး အနိစ္စရောက်တော့ သောကပရိဒေဝမီး တညီးညီး တပြောင်ပြောင် တောက်လောင်ပြီးနေလို့ တစ်နေ့တော့ ဘုရားက သဗ္ဗညုတရွှေဥာဏ်တော်ကွန်ရက်ဖြင့် သတ္တလောကကြီး ဖြန့်ကျက်ပြီး ကြည့်လိုက်တဲ့အခါ ရွှေဥာဏ်တော် ကွန်ရက်ထဲမှာသားသေတဲ့ ဖခင် ထင်လာတယ်။ ဒီတော့ ဘုရားကိုယ်တိုင် ထိုသူကြွယ်ရဲ့ အိမ်ကိုကြွ၊ ဘုရားကြွလာတယ်ဆိုတော့ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာနဲ့ နေရာထိုင်ခင်း ပေးတယ်။ နေရာထိုင်ခင်း ပေးလို့ ခင်းတဲ့ နေရာမှာ ဘုရား ကိုယ်တော်မြတ် ထိုင်မိလျှင်ပင် ထိုသူကြွယ်လည်းပဲ ဘုရားကို လက်အုပ်ချီမိုး ရှိခိုး၍ နေတော့ မြတ်စွာဘုရားကလည်း သူ၏ အကြောင်းကိုသိပြီးသားဖြစ်လို့ မေးလိုက်တယ်။

ကိံ အာဝုသော သောစသိ...
အာဝုသော= ဒါယကာ။ ကိံ= အသို့နည်း။
သောစသိ= စိုးရိမ်ပူဆွေး၍ နေသလား... လို့...
“ဒကာ၊ ဘယ့်နှယ်လဲ စိုးရိမ် ပူဆွေးတယ်ဆိုတဲ့ သောကမီး မငြိမ်းသေးဘူးလား၊ စိုးရိမ်ပူဆွေးတုန်းပဲ ရှိသေးသလား’’ လို့ ဘုရားက မေးတော့-

အာမ ဘန္တေ ပုတ္တဿ မေ မတကာလတော ပဋ္ဌာယ သောစာမိ။
ဘန္တေ= ဘုန်းတော်နေဝန်း ထွန်းတောက်ပတော်မူသော မြတ်စွာဘုရား။ အာမ= မှန်ပါတယ်ဘုရား။ မေ= တပည့်တော်၏။ ပုတ္တဿ= သား၏။ မတကာလတော= စုတိပြတ်ကြွေ သေသောအခါမှ။ ပဋ္ဌာယ= အစပြု၍။ သောစာမိ= နေ့ရှိသမျှ စိုးရိမ်ပူဆွေး၍ နေရပါတယ်ဘုရား....” လို့ လျှောက်တော့ မြတ်စွာဘုရားက-

အာဝုသော ဘိဇ္ဇနဓမ္မံ နာမ ဘိဇ္ဇတိ၊ နဿနဓမ္မံနာမ နဿတိ။
အာဝုသော= ဒါယကာ။ ဘိဇ္ဇနဓမ္မံ နာမ= ပျက်စီးတတ်တဲ့ သဘောရှိတဲ့ သင်္ခါရတရားဆိုတာ။ ဘိဇ္ဇတိ= ပျက်စီးမြဲဓမ္မတာပဲ။ နဿနဓမ္မံ နာမ= ပျောက်ပျက်ရိုး ဓမ္မတာရှိတဲ့ ရုပ် နာမ် ဓမ္မ သင်္ခါရ တရားဆိုတာ။ နဿတိ= ပျောက်ပျက်တာပဲ။

တဉ္စ ခေါ န ဧကသ္မိံ ယေဝ ကုလေ။
တဉ္စ ခေါ= ထို ပျက်စီးဆုံးရှုံးခြင်းဟာလည်းပဲ။ ဧကသ္မိံ ယေဝ ကုလေ= တစ်အိမ်တည်း၌သာလျှင်။ ဟောတိ= ဖြစ်သည်ကား။ န= မဟုတ်ပေ။

နာပိ ဧကသ္မိံ ယေဝ ဂါမေ။
ဧကသ္မိံ ယေဝ ဂါမေ= တစ်ရွာတည်း၌သာလျှင်။ ဟောတိ= ဖြစ်သည်ကား။ နာပိ= မဟုတ်ပါပေ။

အထ ခေါ အပရိမာဏေသု စက္ကဝါေ၏ဠေသု တီသု ဘဝေသု အမရဏဓမ္မော နာမ နတ္ထိ။
အထခေါ= စင်စစ်သော်ကား။ အပရိမာဏေသု စက္ကဝါဠေသု= အဆုံးမရှိသော မနှိုင်းယှဉ်နိုင်သော စကြဝဠာတို့၌။ တီသု ဘဝေသု= ကာမ ရူပ အရူပ တည်းဟူသော ဘဝသုံးပါးတို့၌။ အမရဏ ဓမ္မော နာမ= တေဘုမ္မက စာရင်းဝင် တရားမှန်သမျှပင် မသေသောတရားမည်သည်။ နတ္ထိ= တစိုးတစိမရှိချေ။

တဗ္ဘာဝေနေဝ ဌာတုံ သမတ္ထော ဧကသင်္ခါရောပိ သဿတော နာမ နတ္ထိ။
တဗ္ဘာဝေနေဝ= ထိုမြင်ရ သူ့သဘောဖြင့်ပင်လျှင်။ ဌာတုံ= အမြဲတစေတည်နေခြင်းငှာ။
သမတ္ထော= စွမ်းနိုင်သော။ ဧကသင်္ခါရောပိ= တပါးသော သင်္ခါရတရားမျှလည်း။ သဿတောနာမ= မြဲခိုင်သောမည်သည်။ နတ္ထိ= တစိုးတစိ မရှိချေ။

သဗ္ဗေ သတ္တာ မရဏဓမ္မာ၊ သဗ္ဗေ သင်္ခါရာ ဘိဇ္ဇနဓမ္မာ။
သဗ္ဗေ သတ္တာ= ကြွင်းမဲ့ဥဿုံ အလုံးစုံသော လူ နတ် ဗြဟ္မာ သတ္တဝါတို့သည်။ မရဏဓမ္မာ= စုတိပြတ်ကြွေ သေရခြင်းသဘော ရှိကုန်၏။ သဗ္ဗေ= သင်္ခါရာ- ရုပ် နာမ်ဓမ္မ သင်္ခါရ တို့သည်။ ဘိဇ္ဇနဓမ္မာ= ပျက်စီးခြင်းသဘော ရှိကြပါကုန်၏။

ပေါရာဏက ပဏ္ဍိတာပိ ပုတ္တေ မတေ မရဏဓမ္မံ မတံ၊ နဿနဓမ္မံ နဋ္ဌန္တိန သောစိံ သု။
ပေါရာဏက ပဏ္ဍိတာပိ= ရှေးသူတော်ကောင်း ဘုရားလောင်း ပညာရှိတို့သည်လည်း။ ပုတ္တေ= သားသည်။ မတေ= သေလတ်သည်ရှိသော်။ မရဏဓမ္မံ မတံ= စုတိပြတ်ကြွေ သေလွန်တဲ့ သဘောအတိုင်း သေသွားတာပဲ။ နဿနဓမ္မံ နဋ္ဌန္တိ= ပျက်စီးတတ်တဲ့သဘောမို့လို့ ပျက်စီးသွားတာပဲ။ ဣတိ= ဤသို့နှလုံးပိုက်၍။ န သောစိံ သု= စိုးရိမ်ပူဆွေး မငိုကြွေးကြကုန်။
သတ္တဝါသင်္ခါရ အားလုံး ပျက်မြဲဓမ္မတာ
ဒကာ၊ ပျက်စီးတတ်တဲ့ သဘောရှိတဲ့ တရားဟာ ပျက်စီးမှာပဲ။ ကုန်ဆုံးတတ်တဲ့ သဘောရှိတဲ့ တရားဟာ ကုန်ဆုံးမှာပဲ။ ပျက်စီးတယ်၊ ကုန်ဆုံးတယ်ဆိုတဲ့ ရုပ် နာမ်ဓမ္မ သင်္ခါရတို့၏ သဘောကို တစ်အိမ်တည်း ခံရတဲ့သဘော မဟုတ်ပါဘူး၊ တစ်ရွာတည်းသာ ခံရတဲ့သဘော မဟုတ်ပါဘူး၊ တစ်မြို့တည်းမှာသာ ခံရတဲ့သဘော မဟုတ်ပါဘူး။

န ဂါမဓမ္မော န နိဂမဿ ဓမ္မော၊ န စာပိ အယံ ဧက ကုလဿ ဓမ္မော သဗ္ဗဿ လောကဿ သဒေဝကဿ ဧတေဝ ဓမ္မော ယဒိဒံ အနိစ္စတာ။
ယဒိဒံ- ယာအယံ အနိစ္စတာ= ရုပ် နာမ် ဓမ္မ သင်္ခါရတို့၏ ခဏနှင့် ဖြစ်ဆဲ အစဉ်မမြဲတဲ့ သဘောသည်။ အတ္ထိ= ရှိ၏။ အယံ= ဤ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ ခဏနဲ့ဖြစ်ဆဲ မမြဲခြင်း သဘောသည်။ န ဂါမ ဓမ္မော= တံတိုင်းမရှိ ဈေးမရှိနဲ့ သမုတိဝေါဟာ ရွာဟု ပညတ် တစ်ခုသောအရပ်ဝယ် သတ်မှတ်သီးခြားတစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ အယံ= ဤ ရုပ် နာမ်ဓမ္မ သင်္ခါရတို့၏ ခဏနှင့်ဖြစ်ဆဲ မမြဲခြင်းသဘောသည်။ န စာပိ ဧကကုလဿ ဓမ္မော= တစ်အိမ်တည်းဝယ် သင်းသီးသန့်ခြား တစ်ကန့်သား၍ ဖြစ်ပွားလေ့လာ မဟုတ်ပါဘူး။ သဗ္ဗဿ လောကဿ သဒေဝကဿ= နတ် ဗြဟ္မာနှင့် တကွသော ကြွင်းမဲ့ဥဿုံ အလုံးစုံသော လောကြီး၏။ ဧတေဝ ဓမ္မော= ဤ ဖြစ်လျှင်ပျက်မြဲ မလွဲတံထွာ ဓမ္မတာကြီးသည်။ ဟောတိ= စင်စစ်ဧကန် ဖြစ်ပါပေ၏... လို့ မျက်ရည်သိမ်းတဲ့ ဂါထာတွေ ဖော်ပြ။

ရုပ်နာမ် နှစ်ဖြာ၊ ငါး ခန္ဓာတို့၊ ဖြစ်လာတိုင်းပင်၊ကွယ်ချုပ်ဝင်၏။
ဤသင်္ခါရ၊ သဘာဝကား-
ကြည့်လိုက်မယ် ဆိုလို့ရှိယင်လေ၊ စိတ်က ငါ၊ ငါ့သားပဲ၊ ငါ့သမီးပဲ၊ ငါ့ဇနီးပဲ၊ ငါ့အရှင်ပဲ၊ ငါ့မြေးပဲလို့ ဆိုတဲ့ ဒီအမြဲ ဒီအစွဲတွေကြောင့် ရုပ်နာမ်ဓမ္မ သင်္ခါရကို မမြင်ဘဲနဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ သူ့ သဘာဝအတိုင်း ဖြစ်ပြီးလျှင် ချုပ်သွားကြတာတွေ ကြည့်ပြီးတော့ အမှန် စင်စစ်က ရုပ်နာမ်ဓမ္မတို့ ဖြစ်ကြ ချုပ်ကြတာကို ကိုယ်ကကြားကဝင်ပြီးတော့ ငါ့သားကွယ်လွန်တယ်၊ ငါ့သမီးကွယ်လွန်တယ်၊ ငါ့ဇနီး ကွယ်လွန်တယ်၊ ငါ့အမေ၊ ငါ့အဖေ ကွယ်လွန်တယ်၊ ငါ့အဘိုး အဘွား၊ သမီး၊ သား၊ ဇနီးမယားတွေ ထည့်ထည့်ပြီးတော့ စဉ်းစားလို့ ဆင်းရဲပြီးတော့ နေရတယ်။ ရုပ်နာမ်ဓမ္မ သင်္ခါရကို မြင်အောင်ကြည့်လို့ရှိယင်ဖြင့် သားသမီး ဆိုတာ မရှိဘူး၊ ဇနီးဆိုတာ မရှိဘူး၊ မိဘဆိုတာ မရှိဘူးလို့ ကောင်းကောင်းကြီး နားလည်သွားမယ်။

သောကမီး ငြိမ်းပုံ ဘုန်းကြီး ကိုယ်တွေ့...
ရုပ် နာမ်ဓမ္မကို ထိထိခိုက်ခိုက် ရောက်ရောက်ပေါက်ပေါက် မကြည့်နိုင်ဘူး ဆိုလို့ရှိယင်လည်းပဲ ဒီအာရုံကိုအကြောင်းပြုပြီးတော့ ဒီသောက၊ ဒီပရိဒေဝမီး တောက်လို့ရှိယင်ဖြင့် အဲဒီအာရုံရဲ့ သဘောကို တော်တော်ကလေး အချိန်ကြာအောင် ကြည့်မိလို့ရှိယင်ဖြင့် သောက ပရိဒေဝမီး ငြိမ်းတတ်တယ်နော်။ ဒါ-ဘုန်းကြီးလက်တွေ့ကို ပြောတာ။ ဘုန်းကြီးမှာလေ၊ ကိုးဝါ၊ ဆယ်ဝါလောက်အရွယ်မှာ ညီသာမဏေကလေး၊ ညီတစ်ဝမ်းကွဲတော်တဲ့ သာမဏေကလေး တစ်ပါး မိမိ လက်ထဲမှာပဲ အသက် ဆုံးရှာတယ်။ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် အရွယ်ဆိုတော့ သူ့မိဘ အနေနဲ့လည်းပဲ အလွန်ချစ်စဖွယ်ကောင်းတဲ့အရွယ်၊ သံယောဇဉ် မျက်စိနဲ့ ကြည့်မယ်ဆိုလို့ရှိယင် အလွန်ပဲနှမြောစရာကောင်းတဲ့ အရွယ်။

အဲဒီတော့ ဒီကျောင်းတိုက်ထဲမှာပဲ ရှေးက ဆောက်ရင်းစွဲရှိတဲ့ ဦးရန်ကုန်ကျောင်းကြီးနေရာမှာ ဆောက်တဲ့ ကျောင်းပေါ်မှာ ဥတုဇ ရုပ်ကလာပ်ကလေး ပြင်ပြီးတော့ ထားလို့ တစ်ရက်က နှစ်ရက်၊ နှစ်ရက်ကသုံးရက် ဆိုသလို မသိမ်းသေးဘဲနဲ့ ထားတော့လေ၊ တော်တော်ကြာတော့ ဘယ်လိုဖြစ်လာသလဲလို့ဆိုတော့ “ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကံ” ဆိုတဲ့ အဲဒီဘက်ကိုသူက ခြေလှမ်းနေပြီ။

ဥဒ္ဓုမာတက- ဖူးရောင်ကနေပြီး တော်တော်ကြာတော့ ဝိနီလကဆိုတဲ့ အညိုရောင်တွေ တက်ပြီးတော့ ထလာခဲ့တယ်။ ဝိနီလက အညိုရောင် တက်ထလာရာက တော်တော်ကြာတော့ ဝိပုဗ္ဗကလို့ ဆိုရအောင် ရှိသမျှ မျက်စိတို့ နှာခေါင်းတို့မှ စက်ဆုပ်ဖွယ်တွေ သွေးပုပ်တွေ ဘာတွေ ယိုပြီးတော့ လာတော့-

ဒါလောက်ထိအောင် ဘာလုပ် စောင့်နေရတုံးလို့ ဆိုတော့ ထည့်စရာပစ္စည်းက မပြီးသေးလို့ စောင့်နေရတယ်။ ဒါဟာလေ ကံကောင်းတာပဲ၊ တစ်နည်းအားဖြင့် လောက်လောက်လဲလဲကလေးကို ထည့်စရာ ပစ္စည်းထဲ ခေါင်းထဲ ထည့်လိုက်မယ်ဆိုယင် သိပ်ပြီးတော့ နှမြောချင် နှမြောနေဦးမယ်။ သူ့မိ သူ့ဖလည်း သိပ်နှမြောချင် နှမြောနေမယ်။ အခုတော့လေ၊ ထည့်စရာပစ္စည်းခေါင်းက မပြီးသေးတဲ့အတွက် တစ်ညက နှစ်ည သိပ်လို့ နောက်တစ်နေ့ နံနက် ရောက်လျှင်ပဲ ဥတုဇ ရုပ်ကလာပ်က ဥဒ္ဓုမာတက၊ ဝိနီလက၊ ဝိပုဗ္ဗကဆိုတဲ့ ဒီအစိတ်အပိုင်း သုံးပိုင်းကို သူ ထင်စွာပြလို ကြည့်လိုက်တဲ့ အခါကျတော့ အကယ်၍သာ စောစောစီးစီးကမြင်ပြီး မထားရလို့ရှိယင် ဒါဟာ ဒီ ကိုရင်ကလေးရဲ့ ဥတုဇရုပ်ကလာပ် မဟုတ်ဘူးလို့ ပြောတော့မှာပဲ။
သူ့ဖခင်လုပ်တဲ့ ပုဂ္ဂိုလ်ရယ်၊ သူ့အစ်ကိုရယ်၊ သူ့ဘထွေးဖြစ်တဲ့ ပုဂ္ဂိုလ်ရယ်၊ ဘုန်းကြီးရယ် အားလုံးလေးဦးပဲ အနားကို ကပ်စေတယ်။ တိုတို ပြောကြပါစို့ရဲ့။ တူအရီး ညီအစ်ကို လေးဦးတို့ စုပြီးသကာလ ဥတုဇရုပ်ကလာပ်ကို ခေါင်းထဲ ထည့်လိုက်ကြတယ်။ ဘာပြုလို့လဲ။ ဒီလေးဦးက ချစ်လွန်းလို့လား ဆိုတော့ မဟုတ်ပါဘူး။ အဲဒီလို ဖောက်ပြန်ပြီး ပြလိုက်တဲ့ အချိန်အခါမှာလေ၊ ဟို-စောစောစီးစီးက ကိုရင်စုဆိုတဲ့ (လူနာမည်က ကိုရင်လေးက မောင်စု။ ကိုရင်စု၊ကိုရင်စုနဲ့၊ ကိုရင်စုဆိုတဲ့) အဆင်းသဏ္ဍာန်တွေဟာ အကုန်ပျောက်ပြီးတော့ ဒီ့ပြင်က ဥတုဇရုပ်ကလာပ်ကြီးတစ်ခု စွန့်ပစ်ရမယ့် အရာကြီး တစ်ခုကဲ့သို့ ထင်ပြီးတစ်ခါတည်း ဘာမှ သောကဖြစ်စရာ၊ ပရိဒေဝ ဖြစ်စရာရယ်လို့ ရှာမတွေ့တော့ဘူး။ အဲဒါ ဖောက်ပြန်ပြီးပြလို့။

ဘုန်းကြီးတင်ပါလားလို့ ဆိုတော့ သူ့ဖခင်ရော၊ သူ့ဘထွေးရော၊ သူ့အစ်ကိုရော ဒီနေရာမှာ တစ်ခါတည်းမျက်ရည် သိမ်းသွားတယ်။ ဒါ တရားရလို့ရယ် မဟုတ်ဘူးနော်။ ဥတုဇရုပ်ကလာပ်ရဲ့ ကိုယ်နဲ့ မပိုင် မဆိုင်တဲ့သူ့ရဲ့ သဘောကို ပေါပေါပေါ်အောင် ကြည့်လိုက်တဲ့အတွက် သူ့ဖခင်ရော၊ သူ့ဘထွေးရော၊ သူ့ရဲ့အစ်ကိုရော သောက ငြိမ်းကြတယ်။

တစ်ခါ ဘုန်းကြီးအနေနဲ့ လွန်ခဲ့တဲ့ ၁၃၂၁-ခုနှစ်က မွေးမိသခင် ကွယ်လွန်တဲ့ ဥတုဇရုပ်ကလာပ်ကို သင်္ဂြိုဟ်တဲ့ နေရာမှာ စောင့်ပြီး သေသေချာချာ ကြည့်တယ်။ စောင့်ပြီး သေသေချာချာ ကြည့်တဲ့အခါကျတော့ ကြပ်ကြပ်ကြည့်လေ၊ အင်း- ဥတုဇရုပ်ကလာပ်ကတော့ ဒီလို ဖူးဖူးရောင်လို့ ဘာလို့ ဒီလိုတော့ မဟုတ်ဘူးနော်။ စူးစူးစိုက်စိုက်၊ ဒီ... မိခင်ဟူသော သညာပျောက်သွားအောင် စူးစူးစိုက်စိုက် ကြည့်ပြီးတော့ နေတော့ ကြပ်ကြပ် ကြည့်ဖန်များတော့လည်းပဲ ဒီဥတုဇရုပ်ကလာပ်ဟာ ဥတုဇပဲ။ ငါ့မိခင် မဟုတ်တော့ဘူးလို့၊ မဟုတ်ပါတကားလို့ ဆိုတဲ့ ကျေနပ်ချက် ကောင်းကောင်းရတယ်။ ဒါကြောင့်သူ့ အာရုံပြုပြီးတော့များ သောက ဖြစ်မယ့်ကြံယင်ပေါ့လေ၊ အဲဒီလို ပိုင်ပိုင်နိုင်နိုင် ကြည့်လိုက်ခြင်း အားဖြင့်လည်းပဲ အင်း- သောကပရိဒေဝမီးများ ငြိမ်းတတ်တယ်။ ယခုလို တရားသဘောနဲ့-

ရုပ်နာမ်နှစ်ဖြာ၊ ငါးခန္ဓာတို့၊ ဖြစ်လာတိုင်းပင်၊ ကွယ်ချုပ်ဝင်သည့်၊ ဤသင်္ခါရ၊ သဘာဝကား၊ ဌာနနယ်ချုံး၊ တစ်နိဂုံးနှင့်၊ ခေါ်ထုံးဝေါဟာ၊ တစ်မြို့ရွာဝယ်၊ မျက်နှာမဲ့လျှင်း၊ တစ်အိမ်တွင်း၌၊ သင်းသီးသန့်ခြား၊ တစ်ကန့်သား၍၊ ဖြစ်ပွားလေ့လာ၊ မဟုတ်ပါဘူး။ ဗြဟ္မာလူနတ်၊ ထုတ်ချင်းခတ်အောင်၊ ဥပါဒ်စလျှင်၊ ဌီသို့ဝင်၍၊ ဘင်္ဂက္ခဏ၊ မရဏဖြင့်၊ ရွရွလှုပ်လှုပ်၊ တချုပ်ချုပ်လျှင်၊ နာမ်ရုပ်နှစ်မျိုး၊ ဖြစ်တိုင်းညှိုးသည်-

အရိုး အနိစ္စပါတကား၊
အရိုး ဒုက္ခပါတကား၊
အရိုး အနတ္တပါတကား……လို့-
အဲဒီလိုသံဝေဂ လင်္ကာကလေးများရွတ်လို့ ဖတ်လို့ နှလုံးသွင်းလို့လည်းပဲ တွေ့ကြုံလာတဲ့ ဉာတီဟိပိယောဂဒုက္ခ= ဆွေမျိုးရင်းချာ သားသမီး စသည်တို့နဲ့ ကင်းကွာရတဲ့ ဆင်းရဲဒုက္ခကို ပယ်ဖျောက်နိုင်တယ်။
အခု မြတ်စွာဘုရားက-
သဗ္ဗေ သတ္တာ မရဏဓမ္မာ= လူရော နတ်ပါဗြဟ္မာ မကြွင်းသတ္တဝါ ခပင်းတို့ဟာဖြင့် စုတိပြတ်ကြွေ သေလွန်ခြင်း သဘောကို မလွန်မြောက်နိုင်ကြဘူး။
သဗ္ဗေသင်္ခါရာ ဘိဇ္ဇနဓမ္မာ= ကြွင်းမဲ့ဥဿုံ အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရတွေဆိုတာ ပျက်စီးခြင်းသဘော ရှိကြတာဧကန်ပဲ။
ယံ ကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ= အရိယာ သူတော်ကောင်းတွေမှာတော့ ဖြစ်ဖြစ်သမျှ တရားတွေဟာ ပျက်ကြမှာပဲလို့ အစောကြီးက စဉ်းစားပြီးတဲ့အတွက် ဝိပ္ပယောဂဒုက္ခနဲ့ တွေ့ရသော်လည်း ခံနိုင်ရည်ရှိတယ်။ သက်သာရည် ရှိကြတယ်။

ဥရဂဇာတ် အတိတ်ဝတ္ထု...

ပေါရာဏက ပဏ္ဍိဘာပိ ပုတ္တေ မတေ မရဏဓမ္မံ မတံ၊
နဿနဓမ္မံ နဋ္ဌန္တိ န သောစိံသု။

“ဒကာ၊ ရှေးသူတော်ကောင်း ဘုရားလောင်း ပညာရှိကြီးများဟာလေ၊ သားရင်းခေါက်ခေါက် သေပါလျက်ကနဲ့ မျက်ရည်တစ်စက်မျှ မကျဘဲ ‘ဪ… စုတိပြတ်ကြွေ သေခြင်းသဘောရှိတဲ့ တရားမို့ သေတာပဲ၊ ပျက်စီးခြင်း သဘောရှိတဲ့ တရားမို့ ပျက်စီးတာပဲ၊ ငါတားလို့- ဟန့်လို့- ငြင်းဆန်လို့ မရတဲ့ တရားမျိုးပါပဲလို့ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းဆိုတဲ့ သောကမီး ပရိဒေဝမီးတွေ မတောက်ခဲ့ဘူး ဒကာ” လို့ အဲဒီလို သားသေတဲ့ သူကြွယ်ကို မြတ်စွာဘုရား ဟောတဲ့အခါ အဲဒီအတိတ်အကြောင်း ပြန်ပြောင်း၍ မိန့်တော်မူပါဘုရားလို့ လျှောက်ထား တောင်းပန်တဲ့ အတွက် မြတ်စွာဘုရားက-

အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တေ ရဇ္ဇံ ကာရေန္တေ။ အစရှိသည်ဖြင့်...
ဒကာ ရှေးအခါကာလက ဗာရာဏသီပြည် အရပ်မှာ ဗြဟ္မဒတ်မင်း မင်းပြုသောအချိန်၊ သင်တို့ဆရာ ငါဘုရားရဲ့ အလောင်းသည် ဗာရာဏသီ မြို့တံခါးဝက ပုဏ္ဏားရွာမှာ ပုဏ္ဏားမျိုးအမည် ဖြစ်ပြီးသကာလ လယ်ထွန်ခြင်းအလုပ်နဲ့ အသက်မွေးမြူခဲ့တယ်။ လယ်သမား ပုဏ္ဏားကြီးတစ်ယောက် ဖြစ်ခဲ့ရတယ်။

မိသားစုတို့အား ဘုရားအလောင်း ဆုံးမပုံ...
အဲဒီတုန်းကလေ၊ ငါရဲ့အိမ်မှာ အိမ်ရှင်မရယ်၊ သားတစ်ယောက်ကယ်၊ သမီး တစ်ယောက်ကယ်၊ ချွေးမ တစ်ယောက်ကယ်၊ အိမ်စေကလေးမလေး တစ်ယောက်ကယ်လို့ အားလုံး ခြောက်ယောက် နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ချစ်ချစ်ခင်ခင်နေရခြင်းဖြင့် အင်မတန် အိမ်ထောင်ရေး သာယာပြီးတော့ နေကြတယ်။ အဲဒီလို အိမ်ထောင်ရေး သာယာမှုဟာ နောက်ဆုံးမှာဖြင့် ကွေကွင်းခြင်း အဆုံးရှိမှာပဲလို့ သိရှိတဲ့အတွက် ဘုရားအလောင်း ဖြစ်တော်မူတဲ့ လယ်သမား ပုဏ္ဏားကြီးက အားလုံးကို စစ်ပြီးတော့နော်-
တုမှေ ယထာလဒ္ဓနိယာမေနေဝ ဒါနံ ဒေထ၊ သီလံ ရက္ခထ၊ ဥပေါသထကမ္မံ ကရောထ၊ မရဏဿတိံ ဘာဝေထ၊ တုမှာကံ မရဏဘာဝံ သလ္လက္ခေထ။

တုမှေ= သင်တို့ ငါးဦးစလုံးလုံးပင်။ ယထာလဒ္ဓနိယာမေနေဝ= အကြင်အကြင် ရအပ်တိုင်းသော စည်းစိမ်ဖြင့်ပင်လျှင်။ ဒါနံ ဒေထ= အလှူဒါနလည်းပဲ မပြတ်မပြတ် ပေးကြကုန်။ သီလံရက္ခထ= ငါးပါးသီလကိုလည်းပဲ အမြဲမပြတ် စောင့်ရှောက်ကြကုန်။ ဥပေါသထကမ္မံ ကရောထ= ရှစ်ရက်သီတင်းလပြည့် လကွယ်နေ့၌ အင်္ဂါ ရှစ်ပါးရှိတဲ့ အဋ္ဌင်္ဂ ဥပုသ်ကိုလည်း ကျင့်သုံးကြလေကုန်။ မရဏဿတိံ ဘာဝေထ= နေ့ရှိသမျှ မရဏဿတိကိုလည်း ပွားများကြကုန်။ တုမှာကံ= သင်တို့၏။ မရဏဘာဝံ= မုချမသွေ သေရမည့် သဘောကို။ သလ္လက္ခေထ= စောစောက ကြိုတင်ဆင်ခြင် မှတ်သားထားကြကုန်။

ဣမေသဥှိ သတ္တာနံ မရဏံ ဓုဝံ ဇီဝိတံ အဒ္ဓုဝံ။
ဟိ= မရဏဿတိ ပွားပုံကား ။ ဣမေသံ သတ္တာနံ= ဤသတ္တဝါတို့အား။ မရဏံ= စုတိပြတ်ကြွေ သေလွန်ရခြင်း သဘောကား။ ဓုဝံ= မြေလက်ခတ်မြဲ မလွဲဧကန် မြဲသည်မှန်၏။
ဤသတ္တဝါတွေ မြင်မြင်သမျှ သတ္တဝါတွေ သေရမှာ ဧကန်ပဲ၊ သေရမှာ အမြဲပဲ၊ အမှန်ပဲ။
ဇီဝိတံ= အသက်ရှည်ရှည် ယခု တည်နေရခြင်းကား။ အဒ္ဓုဝံ= မခိုင်မာတဲ့ တရားပဲ။

သဗ္ဗေသင်္ခါရာ အနိစ္စာ ခယဝယဓမ္မိနောဝ။
သဗ္ဗေသင်္ခါရာ= ကြွင်းမဲ့ဥဿုံ အလုံးစုံသော ရုပ်နာမ် ဓမ္မသင်္ခါရတို့သည်။ အနိစ္စ= မမြဲသောသဘောရှိကုန်၏။ ခယဝယဓမ္မိနောဝ= ကုန်ခြင်း ခန်းခြင်း ပျက်စီးခြင်းသဘော ရှိကုန်သည်သာလျှင်တည်း။ လို့... သင်တို့ဟာ-

ရတ္တိဉ္စ ဒိဝါစ အပ္ပမတ္တာ ဟောထ= နေ့ရော ညပါ မမေ့မလျော့ကြနဲ့လို့ ဘုရားလောင်းက စောစောစီးစီးက သတိပေးထားတယ်။
ကိုယ့်မှာရှိတဲ့ စည်းစိမ်ကလေးနဲ့လေ၊ တတ်နိုင်သမျှ အလှူအတန်းပေးကြ။
ငါးပါးသီလဟာ ဘာမှအရင်းစိုက်ရတာမဟုတ်ဘူး။ ငါးပါးသီလကို အမြဲတစေ စောင့်ထိန်းကြ။
ရှစ်ရက်သီတင်းလပြည့် လကွယ်မှာ အဋ္ဌင်္ဂဥပုသ်ကို ကျင့်သုံးကြ။
နေ့စဉ် နေ့တိုင်း မရဏဿတိကို ပွားများကြ။

မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဒ္ဓုဝံ။

မေ= ငါ၏။ မရဏံ= စုတိပြတ်ကြွေ သေရမည့်သဘောကား။ ဓုဝံ= မြေလက်ခတ်နဲ မလွဲဧကန် စင်စစ်မှန်၏။ ဇီဝိတံ= ငါ့အသက်ကား။ အဒ္ဓုဝံ= မခိုင်မာစွတကား… လို့-
ငါ့အသက်က တကယ် ခိုင်မာတဲ့တရား မဟုတ်ဘူး။ တစ်နေ့တော့ ငါသေမှာပဲ ဆိုတဲ့ မရဏဿတိ ဘာဝနာကို အစဉ်တစိုက် ပွားများထားကြ တဲ့။
ညည နေ့နေ့ အပ္ပမာဒတရား လက်ကိုင်ထားကြလို့ ဘုရားလောင်းက ဆုံးမတယ်။

ဘုရားလောင်း ဆုံးမတဲ့အတိုင်းပဲ ကျန်တဲ့ ငါးဦးသားစလုံးက“သာဓု ကောင်းပါပြီ” လို့ ပြောပြီးတော့ အင်း... သူတို့နေတဲ့ အနေကလေးက ရပ်ထဲ ရွာထဲက သီချင်းစက်တွေ ဖွင့်လို့၊ ရေဒီယိုက သီချင်းတွေ နားထောင်လို့၊ ဒီလိုပျော်တဲ့ အပျော်မျိုး မဟုတ်ဘူး။ မေ့လျော့တဲ့ အပျော်မျိုး မဟုတ်ဘဲနဲ့ တစ်အိမ်လုံးရှိသမျှ အိမ့်ရှင် ဘုရားလောင်းယောက်ျားရယ်၊ အိမ့်ရှင်မ ဇနီးသည်ရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမရယ်၊ အိမ်စေမရယ် ဆိုတဲ့ ခြောက်ဦးစလုံးဟာ အင်မတန်မှ ဒီ ယောဂါဝစရ ပုဂ္ဂိုလ်တွေ စုပေါင်းနေတဲ့ ကမ္မဋ္ဌာန်းကျောင်းကလေးလို တရားနှလုံးနဲ့ နေပြီး အေးအေး မြမြ နေကြတယ်။

အဲဒီလိုနေလို့ ရက်က လပြောင်း၊ လက နေပြီး နှစ်ပြောင်းလို့ နှစ်ဟောင်းကုန်လို့ တစ်နှစ်ရောက်၊ တစ်နှစ်ပျောက်လို့ နောက်တစ်နှစ် တိုးပြီးတော့ နေ့ရှည်လများ နှစ်ရှည်လျားလာတဲ့ တစ်ချိန် တစ်နေ့တော့ ဘုရားအလောင်းကြီးက နေ့စဉ် သွားနေကျအတိုင်း သားကလေး ခေါ်ပြီးတော့ ယာထွန်သွားတယ်။ ယာရောက်တော့ ဘုရားအလောင်းက ယာထွန်တယ်။
သားငယ် မြွေကိုက်သေဆုံးခြင်း...

သားကလေး၊ လူကလေး၊ မင်း အဲဒီကထွက်တဲ့ မြက်တွေကို ကောက်၊ ကောက်ပြီးတော့ ဟို ကန်သင်းပေါ်ပုံ၊ ပုံပြီးတော့ နောက်တစ်နေ့မှ မီးရှို့လို့ရှိယင် ပိုးကောင်တွေ ဘာတွေ ဒီအထဲ ရောက်နေလိမ့်မယ်။ ဒီတော့ အခု စောစောစီးစီးပဲ ထွက်သမျှ အမှိုက်တွေကို ခါခါပြီး၊ ပိုတွေ မွှားတွေ စင်ကြယ်အောင် ခါခက်ပြီးတော့ အဲဒီ အမှိုက်တွေကို ကန်သင်းပေါ်မှာ တင်ပြီးသကာလ လူကလေးက မင်းက မီးရှို့နော်၊ အဖေက ယာထွန်မယ် ဆိုပြီးတော့ ဘုရားလောင်းကလေ အလူးအလာ အစုန်အဆန် အခေါက်ခေါက် ဒီလို ယာထွန်။

သားကလေးကလည်းပဲ ဘုရားလောင်း ခမည်းတော်ပြောတဲ့အတိုင်း အမှိုက်တွေ ကောက်ပြီးတော့ ခါခါပြီး ကန်သင်းပေါ် တင်ပြီး မီးရှို့တော့-အဲဒီက မီးခိုးက မနီးမဝေးမှာ ရှိတဲ့တောင်ပို့ အခေါင်းထဲ လေသင့်ပြီးတော့ ဝင်သွားတယ်။ အဲဒီ တောင်ပို့ အခေါင်းထဲမှာ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်ရှိတော့ သူက မီးခိုးက မြွေဟောက်ရဲ့ မျက်လုံး သွားရိုက်တော့ မြွေဟောက်က ဒေါသတကြီး အခေါင်းပြင်ဘက် ထွက်လာပြီး ငါ့ရန်သူ ဘယ်ဟာပါလိမ့်လို့ အဲဒီလို ကြည့်တဲ့အခါ-

ဣမံ နိဿာယ မယှံ ဘယံ ဥပ္ပန္နံ။
ဣမံ= ဤသူကို။ နိဿာယ= အမှီပြု၍။ မယှ= ငါ့အား။ ဘယံ= အခု မျက်စိထဲ အခိုးရိုက်တဲ့ ဘေးသည်။ ဥပ္ပန္နံ= ဖြစ်ပေါ်လာစွ တကား... လို့-

သားသေသော်လည်း မငိုကြွေးသော ဖခင်...
ဒေါသဟုန်းဟုန်း ထွက်ပြီးတော့ ဒီ ကလေးရှိတဲ့ နေရာ ကလေးဆိုပေမယ့် ငယ်တော့ မငယ်ဘူးနော်။ အိမ်ထောင်ရှင်ကလေးပေါ့။ အသက် ၂၀၊ အစိတ်လောက်ရှိပြီ။ ဒီကလေး မြက်တွေမီးရှို့တဲ့ နေရာကို အပြေးအလွှား သွားပြီး နောက်ကနေ၍ အစွယ်လေးချောင်း နစ်အောင် ကလေးကို တအားကုန် ပေါက်လိုက်၊ ပေါက်လိုက်တော့ ဒီနေရာတွင်ပဲ အင်း- သားကလေးဟာ ပက်လက်လဲပြီးတော့ အနိစ္စ ရောက်ရှာတယ်။
ဘုရားလောင်းကလည်း ယာထွန်လို့။ ထွန်မြဲ ထွန်ရာကနေပြီးတော့ သားကလေး ပက်လက် လဲနေတာမြင်လို့ သွားကြည့်တဲ့အခါ အသက် မရှိတော့ဘူး။ အသက် မရှိတာကိုမြင်တော့ ဘုရားလောင်းကဘာလဲ။
ဘိဇ္ဇနဓမ္မံ ဘိန္နံ= ပျက်စီးတတ်တဲ့ တရားမို့ ပျက်စီးတာပဲ။ မရဏဓမ္မံ မတံ= စုတိပြတ်ကြွေ သေလွန်ရတဲ့ တရားမျိုးမို့ သေတာပဲ။

သဗ္ဗေ သင်္ခါရာ အနိစ္စာ မရဏနိပ္ဖတ္တိကာ။
သဗ္ဗေ သင်္ခါရာ= ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော သင်္ခါရတရား မှန်သမျှတို့သည်။ အနိစ္စာ= မမြဲကုန်။ မရဏနိပ္ဖတ္တိကာ= စုတိပြတ်ကြွေ သေလွန်ရခြင်း ဘင်ခဏလျှင် အပြီးအဆုံး နိဂုံးကမ္ပတ် အဆုံးသတ်ကြရကုန်၏။

ခပ်သိမ်းသော သင်္ခါရ တရားတွေဆိုတာ သေခြင်းခေါ်တဲ့ ဘင်ခဏမှာ နောက်ဆုံး အစသတ် နိဂုံးကမ္ပတ် အုပ်ကြရတာပဲလို့ အဲဒီလို တရားနှလုံးနဲ့ သံဝေဂ ယူပြီး ယာကိုပဲ ပြန်ပြီး ထွန်မြဲတိုင်း ထွန်နေတယ်။ အဲဒီလို ထွန်လို့ တစ်အောင့်လောက် ကြာတဲ့ အခါကျတော့ ယာထွန်တဲ့ အနီးအနား လူတစ်ယောက်က ဒီအနားလျှောက်လာလို့ အင်း- ဘုရားလောင်းက သားကလေးရဲ့ အလောင်းကို သစ်ပင်ရင်းမှာ သွားပြီးတော့ ရွှေ့ထားတယ်။ ရွှေ့ထားပြီးတော့ သူ ယာထွန်မြဲ ထွန်နေတယ်။ ထွန်နေလို့ တစ်အောင့်လောက် ကြာတော့ အနီးအနားက ယာထွန်တဲ့ လူတစ်ယောက် ဒီအနားလျှောက်လာတာ မြင်တော့...

တာတ တွံ ဂေဟံ ဂစ္ဆသိ။
တာတ= အမောင်။ တွံ= သင်သည်။ ဂေဟံ= အိမ်သို့။ ဂစ္ဆသိ= သွားမလို့လား... လို့ မေးလိုက်တယ်။
အမောင် သင် အိမ်ပြန်မလို့လား...

အာမ= ဟုတ်ပါတယ်။
တေန ဟိ အမှာကမ္ပိ ၊ ဃရံ ဂန္တာ ဗြာဟ္မဏိံဝဒေယျာသိ။
“မင်း အိမ်ပြန်သွားလို့ ရှိယင်ကွယ်၊ တို့အိမ်ကိုလည်း တဆိတ် သွားရောက်ပါ။ သွားပြီးတော့ အိမ်မှာရှိတဲ့ အိမ်ရှင် ပုဏ္ဏေးမကို ဟောဒီအတိုင်း ပြောလိုက်ပါ”
ဘယ့်နှယ်လဲ။

“ဒီကနေ့ နှစ်ယောက်စာ ထမင်းကို မပို့စေနဲ့။ တစ်ယောက်စာပဲ ထမင်းပို့ပစေ။ နေ့တိုင်း နေ့တိုင်းကတော့ အိမ်စေမကလေး တစ်ယောက်သာ ထမင်းလာပို့တယ်။ ဒီကနေ့ အိမ်စေကလေး တစ်ယောက်သာ လာမပို့နဲ့၊ အိမ်မှာရှိကြတဲ့ လေးယောက်စလုံး ဝတ်ဖြူစင်ကြယ် ဝတ်ပြီးတော့ နံ့သာပန်းမန်များ ရသလောက်ယူပြီးတော့ လာခဲ့ကြလို့ အမောင် ပြောလိုက်ပါ”
ကောင်းပါပြီ ဆိုပြီးတော့ အဲဒီ အိမ်နီးနားချင်း ယောက်ျားက ပြန်သွား၊ ဘုရားလောင်း လယ်သမားကြီး မှာလိုက်တဲ့အတိုင်း အိမ်ရှင် ပုဏ္ဏေးမကြီးကို ပြောပြတယ်။
သား သေသော်လည်း မငိုကြွေးသော မိခင်၊

ပြောပြတော့ ပုဏ္ဏေးမကြီးက-
ကေန တေ တာတ ဣမံ သာသနံ ဒိန္နံ။

တာတ= အမောင်။ တေ= သင့်အား၊ ကေန= အဘယ်သူက။ ဣမံ သာသနံ= ဤသတင်းစကားကို။ ဒိန္နံ= ပေးအပ်သနည်း။
“အမောင်၊ အမောင့်ကို ဒီသတင်းစကားပါးလိုက်တာ ဘယ်သူတုံးကွယ်။ အဖေက ပါးလိုက်တာလား။ သားက ပါးလိုက်တာလား” လို့ မေးတယ်။ ဒီတော့
ဗြာဟ္မဏေန အေယ်။
အေယ်= အရွင္မ။ ဗြာဟ္မဏေန= ဖခင်ပုဏ္ဏားက။ ဣမံ= ဤသတင်းစကားကို ပါးလိုက်ပါတယ်။
“ဪ….ဖခင်ပုဏ္ဏားက ပါးလိုက်တယ် အရှင်မ” လို့ ပြောလိုက်လျှင်ပဲ-

ပုတ္တော မေ မတော။
မေ= ငါ၏။ ပုတ္တော= သားသည်။ မတော= စုတိပြတ်ကြွေ သေလွန်ခဲ့လေပြီ” လို့- ပုဏ္ဏေးမကြီးက အတပ်သိတယ်။ အဲဒီလို အတပ်သိပြီးတော့ ဒီနေရာက လဲသွားသလား၊ ဒီလိုမဟုတ်ပါဘူး။ စောစောစီးစီးက ဘုရားလောင်းဆုံးမထားတဲ့ ဆုံးမစာကြည့်ပြီး နေခဲ့တဲ့ အတွက် စိတ်ထဲမှာ တုန်လှုပ်ခြင်းတောင် မဖြစ်ပါဘူးတဲ့။ ဘိဇ္ဇနဓမ္မံ ဘိန္နံ၊ နဿနဓမ္မံ နဋ္ဌံ= ပျက်စီးခြင်း သဘောမို့ ပျက်စီးတာပဲ။ ကွယ်ပခြင်း သဘောရှိတဲ့ တရားမျိုးမို့ ကွယ်ပတာပဲ။ ရုပ် နာမ် ဓမ္မ သင်္ခါရ ဆိုတာ ဘယ်မှာ အမြဲရှိမလဲ၊ နောက်ဆုံးမှာ စုတိပြတ်ကြွေ သေရခြင်း ဘင်ခဏလျှင် အဆုံးသတ် နိဂုံးကမ္ပတ် ရှိတာပဲလို့ တရား သံဝေနဲ့ ဖြေဖျောက်ပြီး ဘုရားအလောင်း မှာလိုက်တဲ့အတိုင်း နံ့သာ ပန်းခိုင်ကလေးများ ရသမျှ ခူးပြီးသကာလ လေးဦးစလုံး ဝတ်ဖြူစင်ကြယ်များ ဝတ်ပြီးတော့ အိမ်စေမကလေးက ဘုရားလောင်း တစ်ဦးအတွက်သာ ထမင်းလေးထည့်ပြီး ယူလာခဲ့တယ်။

တရားရကြသည့် မိသားစုများ...
ဘုရားလောင်း ယာထွန်တဲ့နေရား ရောက်တဲ့အခါမှာလည်းပဲ လေးဦးသားဟာ ဒီသားကလေးရဲ့အလောင်းရဲ့ လက်ဝဲ လက်ယာ မြေရင်း ခေါင်းရင်းက အဲဒီလို ဝိုင်းထိုင် နေကြပေမယ့် တစ်ယောက်မှ မျက်ရည် မကျ ၊ တစ်ယောက်မှ သောကမီး ပရိဒေဝမီး မတောက်ဘဲနဲ့“ဪ….ပျက်စီးခြင်း သဘောရှိတဲ့ တရားမို့ ပျက်စီးတာပဲ။ စုတိပြတ်ကြွေ သေလွန်ခြင်း သဘောရှိတဲ့ တရားမို့ စုတိပြတ်ကြွေ သေလွန်တာပဲ” လို့ ရဲရဲရှုပြီးတော့ မရဏဿတိကိုပဲ သူတို့ ပွားကြတယ်။

တကယ့်ကိုပဲနော်၊ ဟို ရဟန္တာ မဖြစ်သေးပေမယ့် အဲဒီ ဘဝမှာ အနာဂါမ် ရဟန္တာ ဖြစ်ပြီးသား ပုဂ္ဂိုလ်ကြီးများလို ဘုရားလောင်းကြီးတို့အားလေ၊ အင်မတန် အားရလောက်တဲ့ မရဏဿတိ ဘာဝနာပဲ။ ဒါ- ဘာပြုလို့လဲ။ စောစောစီးစီးက နေပြီး သကာလ မရဏဿတိကို ပွားများထားတဲ့ အတွက် လောကဓံနှင့် တွေ့တဲ့အခါ ကြံ့ကြံ့ခံပြီးတော့ အဆန်း မဟုတ်ပါဘူးကွယ်၊ စောစောစီးစီးက ငါ စဉ်းစားထားတဲ့ အတိုင်း ပျက်စီးရမယ့် သဘောမို့ ပျက်စီးတာပဲ၊ စုတိပြတ်ကြွေ သေလွန်ရမယ့် သဘောမို့ သူ သေလွန်တာပဲ။ သင်္ခါရတရားတွေဆိုတာ နောက်ဆုံးမှာဖြင့် သေခြင်းလျှင် ဘင်ခဏလျှင် အဆုံးသတ် ကမ္ပတ်သစ်ဖုံး နိဂုံး အုပ်ကြတာပဲ။ အစောကြီးက စဉ်စားထားတဲ့ အတိုင်း ယခုလည်း လက်တွေ့စဉ်းစားနေကြတယ်။

အဲဒီလို စဉ်းစားလို့ လောကကြီး တစ်ခုလုံးမှာ ဒီလို မိသားစု ဒီလို အိမ်ထောင်စု ပုဂ္ဂိုလ်တွေ မရှိတော့နော်၊ အင်မတန် အံ့ဖွယ်သူရဲ ဖြစ်ပြီးတော့ ဘယ်လောက်တုန်လှုပ်လိုက်သလဲ ဆိုတော့ ဒီက ဘုရားအလောင်း မိသားစုတို့ရဲ့ မရဏဿတိ ဘာဝနာ အရှိန်အစော်ကြောင့် သိကြားမင်းရဲ့ ပဏ္ဍုကမ္ပလာ ကျောက်ဖြာဟာပူနွေးသော အခြင်းအရာကို ပြလို့ “ဘယ်သူကများ၊ ငါ့ကို သိကြားဘုံက ရွေလျောဖို့ရန် ကြံပါဘိ” လို့ သိကြားမင်းက လူ့ပြည် မျှော်ကြည့်တဲ့ အခါကျတော့ ဘုရားလောင်း မိသားစုတို့ရဲ့ မရဏဿတိ ဘာဝနာတရားကြောင့် မဏ္ဍုကမ္ပလာ ကျောက်ဖြာ တင်းတာကို မြင်ပြီးတော့-

သိကြားမင်းက မိသားစုများအား စုံစမ်းခြင်း...
အဟံ ဧတေသံ သန္တိကံ ဂန္တွာ သီဟနာဒံ နဒါပေတွာ သီဟနာဒပရိယောသာနေ ဧတေသံ နိဝေသနံ သတ္တရတနပရိပုဏ္ဏံ ကတွာ အာဂန္တုံ ဝဋ္ဋတိ။

အဟံ= ငါသည်။ ဧတေသံ= ထိုသူ ငါးဦးတို့၏။ သန္တိကံ= အထံသို့။ ဂန္တာ-ဂစ္ဆာမိ= သွားမှ တော်မယ်။ ဂန္တွာ= သွားပြီး သကာလ။ သီဟနာဒံ= ခြင်္သေ့မင်းကဲ့သို့ ရဲရဲတောက် မရဏဿတိစကားကို။ နဒါပေတွာ= ဟိန်းဟောက် ကျူးရင့်စေပြီး သကာလ။ သီဟနာဒ ပရိယောသာနေ= ခြင်္သေ့ဟိန်းဟောက်သံနဲ့ တူတဲ့ ရဲရဲတောက် မရဏဿတိကထာ စကား၏ အဆုံး၌။ ဧတေသံ နိဝေသနံ= ထိုသူငါးဦးတို့ နေတဲ့အိမ်ကို။ သတ္တရတနပရိပုဏ္ဏံကတွာ= ရတနာ ခုနစ်ပါးနဲ့ ပြည့်စုံသည်ကိုပြု၍။ အာဂန္တုံ့= ပြန်လာခြင်းငှာ။ ဝဋ္ဋတိ= သင့်၏။ စိတ်ကြည်လင်မှု ဖြစ်ပြီးတော့ သိကြားဟာ ကောင်းကင်က ဘုရားလောင်း အမှူးပြုတဲ့ အိမ်ထောင်စု ငါးဦးတို့ သားကလေးကို မီးသင်္ဂြိုဟ်တဲ့ နေရာကို လာခဲ့ပြီ။ ဘုရားလောင်းရယ်၊ မိခင်ပုဏ္ဏေးမကြီးရယ်၊ နှမကလေးရယ်၊ အိမ်စေမလေးရယ်၊ ကွယ်လွန်တဲ့ သားကလေးရဲ့ ဇနီးဖြစ်တဲ့ ချွေးမကလေးရယ် အားလုံးငါးဦးသား မြက်ခြောက်ကလေး၊ ထင်းခြောက်ကလေး ဟိုအနား ဒီအနားက စုဆောင်းလို့ ထင်းပုံကလေး ပုံပြီးတော့ သားငယ်ရဲ့ ရုပ်အလောင်းကို ထင်းပုံပေါ်မှာ တင်ပြီးသကာလ မီးသင်္ဂြိုဟ်နေကြတဲ့ အခိုက် သိကြားမင်းက ခရီးသွား ယောက်ျား ပုဏ္ဏာရဲ့အသွင်ဖြင့် မီးသင်္ဂြိုဟ်နေကြတဲ့ အနားမှာ ရပ်ပြီးတော့-

တာတ ကိံ ကရောထ။
တာတ= အမောင်တို့၊ ကိံ ကရောထ= ဘာလုပ်ကြသတုံး… လို့ မေးတယ်။

ဒီတော့ ဘုရားလောင်းက ပြန်ပြောတယ်။
ဧတံ မနုဿံ ဈာပေမ သာမိ။

အရှင်၊ ကျွန်ုပ်တို့ လူတစ်ယောက်ရဲ့ ဥတုဇရုပ်အလောင်းကို ဈာပန သင်္ဂြိုဟ်မှုပြုနေကြပါတယ်။


မခံချင်အောင် တောက်လိုက်ဦးမှပဲလို့ ဆိုပြီးတော့ သိကြားမင်းက...
န တုမှေ မနုဿံ ဈာပေဿထ၊ ဧကံ ပန မိဂံ ဗာရေတွာ ပစထ မညေ။

တုမှေ= အမောင်တို့သည်။ မနုဿံ= လူရဲ့ ဥတုဇရုပ်အလောင်းကို။ န ဈာပေဿထ= ဈာပနပြုကြတာ ဟုတ်မည်မထင်။ ပန= စင်စစ်သော်ကား။ ဧကံ မိဂံ= သားသမင် တစ်ကောင်ကို။ ဗာရေတွာ= သတ်ပြီးသကာလ။ ပစထ မညေ= အဲဒီ သားသမင် တစ်ကောင်ကို မီးဖုတ်ကြ ကုန်ယောင်တကား။

ငါကတော့ မင်းတို့ လူရဲ့အလောင်းကို မီးသင်္ဂြိုဟ်တာ ဟုတ်မယ်မထင်ဘူး။ မင်းတို့ တောထဲမှာ လူမသိ သူမသိနဲ့ သားကောင် တစ်ကောင်ကို သတ်ပြီးတော့ ပါဏာတိပါတ သိက္ခာပုဒ် လွန်ကျူးပြီး သားကောင်သတ်၊ အဲဒီ သားကောင်ကို မင်းတို့ ဖုတ်နေကြ၊ ကင်နေကြတာပဲလို့ ထင်တယ်။


နတ္ထေတံ သာမိ၊ မနုဿမေဝ ဈာပေမ။

သာမိ= အို အရှင်။ ဧတံ= ဤအကြောင်းသည်။ နတ္ထိ= မဟုတ် မမှန်ပါ။
စိတ်မဆိုးလေနဲ့။ အရှင်အခုပြောတဲ့အတိုင်း မဟုတ်ပါဘူး။ ကျုပ်တို့ ဘယ်တော့မှ ပါဏာတိပါတ ဒုစရိုက်မှု အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာပါဆိုတဲ့ ဒီဒုစရိုက်မှု ငါးမျိုးကို အမြဲတစေ ရှောင်နေတဲ့ ငါးပါးသီလ အမြဲတစေ လုံနေကြတဲ့ ပုဂ္ဂိုလ်တွေပါ။

သာမိ= အရှင်။ ဧတံ= ဤအရှင် ပြောတဲ့အတိုင်း သားသမင်တစ်ကောင်ကို မီးဖုတ်ခြင်းသည်။ နတ္ထိ= မဟုတ်ပါ။ မနုဿမေဝ ဈာပေမ= လူသားရဲ့ ဥတုဇရုပ်ကလာပ်ကိုပင် ဖုတ်ကြည်းသင်္ဂြိုဟ်မှု ပြု၍နေကြပါကုန်တယ်။


လှီးလွှဲပြီးတော့ သူတို့ကို ပြောဦးမှပဲ...
တေန ဟိ ဝေရီမနုေဿာ ဝေါ ဘဝိဿတိ။

တေနဟိ= ဒါဖြင့်လျှင်။ ဝေါ= သင်တို့၏။ ဝေရီမနုေဿာ= ရန်သူဖြစ်တဲ့ လူရဲ့ ဥတုဇ ရုပ်အလောင်းသည်။ ဘဝိဿတိ= ဖြစ်မှာပေါ့ လို့ သိကြားမင်းက ငေါ့တော့တော့၊ ခပ်ရော့ရော့ ပြောလိုက်တဲ့ အခါကျတော့ ဘုရားလောင်းက ဘာပြန်ပြောသလဲ။


သြရသပုတ္တော နော သာမိ။ န ဝေရီမနုေဿာ။

သာမိ= အရှင်။ နော= အကျွန်ုပ်တို့၏။ သြရသပုတ္တော= ရင်မှဖြစ်တဲ့ သားကြီးရဲ့ ရုပ်အလောင်းဖြစ်ပါတယ်။ န ဝေရီမနုေဿာ= ရန်သူ လူရဲ့ ဥတုဇ ရုပ်အလောင်း မဟုတ်ပါဘူး…လို့ ပြောတယ်။


တေန ဟိ ဝေါ အပ္ပိယပုတ္တော ဘဝိဿတိ။

တေန ဟိ= သို့တပြီးကား။ ဝါ-ထိုသို့ သားရဲ့အလောင်းဖြစ်လျှင်။ ဝေါ= သင်တို့၏။ အပ္ပိယပုတ္တော= မချစ်တဲ့ မုန်းတဲ့ သားသည်။ ဘဝဿတိ= ဖြစ်မှာပေါ့လို့ သိကြားမင်းက တစ်ဖန် ငေါ့တော့တော့ ပြောပြန်တော့..


ဘုရားအလောင်းက-
အတိဝိယ ပိယပုတ္တော သာမိ။

သာမိ= အရှင်။ အတိဝိယ= အလွန်လျှင်။ ပိယပုတ္တော= အသက်တမျှ ချစ်ခင်အပ်တဲ့ သားရဲ့ ဥတုဇရုပ်အလောင်း ဖြစ်ပါတယ်…လို့ ဒီလိုပြောတယ်။


ဒီတော့ သိကြားက ပြန်မေးတယ်။
အထ ကသ္မာ န ရောဒသိ။

အထ= ထိုသို့ ဖြစ်ပါလျက်။ အထ= ထိုသို့ အလွန်ချစ်အပ်သော သားရဲ့ ဥတုဇရုပ်အလောင်း ဖြစ်ပါလျက်။ ကသ္မာ= အဘယ့်ကြောင့်။ န ရောဒသိ= အသင် မငိုကြွေး မပူဆွေးပါသနည်း… လို့ မေးတော့ ဘုရားလောင်းကြီးကလေ ခံ့ခံ့ညားညား ဂါထာနဲ့ ပြန်ပြောတယ်။


ဥရဂေါဝ တစံ ဇိဏ္ဏံ၊ ဟိတွာ ဂစ္ဆတိ သံ တနုံ။
ဧဝံ သရီရေ နိဗ္ဘောဂေ၊ ပေတေ ကာလကတေ သတိ။

သာမိ= အို- အရှင်။ ဥရဂေါ= မြွေနဂါးသည်။ ဇိဏ္ဏံ တစံ= ဆွေးမြည့်လေပြီးသော အရေဟောင်းကို။ ဟိတွာ= ပယ်စွန့်၍။ ဂစ္ဆတိ ဣဝ= အလိုရှိရာ အရပ်တစ်ပါး သွားလေသကဲ့သို့။ ဧဝံ= ဤအတူ။ မမပုတ္တော= ငါ၏သားသည်။ သံတနုံ= မိမိ၏ ကိုယ်ခန္ဓာအဟောင်းကို။ ဟိတွာ= ပယ်စွန့်၍။ ဂစ္ဆတိ= ထိုက်သင့်ရာ ဂတိတပါးပါးသို့ ငါ့သား သွားခဲ့လေပြီ။ သရီရေ= ယခုမြင်ရတဲ့ ဥတုဇရုပ်ကလာပ်သည်။ နိဗ္ဘောဂေ= အသုံးမကျတော့ပေ။ ပေတေ= ငါ့သားဟာ တမလွန်လောကသို့ သွားပြီးသည်။ ကာလကတေ= စုတိပြတ်ကြွေ သေလွန်ပြီးသည်။ သတိ= ဖြစ်ပါလျက်။ ရောဒနေန= အမိုက်မွှေးတဲ့ ငိုကြွေးခြင်းဖြင့်။ မေ= ငါ့အား။ ကိံ= အဘယ်အကျိုး ရှိပါအံ့နည်း။ နတ္ထိ= တစိုးတစိ အကျိုးမရှိ ဧကန် မှန်လှ ပါလေ၏။

အရှင်၊ လောက ဥပမာအားဖြင့် မြွေကလေးအရေဟောင်းကို စက်ဆုပ်ပြီး သကာလ အရေဟောင်းကို စွန့်ပြီး သူအလိုရှိရာ သွားသလို ငါ့သားလည်းပဲ အရေဟောင်းနဲ့တူတဲ့ ခန္ဓာကိုယ်အဟောင်း စွန့်ပြီးသကာလ သူ ထိုက်သင့်ရာ ဂတိတစ်ပါး ဂတိငါးပါးတွင် တစ်ပါးပါးသို့ သူသွားခဲ့လေပြီ။ ယခု မျက်မြင်ဖြစ်တဲ့ ဒီဥတုဇ ရုပ်ကလာပ်ကြီးကတော့ ဘာမှ လူ့ပြည်လောကမှာ အသုံးချလို့ မရဘူး။ အဲဒီလို အသုံးမဝင်တာ ဖြစ်ပါလျက် ဒီ ဥတုဇရုပ်ကလာပ်ကို လှမ်းလှမ်းအာရုံပြုပြီးတော့ ငိုကြွေးတယ်၊ ပူဆွေးတယ် ဆိုတာဘာ အကျိုးရှိမလဲ၊ ဘာမှ အကျိုးမရှိဘူး...

ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာဂတိ။

အယံ= ဤ ဥတုဇရုပ်အလောင်းကတော့။ ဍယှမာနောပိ= မီးတိုက်အပ်ပါ သော်လည်း။ န ဇာနာတိ= ပူမှန်း အေးမှန်း တစိုးတစိ မသိနိုင်တော့ပေ။
(ဒီ ဥတုဇ ရုပ်ကလာပ်ကြီးဟာ မီးတိုက်သော်လည်းပဲ ဘာမှ သိတာမဟုတ်ဘူး။) ဉာတီနံ= ဆွေမျိုးအပေါင်းတို့က။ ပရိဒေဝိတံ-ပရိဒေဝိတမ္ပိ= ဝိုင်းပြီးပူဆွေး ငိုကြွေးကြခြင်းကိုလည်း။ န ဇာနာတိ= ဒီ ဥတုဇ ရုပ်ကလာပ်က တစိုးတစိ သိမည် မဟုတ်ချေ။

ဒီဥတုဇရုပ်ကလာပ်ကြီးက ဆွေမျိုးတွေ ဝိုင်းပြီးတော့ ဘယ်လိုပင် ပြောပြော၊ ဘယ်လိုပင် ငိုကြွေးပူဆွေးနေပေမယ်လို့ မသိဘူး။ နဂိုတုန်းက တို့မျှော်လင့်တဲ့ ကိုယ့်သားမှ မဟုတ်တော့ဘဲ၊ ဥတုဇ ရုပ်ကလာပ်ကြီး ဘဝသို့ပြောင်းသွားပြီ၊ တစ်နည်းအားဖြင့် သဏ္ဍာန် ပြောင်းသွားပြီ။


တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

အယံ= ဥတုဇစုပေါင်း ဤ ရုပ်အလောင်းသည်ကား။ ဍယှမာနောပိ= မီးသင်္ဂြိုဟ် အပ်ပါသော်လည်း။ န ဇာနာတိ= ပူမှန်းတစိုးတစိ သူမသိချေ။ ဉာတီနံ= ဆွေမျိုးအပေါင်းတို့က။ ပရိဒေဝိတံ= ဝိုင်းဝန်း ငိုကြွေးပူဆွေးကြပေမယ်လို့။ န ဇာနာတိ= တစိုးတစိ သူမသိချေ။ တသ္မာ= ထို့ကြောင့်။ ဧတံ= ဤ ဥတုဇစုပေါင်း ရုပ်အလောင်းကိုသာဖြင့်။ န သောစာမိ= မစိုးရိမ် မပူဆွေး ငါတို့ မငိုကြွေးကြတော့ပါ။ သော= ထို ငါတို့သားသည်။ ယာ ဂတိ= အကြင် ဂတိငါးသွယ် သူ၏ လားရောက်ဖွယ်သည်။ အတ္ထိ= ရှိ၏။ တံ ဂတိံ= ထို ဂတိငါးသွယ်တွင် သူ၏လားဖွယ် တစ်ပါးပါးသော ဂတိသို့။ ဂတော= ပေါင်းစည်းမရာ မခံသာဘဲ ဓမ္မတာအား သူ သွားခဲ့လေပြီ။

သူ့ကံ စီမံတဲ့အတိုင်း ဂတိငါးပါးထဲက သူနဲ့ထိုက်သင့်ရာ ဂတိတစ်ပါးပါးသို့ သူဟာ သွားခဲ့ပြီ။ ဘယ်ကို လိုက်ငိုရမလဲ။ ဟိုကို သွားတဲ့ မမြင်တာကို လှမ်းပြီး ငိုနေရမှာလား။ အခု မြင်နေရတဲ့ ဥတုဇ ရုပ်ကလာပ်ကိုပဲ ငိုနေရမှာလား၊ အာရုံပြုပြီး။ ဘာမှငိုစရာ မရှိဘူးလို့ ဘုရားလောင်း ဖခင်ပုဏ္ဏားက ပြောလိုက်တဲ့ အခါကျတော့ ဟို-မိခင် ပုဏ္ဏးမဘက် လှည့်ပြီးတော့...


သိကြားမင်းက မေးတယ်...
အမ္မ တုယှံ သော ကိံ ဟောတိ။

အမ္မ= အို-အမေ။ သော-ထိုယခုသေတဲ့ သူငယ်သည်။ တုယှံ= သင်နှင့်။ ကိံ ဟောတိ= ဘယ်လို တော်စပ်ပါသလဲ။
အမိရယ်၊ အခုသေတဲ့ ကလေးဟာ အမိနဲ့ ဘယ်လိုတော်စပ်တုံး- လို့ ဆိုတော့ ...


မိခင်ပုဏ္ဏေးမက...
ဒသမာသေ ကုစ္ဆိနာ ပရိဟရိတွာ ထညံ ပါယေတွာ ဟတ္ထပါသေ သဏ္ဍပေတွာ ဝဍ္ဎိုတပုတ္တော မေသာမိ။

သာမိ= အို အရှင်။ အယံ= ဤ ယခု စုတိပြတ်ကြွေ သေလွန်တဲ့ ပုဂ္ဂိုလ်ကား တခြားမဟုတ်။ ဒသမာသေ= ဆယ်လတို့ပတ်လုံး။ ကုစ္ဆိနာ= ဝမ်းဖြင့်။ ပရိဟရိတွာ= လွယ်ပိုက်ဆောင်ပြီး သကာလ။ (ကျွန်မကိုယ်တိုင် ဆယ်လတိုင်တိုင် ဝမ်းကြာတိုက်တွင် လွယ် ပိုက် ဆောင်ပြီး သကာလ) ထညံ= နို့ချိုအေးကို။ ပါယေတွာ= တိုက်ကျွေးပြီး သကာလ။ ဟတ္ထပါသေ= လက်ကလေး ခြေကလေးတို့ကို။ သဏ္ဍပေတွာ= မလှ လှကြောင်း ကောင်းစွာ ပြုပြင် ပြင်ဆင်ပေးပြီး သကာလ။ မေ= ကျွန်တော်မသည်။ ဝဍ္ဎိုတပုတ္တော= တစ်နေ့တခြား လှအောင် တင့်တယ်အောင် ကြီးပွားစေအပ်ခဲ့တဲ့ သားပါပေတည်း... လို့...
ဂရုတစိုက် နို့ချိုအေး တိုက်ကျွေးပြီးသကာလ လက်ကလေး ခြေကလေးများ လှရာလှကြောင်း ပြုပြင်ပြီးတော့ အလှကလေး တစ်နေ့တခြား တိုးတက်လာအောင် မွေးကျွေးသုတ်သင်လာခဲ့တဲ့ သားဖြစ်ပါတယ်။
သိကြားကို ပြန်ပြောတယ်။


အမ္မ ပိတာ တာဝ ပုရိသဘာဝေန မာ ရောဒတု။

အမ္မ= အိုအမိ။ ပိတာ= ဖခင်က။ ပုရိသဘာဝေန= ယောက်ျားရင့်မာကြီး ဖြစ်လေသောကြောင့်။ တာဝ မာ ရောဒတု= မငိုယင် ရှိပါစေ။

မာတု ဟဒယံ ပန မုဒုကံ ဟောတိ။

မာတု= မွေးသမိခင် ကျေးဇူးရှင်သည်။ ဟဒယံ ပန= စိတ်နှလုံးဆိုတာ။ မုဒုကံ= အလွန့်အလွန် သားအပေါ်မှာ နူးညံ့သည်။ ဟောတိ= ဖြစ်ပါ၏။ တွံ= သင်သည်။ ကသ္မာ= အဘယ့်ကြောင့်။ န ရောဒသိ= မစိုးရိမ် မပူဆွေး မငိုကြွေးပါသနည်း... လို့...

ဟို- ဖခင်လုပ်တဲ့ ပုဂ္ဂိုလ်ကတော့ ယောက်ျားရင့်မာကြီး နှလုံးခိုင်တဲ့ ပုဂ္ဂိုလ်မို့ မငိုယင် ရှိပါစေတာ့၊ မိခင်ရဲ့နှလုံးဆိုတာ သားအပေါ်မှာ အလွန်နူးညံ့တယ်၊ ဘာကြောင့် အမိ မငိုတုံးလို့မေးတော့ ...


မိခင်ပုဏ္ဏေးမက... မခေါ်ဘဲနှင့် သူလာခဲ့၏၊ မပန်ကြားဘဲ သူပြန်ခဲ့၏။

အနဝှိတော တတော အာဂါ၊ အနနုညာတော ဣတော ဂတော။
ယထာ ဂတော တထာဂတော၊ တတ္ထ ကာ ပရိဒေဝနာ။

သာမိ= အို- အရှင်။ သော= ထိုကျွန်တော်မ၏သားသည်။ အနဝှိတော= သားရေ-သားရဲ့- လာပါလှဲ့ဟု စကားချဲ့၍ လာလှဲ့(လှည့်)ပါနော်၊ ငါ မခေါ်အပ်ပါဘဲလျက်။ တတော= ထိုအတီတာနန္တရ ဟိုဘဝမှ။ အာဂါ= ဤဘဝသို့ ပေါင်းစည်းမရာ မဆိုင်သာဘဲ သူကား လာရောက်ခဲ့လေပြီ။

သားယူရတဲ့ဘဝကို မျှော်ကြည့်လိုက်စမ်းပါ။ သားရေ- သားရဲ့ ဟုတ်လား၊ လာခဲ့လေလို့ ငါခေါ်ရတာ မဟုတ်ဘဲ သူ့ကံစီမံတဲ့အတိုင်း အတီတာနန္တရ သူ့ ဟိုဘဝက ဤဘဝမှာ ကံစီမံတဲ့အတိုင်း ငါ့ဝမ်းဗိုက်ထဲ သူ ရောက်လာတယ်။

န အနုညာတော= သွားလိုလျှင်သွား ငါ၏သားဟု စကားကြည်သာ ငါခွင့်မပြုပါဘဲလျက်။ ဣတော= ဤဘဝမှ။ ဂတော= သူ၏ ထိုက်ရာ ဂတိငါးပါး တစ်ပါးပါးသို့ သူသွားခဲ့လေပြီ။ အာဂတော ယထာ= လာတုန်းက ငါမခေါ်ဘဲ သူလာသကဲ့သို့။ တထာ= ထို့အတူ။ ဂတော= သွားသော်လည်းပဲ ငါ့ကို ခွင့်မတိုင်ဘဲ သူသွားခဲ့လေပြီ။ တတ္ထ= ထိုလာတုန်းကလည်း ငါက မခေါ် သွားတော့လည်း ငါခွင့်ပေးမှုကို မပိုင်ဆိုင်ဘဲနဲ့ သူ့ ကံစီမံရာ မခံသာဘဲ ဓမ္မတာအား သူ့လမ်းသူသွားရာ၌။ ပရိဒေဝနာ= စိုးရိမ်ပူဆွေး ငိုကြွေး၍နေရခြင်းသည်။ ကာ= အဘယ်အကျိုး ရှိပါအံ့နည်း။

တော်တော့ကို တရားရတယ်နော်...။

အရှင်- တဲ့။ စဉ်းစားကြည့်စမ်းပါ။ မိခင်က သားရေ- သားရဲ့ လာခဲ့ပါလို့ ခေါ်လို့ မိခင် ဝမ်းဗိုက်ထဲ ရောက်လာတာလား၊ မဟုတ်ဘူး။ မခေါ်ဘဲနဲ့ သူ့ ကံအတိုင်း ကျွန်မတို့ဝမ်းထဲ ရောက်လာတာ။ အင်း-တစ်ခါ လူ့ဘဝရောက်လာလို့ နို့ချိုအေး တိုက်ကျွေး၊ လက်ကလေး ခြေကလေးတွေ ပြုပြင်လို့ လူလားမြောက်လာတဲ့အခါ ခုအချိန် ဆိုကြပါစို့။ သွားချင်ယင် သွားပေါ့ ငါ့သားလို့ ငါကခွင့်ပြုတဲ့ အချိန်ကို သူ မစောင့်တော့ဘဲနဲ့ သူ့ ကံစီမံတဲ့အတိုင်း သူကား ဂတိငါးပါးတွင် ထိုက်သင့်ရာ သူသွားခဲ့လေပြီ။ လာတုန်းက ငါမခေါ်ဘဲ သူလာသလို ယခု ဟိုဘဝ သွားပြန်တော့လည်း ငါ့ကို မပန်ကြားဘဲနဲ့ သူ့ ကံစီမံတဲ့အတိုင်း ငါ့ကို စိမ်းစိမ်းပြင်ပြင်ကြီး ထားပြီး သွားခဲ့လေပြီ။ အဲဒီလို လာတုန်းကလည်း စိမ်း၊ သွားတော့လည်းစိမ်းနေတဲ့ အဖြစ်ပေါ်မှာ စိုးရိမ်ပူဆွေး ငိုကြွေးလို့ ဘာများအကျိုးရမှာတုံး။
အေး- ဟောဒီဥတုဇရုပ်ကြီးကြည့်ပြီးတော့ ငိုကြွေးရမှာလား။

ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာဂတိ။

အယံ= ဥတုဇစုပေါင်း ဤရုပ်အလောင်းဟာကဖြင့်။ ဍယှမာနော- ဍယှမာနောပိ= တံစူးဝါးတို့ဖြင့် တ အားထိုးစိုက် မီးမြှိုက်အပ်ပါသော်လည်း။ န ဇာနာတိ= တစိုးတစိ ဘာကိုမှ သူမသိနိုင်ချေ။
(ဒီဥတုဇရုပ်ဟာ တံစူးဝါးတွေနဲ့ ထိုးထား ထိုးလိုက် စိုက်လိုက်၊ သူဘာမှမသိဘူး။)

ညတီနံ= ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ-ပရိဒေဝိတမ္ပိ= စိုးရိမ်ပူဆွေး ဝိုင်းဝန်း၍ ငိုကြွေးကြပေမယ့်လည်း။ န ဇာနာတိ= တစိုးတစိ သူကဖြင့် မသိချေ။ တသ္မာ= ထိုကြောင့်။ (မီးမြှိုက်တာကိုလည်း မသိ၊ စိုးရိမ်ပူဆွေး ငိုကြွေးတာကိုလည်း သူမသိသောကြောင့်။) ဧတံ= ဥတုဇစုပေါင်း ဤ ရုပ်အလောင်းကိုသာဖြင့်။ အာရဗ္ဘ= အာရုံပြု၍။ န သောစာမိ= မစိုးရိမ် မပူဆွေး ငါမငိုကြွေးပါ။ သော= ထိုငါ့သားသည်။ ယာ ဂတိ= အကြင်သူ၏ လားဖွယ် ဂတိတပါးပါးသည်။ အတ္ထိ= ရှိ၏။ တဿ-တံဂတိ= ထိုသူ၏ ထိုက်ရာ ဂတိတပါးပါးသို့။ ဂတော= ပေါင်းစည်းမရာ မခံသာဘဲ ဓမ္မတာအား သူသွားခဲ့လေပြီ။

မိခင်ကလည်း ရဲရဲတောက်၊ သီဟနာဒ၊ မရဏဿတိ ဘာဝနာကို ပွားထားတဲ့ မိဘပီပီ မိခင်က ရဲရဲတောက် စကားပြောလိုက်တော့ ဟို-နှမကလေး သွားမေးတယ်။

ငိုလျှင် ပိန်ရုံပဲ...
အမ္မ တုယှံ သော ကိံ ဟောတိ= ကလေးမ၊ အခုသေတဲ့ ကလေးနဲ့ မင်းနဲ့ ဘယ်လိုတော်ကြသတုံး= လို့ ဆိုတော့-

ဘာတာ မေ သာမိ။
သာမိ= အို အရှင်ဦးကြီး။ မေ= ကျွန်တော်မ၏။ ဘာတာ= မောင်ကြီးပါပေတည်း။
ကျွန်မ မောင်ကြီးပါ။ တစ်မိဝမ်းတွင်း ထက်အောက်ဆင်းတဲ့ မောင်ရင်းအစ်ကို ဖြစ်ပါတယ်လို့ ပြောတယ်။ ဒီတော့ သိကြားက ပြန်ပြီးတော့ မေးပြန်တယ်။


အမ္မ ဘဂိနိယောနာမ ဘာတူသု သိနေဟာ ဟောန္တိ၊ တွံ ကသ္မာ န ရောဒသိ။

အမ္မ= အမိသယ်- နှမငယ်။ ဘဂိနိယောနာမ= နှမသယ် မည်သည်။ ဘာတူသု= မောင်တို့အပေါ်၌။ သိနေဟ= အလွန်ပင် ချစ်ခင်ကြကုန်သည်။ ဟောန္တိ= ဖြစ်ကုန်၏။

အို- မိန်းကလေး၊ လောကမှာလေ မောင်က နှမကို မချစ်ပေမယ့် နှမဆိုတာ အင်မတန်မှ နှလုံးနူးညံ့ပြီးတော့ မောင်အပေါ်မှာ သိပ်ပြီးတော့ ချစ်ကြတာပဲ မဟုတ်လား။ အဲဒီလို ချစ်ကြရိုးဓမ္မတာ ဖြစ်ပါလျက် မိန်းကလေးကတော့ ဘာပြုလို့ မငိုရတုံး၊ သိကြားက မေးတယ်။

ဒီတော့ ကလေးမက ဘယ်လိုပြန်ပြောတုံးလို့ဆိုတော့...

သစေ ရောဒေ ကိသာ အဿံ၊ တဿာ မေ ကိံ ဖလံ သိယာ။
ဉာတိမိတ္တာ သုဟဇ္ဇာနံ၊ ဘိယျော နော အရတီ သိယာ။

သာမိ= အို-ဦးကြီး။ အဟံ= အကျွန်ုပ်သည်။ သစေ ရောဒေ= အကယ်၍ ငိုကြွေးမြည်တမ်းသည်ဖြစ်အံ့။ ကိသာ= တစ်နေ့တခြား အသွေးအသားတို့ လျော့ပါးကြုံလှီသည်။ အဿံ= ဖြစ်ရာ၏။ (ငိုလို့များ ကျုပ်မောင်က ပြန်ရှင်မှာတဲ့လား။ ကျုပ် အမြဲတစေ ငိုကြွေးလို့ရှိယင် တစ်နေ့တခြား အသွေးအသားတွေ လျော့ပါး ကြုံလှီပြီးတော့ သွားမှာပေါ့။) တဿာ မေ= ထို ငိုကြွေးတဲ့အတွက် ကျွန်တော်မအား။ ကိံဖလံ= အဘယ်သို့သော အကျိုးသည်။ သိယာ= ဖြစ်နိုင်ပါအံ့နည်း။ န သိယာ ဧဝ-တစိုးတစိ အကျိုးမရှိ ဧကန် မှန်လှပါပေ၏။ ငိုတဲ့အတွက်များ ကျွန်တော်မမှာ မောင်ပြန်ရှင်တဲ့ အကျိုး ရမှာလား။ ဟာ-ဒါမှ မဟုတ်ဘူး ဆိုလို့ရှိယင် ငိုတဲ့အတွက် ကျန်းမာရေးဆိုတဲ့ အကျိုးရမှာလား။ စီးပွားရေးဆိုတဲ့ အကျိုး ရမှာလား။ ဘာမှ အကျိုး မရဘူး။

ကိုယ်တင် အကျိုးမရရုံသာလား ဆိုတော့-
နော= အကျွန်ုပ်တို့နှင့် စပ်ဆိုင်သမျှသော။ ဉာတိမိတ္တသုဟဇ္ဇာနံ= ဆွေမျိုး မိတ်သင်္ဂဟ နှလုံးကောင်းတဲ့ အပေါင်းအဖော် ဟူသမျှတို့၏။ အရတီ= ကျွန်ုပ်အတွက် မမွှေ့လျော် မပျော်ပိုက် နှလုံး မချမ်းသာခြင်းသာ။ သိယာ= တစ်နေ့တခြား ဖြစ်ပွားလေရာ၏။ ထို ငိုနေလို့ရှိယင် ဆွေတွေ မျိုးတွေ မိသင်္ဂဟတွေ၊ နှလုံးကောင်းကြတဲ့ သူငယ်ချင်း အပေါင်းအဖော်တွေ ကျွန်ုပ်အတွက် တွေး၍ ဆွေး၍သာလျင် နှလုံးမချမ်းသာရုံ ရှိကြတော့မပေါ့။

ဥတုဇရုပ်ကလာပ်ကို လက်ညှိုးထိုးပြပြီးတော့...

ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာဂတိ။

အယံ= ဥတုဇစုပေါင်း ရုပ်အလောင်းသည်။ ဍယှမာနော- ဍယှမာနောပိ= တံစူး ဝါးတို့ဖြင့် တအားထိုးစိုက် မီးမြှိုက်အပ်ပါ သော်လည်း။ န ဇာနာတိ= တစိုးတစိ ပူမှန်း သူ မသိပါလေ။ ညတီနံ= ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ= စိုးရိမ်ပူဆွေး ဝိုင်းဝန်း၍ ငိုကြွေးခြင်းကို။ န ဇာနာတိ= တစိုးတစိ သူကား မသိချေ။ တသ္မာ= ထို့ကြောင့်။ ဧတံ= ဤ ဥတုဇစုပေါင်း ရုပ်အလောင်းကိုသာဖြင့်။ အာရဗ္ဘ= အာရုံပြု၍။ န သောစာမိ= မစိုးရိမ် မပူဆွေး မငိုကြွေးတော့ပါ။

မီးမြှိုက်လို့လည်း သူမသိ၊ ဆွေမျိုးတွေက ဝိုင်းငိုလို့လည်း သူမသိတော့ အဲဒီလို မသိတဲ့အတွက်ကြောင့် သူ့ကို အာရုံပြုပြီးတော့ဖြင့် ဘယ်လိုနည်းနှင့်မှ မငိုကြွေး မပူဆွေး မစိုးရိမ်နိုင်တော့ပါဘူး။

တဿ= ထို ကျွန်တော်မမောင်၏။ ယာဂတိ= အကြင် ဂတိငါးသွယ် လားစဖွယ်သည်။ အတ္ထိ= ရှိ၏။ တံ ဂတိံ= ထို ဂတိငါးသွယ် လားစဖွယ်တွင် သူ၏ထိုက်ရာ ဂတိတစ်ပါးပါးသို့။ သော- ထိုကျွန်တော်မ မောင်သည်။ တတော= ကံစီမံရာ မခံသာဘဲ ဓမ္မတာအား သူ သွားခဲ့လေပြီ။

ကျွန်မမောင်ကြီးကသာဖြင့် သူရဲ့ ဆိုင်ရာဂတိ တပါးပါးကို သွားပြီးသကာလ ပဋိသန္ဓေ နေလေပြီ။ ဥတုဇရုပ်ကို အာရုံပြုပြီးတော့ မစိုးရိမ် မပူဆွေး မငိုကြွေးနိုင်ပါဘူးလို့ ပြောတယ်။

နှမသည်ကလည်း ရဲရဲတောက် သီဟနာဒစကားပြောလို့ ပြီးတဲ့အခါ သိကြားက ချွေးမကို မေးပြန်တယ်။

လကိုပေးပါဟု တောင်းသည်နှင့်တူ...
အမ္မ တုယှံ သော ကိံ ဟောတိ။

အမ္မ= သမီး။ သော= ထို ယခုသေတဲ့ သူငယ်သည်။ တုယှံ= သင်နှင့်။ ကိံ ဟောတိ= အဘယ်သို့ ဆွေမျိုးတော်စပ်သနည်း… လို့ မေးလိုက်တယ်။

ချွေးမက ဘာပြန်ပြောသလဲ ဆိုတော့...
ပတိ မေ သာမိ။
သာမိ= အို အရှင်။ မေ= ကျွန်တော်မ၏။ ပတိ= အရှင်သခင် လင်ယောက်ျားပါပေတည်း... လို့ ပြောတယ်။

သိကြားက တစ်ဖန် ပြန်မေးပြန်တယ်။
အမ္မ ဣတ္ထိယော နာမ ပတိမှိ မတေ ဝိဓဝါ ဟောန္တိ အနာထာ၊ တွံ ကသ္မာ န ရောဒသိ။

အမ္မ= သမီး။ ဣတ္ထိယော နာမ= မိန်းမတို့မည်သည်။ ပတိမှိ= အိမ့်ရှင်ယောက်ျားသည်။ မတေ= စုတိပြတ်ကြွေ သေလွန်လတ်သည် ရှိသော်။ ဝိဓဝါ= မုဆိုးမ ဖြစ်ကြကုန်၍။ အနာထာ= ခိုကိုးရာမဲ့ကြကုန်သည်။ ဟောန္တိ= ဖြစ်ကုန်၏။ တွံ= သင်သည်ကား။ ကသ္မာ= အဘယ့်ကြောင့်။ န ရောဒသိ= မစိုးရိမ် မပူဆွေး မငိုကြွေးဘိသနည်း။

သမီးရယ်….လောကမှာ မိန်းမတွေ အရှင်သခင် လင်ယောက်ျားရယ်။ စုတိပြတ်ကြွေ သေလွန်လို့ရှိယင် မုဆိုးမဖြစ်ပြီး ခိုကိုးရာမဲ့ ဖြစ်ကြတယ်။ ဒါတွေများ တွေးပြီးတော့ သမီး ငိုကြွေး ပူဆွေး သင့်ပါလျက်ကနဲ့ အခုလေ….အဲဒါတွေ မတွေးဘဲနဲ့ ဘာ့ကြောင့် မငိုကြွေး မပူဆွေးရသလဲ၊ မေးတယ်။ ချွေးမကလေး ပြန်ဖြေတဲ့ စကား ဘယ်လောက် ကောင်းသလဲ။

ယထာပိ ဒါရကော စန္ဒံ၊ ဂစ္ဆန္တ မနုရောဒတိ။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတံ အနုသောစတိ။

သာမိ= အို အရှင်ဦးကြီး။ ယထာပိ= ဥပမာ မည်သည်ကား။ ဒါရကော= ကလေးသူငယ် အသိ အလိမ္မာ ဉာဏ်ပညာ မကြွယ်တဲ့ သူငယ်လူမိုက်သည်။ (မိခင်ရဲ့ ရင်ခွင်ထဲကနေပြီး သကာလ) ဂစ္ဆန္တံ= ကောင်းကင်ခရီးမှာ သူ့လမ်းသူသွား၍ နေသော။ စန္ဒံ= လကို။ အနုရောဒတိ= “စန္ဒံ မေ ဒေဟိ- စန္ဒံ မေ ဒေဟိ”= ကောင်းကင်မှာ သွားတဲ့ ဇာရထားကို ကျုပ်အား ပေးပါ။ ကောင်းကင်က သွားတဲ့ လရထားကို ကျုပ်အား ပေးပါ” ဟု မိခင်ကို တစာစာပြောကြား၍ ငိုကြွေးလျက် ရှိပါပေ၏။ ယော= အကြင်သူသည်။ ပေတံ= တမလွန်ဘဝ ပြောင်းသွားလေပြီးသော သူကို။ အနုသောစတိ= အဖန်ဖန် အထပ်ထပ် အာရုံပြုကာ စိုးရိမ်ပူဆွေး ငိုကြွေး၍ နေပေ၏။ ဧတံ= ဤသို့ တမလွန်ဘဝ ပြောင်းသွားတဲ့ သူကို အာရုံပြုကာ စိုးရိမ်ပူဆွေး ငိုကြွေး၍ နေရခြင်းသည်။ ဧဝံသမ္ပဒ မေဝ= ဤ ကလေးသူငယ် လူမမယ် ကောင်းကင်ကိုသွား လရထားကို “ငါ့ အား လကို ပေးပါ” ဟု တစာစာ ပြောဆို ငိုကြွေးသည်နှင့် တူလှပါပေ၏။

အို ဦးကြီးရယ်… ကလေးလေးတစ်ယောက် မိခင်ရဲ့ရင်ခွင်ထဲမှာ ထိုင်ရင်းက ကောင်းကင် မော့်ကြည့်တော့ “ဟိုဟာ ဘာတုံး အမေ” လို့ မေးတယ်။ “အေး-အဲဒါမြန်မာလိုတော့ လပေါ့ကွယ်” လို့ ပြောတော့ လကို ကလေးက နှစ်သက်တဲ့အတွက် ‘ရနိုင်မယ်၊ မရနိုင်ဘူး’ ဆိုတာ သူမစဉ်းစားတော့ဘဲနဲ့“စန္ဒံ မေဒေဟိ” “ကျွန်တော့်အား လပေးပါ၊ ကျွန်တော့်ကို လပေးပါ” ဆိုပြီးသကာလ လမပေးတဲ့ အတွက် ခြေဆောင့် လက်ခါနဲ့ ဒီကလေးက ငိုပြီ ဆိုကြပါစို့ရဲ့။
အဲဒီ ကလေးငိုသလိုပဲ စုတိပြတ်ကြွေ သေလွန်တဲ့ ပုဂ္ဂိုလ်ကို အာရုံပြုပြီး သကာလ ဘာမှ မရနိုင်တဲ့ တရားတွေ မတွေးမိဘဲနဲ့ ငိုကြွေး မြည်တမ်းခြင်းဟာဖြင့် ဒီကလေးက လကို ကိုင်တာနဲ့ ပမာတူလှပါတယ်။


ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

အယံ= ဥတုဇစုပေါင်း ဤ ရုပ်အကြောင်းကတော့။ ဍယှမာနော- ဍယှမာနောပိ= တံစူး ဝါးတို့ဖြင့် တအား ထိုးစိုက် လောင်မြှိုက် အပ်ပါသော်လည်း။ န ဇာနာတိ= တစိုးတစိ သူကား ပူမှန်း မသိချေ။ ဧဝံ= ဤအတူပင်။ ဉာတီနံ= ဆွေမျိုးအပေါင်းတို့၏ ပရိဒေဝိတံ-ပရိဒေဝိတမ္ပိ= စိုးရိမ် ပူဆွေး ငိုကြွေးကြခြင်းကိုလည်း။ န ဇာနာတိ= တစိုးတစိ ဤ ဥတုဇရုပ်အလောင်းကသာဖြင့် မသိချေ။ တသ္မာ-ထို့ကြောင့်။ ဧတံ= ဤ ဘာမျှ မသိတဲ့ ဥတုဇရုပ်အလောင်းကို။ အာရဗ္ဘ= အာရုံပြု၍။ န သောစာမိ= မစိုးရိမ် မပူဆွေး မငိုကြွေးနိုင်တော့ပါ။ သော= ထို ကျွန်တော်မ၏ အရှင်သခင် လင်ယောက်ျားသည်။ တဿ= ထို လင်ယောက်ျား၏ ယာ ဂတိ= အကြင် ဂတိငါးသွယ် လားစဖွယ်သည်။ အတ္ထိ= ရှိ၏။ တံ ဂတိံ= ထို ဂတိငါးသွယ် လားစဖွယ်အနက် သူ၏ ဆိုင်ရာ ဂတိတစ်ပါးပါးသို့။ ဂတော= ပေါင်းစည်းမရာ မခံသာဘဲ ဓမ္မတာအား သူ သွားခဲ့လေပြီ။

ကွဲသွားသောရေအိုး ပြန်ခပ်မရသလို...

အမ္မ တူယှံ သော ကိံ ဟောတိ။
အမ္မ= သမီး။ သော= ထို ယခုသေတဲ့ လူကလေးသည်။ တုယှံ= သင်နှင့်။ ကိံ ဟောတိ= အဘယ်သို့ တော်စပ်သနည်း... လို့ မေးတယ်။

အယျော မေ သာမိ။
အယျော- ယခုသေတဲ့ ဤအရှင်သည်။ မေ= ကျွန်တော်မ၏ သာမိ= အရှင်သခင် ဖြစ်ပါတယ်... လို့ ပြောတော့-

နနု တွံ ဣမိနာ ပီဋ္ဌေတွာ ပေါထေတွာ ပရိဘုတ္တာ ဘဝိဿသိ။

တွံ-သင်သည်။ နနု= စင်စစ်။ ဣမိနာ= ဤ သေလွန်တဲ့ သူငယ်က။ ပီဋ္ဌေတွာ= နှိပ်စက်၍။ ပေါထေတွာ= ပုတ်ခတ်၍။ ပရိဘုတ္တာ= အသက်ရှင်စဉ်က သုံးဆောင်အပ်သည်။ ဘဝိဿတိ= ဖြစ်ပေလိမ့်မယ်။
ဒီလိုဆိုယင်လေ-တဲ့၊ မိန်ကလေး၊ ဤ သေတဲ့ကလေးက အသက်ရှင်စဉ် ကာလမှာ မင်းကို ရိုက်နှက် ပုတ်ခတ် ထိုးကြိတ်ပြီး သကာလ မင်းကို ကျွန်အရာမှာ ရက်ရက်စက်စက်ကြီး ထားပြီးတော့ မသမာ မညှာမတာ သုံးစွဲခဲ့လိမ့်မယ်။

တသ္မာ သုမုတ္တယ အဟန္တိ န ရောဒသိ။

တသ္မာ= ထို့ကြောင့်။ အဟံ= ငါသည်။ သုမုတ္တာ= ထိုသူရဲ့ ဝဋ်ဒုက္ခမှ ကောင်းစွာ လွတ်ရပြီ။ ဣတိ= ဤသို့ နှလုံးပိုက်၍။ န ရောဒသိ= မစိုးရိမ် မပူဆွေး မငိုကြွေးတာပဲ... လို့...
သိကြားမင်းက မခံချင်အောင် ပြောလိုက်တယ်။


အဲဒီလို ပြောလိုက်တော့ ဟို အိမ်စေမကလေးက ဘာပြန်ပြောသလဲ...
သာမိ မာ ဧဝံ အဝစ။

သာမိ= အို-အရှင်။ ဣတိ ဧဝံ= ဤသို့။ မာ အဝစ= မပြောပါနဲ့။
ဒီလို မပြောထိုက်ပါဘူး။

န ဧတံ ဧတဿ အနုစ္ဆဝိကံ။
ဧတံ= ယခုဦးကြီး ပြောတဲ့ စကားသည်။ ဧတဿ= ထို သေလွန်ပြီးသော သူငယ်အား။ န အနုစ္ဆဝိကံ= လုံးဝမလျော် မလျောက်ပတ်ပါ။
အခု ဦးကြီးပြောတဲ့ စကားတွေလေ- သေတဲ့သူငယ်နဲ့ လုံးဝမတော်ဘူး၊ ဘာပြုလို့တုံး သူငယ်မ ဆိုတော့-

ခန္တီမေတ္တာနုဒ္ဒယသမ္ပန္နော မေ အယျပုတ္တော။

မေ= ကျွန်တော်မ၏။ အယျပုတ္တော= အရှင့်သားသည်။ ခန္တီမေတ္တာနုဒ္ဒယသမ္ပန္နော= သည်းခံတဲ့ ခန္တီဂုဏ်နဲ့ လည်းပြည့်စုံတယ်။

ဟို-အိမ်မှာရှိတဲ့ လူတွေကို ချစ်ခင်တဲ့ မေတ္တာဂုဏ်နဲ့လည်း ပြည့်စုံတယ်။ အိမ်မှာရှိတဲ့ လူတွေကို သနားတဲ့ ကရုဏာဂုဏ်နဲ့လည်း ပြည့်စုံတဲ့ သည်းခံခြင်း ခန္တီဂုဏ်၊ ချစ်ခင်ခြင်း မေတ္တာဂုဏ်၊ သနားခြင်း ကရုဏာဂုဏ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ့ ပြည့်စုံတဲ့ အရှင့်သားပါပေ။

ဥရေ သံဝဍ္ဎိတပုတ္တော ဝိယ အဟောသိ။
ကျွန်တော်မအဖို့အရာ ဆိုလို့ရှိယင်-
ဥရေ= ရင်၌။ သံဝဍ္ဎိတပုတ္တော ဝိယ= ကြီးထွားပွားစေအပ်တဲ့ သားရင်းကဲ့သို့။ အဟောသိ= ဖြစ်ပါပေ၏။ မပြောပါနဲ့၊ အခုနင်ကလို မခံချင်စရာ မပြောပါနဲ့။ ဒီ အရှင့်သားကလေးဟာ ကျွန်တော်မ အဖို့အရာမှာ မိမိရင်က မွေးဖွားတဲ့ သားနဲ့ မခြားပါဘူး… လို့ ဒီလိုပြောတယ်။

သိကြားမင်းက ပြန်မေးလိုက်တယ်...
အထ ကသ္မာ န ရောဒသိ။

အထ= ထိုသို့ ဖြစ်ပါလျက်။ ကသ္မာ= အဘယ်ကြောင့်။ တွံ= သင်သည်။ န ရောဒသိ= မစိုးရိမ် မပူဆွေး မငိုကြွေးပါသနည်း….လို့ ပြောလိုက်တယ်။ နောက်ဆုံး ဒီ အိမ်စေမ ကလေးက ဘာပြောလိုက် သလဲ။


ယထာပိ ဥဒကကုမ္ဘော၊ ဘိန္နော အပ္ပဋိသန္ဓိယော။
ဧဝံ သမ္ပဒမေဝေတံ၊ ယော ပေတမနုသောစတိ။

ယထာပိ= လောကူပမာ နှိုင်းဖွယ်ရာကား။ ဘိန္နော= ကွဲပျက်လေပြီးသော။ ဥဒကကုမ္ဘော= ရေခံအိုး- ရေခပ်အိုးသည်။ အပ္ပဋိသန္ဓိယော ယထာ= တစ်ဖန် နောက်ထပ် ပကတိ မစေ့စပ်နိုင် သကဲ့သို့။ ယော= အကြင်သူသည်။ ပေတံ= တမလွန်လောကသို့ သွားသောသူကို။ အနုသောစတိ= အာရုံပြုကာ တစာစာပူဆွေး ငိုကြွေး၍ နေပါပေ၏။ ဧတံ= ဤ တမလွန်လောကသို့ ပြောင်းကြွတဲ့သူကို အာရုံပြုကာ တစာစာပူဆွေး ငိုကြွေး၍နေခြင်းသည်။ ဧဝံ သမ္ပဒမေဝ= ဤသို့ အိုးကွဲကို တစ်ဖန်ပြန်၍ တစ်မျိုးမျိုးနဲ့ ပကတိအတိုင်းဖြစ်အောင် စပ်၍နေသောသူနှင့် တူလှပါပေ၏။
အို- အရှင် ဦးကြီး၊ လောက ဥပမာအားဖြင့် ရေခပ်တဲ့ အိုးကြီးတစ်လုံး ကွဲသွားတယ် ဆိုပါစို့။ အဲဒီ ကွဲသွားတဲ့အိုးကို တစ်ဖန်ပြန်ပြီး စပ်ပေမယ်လို့ ဘယ်လိုနည်းနဲ့မှ မကွဲပြဲတဲ့ အစေ့အစပ်မျိုးတော့ မဖြစ်နိုင်သလိုဘဲတဲ့။ အခု တမလွန်လောကသို့ သွားတယ်ဆိုတဲ့ ကျုပ်တို့ရဲ့ အရှင့်သားနဲ့ ဟောဒီ မီးမြှိုက်နေတဲ့၊ ဖုတ်ကြည်းသင်္ဂြိုဟ်မှုပြုနေတဲ့ ဥတုဇ ရုပ်ကလာပ်ကို ဘယ်လိုနည်းနဲ့မှ ပြန်စပ်ပေမယ့်လည်း မရတော့ဘူး။ အသက် ပြန်မရှင်တော့ဘူး။

အေး….ပကတိအိုးကွဲက အင်း- လောကဓာတ်ပညာ ဆရာတွေ၊ ဣဒ္ဓိရှင်တွေ၊ တန်ခိုးရှင်တွေက တန်ခိုးဣဒ္ဓိပါဒ်နဲ့များ မန္တန်နဲ့မန်းမှုတ်လို့ အိုးကွဲကို စေ့စပ်လို့ ပကတိအတိုင်း ဖြစ်ချင် ဖြစ်ဦးမယ်။ တမလွန်လောကသို့ ပြောင်းသွားတဲ့ ကျွန်တော်မတို့ရဲ့ အရှင့်သားကို ဘယ်ဣဒ္ဓိရှင်ကမှ ပြန်ပြီးတော့ အသက်ရှင်အောင် မတတ်နိုင်ပါဘူး။
အခုမြင်နေရတဲ့ ဥတုဇ ရုပ်ကလာပ်ကြီးဟာလည်း ကျွန်တော်မတို့ရဲ့ အရှင့်သား မဟုတ်တော့ဘူး။


ဍယှမာနော န ဇာနာတိ၊ ဉာတီနံ ပရိဒေဝိတံ။
တသ္မာ ဧတံ န သောစာမိ၊ ဂတော သော တဿ ယာ ဂတိ။

အယံ- အယံပန= ဥတုဇစုပေါင်း ဤရုပ်အလောင်းကြီးဟာဖြင့်။ ဍယှမာနော- ဍယှမာနောပိ= တံစူး ဝါးတို့ဖြင့် တအားထိုးစိုက် မီးမြှိုက်အပ်ပါသော်လည်း။ န ဇာနာတိ= တစိုးတစိ ပူမှန်း သူ မသိချေ။ ဧဝံ= ဤ အတူပင်။ ဉာတီနံ= ဆွေမျိုးအပေါင်းတို့၏။ ပရိဒေဝိတံ- ပရိဒေဝိတမ္ပိ= ဝိုင်းဝန်းပူဆွေး ငိုကြွေးကြခြင်းကိုလည်း။ န ဇာနာတိ= တစိုးတစိ သူမသိချေ။ တသ္မာ= ထို့ကြောင့်။ ဧတံ= ဤ ဥတုဇစုပေါင်း ရုပ်အလောင်းကို။ အာရဗ္ဘ= အာရုံပြု၍။ န သောစာမိ= တစိုးတစိမျှ မပူဆွေး မစိုးရိမ် မငိုကြွေးတော့ပါ။ သော= ထို ကျွန်တော်မတို့၏ အရှင့်သားသည်။ တဿ= ထိုအရှင့်သား၏။ ယာဂတိ= အကြင် ဂတိငါးသွယ် လားစဖွယ်သည်။ အတ္ထိ= ရှိ၏။ တံ ဂတိံ= ထိုသူ၏ ဆိုင်ရာ ဂတိငါးပါး တစ်ပါးပါးသို့၊ ဂတော= ကံစီမံရာ မဆန်သာဘဲ ဓမ္မတာအား သူ သွားခဲ့လေပြီ။

တရားမြင်သူ မိသားစုတို့အား သိကြားမင်းက ရတနာခုနစ်ပါး ပေးအပ်ခြင်း...
ဟိုရှေ့က ဖခင်ပုဏ္ဏားကြီးပေးတဲ့ အဖြေမျိုးနဲ့ချည်းပဲ နိဂုံး အုပ်အုပ်ပြီးတော့လေ-အဖြေပေးခဲ့တော့ သိကြားက “သာဓု” ကောင်းချီးတွေ ခေါ်ခေါ်ပြီးတော့-

တုမှေဟိ အပ္ပမတ္တေဟိ မရဏဿတိ ဘာဝိတာ၊
တုမှေဟိ= သင်တို့အိမ်ထောင်စု လူငါးဦးတို့သည်။ အပ္ပမတ္တေဟိ= မမေ့မလျော့ မပေါ့ဆကြကုန်ပဲ။ မရဏဿတိ= မရဏဿတိ တရားကို။ ဘာဝိတာ= ပွားများအပ်ခဲ့လေပြီ။ (ဘယ်လောက် ဝမ်းသာစရာ ကောင်းလဲနော်...)

တုမေ ဣတော ပဋ္ဌာယ သဟတ္ထေန ကမ္မံ မာ ကရိတ္ထ။
တုမှေ= သင်တို့ ငါးဦးသားသည်။ ဣတော ပဋ္ဌယ= ယနေ့ကစ၍။ သဟတ္ထေနေဝ= မိမိလက်ဖြင့်ပင်လျှင်။ ကမ္မံ= လယ်ထွန်ခြင်းအမှုကို။ မာကရိတ္ထ= မပြုကြပါကုန်လင့်။

အဟံ သက္ကော ဒေဝ ရာဇာ။
အဟံ= အကျွန်ုပ်ကား တခြားသူမဟုတ်။
ဒေဝရာဇာ= နတ်တို့၏သေဌ်နင်း (သနင်း) မင်းဖြစ်သော သိကြားမင်းပါပေတည်း။

အဟံ ဝေါ ဂေဟေ သတ္တရတနာနိ အပရိမာဏာနိ ကရိဿာမိ။
အဟံ= ငါသည်။ ဝေါ= သင်တို့၏။ ဂေဟေ= အိမ်၌။ သတ္တရတနာနိ= ရတနာ ခုနစ်ပါးတို့ကို။ အပရိမာဏာနိ= မနှိုင်းယှဉ်နိုင်လောက်အောင် များမြတ်သည်တို့ကို။ ကရိဿာမိ= ဖန်ဆင်း၍ ထားခဲ့ပေအံ့။

တုမှေ ဒါနံ ဒေထ၊ သီလံ ရက္ခထ၊ ဥပေါသထကမ္မံ ကရောထ၊ အပ္ပမတ္တာ ဟောထ။
တုမှေ= သင်တို့သည်။ ဒါနံ ဒေထ= အလိုရှိတိုင်း ချမ်းသာစွာ အလှူဒါန ပေးလှူကြပါကုန်။ သီလံ ရက္ခထ= အလိုရှိတိုင်း ငါးပါးသီလကို စောင့်ထိန်းကြပါကုန်။ ဥပေါသထကမ္မံ ကရောထ= အလိုရှိတိုင်းချမ်းသာစွာ ရှစ်ရက်သီတင်း၊ လပြည့် လကွယ်နေ့တွင် အင်္ဂါရှစ်ပါးရှိတဲ့ ဥပုသ်ကို ကျင့်သုံးကြပါကုန်။ အပ္ပမတ္တာ= ကုသိုလ်ဆယ်ခု မြတ်ကောင်းမှု၌ ဂရုကတကြိုးလုံ့လသည် အပ္ပမာဒတရား လက်ကိုင်ထားကြကုန်သည်။ ဟောထ= ဧကန်စင်စစ် ဖြစ်ကြပါကုန်။

အဲဒီလို အပ္ပမာဒကထာဖြင့် နောက်ဆုံး ဩဝါဒ ပေးပြီးတော့ သူတို့ရဲ့ အိမ်မှာ ရတနာခုနစ်ပါး သိကြားဖန်ဆင်းထားပြီးတော့ သိကြားပြည်သို့ သိကြားပြန်ခဲ့ပြီ။

မြတ်စွာဘုရား သစ္စာလေးပါး ပြတော်မူခြင်း...
သတ္ထာ= လူနတ်တို့၏ဆရာ မြတ်စွာဘုရားသည်။ ဣမံ ဓမ္မ ဒေသနံ= ဤဥရဂဇာတ် ဒေသနာတော်မြတ်ကို။ အာဟရိတွာ= ဆောင်တော်မူပြီး သကာလ။ သစ္စာနိ= သစ္စာလေးပါးတို့ကို။ ပကာသေတွာ= ဖော်ပြ၍။ ဇာတကံ= အဖြစ်တော်ရပ် အတ္ထုပ္ပတ်ကို။ သမောဓာနေသိ= စုပေါင်း၍ ပြခဲ့လေပြီ။

မြတ်စွာဘုရားသည် ဥရဂဇာတ် ဒေသနာကို ဟောတော်မူပြီးနောက် အဲဒီနိဂုံးမှာ စတုသစ္စကထာ သစ္စာလေးပါး ဟောပြတယ်။ တရားဟောပြီးတော့မှ ဇာတ်တော် ပေါင်းတယ်။ သစ္စာလေးပါး တရားဟောကြားတာကတော့ ဓမ္မစကြာတရား အတိုင်း မျှော်ပြီးတော့ ကြည့်ရမယ်။

ဣဒံ ခေါ ပန ဥပါသက ဒုက္ခသစ္စံ။
ဒကာ၊ ဤ ဆိုလတ္တံ့သည်ကား ဒုက္ခသစ္စာတွေပဲ။ ဇာတိလည်း ဒုက္ခပဲ။ ဇရာလည်း ဒုက္ခပဲ။ ဗျာဓိလည်း ဒုက္ခရဲ့ အကြောင်းဖြစ်၍ ဒုက္ခသစ္စာပဲ။ မရဏလည်း ဒုက္ခသစ္စာပဲ။

အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊
သံခိတ္တေနာပိ ပဉ္ဇုပါဒါနက္ခန္ဓာ ဒုက္ခာ။

မချစ်တဲ့ သတ္တဝါတွေနဲ့ ယှဉ်တွဲရတာလည်းပဲ ဒုက္ခပဲ၊ ချစ်ပြီးတဲ့ သတ္တဝါ သင်္ခါရတွေနဲ့ ကွေကွင်းရခြင်းလည်းပဲ ဒုက္ခပဲလို့သာ စဉ်းစား...။ အဲဒီဒုက္ခပဲ ဟူသမျှက မျက်ရည်တွေ ဝဲပြီး မကျပါစေနဲ့။ အင်း-မိမိ လိုချင်တာ မရ၊ မရနိုင်တာတွေကို သွားပြီး လိုလားနေခြင်းဟာလည်းပဲ ဒုက္ခပဲ။ အချုပ်အားဖြင့် ပြောရလို့ ရှိယင်ဖြင့် ဥပါဒါနက္ခန္ဓာ ငါးပါးခေါ်တဲ့ ကိုယ်ရရှိနေတဲ့ ဒီခန္ဓာတွေဟာ ဒုက္ခပဲ။ ဘာပြုလို့တုံး။ ဟို- ဒီ- စစ်မြေပြင်မှာ စစ်လေ့လာတဲ့အခါ စစ်သားတွေ စစ်လေ့လာတဲ့ နေရာမှာ စက်ခွက်ကယ်လို့ရှိတယ်။ နေ့စဉ် နေ့စဉ် စက်ခွက်မှာ သွားပြီးတော့ စစ်သားတွေဟာ စက်ပစ်ကြရတယ်။ ပစ်လိုက်တိုင်း စစ်သားတိုင်း စစ်သားတိုင်း ပစ်လိုက်တဲ့ ကျည်ဆန်တွေဟာ ဒီစက်ခွက်မှာပဲ လာပြီးတော့ မှန်ကြတယ်။ အဲဒါလိုပဲနော်။

မိမိတို့ ရရှိနေတဲ့ ရူပက္ခန္ဓာ၊ ဝေဒနာနှင့်၊ သညာ၊ သင်္ခါရ၊ ဝိညာဏဟု၊ အစုငါးတန်၊ ဥပါဒါနက္ခန္ဓာတို့ဟာ စက်ခွက်နဲ့ အင်မတန် တူတယ်။ သလိပ် ဒေါသ ပျက်စီးလို့ ရောက်လာတဲ့ ရောဂါတည်းဟူသော ကျည်ဆန်တွေလည်း ဒီခန္ဓာကို မှန်တာပဲ၊ သည်းခြေဒေါသ ပျက်စီးလို့ရောက်လာတဲ့ ရောဂါတည်းဟူသော ကျည်ဆန်တွေလည်း ဒီခန္ဓာ မှန်တာပဲ။ ဟို- လေတည်းဟူသော ဒေါသ ပျက်စီး၍ ဖြစ်ပေါ်လာတဲ့ ရောဂါတည်းဟူသော ကျည်ဆန်တွေလည်းပဲ ဒီခန္ဓာ မှန်တာပဲ။ ကိုးဆယ့်ခြောက်ဖြာ အနာရောဂါတည်းဟူသော ကျည်ဆန်တွေ တဖွားဖွား ကျသမျှဟာဖြင့် ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးမှာပဲ ခံနေရ မှန်နေရတော့ ဒီ ဥပါဒါနက္ခန္ဓာ ငါးပါးဟာ ကိုးဆယ့်ခြောက်ပါး၊ ကိုးဆယ့်ခြောက်ဖြာ အနာရောဂါ တည်းဟူသော ကျည်ဆန်တွေရဲ့ ကျရောက်လာပြီး စက်ခွက်ကြီး စက်ကွင်းကြီးဥပမာ ဖြစ်နေတော့ ဘာလို့များ ချမ်းသာတယ်လို့ ပြောဦးမလား။ ဆင်းရဲတာ ဧကန် အမှန်ပါပဲ ဆိုကတည်းက ဒုက္ခသစ္စာပဲ။ လယ်တီ ဆရာတော် ဘုရားကြီးက သစ္စာနဲ့ ပက်သက်ပြီး သကာလ အဲဒီ ကိုယ့်ခန္ဓာကိုယ်ကို ဒုက္ခသစ္စာဖြစ်ကြောင်းကို စူးစိုက်ပြီးတော့ ကြည့်ထားကြ။ လယ်တီဆရာတော် ဘုရားကြီးက သစ္စကထာအနေနဲ့ ဘာတွေရေးခဲ့တုံး။

အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တစ်ခါတစ်ဖန်၊ မဖောက်ပြန်ဘဲ၊ အစဉ်မြဲကို၊ သစ္စာဆို၏။ သံသရာ အဓွန့်ခရီး ဘယ်လောက်ပဲကြာကြာ၊ မဟာကပ်ပေါင်း အသင်္ချေအနန္တ ကြာချင်တိုင်း ကြာပါစေ၊ အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တစ်ခါတစ်ဖန်၊ မဖောက်ပြန်ဘဲ၊ အစဉ်မြဲကို၊ သစ္စာဆို၏။ ဘယ် တစ်ခါတလေမှသူ့ရဲ့ ပီဠနဋ္ဌသဘောတွေ၊ သင်္ခတဋ္ဌသဘောတွေ၊ သန္တာပဋ္ဌ သဘောတွေ၊ ဝိပရိဏာမဋ္ဌ သဘောတွေက ဖောက်ပြန်ပြီး သွားတယ်။ မရှိဘဲနဲ့ ဖြစ်တိုင်း ဖြစ်တိုင်းပဲ ဥပါဒါနက္ခန္ဓာတွေဟာ ပီဠနဋ္ဌ၊ သင်္ခတဋ္ဌ၊ သန္တာပဋ္ဌ၊ ဝိပရိဏာမဋ္ဌ လို့ ဆိုတဲ့ သူ့ရဲ့ ဒုက္ခအချက် အနက်လေးပါးနဲ့ ဖြစ်ကြမြဲဓမ္မတာ၊ ဘယ်တော့မှ ပြောင်းမဖြစ်ဘူး။

ဒါကို- အဓွန့်ရှည်စွာ၊ ဘယ်မျှကြာလည်း၊ တစ်ခါတစ်ဖန်၊ မဖောက်ပြန်ဘဲ၊ အစဉ်မြဲကို၊ သစ္စာဆို၏။ ထိုသစ္စာကား၊ လေးထွေပြား၏။ လေးပါးသရုပ်၊ အမှန်ထုတ်သော်၊ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ခန္ဓငါးလီ၊ ဘုံလောကီကို၊ ဒုက္ခ ဆိုလော့။

သူသူငါငါ ရနေတဲ့ လောကီခန္ဓာ ငါးပါးကို ဒုက္ခသစ္စာ ခေါ်တယ်။
ထို ဒုက္ခပေါင်း၊ ပွားကြောင်းအမှု၊ လောဘစုမှ၊ သမုဒယ၊ အမည်ရ၏။
လောဘခေါ်တဲ့ တဏှာ၊ ဒီတဏှာတွေ ဒုက္ခတွေ ပွားဖို့ရန်အတွက် အကြောင်းဖြစ်လို့ ဒုက္ခ သမုဒယသစ္စာလို့ ဒုက္ခရဲ့ အကြောင်းဖြစ်တဲ့ သစ္စာ။
လောဘခပင်း၊ အကြွင်းမရှိ၊ ချုပ်ငြိမ်းဘိသည်၊ သန္တိသဘော၊ အဆင်ချောကို၊ နိရောဓဟူ… လောဘခပ်သိမ်း အကြွင်းမရှိ ချုပ်ငြိမ်းရာ ဖြစ်တဲ့ သန္တိလက္ခဏာရှိတဲ့ နိဗ္ဗာန်ကို နိရောဓသစ္စာလို့ ခေါ်။

နိရောဓဟူ၊ ရှစ်ဆူသီးသီး၊ မဂ္ဂင်ကြီးကို၊ မဂ္ဂဆို၏။
မဂ္ဂင်ရှစ်ပါးကို မဂ္ဂသစ္စာလို့ ခေါ်တယ်။ အဲဒါ ကျင့်ရမယ့်တရား။ နေ့တိုင်း နေ့တိုင်း ပွားရမယ့် တရား။

ထိုမဂ္ဂင်မှာ...
(၁) သမ္မာဒိဋ္ဌိ= ကောင်းမြတ်တဲ့ အမြင်ကိုသာ မြင်ခြင်းတစ်ပါး။
အမှန်အကန်မြင်ခြင်းတစ်ပါး။
(၂) သမ္မာသင်္ကပ္ပေါ= ကောင်းမြတ်တဲ့ အကြံကိုသာ ကြံခြင်း တစ်ပါး။
(၃) သမ္မာဝါစာ= ကောင်းမြတ်တဲ့ စကားကိုသာ ပြောကြားခြင်း တစ်ပါး။
(၄) သမ္မာကမ္မန္တော= ကောင်းမြတ်တဲ့ အလုပ်ကိုပြုလုပ်ခြင်း တစ်ပါး။
(၅) သမ္မာအာဇီဝေါ= ကောင်းမြတ်တဲ့ အသက်မွေးမှုဖြင့်သာ အသက်မွေးခြင်း
တစ်ပါး။
(၆) သမ္မာဝါယာမော= ကောင်းမြတ်တဲ့အလုပ်ကို အားထုတ်ခြင်း တစ်ပါး။
(၇) သမ္မာသတိ= ကောင်းမြတ်တဲ့ တရား၌ မမေ့မလျော့ခြင်း တစ်ပါး။
(၈) သမ္မာသမာဓိ= ကောင်းတဲ့အာရုံ၌ တည်ကြည်ခြင်း တစ်ပါး။
ဤရှစ်ပါးတွင်၊ ဖောက်ပြားမရှိ၊ စောင့်နိုင်ဘိမှ၊ အရိယသစ္စာ၊ မည်ထိုက်စွာ၏။

သစ္စာအနက် ၁၆-ချက်...
ဒီရှစ်ချက်မှာ အခုပြောခဲ့တဲ့အတိုင်း ဖောက်ဖောက်ပြားပြား မရှိဘဲနဲ့ ဖြောင့်မှန်မှ အရိယသစ္စာလို့ ခေါ် သတဲ့။
သစ္စာအနက်၊ လေးချက်စီတည့်၊ ဆယ်ခြောက်ရှိ၏။

အဲဒါ အခုပြောတဲ့ဟာတွေလေ၊ မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန် တရားတွေကို လျင်မြန်ထုတ်ချောက် မျက်မှောက်ပြုရပါလို၏၊ ရပါလို၏ ဆိုရုံနဲ့ ဒီအတိုင်းနဲ့တော့ ရလို့မဖြစ်ဘူး။ အဲဒီ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ရန်က ဒုက္ခသစ္စာရဲ့ အနက်လေးချက်၊ နိရောဓ သစ္စာရဲ့ အနက်လေးချက်၊ မဂ္ဂသစ္စာရဲ့ အနက်လေးချက်ကိုရမှ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ရဖြစ်တယ်။

ဒုက္ခသစ္စာအနက် ၄-ချက်...
ဒီတော့ ဒီတရားတွေ သိရမှ ဖြစ်တော့-
(၁) ပီဠနဋ္ဌော= အကျဉ်းအကြပ် နှိပ်စက်တတ်သော ဒုက္ခသဘော။ ဒုက္ခသစ္စာဆိုတာ ဘယ်သဘောရှိသလဲ။ သူဖြစ်လာပြီဆိုယင် အကျဉ်းအကြပ် မခံမရပ်နိုင်အောင် နှိပ်စက်တတ်တဲ့သဘော ရှိတယ်။

(၂)သင်္ခတဋ္ဌော= အမြဲမပြတ် ပြုပြင်အပ်သော ဒုက္ခသဘော။ ဘယ်မဆိုဘဲ၊ ဟုတ်လား။ ခန္ဓာကိုယ်ထဲ ကြည့်ပါတော့လေ၊ အပေါ်ယံကလေး။ ပြုပြင်နေလိုက်ရတာ နေ့တိုင်းနေ့တိုင်း ပြုပြင်လို့များလည်း အပြုပြင်ပဲ ဆုံးသလား ဆိုတော့ မဆုံးပါဘူး။ လှအောင် ပအောင် ဆံပင် ဆေးဆိုးထားရုံနဲ့ ခြယ်လှယ် ပြုပြင်နေရုံနဲ့ မပြီးသေးဘူး။

(၃) သန္တာမဋ္ဌော= ကြောင့်ကြစိုက်ရေး၊ လွန်ရှုပ်ထွေး၍၊ အေးခွင့်မရ၊ ပူပန်ရသော ဒုက္ခသဘော။ နေ့ရှိသမျှ ကြောင့်ကြ စိုက်နေရတယ်။ အင်မတန် သူ့အတွက်ရှုပ်ထွေးတယ်။ ဘယ်တော့မှ အေးခွင့် မရဘဲနဲ့ အမြဲတစေ သူ့အတွက် ပူပန်နေရလို့ သန္တာပဋ္ဌသဘောရှိပါကလား။

(၄) ဝိပရိဏာမဋ္ဌော= နိစ္စမြင့်ရှည်၊ အတည်မမြဲ၊ ဖောက်လွှဲ ဖောက်ပြန် ဖြစ်တတ်တဲ့ ဒုက္ခသဘော။ ဘယ်လောက် ပြုပြင် ပြုပြင် ပြုပြင်လို့များ သူက မဖောက်မပြန် နေသလားလို့ ဆိုတော့ နိစ္စမြင့်ရှည်၊ အတည်မမြဲ၊ ဖောက်လွှဲဖောက်ပြန် ဖြစ်တတ်သော ဒုက္ခသဘော။ ပြုရင်း ပြုရင်းပဲ ဖောက်လွှဲ ဖောက်ပြန် ဖြစ်ဖြစ်သွားတယ်။ စောင့်ရင်း စောင့်ရင်းပဲ မျက်စိလစ်လစ်သွားတယ် ဆိုသလို ပြုရင်း ပြုရင်းပဲ ပြုပြင်ရင်းက နေပြီး သူက ချုပ် ချုပ်ပြီး ဖောက်လွှဲဖောက်ပြန် ဖြစ်ဖြစ်သွားတဲ့ ဒီသဘောဟာဖြင့် ဒုက္ခရဲ့ သဘောပဲ။ ဒါကို ဒုက္ခသစ္စာရဲ့ အနက်လေးချက်လို့ ခေါ်တယ်။

သမုဒယသစ္စာ၏ အနက် ၄-ချက်...
(၁)အာယူဟနဋ္ဌော= ဒုက္ခဝတ္ထု ဒုက္ခမှုတို့ကို အမြဲစေခိုင်းတတ်တဲ့ သမုဒယသဘော။ တဏှာလောဘ ဆိုတဲ့တရားဟာ ဘယ်သဘော ရှိသလဲ။ ဒုက္ခဝတ္ထုတွေ၊ ဒုက္ခမှုတွေကို ရှုပ်ပါတယ် ဆိုကာမှ အမှိုက်တွေ ပို့လာတယ်လို့ ပြောရသလိုပဲ။ အလိုလိုမှ ဒုက္ခရောက်ပါတယ် ဆိုယင် ထို ရတဲ့အထဲမှာ ဒီ တဏှာလောဘက ဒုက္ခဖြစ်ဖို့ရန်တွေ၊ ဒုက္ခရဲ့ အကြောင်းတွေ စုစုလာပြန်တယ်။ ဒါ သေသေချာချာ တွေးကြည့်နော်။

အခုလည်း ဒီခန္ဓာနဲ့ပဲ အခုနေရတဲ့ အထဲက ဒုက္ခများရတဲ့အထဲ၊ တဏှာလောဘရယ်လို့ တစ်ခါထပ်တိုးပြန်တော့ ဒုက္ခဖြစ်ဖို့ရန် အကြောင်းတွေ စုစုပြီးတော့ တိုးတက်တဲ့ သဘော- တဏှာက စုစုပေးတတ်တယ်။

(၂)နိဒါနဋ္ဌော= ဒုက္ခလက်စ မရပြတ်အောင် အမြဲဆောင်နှင်းတတ်တဲ့ သမုဒယသဘော။ တဏှာရဲ့သဘောကို နက်နက်နဲနဲ ကြည့်ယင် ဒုက္ခတွေ အဆက်မပြတ်အောင် ဒုက္ခတွေ လက်စမသပ်အောင် အမြဲတမ်းရော့ ရော့နဲ့ဆိုဆိုပြီး ပေးနေသလိုပဲ၊ ဒီသဘော ရှိပါသလား။ တဏှာမပြတ်လို့ ခန္ဓာ မပြတ်တယ်။ ခန္ဓာမပြတ်လို့ ဒုက္ခမပြတ်တယ်။ အသေအချာ ကြည့်ယင်လေ သမုဒယဟာ ဒုက္ခလက်စ မပြတ်ရအောင် အမြဲဆောင်ကြဉ်းတဲ့ သမုဒယ သဘော။
အေး-ရှေးခေတ်ကလေ၊ ရေနံချေးနဲ့ မီးတောက်ကြီးတွေ ထွန်းထားတော့ မီးတောက် မပြတ်အောင် တကတည်း ချမ်းချမ်းနဲ့ ရေနံချေးတွေ ကော်ကော်ပြီး မီးတောက်ထဲ သွားသွား ထည့်တယ်။ ထည့်ထည့်ပေးတော့ အဲဒါလိုပဲ တဏှလာဘက လည်းပဲ ဒုက္ခတည်းဟူသော မီးတောက်ကြီး မပြတ်အောင် အမြဲတစေပဲ ထည့်ထည့် ပေးတတ်တယ်။

(၃) သံယောဂဋ္ဌော= ဒုက္ခစက်မှ မထွက်ရအောင် ဖွဲ့နှောင်တတ်သော သမုဒယသဘော။ ကုန်ပလား၊ သူ့သဘောက လေးမျိုးရှိတယ်။ ဒုက္ခစက်ထဲက ထွက်မသွားအောင် ချည်နှောင် ဖွဲ့တုပ်ထားတတ်တယ်။

(၄) ဗလိဗောဓဋ္ဌော= ဒုက္ခစက်မှ မထွက်ရအောင် နှောင့်ယှက ပိတ်ပင်တတ်တဲ့ သမုဒယသဘော။ ဒုက္ခထဲက ထွက်မသွားအောင် သတ္တဝါကိယ နှောက်ယှက်ပိတ်ပင်ထားတတ်တာဟာ တဏှာရဲ့ သဘောပဲ။ ဘယ်လိုလဲ။ ဟာ- လူတစ်ယောက်ဟာ အိမ်နေရတာ ဪ….ဒုက္ခဝတ္ထု ဒုက္ခမှုတွေနဲ့ နေ့ရှိသမျှ အချိန်ကုန်ရပြီ။ ဒုက္ခက လွတ်ရာလွတ်ကြောင်း သူတော်ကောင်းတရားကို သွားပြီးတော့ အင်း-ကမ္ပဋ္ဌာန်းကျောင်း တစ်ခုခု၊ တောကျောင်း တစ်ခုခုမှာ သွားပြီးတော့ တရားနှလုံး ကျင့်သုံးလို့ ဥပုသ်ရက်ရှည် စောင့်ဦးမှလို့ ဒီလိုကြံယင် တဏှာကလေ-အဲဒီလို ဆက်မသွားအောင်၊ ဟုတ်လား။ ဘယ်ဖြစ်မှာလဲ၊ ငါသွားလို့ရှိယင် ငါ့အိမ်မှာ ရှိတဲ့ ကလေးတွေ မော်တော်ကားများ မတော် တိုက်ကုန်မှာလား၊ မီးရထားများ မတော်တိုက်ကုန်မှာလား၊ အေး- သားရေး သမီးရေး ဟုတ်လား၊ ပစ္စည်းရေး- အရေးရေးတွေ ပြပြီး တဏှာလောဘက ပလိဗောဓဋ္ဌော= ဒုက္ခစက်မှ မထွက်ရအောင်နှောင့်ယှက် ပိတ်ပင်တတ်တဲ့ သမုဒယသဘော။

ဘာကောင်းလို့တုံး။ သမုဒယရဲ့ သဘောလေးမျိုးနဲ့ ကြည့်ယင်လေ၊ တစ်ခုမှ အကောင်းလို့ မရှိဘူး။ အဲဒီ မရှိတာကိုလည်း သိအောင်တော့ ကြည့်ရလိမ့်မယ်။ ဒါမှ ဒီ တဏှာလောဘကို အပြစ်မြင်ပြီး ဒီတဏှာလောဘကို စွန့်ပယ်မိမှာ။

နိရောဓသစ္စာ အနက် ၄-ချက်...
ကိုင်း- ဟိုဘက်က အကောင်းသစ္စာ နှစ်ပါးကြည့်ပါစို့။
(၁) နိဿရဏဋ္ဌော= ဒုက္ခစက်မှ ထွက်မြောက် ကျွတ်လွတ်ခြင်း ဟူသော နိရောဓသဘော။ နိဗ္ဗာန်မှာ။ နိဗ္ဗာန်ရဲ့ သဘောကို ရှာကြည့်လို့ရှိယင် ဒုက္ခစက်တွေ၊ ဒုက္ခစက်ဝိုင်းထဲက ထွက်မြောက် ကျွတ်လွတ်သွားပြီလို့ ဆိုရတဲ့ ထွက်မြောက် ကျွတ်လွတ်ခြင်းဟူသော နိရောဓ သဘော။

(၂) ဝိဝေကဋ္ဌော= တေဘုမ္မက ဒုက္ခဋ်တွင်း နှောင့်ယှက်ခြင်းမှ ဆိတ်ကင်းခြင်း ဟူသော နိရောဓသဘော။ ဘုံသုံးဝမှာ ရှိတဲ့ ဒုက္ခသစ္စာ၊ ခန္ဓာငါးပါးတို့ရဲ့ နှောင့်ယှက်ခြင်းမှ လုံးဝ လွတ်ကင်းသွားတဲ့ သဘောဟာဖြင့် နိရောဓသစ္စာရဲ့ သဘောပဲ။

(၃) အသင်္ခတဋ္ဌော= အဖန်ဖန် ပြုပြငိရခြင်း သင်္ခါရ ဒုက္ခခပင်းမှ လွတ်ကင်းခြင်းဆိုတဲ့ နိရောဓ သဘော။

(၄) အမတဋ္ဌော= အဖန်ဖန် သေကြေ ပျက်ဆုံးရခြင်းမှ လွတ်ကင်းခြင်းဟူသော နိရောဓသဘော။ နိဗ္ဗာန်ကျတော့ သူ့ရဲ့ အနက်သဘောတွေဟာ ဤသို့ သဘောရှိပါကလား၊ နိဗ္ဗာန်မှာ ဒီသဘော၊ ဒီသဘော၊ ဒီသဘော လို့ နိဿရဏဋ္ဌ၊ ဝိဝေကဋ္ဌ၊ အမတဋ္ဌ ဆိုတဲ့ ဒီသဘောလေးချက် ရှိပါကလားလို့ စဉ်းစားမိပါစေ။

မဂ္ဂသစ္စာအနက် ၄-ချက်...
မဂ္ဂသစ္စာခေါ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အကျင့်ပဋိပတ် သူသူငါငါ တကယ်ကျင့်ကြံပွားများရမယ့် တရား၊ မဂ္ဂသစ္စာဆိုတဲ့ ဒီတရားကတော့ ဘယ်သဘောတွေလဲ။

(၁) နိယျာနဋ္ဌော= ဒုက္ခစက်မှ မုချလွတ်မြောက်ကြောင်းဟူသော မဂ္ဂသဘော။ သူ့ကို သေသေချာချာ တွေးယင် ဒုက္ခတည်းဟူသော ရေဝဲဩဃထဲက အထက်ကို ဆန်ပြီး နိဗ္ဗာန်ထိအောင် တက်မယ့်သဘော ရှိပါလားလို့ မြင်လာလိမ်မယ်။

(၂) ဟေတွဋ္ဌော= နိဗ္ဗာန်သို့ ရောက်ကြောင်းဟူသော မဂ္ဂသဘော။ နိဗ္ဗာန်သို့ရောက်စေတတ်တဲ့ စွမ်းပကားအကြောင်း ဖြစ်ပါလားလို့ ဟောဒီ မဂ္ဂသစ္စာကို စဉ်းစားကြည့်ယင်-

(၃) ဒဿနဋ္ဌော= သစ္စာလေးအင် နိဗ္ဗာန်လျင်ကို အမြင်ပေါက်ရောက်ခြင်း ဟူသော မဂ္ဂသဘော။ ဒီ မဂ်ကျမှ သစ္စာလေးပါးကိုပေါ့လေ-ဉာဏ်မျက်စိနဲ့ မြင်မြင်ထင်ထင် မြင်ရတာ။ ဟုတ်လား။ လောကီကုသိုလ်တွေ တို့တုန်းကတော့ နိဗ္ဗာန်ကို ထင်ထင်လင်းလင်း မမြင်ရသေးဘူး။ အနုမာနအားဖြင့် မှန်းဆပြီးသကာလ အပူရှိလျှင် အအေး ရှိတန်ရဲ့၊ အဲဒီလိုတွေးပြီး မြင်ရသလို မြင်ရတာ။

မဂ်ကျတော့ သစ္စာလေးအင် နိဗ္ဗာန်လျင်ကို အမြင်ပေါက်ရောက်ခြင်း ဟူသော မဂ္ဂသဘော။ မဂ္ဂသစ္စာကျမှ သစ္စာလေးပါးကို လင်းလင်းထင်းထင်း နိဗ္ဗာန်တည်းဟူသော လင်းထင်းကြီး ကောင်းကောင်းကြီး မြင်ရတာပဲ။ အဲဒီ မဂ္ဂသစ္စာရဲ့ သဘော။

(၄)အာဓိပတေယျဋ္ဌော= တဏှာ၏ ကျွန်အဖြစ်မှ စင်စစ်လွတ်ပြီး ကြီးမြတ်ခြင်းဟူသော မဂ္ဂသဘော။ ဟို မဂ်ကျတော့ တဏှာ၏ ကျွန်ဘဝက လုံးဝ လွတ်မြောက်သွားပြီဖြစ်လို့ ကိုယ့်ကိုယ်ကို စင်စစ်ပိုင်ပိုင် ခံ့ခံ့ခိုင်ခိုင်ကြီး နေနိုင်တဲ့ ဘဝ ရောက်လို့ ဪ….မဂ္ဂသစ္စာကား ကိုယ့်ကိုယ်ကို အကြီးအမှူးဖြစ်အောင် ဖန်တီးပေးတတ်တဲ့ တရားပဲ။ အာဓိပတေယျဋ္ဌော= တဏှာ၏ကျွန်အဖြစ်မှ စင်စစ် လွတ်ပြီး ကြီးမြတ်ခြင်း ဟူသော မဂ္ဂသဘော။

သစ္စာလေးချက်၊ အနက်သဘော၊ ဟောရန် သွယ်သွယ်၊ မဆုံးဖွယ်သည်၊ အကျယ် သစ္စကထာတည်း။ လို့ လယ်တီ ဆရာတော်ဘုရားကြီးက အင်-သစ္စာနဲ့ ပတ်သက်ပြီး လင်္ကာတစ်ပိုဒ် ရေးထားခဲ့တယ်။ အခု ပြောတဲ့အထဲကပေါ့လေ။ ဒုက္ခရဲ့သဘော၊ သမုဒယရဲ့သဘော၊ နိရောဓရဲ့ သဘော၊ မဂ္ဂရဲ့ သဘောဆိုတဲ့ သစ္စာလေးချက် အနက်သဘောကို မြတ်စွာဘုရား ဟောပြီးတော့ ဇာတ်တော်ကို ပေါင်းတဲ့အခါ ဟောရင်း ဟောရင်းပဲ-
သစ္စပရိယောသာနေ= စတုသစ္စ ဓမ္မကထာ ဒေသနာနိဂုံး ဆုံးလတ်တဲ့ အခါကာလ၌။
ကုဋုမ္ပိကော= စောစောက ဖော်ပြတဲ့ သားသေတဲ့ ဖခင်သူကြွယ်သည်။ သောတာပတ္တိဖလေ= သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ= တည်လေပြီ။ ဇာတ်တော်ကို ဘယ်လိုပေါင်းသလဲ။

ဇာတ်တော်ပေါင်းခန်း...
ဘိက္ခဝေ= ရဟန်းတော်များ အို- ချစ်သားတို့။ ဣဒါန= ယခုအခါ၌။ ခုဇ္ဇုတ္တရာ= ငါဘုရား၏တပည့်မ အမျိုးသမီးတို့အနက် ပညာအရား ဧတဒဂ် ထားရမတတ် ထက်မြတ်လှစွာသော ခုဇ္ဇုတ္တရာ ရှင်မသည်။ တဒါ= ထိုစဉ်ကာလ၌။ ဒါသီ= အိမ်စေမကလေးသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။

ဣဒါနိ= ယခုအခါ၌။ ဥပ္ပလဝဏ္ဏာ= ဥပလဝဏ် ထေရီမသည်။ တဒါ= ထိုစဉ်ကာလက။ ဓီတာ= ငါ၏သမီးတော်သည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။

ဣဒါနိ= ယခုအခါ၌။ ရာဟုလော= သားတော်ရာဟုလာသည်။ တဒါ= ထိုစဉ်ကာလက။ ပုတ္တော= မြွေအကိုက်ခံရ၍ စုတိပြတ်ကြွေ သေလွန်သော သားတော်ကလေးသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။

ဣဒါနိ= ယခုအခါ၌။ ခေမာ= ခေမာထေရီမသည်။ တဒါ= ထိုစဉ်ကာလက။ မာတာ= မွေးသမိခင် ပုဏ္ဏေးမသည်။ အဟောသိ= ဖြစ်ခဲ့လေပြီ။

ဣဒါနိ= ယခုအခါ၌။ အဟောမေဝ= ငါဘုရားသည်ပင်လျှင်။ တဒါ= ထိုစဉ်ကာလ၌။ ဗြာဟ္မဏော= အိမ်ထောင်ဦးစီး ဖခင်ပုဏ္ဏားကြီးသည်။ အဟောသိံ= ဖြစ်ခဲ့လေပြီ။ ဣတိ= ဤသို့။ ဇာတကံ= ဇာတ်တော်ကို။ သမောဓာနေသိ= စုပေါင်း၍ ပြတော်မူပြီ။

ဥရဂဇာတ် နိဂုံး... ဤတွင် ဥရဂဇာတက ဓမ္မဒေသနာ ပြီးဆုံးလေပြီ။

ဤသို့ ဥရဂဇာတက ဓမ္မဒေသနာကို ကြားနာရခြင်း ဓမ္မဿဝန ကောင်းမှုကုသိုလ်ကံ စေတနာ၊ သရဏဂုံသီလတို့ကို ဆောက်တည်ရခြင်း သီလမယ ကောင်မှု ကုသိုလ်ကံ စေတနာ၊ မိမိတို့ ဉာဏ်အမြင် မီကြသမျှ မရဏဿတိ ဘာဝနာကို ပွားများရခြင်း ဘာဝနာမယကောင်းမှုကုသိုလ်ကံ စေတနာ၊ နံနက်မိုးသောက် ရောက်သကာလ သံဃာတော် အရှင်မြတ်တို့အား မွန်မြတ်သော ဆွမ်း ခဲဖွယ် ဘောဇဉ်တို့ဖြင့် သဒ္ဓါရွှင်လန်း လှူဒါန်းရခြင်း ဟူသော ဘောဇနဒါန ကောင်းမှု ကုသိုလ်ကံ စေတနာ၊ ဓမ္မဓရ ဖြစ်တော်မူကြသော အရှင်မြတ်တို့အား တိစီဝရိက် သင်္ကန်းတို့ဖြင့် သဒ္ဓါပြဋ္ဌာန်း လှူဒါန်းရခြင်း တည်းဟူသော စီဝရဒါန ကောင်းမှုကုသိုလ်ကံ စေတနာ၊ ဤသို့ စသည်များမြတ် ပေါင်းအပ်သော ကောင်းမှုကုသိုလ်ကံ အရပ်ရပ်တို့ကြောင့် ဤဥရဂဇာတ်တော်၌ လာရှိသော ဘုရားအလောင်း လယ်သမား ပုဏ္ဏားအိမ်ထောင်စု ကဲ့သို့ နေ့ရှိသမျှ မိမိတို့ ရအပ်သော စည်းစိမ်ချမ်းသာ အလျောက် ဒါနကောင်မှုတို့ကို တစ်နေ့တခြား ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ သီလကောင်းမှုကို နေ့စဉ်ရက်ဆက် ကျင့်သုံးနိုင်ကြပါစေ ကုန်သတည်း။

လပြည့် လကွယ် ရှစ်ရက် ဥပသ်နေ့တို့၌ အဋ္ဌင်္ဂ ဥပုသ်ကို ကျင့်သုံးဆောက်တည် နိုင်ကြပါစေ ကုန်သတည်း။ မိမိတို့၏ ဤဘဝမှာ မုချဧကန် သေရမည့် အဖြစ်ကို အဖန်ဖန် အောက်မေ့ပြီး မရဏဿတိတရားကို လက်ရှိထားနိုင်ကြပါစေ ကုန်သတည်း။ ရုပ် နာမ်ဓမ္မ သင်္ခါရ တို့၏ မမြဲခြင်းသဘော၊ ပျက်စီခြင်း သဘောကို အဖန်ဖန် ရှုဆင်ခြင်ခြင်း ဟူသော အနိစ္စဘာဝနာ၊ ယင်းသို့ မမြဲ ပျက်စီးသဖြင့် ဆင်းရဲခြင်းဒုက္ခ ဘာဝနာ၊ ဆင်းရဲခြင်းကို အဖန်ဖန် ရှုဆင်ခြင်ခြင်း ဟူသော ဒုက္ခဘာဝနာ မစိုးပိုင် သဘောကို အဖန်ဖန် ရှုဆင်ခြင်ခြင်းတည်းဟူသော အနတ္တဘာဝနာကို အခါခါ အထပ်ထပ် ပွားများကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

ယင်းသို့ ဒါန သီလ ဘာဝနာ သမထဝိပဿနာ ဘာဝနာတရား ပွားများကြိုးကုတ် အားထုတ်သဖြင့် ဝိပဿနာဉာဏ် ဆယ်ဆင့် အဆင့်ဆင့် ရင့်သည်ထက်ရင့်၍ လေးပါးသော မဂ်ဉာဏ်၊ လေးပါးသော ဖိုလ်ဥာဏ်သို့ အစဉ်သဖြင့် ရောက်ရှိကြပါစေ ကုန်သတည်း။ လေးပါးသော မဂ်ဉာဏ်၊ လေးပါးသော ဖိုလ်ဉာဏ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ပေါက် အစဉ်သဖြင့် လွယ်ကူသော အကျင့်ပဋိပတ်၊ လျင်မြန်သော အသိဉာဏ်တို့ဖြင့် ရောက်ရှိကြပြီးလျှင် ထို အရဟတ္တဖိုလ်ပေါက် ရောက်ရသော နောက်ဆုံးဘဝ ပရိနိဗ္ဗာန စုတိစိတ်မှ အခြားမဲ့ဖြစ်သော နောက်ကာလဝယ် ဘယ်ဘဝ၊ ဂတိ၊ ယောနိ၊ ဝိညာဏဋ္ဌိတိ၊ သတ္တာဝါသမှာမှ ရုပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းကြပါစေ ကုန်သတည်း။ တစ်ဖန် မဖြစ်သောချုပ်ခြင်း ဟူသော အနုပါဒါနိရောဓ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီကိုယ်ငှ စံကြပါစေကုန်သတည်း။ အနုပါဒါနိရောဓ အနုပါဒါပရိနိဗ္ဗာန် ကိုယ်စီကိုယ်ငှ စံကြရသဖြင့် ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် တည်းဟူသော ဝဋ်ဒုက္ခခပ်သိမ်း သံသရာ မီးတောက်မီပုံကြီး ကိုယ်စီကိုယ်ငှ ငြိမ်းကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု...

ဥရဂဇာတ်တရားတော် ပြီးပြီ...

0 comments:

Post a Comment